(ကညွှတ်ကွင်း အိမ်ပြေး ၄၆)
ငတင့်က ဦးထုပ်ကို စားပွဲပေါ်တင်ပြီး ပိုက်ဆံတွေကို တူရာအလိုက်ထပ်ပြီးရေနေတာတွေ့ပါသည်။ အကြွေစေ့လေးတွေပါတာလည်းတွေ့ပါသည်။ ကလေးတွေမုန့်ဖိုးပဲဖိုးထဲကနေ ထည့်လိုက်တာများလားဟု တွေးမိပါသည်။ စိတ်ထဲ တမျိုးဖြစ်မိပါသည်။ ကျွန်တော့် ကိုယ့်အိတ်ထောင်ကိုလည်း စမ်းမိပါသည်။
ငတင့်က မြွေကြီးကို မနိုင့်တနိုင်မက သေတ္တာထဲပြန်ထည့်ပါသည်။ မြွေကြီးက မဝင်ချင်လို့လား မသိ။ တွန့်လိမ် ခွေခေါက်နေသေးသည်။ သို့သော် ငတင့်က ကျင်လည်စွာထိန်းပြီး အလိုက်သင့်လေး ပြန်သွင်းလိုက်တော့ နောက်ဆုံး ရှောရှောရှူရှူဝင်သွားပါသည်။ ငတင့်လုပ်နေတာတွေကြည့်ပြီး ကျွန်တော်အံ့လည်းဩ ချီးလည်းချီးမွမ်းမိပါသည်။ အမှန်ပြောရလျှင် ကျွန်တော်က မြွေကိုကြောက်ပါသည်။ ရွံလည်းရွံပါသည်။ သို့သော် ကျွန်တော် တနေ့တွင် ငတင့်လုပ်သလို လုပ်ရဦးမှာပါလားလို့တွေးမိတော့ စိတ်အတော်ညစ်သွားပါသည်။
အမေခတို့ဆီပြန်ပြေးရကောင်းမလားဟုတွေးမိသော်လည်း အတွေ့အကြုံသစ်တွေ၊ အသစ်အဆန်းတွေ၊ နယ်စုံအောင် ခရီးသွားရမှာတွေက ကျွန်တော့်အပေါ် ပိုလွှမ်းမိုးနေသည်ထင်ပါသည်။ အမေခတို့ကိုလည်း ခဏနှင့်မေ့သွားပါသည်။ ငတင့်က ပိုက်ဆံတွေကို ဦးထုပ်ထဲပြန်ထည့်ပြီး သူ့နေရာ သူသွားထိုင်ကာ ဘင်သံညှဉ်းညှဉ်းလေး တီးပါသည်။ ထိုအချိန်တွင် ဆရာဝဏ္ဏက ရှင်သီဝလိကြောင်းပြောနေပါသည်။ ရှင်သီဝလိဘယ်သူမှန်း ကျွန်တော်မသိပါ။ ဘုန်းကြီးတပါးပါးတော့ ဖြစ်မည်ထင်ပါသည်။ ဆရာပြောတာနားထောင်ရင်း ရှင်သီဝလိမှာ ဗုဒ္ဓမြတ်စွာလက်ထက်က ပေါ်ခဲ့သည့် ရဟန္တာတပါးဖြစ်ကြောင်း၊ ဘယ်လိုတန်ခိုးကြီးကြောင်း၊ ဘယ်လို အာနုဘော်တွေရှိကြောင်း၊ ကိုးကွယ်ပါက မည်သို့အကျိုးတွေရမှာဖြစ်ကြောင်း၊ လဘ်လာဘများတိုးပွားမှာဖြစ်ကြောင်း၊ ဈေးသည်ကုန်သည်များ ဆောင်ထားပါက ရောင်းပန်းရောင်းဝယ်များကောင်းကြောင်း၊ သာမန်လူများဆောင်ထားပါက စန်းပွင့်၍ မျက်နှာပန်းလှမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်တော့ ရှင်သီဝလိကိုယ်တော်ကြီးအား ရည်မှန်း၍ဆုတောင်းသဖြင့် ဂုဏ်ထူးတွေနှင့်အောင်တာကို သူကိုယ်တိုင်တွေ့ခဲ့ဖူးကြောင်း၊ သူကိုယ်တိုင် လည်မှာဆွဲ၍ဆောင်ထားသဖြင့် အကျိုးထူးများခံစားရကြောင်းတွေ သိလာရပါသည်။ ဆရာပြောပုံမှာ အလွန်ပိုင်ပိုင်နိုင်နိုင်ရှိကာ ဆွဲဆောင်မှုလည်း ရှိပါသည်။ အားပါးတရလည်းရှိပါသည်။ သူနှင့်ယှဉ်ငြင်းလို့လည်း မရနိုင်ပါ။ ပြောနေရင်းနှင့် စားပွဲပေါ်က စာအုပ်ဟောင်းတအုပ်ကိုလှန်ကာ ရှင်သီဝလိဂါထာတွေဘာတွေ ရွတ်ပြလိုက်သေးသည်။
ထို့နောက် သူ့တွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးတပါးက စွန့်ကြဲထားသဖြင့် ဆင်စွယ်အစစ်ဖြင့်ထုထားသည့် သိဒ္ဓိတင်ပြီးသား ရှင်သီဝလိကိုယ်တော်ကြီး၏ ပုံတော်လေးတွေပါလာကြောင်း၊ ပရိတ်သတ်ကြီးကို မေတ္တာဖြင့် ဝေငှလိုကြောင်း၊ ဤသို့ဝေငှသည်မှာ သာသနာပြုရာလည်းရောက်ကြောင်း၊ ရမည့်ကုသိုလ်ကိုလည်း သတ္တဝါများအား အမျှပေးဝေမည်ဖြစ်ကြောင်း၊ သို့သော် ပုံတော်အရေအတွက်မှာ အကန့်အသတ်ရှိကြောင်း၊ တကယ်လည်း ကိုးကွယ်ချင်သူ ဘာသာတရားလည်းကိုင်းရှိုင်းသူတွေကိုသာ ရွေးပေးလိုကြောင်း၊ သို့သော် သူ့အနေနှင့် ဘယ်သူက ဘာဆိုတာကို မသိနိုင်သဖြင့် ဦးရာလူကိုသာ ဦးစားပေး ဝေငှသွားမည်ဖြစ်ကြောင်းပြောကာ စကားစဖြတ်လိုက်ပါသည်။ ငတင့် ဘင်သံတိုးတိုးလည်း တိတ်သွားပါသည်။
ထို့နောက် စားပွဲပေါ်က အတက်ချီကေ့စ်လေးကိုဖွင့်ကာ ကတ္တီပါအုပ်ထားသည့် ဖန်ဘူးလေးတဘူးကို ညင်ညင်သာသာ ယုယုယယထုတ်လိုက် ပါသည်။ မထုတ်ခင်မှာ ဖန်ဘူးလေးကို ကန်တော့လိုက်ပါသေးသည်။ ဖန်ဘူးလေးမှာ အဖုံးလည်ရစ်နေရာတွင် ရွေချထားပြီး လှလည်းအလွန်လှပါသည်။ ခတ်သေးသေးလေးဖြစ်သော်လည်း ကြည်ပြီး ပြောင်နေသဖြင့် အထဲကိုမြင်နေရပါသည်။ အထဲတွင် တလက်မခန့် ဖြူဝါဝါအတောင့်လေးများရှိပါသည်။
ဆရာကဖန်ဘူးလေးကို စားပွဲပေါ်တင်လိုက်ပါသည်။ ဟော့ဒီ ဓာတ်တော်ကြုတ်ကလေးထဲမှာ ရှင်သီဝလိရုပ်ပွားတော် အဆူငါးဆယ်ရှိပါတယ်၊ ကျွန်တော် ဝေပေးပါမယ်ဟုပြောပြီး ဖန်ဖူးလေးကို ဖွင့်လိုက်ပါသည်။ ထို့နောက်ပြန်ပိတ်ရင်း ပူဇော်လိုသူတွေအနေနဲ့ လက်ထောင်ပြပါ ကျွန်တော့်တပည့်လေးက လိုက်ဝေပါ့မယ်ဟုဆိုပါသည်။ ထိုအခါ လူတော်တော်များများလက်ထောင်ကြပါသည်။ ဆရာက ရေတွက်ဟန်ပြပြီး အဆူ၅ဆယ်နဲ့တော့ မလောက်တောဘူး၊ ပူဇော်ချင်တဲ့ သူတော်ကောင်းတွေက များနေတယ် တပည့်ရ ဘယ့်နှယ်လုပ်ကြမလဲဟု ငတင့်ကိုပြောတော့ ငတင့်က ကျွန်တော် ဦးရာလူလိုက်ဝေလိုက်မယ်လေဆရာဟု ပြောရင်းထပါသည်။
အေးအေး နေပါဦးတပည့်ရာ ငါစဉ်းစားပါဦးမယ်ဟုပြောပါသည်။ ထို့နောက် ကွင်းလည်သို့ပြန်လာပြီး ကျွန်တော့်တပည့်လေး မောင်တင့်ကလည်း ရှင်သီဝလိကိုယ်တော်ကြီးရုပ်ပွားတော်လေး ဆောင်ထားပါတယ်။ ဒါ့ကြောင့် သူ့မှာလည်းအစွမ်းအစတချို့ရှိပါတယ်။ မယုံရင် ကျွန်တော်လက်တွေ့ပြပါ့မယ်ဟုဆိုကာ ငတင့်မျက်နှာကို အဝတ်ဖြင့် တင်းနေအောင်စည်းလိုက်ပါသည်။ ထို့နောက် ပရိတ်သတ်ထဲမှ တယောက်ထံသွားကာ မိတ်ဆွေကြီးမှာ မှတ်ပုံတင်ပါလားဗျ။ ပါရင် တချက်လောက်ပေးပါဟုပြောပါသည်။ ဟိုလူလည်း ဘုမသိဘမသိအူကြောင်ကြောင်နှင့် သူ့မှတ်ပုံတင်ထုတ်ပေးပါသည်။ ဆရာက မှတ်ပုံတင်ကို အခေါက်မဖြည်ပဲ လက်ထဲကိုင်ကာ တပည့်ရေ နောက်လှည့် ကွာဟုပြောလိုက်ပါသည်။ ငတင့်မှာ ဆရာနှင့် ၅ ကိုက်ခန့်ဝေးပါသည်။ ထို့နောက် မှတ်ပုံတင်ပိုင်ရှင့်အနားမှ လူတယောက်ကို ကဲခင်ဗျားတို့ကြည့်နေဟုပြောပြီး၊ မှတ်ပုံတင်ကိုဖြန့်ကာ တပည့်ရေ ဒီဆရာကြီးက သူ့မှတ်တင်နံပတ်မေ့နေလို့တဲ့ကွ မင်းသိရင် ပြောစမ်းကွာ၊ တလုံးချင်းဖြည်းပြောဟေ့ ဟုဆိုလိုက်ပါသည်။
(ဆက်ပါဦးမည်)
0 comments:
Post a Comment