Saturday, February 25, 2023

ကညွှတ်ကွင်းအိမ်ပြေး ၄၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၄၇)

ကဲစကွာဟုပြောလိုက်တော့ နံပတ်တလုံးကိုပြောပါသည်၊ ဆရာက မေးရင်းမေးရင်း တလုံးပြီး နောက်တလုံး နောက်တလုံးနှင့် နံပတ်တွေဆုံးသွားသည်။ အကုန်မှန်သည်။ မှတ်ပုံတင်ပိုင်ရှင်ရော သူ့ဘေးက ကပ်ကြည့်နေသူတွေရော ဟာကနဲ အသံထွက်လာသည်။ ကျွန်တော်လည်း အံ့ဩသွားပါသည်။ ထိုအချိန်တွင် တယောက်က ဒါဆို ခင်ဗျားတပည့် ကျွန်တော့်အိတ်ထဲက ပိုက်ဆံနံပတ်ပြောနိုင်မလားဟု အကဲစမ်းသည့်လေသံဖြင့် မေးပါသည်။ ဆရာက စိုးရိမ်သွားပါသည်။ သို့သော် မယုံမရဲလေသံဖြင့် တပည့်ရေ ဖြစ်ပါ့မလားဟုငတင့်ကိုမေးတော့ ရပါတယ်ဆရာဟု ငတင့်ကမျက်နှာအဝတ်စည်းလျက်နှင့် နောက်လှည့်ရာမှဖြေပါသည်။ ဆရာက ကဲမိတ်ဆွေကြီး ရပါပြီဟုပြောကာ ထိုလူ့ထံမှ ပိုက်ဆံတရွက်ကိုတောင်းယူကာ အတူကြည့်နေကြပါသည်။ ဘေးကလူ သုံးလေးယောက်လည်း တိုးတိုးဝှေ့ဝှေ့နှင် ပူးကပ်၍ကြည့်နေကြပါသည်။ ကျွန်တော်က ငတင့်တော့ သွားပြီဟု တွေးပြီးစိတ်ပူနေပါသည်။

 

ထို့နောက် ပထမပုံစံအတိုင်း ဆရာကတလုံးချင်းစီမေးတော့ ငတင့်က တလုံးစီဖြေပါသည်။ နံပတ်တွေဆုံးသွားပါသည်။ အကုန်မှန်ပါသည်။ ကြည့်နေသူတွေအားလုံး ငြိမ်ပြီး ကြက်သေသေနေပါသည်။ ကျွန်တော်ပို၍ အံ့ဩသွားပြန်ပါသည်။ ကျွန်တော်အံ့ဩသည်ဆိုသည်မှာ စာတလုံးမှမတတ်သည့် ငတင့်က အဝတ်မျက်နှာစည်းကာ နောက်ပြန်လှည့်ရင်း မှတ်ပုံတင်နံပတ်ရော ပိုက်ဆံနံပတ်ပါမှန်အောင်ပြောနိုင်သဖြင့် ပိုအံ့ဩတာဖြစ်ပါသည်။ ငတင့်တွင် ပညာတခုခုတော့ ရှိရမည်။ ဒီကောင့်ကိုပေါ့လို့မရဟုလည်း တွေးမိပါသည်။ ဆရာဝဏ္ဏ အကျေနပ်ကြီးကျေနပ်သွားဟန်ဖြင့် တပည့်ရေ အားလုံးသိရအောင် ပိုပြီးတော့လည်း မြင်သာမယ့်နံပတ်တခုလောက် ထပ်ပြောရအောင်ကွာ ရပါ့မလားဟုမေးပါသည်။ ငတင့်က ရတာပေါ့ဆရာကလည်းဟု အပိုင်တွက်ထားသည့်လေသံဖြင့်ပြောပါသည်။ ထိုအချိန်တွင် ပဲခူးရန်ကုန် ဘာ့စ်ကားကြီးတစီး ဖြည်းဖြည်းမောင်းလာကို တွေ့လိုက်ရသည်။ ဆရာက ကဲတပည့်ရေ ဟိုကားကြီး တို့ကိုမကျော်ခင် လုပ်လိုက်ရအောင်ကွာ ပြောစမ်းပါဦး ပထမတလုံးကိုဟု အမိန့်ပေးလိုက်ပါသည်။ ကားကြီးနှင့် ကျွန်တော်တို့မှာ ကိုက်ငါးဆယ်ခန့်ဝေးသေးသော်လည်း သူ့နံပတ်များကို  ထင်ထင်ရှားရှားမြင်ရနေပါသည်။ ဆရာက တလုံးချင်းမေး ငတင့်ကတလုံးချင်း ဖြည်းဖြည်းပြန်ဖြေပါသည်။ အားလုံးမှန်ပါသည်။ ထိုအချိန်တွင် ကားကြီးက ကျွန်တော်တို့ကို ကျော်သွားပါပြီ။ ကျွန်တော် ထပ်အံ့ဩရပြန်သည်။ ဒီငတင့် ဒီပညာစွမ်းတွေကို ဘယ်ကရထားတာလဲ။ ဆရာဝဏ္ဏ သင်ပေးထားတာလား။ ဒါမှမဟုတ် ရှင်သီဝလိဆောင်ထားတာကြောင့်လားဟု တွေးနေမိပါသည်။ ဆရာသင်လို့ တတ်တာဆိုရင်တော့ ကျွန်တော်လည်း ငတင့်လိုနေပြီး ဆရာ့ထံမှသင်ယူနိုင်ပါမည်။ ဆရာကလည်း သင်ပေးပါလိမ့်မည်။ ရှင်သီဝလိဆောင်လို့ဆိုရင်တော့ ပြဿနာပဲဟု ကျွန်တော်တွေးမိပါသည်

 

ကျွန်တော်က မွတ်စလင်မ်ဖြစ်သည်။ အလ္လာလ်ဟိုးအရှင်မြတ်မျှတပါး အခြားမည်သူကိုမှ ကိုးကွယ်ခြင်းမပြုရ၊ ယခုဘဝနှင့်နောက်ဘဝတွေအတွက်ရည်မှန်းကာ အလ္လာလ်ဟိုးအရှင်မြတ်မှတပါး မည့်သည့်အရာကိုမှ ပူဇော်ခြင်း၊ ရှိခိုးခြင်းမပြုရဟု တားမြစ်ထားသည်မဟုတ်လား။ ခုက ရှင်သီဝလိရဟန္တာအရှင်မြတ်ကြီးကို ပူဇော်ကိုးကွယ်ရမည် ဆိုတော့ ကျွန်တော်နှင့်မကိုက်။ ဒုက္ခပဲဟုစဉ်းစားမိသည်။ အို...ဘာပဲဖြစ်ဖြစ် အစွမ်းတကယ်ရှိတယ်ဆို ကောင်းတာပဲ၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ထားရုံဆောင်ထားတာပဲဟာ ဘာမှလုပ်တာမှမဟုတ်တာဟု ဖြေတွေးလည်းတွေးမိပါသည်။ 

 

တပည့်ကျော်၏အစွမ်းတွေကိုပြလိုက်ရသဖြင့် ဆရာဝဏ္ဏကျေနပ်နေပါသည်။ ကဲတပည့်ရေ ဆရာက ဝေငှပါမယ်လို့ ကတိလည်းပေးပြီးပြီဆိုတော့ ဒီလိုလုပ်ကွာ မင်းဟောဒီဓာတ်တော်ကြုတ်ကလေးကိုပင့်ကွာ၊ ပြီးတော့ မင်းပြောသလို ဦးရာလူစနစ်နဲ့လိုက်ဝေကွာဟုခိုင်းလိုက်ပါသည်။ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပါသည်။ သူ့ထက်ငါ ရှေ့ရောက်ရန် တိုးကြပါသည်။ ဆရာက တုတ်ကလေး တချောင်းနှင့် စည်းသားထားသည့်နေရာကို ဝိုက်၍လိုက်ခြစ်လိုက်ပြီး ဖြည်းဖြည်းဖြည်းဖြည်း စည်းတွေတော့ပေါက်ကုန်တော့မှာပဲ၊ ဒုက္ခတော့ တွေ့ကုန်တော့မှာပဲဟု ပြောသဖြင့် လူများ နောက်နည်းနည်းပြန်ဆုတ်ကြပါသည်။ 

 

ငတင့်ကလည်း တိုးဝှေ့လက်ဖြန့်တောင်းနေသူများထံဝေပါသည်။ တောင်းသူတိုင်းကိုတော့ မပေးပါ။ ကျော်တာ ကျော်ပစ်သည်။ ယောက်ျားတွေထက် မိန်းမတွေကိုပိုဝေတာသတိထားမိပါသည်။ ကလေးတွေကိုတော့ လုံးဝမဝေပါ။ သည်လိုနှင့် တဝိုင်းလုံးလည်းပတ်မိရော ငတင့်ဖန်အိုးလေးထဲက ရှင်သီဝလိရုပ်ပွားတော်တွေလည်း ပြောင်သလင်းခါ သွားပါသည်။ ကုန်ပြီဆရာ ထပ်လိုချင်သေးသူတွေရှိသေးတယ်ဟုပြောကာ လူတွေကို အားနာနေပါသည်။ မတတ်နိုင်ဘူးတပည့်ရာ ရှိသလောက်ပေါ့ဟုဆိုကာ ထားလိုက်ပါသည်။ 

 

ဆရာကဆက်၍ ရုပ်ပွားတော်ရသူတွေအတွက် ဝမ်းသာကြေင်း၊ လောလောဆယ် လက်ထဲတွင်ပဲ ဆုပ်ထားပါ၊ ဟိုဟိုသည်သည်ထဲ အိတ်ကပ်တွေဘာတွေထဲ မထည့်ရန်ပြောပါသည်။ ဆက်၍ အိမ်တွင်မည်သို့ပူဇော်ရမည်နှင့် ပူဇော်စရာအမွှေးသက္ကယနှင့် ဖန်ကြုတ်ကလေးများလိုသေးကြောင်း၊ ထည့်ချင်ရာနှင့်ထည့်၊ ထားချင်ရာထားလို့ မရကြောင်း၊ ထိုသို့ထားလျှင် ခိုက်တတ်ကြောင်း၊ ပူဇော်ချင်သည့် အမွှေးနံ့သာဖြင့်ပူဇော်လို့ မရကြောင်းတွေ တရစပ်ပြောပါသည်။ သည်တကြိမ်ပြောသည့်ဆရာ့လေသံမှာ ဘာမှမသိသေးသည့် လူတယောက်ကို ငေါက်ငန်း ဆူပူနေသည်နှင့်တူသည်ဟု ကျွန်တော်ထင်ပါသည်။ ရုပ်ပွားတော်ရထားသူများကလည်း ဆရာ့စကားကို စူးစူးစိုက်စိုက်နားထောင်နေကြပါသည်။

 

သူက ပူဇော်ရာ သိဒ္ဓိပေါက်ပြီးသားနံသာဖြူဆီနှင့် ဓာတ်ခန်းဝင်ပြီးသားဖန်ကြုတ်လေးများလည်း ပေးပါမည် ခဏစောင့်ပါဟုပြောရင်း ခု သူတကွက်ပြမည်။ နောက်ဆုံးအကွက်လည်းဖြစ်သည်၊ ဆရာတွေပုဂ္ဂိုလ်တွေ၏ ခွင့်ပြုချက်လည်းရထားပြီးသည့်အကြောင်းပြောပါသည်။ သူပြောသည့် ပုဂ္ဂိုလ်တွေကို ကျွန်တော် မသိသဖြင့် အနားက ငတင့်ကို လေသံတိုးတိုးဖြင့် ပုဂ္ဂိုလ်တွေဆုတာ ဘယ်သူလဲဟုမေးတော့ အထက်ကပုဂ္ဂိုလ်တွေပေါ့ကွာ၊ မင်းနောက်တော့ သိလာလိမ့်မယ်၊ လျှောက်မမေးနဲ့ကွဟုပြောပါသည်။

(ဆက်ပါဦးမည်)   

0 comments:

Post a Comment