(ကညွှတ်ကွင်းအိမ်ပြေး ၁၀)
အိမ်ထဲပြန်ရောက်တော့ အမေ ဆေးလိပ်လိပ်နေတာကို တွေ့ရသည်။ ဘေးတွင် ဆေးဗန်းချထားပါသည်။ ဆေးဗန်းမှာ ဆန်ကောလတ်လတ်တချပ်ဖြစ်ပြီး အထဲတွင် ဆေးရိုးဆေးသားများ၊ သနပ်ဖက်များ၊ ဖင်စီခံလုံးများ၊ သတင်းစာစက္ကူ ခေါက်များနှင့်အတူ ကပ်ကျေးတလက်နှင့် ချည်လုံးဖြူဖြူလေးတလုံးလည်း တွေ့ရပါသည်။ ဆေးဗန်းအနံ့မှာ မွှေးသလိုလိုနံသလိုလို ရှိပါသည်။ ဝယ်သောက်တာနဲ့မတူဘူးသားရဲ့။ လိပ်သောက်တော့ ကိုယ့်စိတ်ကြိုက် ဆေးစပ်လည်းရတယ်၊ အကုန်အကျလည်းသက်သာတယ်ဟု အမေက ဆေးလိပ်လိပ်ရင်းပြောပါသည်။
အမေ့ဆေးလိပ်လိပ်ပုံမှာ သတင်းစာစက္ကူနှစ်ရွက်ပြူးကို အလယ်မှထက်ဝက်ဖြဲကာ ဖြန့်ခင်းပါသည်။ အတွင်းမှ သနပ်ဖက်များ တရွက်နှင့်တရွက် အမြီးဆက်ခေါင်းဆက် စီခင်းပါသည်။ ထို့နောက် ထန်းလျက်ရည်ဖြင့်နှပ်ထားသော ဆေးရိုးဆေးသားများကို အတောင့်လိုက်ပုံစံအတိုင်း သနပ်ဖက်များအလယ်တွင် လက်ကလေးနှင့် စီကာစဉ်ကာ ချသည်။ နောက်တော့ ဖင်စီခံလုံးဟုပါ စီသည်။ ဖင်စီခံလုံးမှာ မီးခြစ်ဆံအရွယ် သစ်သားချောင်းလေးများကို အပ်ချည်ကြိုးလေးဖြင့် စု၍ချည်ထားတာဖြစ်ပါသည်။ အမေက အားလုံးထည့်ပြီးအသင့်ဖြစ်နေသော ဆေးအခင်းကို စ၍လိပ်ပါသည်။ လိပ်လိုက် ဖင်ဆောင့်လိုက် ကျစ်ပေးလိုက်နှင့် ကျပ်လုံးအရွယ် ၁ ပေသာသာခန့် ဆေးလိပ်ကြီး ဖြစ်သွားပါသည်။ အမေ ထိုဆေးလိပ်ကြီးကို လက်ဖြင့် ဆကာဆကာဖွာလျှင် အပြင်တထပ်ပတ်ထားသည့် သတင်းစာစက္ကူမှ တချက်တချက် မီး ထထ တောက်ပါသည်။ အမေက တံတွေးလေးလက်ဆွတ်ပြီး မီးကိုငြှိမ်းပါသည်။ အဖေလည်း ဆေးလိပ်သောက်ပါသည်။
မနက်ခင်းသည် မြူမှုန်များဖြင့် ဝါးတားတားနေပါသည်။ အတော်လှမ်းလှမ်းကို အပီအပြင် မမြင်ရသော်လည်း အနီးအပါးကို ကောင်းကောင်းမြင်ရပါသည်။ နေသည် မြူများကြားမှ ဝင်းပနေပါသည်။ နေရောင်ခြည်တန်းကြီးများ မြေပြင်သို့ထိုးကျနေသည်မှာ ကြည့်လို့အလွန်ကောင်းပါသည်။ ရွာဘက်မှလူများ ခမောက်များဆောင်းကာ လယ်တွေဘက် ဆင်းလာကြတာကို ရေးရေးမြင်နေရသည်။ ကျွန်တော်သည် ကုန်းမိုမိုမှဆင်းကာ လယ်ကန်သင်းစပ်နား အထိ သွားပါသည်။
စပါးများ ကောင်းကောင်း မမှည့်ကြသေးပါ။ အနားက ကွက်ကွက်ကွင်းကွင်း မြင်နေရသည့်လယ်ကွင်းကို သေသေချာချာ အနီးကပ်ကြည့်မိပါသည်။ ထိုလယ်တကွင်းလုံးမှာ အဝါတဝက်စိမ်းတဝက်နှင့် ပြောက်တောက် ကြားတားနေပါသည်။ ပန်းချီကားလေးလို လှနေပါသည်။ စပါးတနှံတည်းမှာပင် စိမ်းသည့်နေရာကစိမ်းနေသေးပြီး ဝါသည့်နေရာကဝါနေတာကို သတိထားမိပါသည်။ ကျွန်တော်တခါမှ စပါးပင်ကို ဤသို့အနီးကပ်လည်းမကြည့်ဖူးသလို ခုလို တနှံတည်း ဝါတာကဝါ စိမ်းတာကစိမ်းနေတာဆို ပိုတောင်မမြင်ဖူးပါ။ ဆောင်းတွင်းမို့ အပြင်တွင် အေးပါသည်။ ကျွန်တော့်တွင်အနွေးထည် မပါပါ။ ထို့ကြောင့် တဲထဲအမြန်ပြန်ဝင်လာပါသည်။ လူလေး အေးတယ်အပြင်မှာက ဆိုကာ ယောက်ျားဝတ် ပုဆိုးကြမ်းနှင့်ချုပ်ထားသည့် အင်္ကျီလက်ရှည်ကို ကိုယ်ပေါ်ရုံပေးပါသည်။
စားသောက်ပြီးသည့်အဖေက ဆေးလိပ်ဖွာနေချိန်တွင် အမေက အဖေယူသွားမည့်လွယ်အိပ်ထဲ ဆေးလိပ်၊ မီးခြစ်တွေထည့်ပါသည်။ လူလေး ဟိုကျရင် ရေနက်ထဲလည်း သိတ်မဆင်းနဲ့ ရေနစ်နေဦးမယ်။ ကွင်းကြားတွေ သွားလည်း အောက်ကြည့်ပြီး သတိထားသွား။ ပိုးထိတတ်တယ်ဟု ပြောပါသည်။ ပိုးထိတယ်ဆိုတာဘာလဲဟုမေးတော့ မြွေကိုက်တာကိုပြောတာပေါ့။ ကွင်းထဲမှာ မြွေလို့ မပြောကောင်းဘူးသားရဲ့ဟုပြောပါသည်။ မြွေကို ဘာလို့မြွေဟု မပြောကောင်းကြောင်း ကျွန်တော်မသိပါ။
အဖေက ကွန်၊ ပလိုင်းကြီးကြီးတလုံးနှင့် ဓားမတိုကိုယူပြီး လာလူလေး သွားကြမယ်ဟုပြောကာ နှစ်ယောက်သား မြူတွေကြားတိုးကာ လယ်ကန်သင်းတွေအတိုင်း လျှောက်သည့်အခါလျှောက်၊ ရိုးကလေးတွေဖြတ်သည့်အခါ ဖြတ်လိုက်နှင့် မိနစ်နှစ်ဆယ်လောက်ကြာတော့ ချောင်းစပ်နားရောက်လာပါသည်။ ချောင်းမှာ သိတ်မကျယ်လှပါ။ ရေပြင်ပေါ်တွင် အငွေ့များတက်နေပါသည်။ ရေစီးလည်း ဒီလောက်ကြီး မသန်လှပါ။ အဖေက ချောင်းစပ်တွင် ငုတ်ရိုက်ချည်ထားသောလှေကိုဖြည်ရင်း လူကလေး တက်တက်ဟုပြောပါသည်။ ကျွန်တော် လှေပေါ်တက်လိုက်တော့ လှေစောင်းပြီး ရေထဲကျမလိုဖြစ်ပါသေးသည်။ အချိန်မီထိန်းပြီး လှေနံနှစ်ဘက်ကိုကိုင်ကာ ထိုင်ချလိုက်ပါသည်။ လှေဝမ်းထဲတွင် ရေတော်တော်များပါသည်။ ခပ်ခွက်လေး ပေါလောမျောနေတာကိုဆယ်ပြီး ကျွန်တော်က ရေတွေခပ်ခပ်ထုတ်တော့ အဖေက သဘောတွေ ကျနေပါသည်။ နောက်တော့ ချောင်းအထက်ပိုင်းသို့ ဆန်ပါသည်။
0 comments:
Post a Comment