Sunday, February 12, 2023

ကညွှတ်ကွင်းအိမ်ပြေး ၂၄

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၂၄)

အမေနှင့်အဖေသည် အလုပ်နှင့်လက်နှင့် မပြတ်ကြပါ။ တခုမဟုတ်တခုတော့ လုပ်လုပ်နေပါသည်။ အဖေက သူကွန်ပစ်ရာမှပြန်လာလို့ ရောင်းရလောက်အောင်လည်းမရ၊ ရှင်လည်းရှင်နေသေးသည်ဆိုလျှင် ထိုငါးတွေကို သည်ကန်လေးထဲမှာ လွှတ်ပြီးမွေးထားသည်ဟုပြောပြပါသည်။ ငါးရံ့တော့ မထည့်ဘူးကွ၊ အဲ့ကောင်က အသားစား ကောင်၊ တခြားငါးတွေကို စားစားပြစ်တယ်ဟုလည်း ပြောပါသည်။ သားနေကောင်းမှ အဖေ ကိုင်းထောက်တာ သင်ပေးမယ်၊ ကန်ထဲမှာ ငါးတွေများနေပြီဟုပြောပါသည်။ 

 

ကျွန်တော် ထိုကန်လေးရှိမှန်း ပထမနေ့ကတည်းက သိသော်လည်း အနားသွားမကြည့်ခဲ့။ ငါးတွေရှိမှန်းလည်း မသိခဲ့ပါ။ အဖေ့ ကျွန်တော် ငါးမျှားတတ်တာပဲ၊ ကိုင်းထောက်တာလောက်တော့အပျော့ပေါ့ဟုပြောတော့ လုပ်လိုက်ကွ ဒါမှ လူလေးဟုပြောပြီး ကျွန်တော့်နဖူးနှင့်ရင်ဘတ်ကိုစမ်းပါသည်။ ချွေးတွေနစ်နေတာပဲ အဖေရေပတ်တိုက်ပြီး အဝတ်လဲ ပေးမယ်ဟုပြောကာ တိုက်ပေးပြီး ကျွန်တော့်အိမ်ဝတ်အိမ်စားများကို ပြန်ဝတ်ပေးပါသည်။ သူ့တိုက်ပုံဟောင်းကြီး ကိုလည်း လွှမ်းပေးပါသည်။ အိမ်မှာ အမေလုပ်ပေးတာလောက်တော့ အဆင်မပြေပါ။ ရေပတ်တိုက်တာလည်း ကြမ်းပါသည်။ အဖေ မလုပ်တတ်လုပ်တတ်နှင့်လုပ်ပေးတာကို ကျွန်တော်က သဘောကျတာတော့ အမှန်ပင်။

 

တော်လေးကြာတော့ အမေပြန်ရောက်လာပါသည်။ လက်ထဲတွင် ရွှေကျီးမုန့်ကြွပ်အထုတ်ကြီး ပါလာပါသည်။ ခနနေတော့ နွားနို့တွေကို ထန်းလျှက်နှင့်ကျိုကာ ရွှေကြီးမုန့်နှင့်အတူ ကျွန်တော့်ကိုကျွေးပါသည်။ နွားနို့မှာပျစ်ခဲနေပြီး အရောင်မှာ ခတ်ညစ်ညစ်ဖြစ်နေပါသည်။ အနံ့ကတော့ အတော့်ကိုမွှေးပါသည်။ နွားနို့ကို ထန်းလျှက်နှင့်ကျိုတာ ဒါပထမဆုံး သောက်ဖူးခြင်းဖြစ်ပါသည်။ တော်တော် လေးလေးပင်ပင် နေပါသည်။ သကြားနှင့်ကျိုတာထက် ကောင်းသည်ဟုထင်ပါသည်။ စားလိုက်လူလေး အဲ့ဒီ ၂ ချပ်ကုန်အောင်စားဟုပြောကာ မုန့်ကြွပ်တွေကိုနွားနို့ထဲနှစ်ကာ ဇွန်းတပ်ပေးပါသည်။ ကျွန်တော်လည်း စားကောင်းကောင်းနှင့် အကုန်စားပြီး နွားနို့တွေပါမော့သောက်လိုက်ပါသည်။ အရသာအလွန်ရှိပါသည်။ နင့်အဖေ အဝတ်အစားလဲပေးထားတာပဲ၊ အိပ်ယာထဲလှဲနေဟုပြောကာ ရေတွင်းဘက် ထွက်သွားပါသည်။

 

ထိုနေ့က တနေ့လုံးနေပူပါသည်။ အမေက စောင်တွေခေါင်းအုံးတွေထုတ်လှမ်းပြီး အဝတ်တွေလည်းလျှော်ပါသည်။ အဖေ့ကိုလည်း ညကျရင် လူလေးနဲ့ဝေးဝေးအိပ်ဟုပြောပါသည်။ ကျွန်တော်အရက်နံ့ နံမှာစိုးလို့လား အဖေ့ကို အဖျားကူးမှာစိုးလို့လားတော့ မပြောတတ်ပါ။ လူလေး ညနေစာလည်း မုန့်ကြွပ်နဲ့ နို့ပဲသောက်။၊ ထမင်းမစားနဲ့ ရင်ခံတတ်တယ်ဟုပြောပါသည်။

 

ညနေစာကို ကျွန်တော်မစားမီ ဆရာမောင်ဆေးနီမှုန့်နှင့် ကွမ်းရွက်ပြုပ်ရည်သောက်ရပါသည်။ ရှိန်းခိုဆိုသည်ကိုလည်း ဖဲ့၍ပါးစပ်ထဲခွံ့ပါသည်။ အလွန်နံပါသည်။ ကျွန်တော် အန်မိတော့မလိုဖြစ်တော့ မြိုချလိုက်သား၊ ရှိန်းခိုက အပူနိုင်တယ် အခိုးပွင့်တယ် သလိပ်ကြေတယ်ဟုပြောပါသည်။ အဖေကတော့ ထုံးစံအတိုင်း ချက်အရက်ကလေးသောက်လိုက် ကွန်လေးထိုးလိုက်။ အမေက မီးဖိုချောင်ဘက်သွားလိုက် ချက်လိုက်ပြုပ်လိုက်။ ကျွန်တော်က အိပ်ယာထဲကွေးကာ ဟိုတွေးဒီတွေး။ ဘာတွေတွေးနေမှန်းတော့ သတိမရ။ 

 

ကျနော် ဖျားနေသဖြင့် အမေအိပ်ယာဝင်စောပါသည်။ အဖေ့အတွက် ထမင်းခူးခပ်ကာ ခုံပေါ်တင်ထားခဲ့ပါသည်။ မအိပ်ခင် ဘုရှားရှိခိုးပါသေးသည်။ ခေါင်းရင်းက ထရံမှာ ဘုရားစင်လေးရှိပြီး ဘုရားဆင်းတုတော် သေးသေးလေးရှိမှန်း ဒီတော့မှ ကျွန်တော်သတိထားမိပါသည်။ သား မြန်မြန်နေကောင်းအောင် အမေဆုတောင်းနေတာဟုပြောပါသည်။ အမေရေမိုးချိုးပြီး တခုခုသွေးလူးထားပါသည်။ ကျွန်တော့်ဘေးလာလှဲတော့ ကျွန်တော်စိတ်ထဲ အမေ့ကိုဖက်ထား ချင်စိတ်ပေါက်လာပါသည်။ ကျွန်တော့်ဘက်လှည့်ပြီး ဘေးတိုက်အိပ်နေသည့် အမေ့လက်ကိုဆွဲကာ ကျွန်တော့် ရင်ဘတ်ပေါ်တင်လိုက်ပါသည်။ ပြီးတော့ ကျွန်တော်အမေ့ကို အားရပါးရဖက်လိုက် ပါသည်။ အမေကလည်း ကျွန်တော့်ကို ပြန်ဖက်ထားပါသည်။ အမေ့ကိုယ်မှအနံ့မှာ မွှေးတေးတေးလေးနေပါသည်။ ကျွန်တော် နှာခေါင်း ရှုံ့ပွရှုံ့ပွ လုပ်တော့ အမေ တောင်တန်ကြီး လူးထားတာသားရဲ့ဟုပြောပါသည်။

 

ကျွန်တော့်အမေလည်း တခါတလေ တောင်တန်ကြီးတွေ နံ့သာဖြူတွေ လိမ်းတတ်ပါသည်။ များသောအားဖြင့် ရေချိုးပြီးတိုင်းသနပ်ခါး လိမ်းပါသည်။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် ပေါင်ပေါ်တင်ကာ သနပ်ခါးလူးပေးရင်း သနပ်ခါးတွေပါ ခွံ့တတ်ပါသည်။ သနပ်ခါးကရင်အေးတယ်ဟုပြောပါသည်။ အမေမှာ အသားဖြူသဖြင့် သနပ်ခါး လိမ်းထားပါက ကြည့်လို့ကောင်းပါသည်။ တောင်တန်ကြီးတွေအစင်းစင်းအစင်းနှင့် အမေခမျက်နှာမှာ ကြည့်လို့ မကောင်းပါ။ အမေခမှာ အသက်ဒီလောက် မကြီးသေးသော်လည်း သွားအစုံမရှိတော့တာကတကြောင်း၊ ရုပ်က အိုစနာကျတာကတကြောင်း၊ အသားညိုတာက တကြောင်းတို့ကြောင့် ကျွန်တော့်အမေလောက် ကြည့်မကောင်းပါ။ သို့သော် မျက်နှာချိုကာ သဘောကောင်းသဖြင့် ကြည်ကြည်လင်လင်တော့ နေပါသည်။ ချစ်စရာကောင်းပါသည်။ ကျွန်တော် အမေခကို ဖက်ထားရင်း အမေ့အကြောင်းတွေးနေမိပါသည်။ 

 

ရုတ်တရက် ပူဆာချင်စိတ်လည်း ပေါက်လာပါသည်။ အမေ မနက်ကျရင် ငါးကြော်နဲ့ဆန်ပြုပ်သောက်ချင်တယ်ဟု ပြောမိပါသည်။ အံမယ်လေး ဒါများလူလေးရယ်ဟုပြောကာ သောက်ရမယ်စိတ်ချဟုပြုံးပြီးပြောပါသည်။ အမှန်က ကျွန်တော် တကယ် ငါးကြော်နှင့်ဆန်ပြုတ်သောက်ချင်တာမဟုတ်ပါ။ ပူဆာကြည့်ခြင်းသာဖြစ်ပါသည်။ အဖေ ဘယ်အချိန်အိပ်ယာဝင်လည်း ကျွန်တော်မသိပါ။ တရေးနိုးတော့ အဖေ ခတ်လှမ်းလှမ်းတွင်အိပ်နေတာ တွေ့ပါသည်။ သည်လိုနှင့် တညကုန်ဆုံးသွားပါသည်။

0 comments:

Post a Comment