အရင်းရှင်နယ်ချဲ့စနစ်ကိုလှစ်ဟပြခဲ့တဲ့ ဝတ္ထုတပုဒ်
-ဆွေသက်ဇော်-
ဝတ္ထုတပုဒ်ဆိုပေမယ့် စာပေသမိုင်းဆရာတွေကတော့ "ဝတ္ထုမဟုတ်သော ဝတ္ထု" ရဲ့ နမူနာလို့ ဆိုခဲ့ကြတယ်။ မူရင်းရေးသူက ရပ်ရှား မာ့(ခ်စ်)ဝါဒီ အီလျာအာရင်ဘတ်။ အင်္ဂလိပ်လို "The Life of the Automobile" အမည်ရှိ ဝတ္ထုကို မြသန်းတင့် က "မော်တော်ကားတစင်း၏ အတ္ထုပ္ပ တ္တိ" လို့ ဘာသာပြန်ခဲ့တယ်။ မြန်မာစာဖတ်ပရိသတ်ကို ကမ္ဘာ့စာပေတွေနဲ့ ရင်းနှီးအောင် ဘာသာပြန်လက်ရာပေါင်းများစွာ ရေးသားခဲ့တဲ့ ဆရာမြက ဒီစာအုပ်ကနေတဆင့် ကမ္ဘာ့အရင်းရှင်နယ်ချဲ့ စနစ်ကိုပါ မြင်စေခဲ့တယ်။
မော်တော်ကားတစင်း၏ အတ္ထုပ္ပတ္တိ စာအုပ်မှာ အခန်း ၇ခန်းပါတယ်။
(၁)မော်တော်ကားတစင်း မွေးဖွားခြင်း။
တန်းတူညီမျှရေး ညီနောင်ရင်းသဖွယ် ချစ်ကြည်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ စခဲ့တဲ့ ပြင်သစ်ပြည် ဘူဇွာတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တဲ့ လူငယ်တယောက်။ ဖီလစ်လေဗွန် အမည်ရတဲ့ အဲဒီလူငယ်ဟာ တော်လှန်ရေးကြီးအပြီး ငါးနှစ်အကြာမှာ ညဘက်ကောင်းကောင်း အိပ်မပျော်။ လက်ဘက်ရည်ဆိုင်ထိုင်ရင် ပါးစပ်ကို ကြယ်သီးတပ်ထားနိုင်ကာမှ တော်ရုံကျလောက်အောင် စားပွဲတိုင်းမှာ တရစ်ဝဲဝဲလုပ်နေတဲ့ သတင်းပေးတွေကြောင့် အိပ်မပျော်လေသလား။ လူငယ်ပီပီ အချစ်ရေးကြောင့် လွမ်းဆွေးပြီး အိပ်မရဖြစ်နေသလား။ မဟုတ်ပါ။ သူ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လုံးပန်းရင်း အိပ်မရဖြစ်နေသူ တယောက်။ သူပြောတာ နားထောင်ကြည့် ပါ။
"ဆိန်းမြစ်တဖက်ကမ်းမှာ ရေနွေးငွေ့နဲ့ မောင်းတဲ့ စက်ရုံကို ခင်ဗျားမြင်ဖူးတယ် မဟုတ်လား။ မှတ်ထား အဲဒီရေနွေးငွေ့စက်ဟာ နိုင်ငံရေးကြေညာချက်တွေထက် အရေးကြီးတယ်ဗျ။ ကျွန်တော် အဲဒီလို စက်မျိုးတခုလုပ်ဖို့ကြိုးစားနေတာ ကြာပြီ။ စက်နဲ့ သူ့ဘာသာသူ မောင်းသွားတဲ့ ယာဉ်ရထား တမျိုးကို စမ်းသပ်လုပ်ကြည့်မယ်လို့ ကျွန်တော်စိတ်ကူးထားတယ်။ အဲဒီစက်ရထားပေါ်မှာ လူတွေကို တင်မယ်။ သယ်ပို့ပေးမယ်။ ဒါဟာ လူအများအတွက် တကယ့်အကျိုးဆောင်တာဗျ။ ဒါမှ ကမ္ဘာ့လူမျိုးအားလုံးကို ညီနောင်ရင်းလို တန်းတူညီမျှဖြစ်အောင် လုပ်တာဗျ"။
တော်လှန်ရေးကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူငယ်တယောက် တော်လှန်ရေးကြီး အရေးနိမ့်သွားချိန်မှာ မော်တော်ကား တစင်းကို တီထွင်နိုင်ခဲ့ရင် လူအားလုံး ညီနောင်ရင်းလို တန်းတူညီမျှဖြစ်သွားမယ်လို့ စိတ်ကူးမျှော်မှန်းခဲ့တယ်။
ဟင်နရီဖို့(ဒ်)ဆိုတဲ့ အင်ဂျင်နီယာပေါက်စလေး တပ်ဆင်ပေးလိုက်တဲ့ မော်ဒယ် ၉၀၀ မော်တော်ကားသစ် ကျေးဇူးကြောင့် ဘာနီအွိုင်းဖီးဟာ မော်တော်ကားပြိုင်ပွဲမှာ ပထမစွဲသွားခဲ့တယ်။ သတင်းစာတွေ ဝိုင်းချီးကျူးရေးသားကြလို့ ဟင်နရီဖို့(ဒ်)တယောက် ကျော်ကြားစပြုလာတယ်။ ဒါပေမယ့် သူလိုချင်တာ ကျော်ကြားမှုမဟုတ်။ ဒေါ်လာကိုသာ မက်တယ်။ ဒီတော့ အရင်းအနှီး ထုတ်ပေးမယ့် ငွေရှင်ကြေးရှင်ကြီးတွေကို ဆွယ်ပြီး မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း ချဲ့ထွင်နိုင်အောင် ဖို့(ဒ်) လုံးပန်းတော့တယ်။ ငွေရှင်ကြီးတွေကို ဖို့(ဒ်)ဆွယ်တရားဟောနေတာ ခဏ နားထောင်ကြည့်ရအောင်။
"ကျွန်တော်တို့ဟာ ရှေ့လာမယ့် နှစ်ပေါင်းများစွာကို မျှော်ကြည့်ရမယ်။ ကျွန်တော်တို့ဟာ စျေးကွက်ကို အပိုင်ရထားဖို့ လိုတယ်။ စျေးကွက်ကို အပိုင်ရထားဖို့အတွက် ကျွန်တော်တို့ရဲ့ ကားတွေကို အရှုံးခံရောင်းနိုင်ရင် ပိုကောင်းတယ်။ အရှုံးမခံနိုင်တောင် စရိတ်ကာမိရုံလောက်နဲ့ ရောင်းနိုင်ရင် ကောင်းတယ်။ တန်ဖိုးကြီးတဲ့ ကားတွေကို ထုတ်လုပ်တာထက် တန်ဖိုးနည်းတဲ့ကားတွေကို ထုတ်လုပ်တာက ပိုပြီး စျေးကွက်အတွက် စိတ်ချရတယ်။"
အင်ဂျင်နီယာပေါက်စလေးသာ ဖြစ်တဲ့ ဖို့ဒ်က အရင်းရှင်နယ်ချဲ့စနစ်ရဲ့ ဝိသေသတရပ်ကို ထုတ်ဖော်ပြောသွားခဲ့ခြင်းဖြစ်တယ်။ အရင်းရှင်နယ်ချဲ့စနစ်မှာ ကမ္ဘာ့စျေးကွက်ကို လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေကသာ မောင်ပိုင်စီးခြယ်လှယ်ကြတယ်။ ကမ္ဘာ့မော်တော်ကားစျေးကွက်ကို ဖို့ဒ်မော်တော်ကားထုတ်လုပ်ရေး အရင်းရှင်လုပ်ငန်းစုက လက်ဝါးကြီးအုပ် ခြယ်လှယ်နေတာ ဒီကနေ့အထိ။ (ဗမာပြည်က အာဏာရပုဂ္ဂိုလ်များတောင် ဖို့ဒ်ကားစီးချင်လို့ ပြည်သူ့ဘဏ္ဍာ လက်ဖြန့်တောင်းခဲ့ကြသေးတယ် မဟုတ်လား။)
အရင်းရှင်နယ်ချဲ့သမား အလောင်းအလျာလေး ဖို့ဒ်က အလုပ်သမားတွေအပေါ် သဘောထားကိုလည်း အခုလို ဆက်ပြောလိုက်သေးတယ်။
"လူကို လူက မွေးပေးလိုက်တာ ဖြစ်တယ်။ ဒီအတိုင်းပဲ။ စက်ယန္တရားတွေကိုလည်း စက်ယန္တရားတွေက ထုတ်လုပ်ပေးလိုက်တာမျိုး ဖြစ်ရလိမ့်မယ်။ အလုပ်သမားတော့ ရှိရမယ်။ ဒါပေမယ့် အဲဒီ အလုပ်သမားကို ကျနော်တို့က အသွင်ပြောင်းပစ်ရမယ်။ သူကိုင်တွယ်မယ့် စက်ယန္တရားနဲ့ လိုက်လျောညီအောင် သူ့ကို ပုံပြောင်းပေးရမယ်။ အလုပ်လုပ်နေတုန်းမှာ တွေးတောစဉ်းစားခြင်း မပြုရအောင် သင်ကြားပေးရမယ်။ ကျွန်တော်တို့ဟာ စိတ်ကူးယဉ်ဝတ္ထုရေးနေတာ မဟုတ်ဘူး။ ဒီလို စဉ်းစားခြင်း မပြုအောင် လုပ်နိုင်မှ အလုပ်သမားပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ အလုပ်ကို မလုပ်တဲ့ လူတယောက်ဟာ စက်ယန္တရားတွေကို ထုတ်လုပ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ မက္ကင်းနစ်တယောက်ထက် ပိုပြီး အသုံးကျတယ်"။
အရင်းရှင်နယ်ချဲ့သမားဖြစ်လာမယ့် ဖို့ဒ်ပေါက်စဟာ အလုပ်သမားတွေကို "လူသားအဖြစ်ကနေ" လျှော့ချပစ်ဖို့ ပြောခဲ့တယ်။ ဒါ့ကြောင့် အရင်းရှင်ကုန်ထုတ်စနစ်မှာ အလုပ်သမားက "mere appendages of the machinery" စက်ယန္တရားရဲ့ ဘေးအတက်အလက်လေးမျှသာ ဖြစ်တော့တယ်လို့ မာ့(ခ်စ်) က ဝေဖန်ခဲ့ခြင်း ဖြစ်တယ်။ ဖို့ဒ်က အလုပ်သမားတွေကို အဲသလို ပြောင်းပစ်ဖို့ ငွေရှင်ကြေးရှင်ကြီးတွေကို ဆွယ်စဉ်ကတည်းက ပြောခဲ့တယ်။ လူသားဟာ ကုန်ထုတ်ကိရိယာကို အသုံးချပြီး ကုန်ထုတ်လုပ်ခြင်းကို ပြုခဲ့တယ်။ လယ်သမားက နွားနဲ့ ထွန်တုံး ထယ်စတဲ့ ကုန်ထုတ်ကိရိယာတွေကို အသုံးချပြီး စိုက်ပျိုးထုတ်လုပ်ခြင်းကို ပြုတယ်။ အရင်းရှင်ကုန်ထုတ်ခြင်းမှာကျ အလုပ်သမားက ကုန်ထုတ်ကိရိယာကို အသုံးချတာ မဟုတ်တော့ဘဲ ကုန်ထုတ်ကိရိယာက အလုပ်သမားကို သူ့ရဲ့အစိတ်အပိုင်းအဖြစ် ပြောင်းပစ်ကာ အသုံးချသွားတော့တယ်။ ထွက်လာတဲ့ ထုတ်ကုန်ဟာလည်း အလုပ်သမားအတွက် မဟုတ်ဘဲ ကုန်ထုတ်ကိရိယာအပါအဝင် ကုန်ထုတ်အရင်းအနှီးပိုင်ထားတဲ့ အရင်းရှင်အတွက်သာ ဖြစ်တယ်။
အလုပ်သမားတွေအပေါ် အဲ့လိုသဘောထားရှိပေမယ့် "ကျွန်တော့်ကို စက်ယန္တရားကြီး တခုရှေ့မှာ တပတ်လောက် သွားထားရင် ကျွန်တော်ရူးသွားမှာပဲ။ ကျွန်တော့်ဗီဇက အလုပ်တခုကို တသမတ်တည်း လုပ်ရတာမျိုးကို ငြီးငွေ့တာကိုး။ တီထွင်ဖန်တီးတတ်တဲ့သဘော တီထွင်ဖန်တီးချင်တဲ့ ဗီဇက လူတိုင်းစိတ်ထဲမှာရှိတယ်။ သူဌေးမင်းတို့ရဲ့ စိတ်ထဲမှာလည်း ရှိတယ်လို့ ကျွန်တော်ယုံကြည်တယ် ခင်ဗျ။ ဒါပေမယ့် ဒီလိုပုဂ္ဂိုလ်တွေဟာ သိပ်တော့ များများစားစား မရှိဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ အမေရိက တိုင်းပြည်ကြီးရဲ့ ဦးနှောက်တွေ။ ဒါပေမယ့် ခု ကျွန်တော်တို့လိုနေတာက အမေရိကရဲ့ ကြွက်သားတွေ" လို့ ဖို့ဒ်ပြောလိုက်သေးတယ်။ အလုပ်သမားတွေကိုတော့ စဉ်းစားတွေးတောခြင်း မပြုတတ်အောင် စက်ယန္တရားရဲ့ ဘေးအတက်အလက်လေးအဖြစ် ပြောင်းပစ်ချင်တဲ့ ဖို့ဒ်ဟာ သူကိုယ်တိုင် အပါအဝင် လူတိုင်းမှာ တီထွင်ဖန်တီးချင်တဲ့ ဗီဇ ရှိတယ် ပြောသေးတယ်။ လူတိုင်း ဆိုပေမယ့် လူအဖြစ်က လျှောချခံထားရတဲ့ အလုပ်သမားလူတန်းစားကိုတော့ ထည့်သွင်းထားပုံ မရဘူး။ သူဌေးမင်းတွေမှာ ရှိမယ်လို့ ဆက်ပြောထားတာကိုး။ ဖို့ဒ်တို့လူတန်းစားက ဦးနှောက်တွေလို့ ဆိုထားပြီး လိုနေတာ အမေရိကရဲ့ ကြွက်သားတွေလို့ ပြောထားတယ်။ ဒါဟာ လူတန်းစားကွဲပြားတဲ့ အရင်းရှင်လူ့အဖွဲ့အစည်းမှာ "ကာယလုပ်အားသက်သက်" ကိုသာ လုပ်ရတဲ့ အလုပ်သမား လူတန်းစားနဲ့ "ဉာဏလုပ်အားသက်သက်" ကိုသာ လုပ်တဲ့ အထက်တန်းလွှာ ပညာတတ်လူတန်းစားရယ်လို့ ကွဲပြားနေခြင်းကို ဖို့ဒ်က ထင်ဟပ်ပြောဆိုလိုက်ခြင်းပဲ။ လုပ်အားစွမ်းပကားကို ရောင်းကုန်တခုလို ထုတ်ရောင်းစားရတဲ့ အလုပ်သမားလူတန်းစားရှိပါမှ အရင်းရှင်ကုန်ထုတ်စနစ် တည်တံ့နိုင်မှာ ဖြစ်ကြောင်းကိုလည်း ဖို့ဒ် ဝန်ခံလိုက်ရာရောက်တယ်။
(၂)ကွန်ဗေယာကြိုးကြီးများ။
ရှည်လျားလှတဲ့ အလုပ်သမားတန်းကြီး။ ဝက်အူရစ်သူက ရစ်။ ဝက်အူဖုံးကျပ်သူက ကျပ်။ နောက်တစုက ဘန်ပါကို တပ်နေ။ ဘီးခွေကို ဆေးမှုတ်သူက မှုတ်။ စက်ယန္တရားကြီးက အလျှင်အမြန်ရွေ့လျားနေတယ်။ စက္ကန့်လေးဆယ်သာ အချိန်ရတယ်။ စကားပြောဖို့ အချိန်မရှိ။ မော်တော်ကားတပ်ဆင်ရေးဌာနက ပီယာစံဒင်အပါအဝင် အကျဉ်းသား ၂၅၀၀၀ ကို ပူးတွဲချည်နှောင်ထားတဲ့ ကွန်ဗေယာခါးပတ်ကြိုးက သာမန်သံမဏိကြိုးတချောင်းပါပဲ။ ဒါပေမယ့် ဒီသံမဏိကြိုးဟာ စက်မှုသိပ္ပံရဲ့ အံ့ဖွယ်သရဲ လူ့အသိဉာဏ်ရဲ့ အောင်မြင်မှု အမြတ်ငွေတွေရဲ့ ရလဒ် မဟုတ်ပေလော။ အရင်းရှင်ကုန်ထုတ်စနစ်မှာ ရောင်းကုန်ထုတ်လုပ်ခြင်းကို လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အရင်းရှင်ကြီးများက စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ လုပ်နေခြင်းမဟုတ်။ အလုပ်သမား လူတန်းစားရဲ့ လုပ်အားစွမ်းပကားကို ရောင်းကုန်ပစ္စည်းလို ဝယ်ယူ စားသုံးပြီး "အစွန်းထွက်တန်ဖိုး" ညှစ်ထုတ်ယူဖို့ ဖြစ်တယ်။ တရက်တာ အလုပ်သမားတယောက်ရဲ့ လုပ်အားစွမ်းပကား တန်ဖိုးကို ၄ နာရီလုပ်အားကြာချိန် နဲ့ ပေးဝယ်ထားတယ်ဆိုရင် တနေ့ဆယ်နာရီ ခိုင်းစေတဲ့အခါ ၁၅၀% နှုန်း အစွန်းထွက်တန်ဖိုး ထုတ်ယူလို့ရတယ်။ အလုပ်သမားလူတန်းစားက အသိစိတ်နှိုးကြားလာပြီး အလုပ်ချိန်လျှော့ချရေး တိုက်ပွဲတွေဆင်နွှဲလာကြတယ်။ အဲဒီအခါ တနေ့ ရှစ်နာရီကို အရင်းရှင်ဘက်က မတတ်သာတဲ့အဆုံး လိုက်လျောလိုက်ရပြီ။ မတတ်သာလို့ လိုက်လျောလိုက်ရပေမယ့် နဂိုရည်ရွယ်ချက်ဖြစ်တဲ့ အစွန်းထွက်တန်ဖိုး များနိုင်သမျှ များရေးကို ဘယ်မှာ အလျှော့ပေးချင်ပါ့မလဲ။ တနေ့ကို ၈ နာရီပဲ ခိုင်းရရင် ၁၀၀%ပဲ အစွန်းထွက်တန်ဖိုး ထုတ်ယူလို့ရသေးတယ်။ အရင်လို ၁၅၀% ရအောင် အလုပ်ချိန် တိုးလို့လည်းမဖြစ်။ အဲဒီတော့ အရင်က ဆယ်နာရီအတွင်း စားသုံးတဲ့ လုပ်အားစွမ်းပကားကို အခု ရှစ်နာရီနဲ့ စားသုံးနိုင်အောင် လုပ်တော့တယ်။ တနည်းဆိုရရင် အရင်က ဆယ်နာရီမှာ အလုပ်သမားတယောက်က ရောင်းကုန် အခုတရာ ထုတ်နိုင်ရင် အခု ရှစ်နာရီနဲ့ အခုတရာရအောင် ထုတ်ခိုင်းတယ်။ ဒီသဘောကို intensification of labor လို့ မာ့ခ်စ်က ပြောတယ်။ စာဆန်ဆန်ပြောရရင် "လုပ်အားပြင်းအားကို ဆတိုးခြင်းဆိုတာ အချိန်တခုအတွင်း လုပ်အားကို အတိုးချစားသုံးခြင်း" ပဲ။ အလုပ်ချိန်ကတော့ ရှစ်နာရီချင်းအတူတူပဲ။ ထွက်တဲ့ ထုတ်ကုန်က ဆယ်နာရီစာနဲ့ညီမျှသွားတဲ့အတွက် အရင်းရှင်အတွက် နဂိုတနေ့အလုပ်ချိန် ဆယ်နာရီတုန်းကလိုပဲ ၁၅၀% သော အစွန်းထွက်တန်ဖိုးကို ရရှိစေတယ်။ အလုပ်သမားအတွက်တော့ ဆယ်နာရီကနေ ရှစ်နာရီအဖြစ် အလုပ်ချိန် လျော့ပါးသွားခြင်းဟာ အမည်ခံသာ ဖြစ်သွားတယ်။ ထူးပြီး သက်သာမသွားတဲ့အပြင် ဆယ်နာရီလုပ်နေရတဲ့ အလုပ်ကို ရှစ်နာရီနဲ့ အပြီးလုပ်လိုက်ရလို့ ပိုပြီးနွမ်းနယ်တာပဲ အဖတ်တင်တယ်။ အရင်းရှင်စနစ်ဘောင်အတွင်းထဲကနေ အလုပ်သမား အခွင့်အရေးရှုထောင့်အရ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ် ယူဆတာဟာ ဒီသဘောတွေကို နားမလည်လို့သာ ဖြစ်တယ်။ အခုပြောတဲ့ "intensification of labor" နည်းကို ကွန်ဗေယာခါးပတ်ကြိုးကတဆင့် အသုံးချနိုင်တယ်။ စက္ကန့် ၄၀ နှုန်းနဲ့ လည်နေတဲ့ ကြိုးကို စက္ကန့်၃၀ အဖြစ် မြန်နှုန်းမြှင့်လိုက်မယ်ဆိုရင် တူညီတဲ့ အလုပ်ချိန် အတွင်းမှာပဲ လုပ်အားစွမ်းပကားကို ဆပွားစားသုံးနိုင်လို့ ထုတ်ကုန်ပိုထွက်လာမယ်။ အစွန်းထွက်တန်ဖိုးပိုများလာတယ်။
"သူသည် ဝက်အူဖုံးတခုကို ယူပြီး ဝက်အူအသစ်တခုကို ကျပ်ရဦးမည်။ လက်ယာရစ်ပြီး အထက်ကို လှန်။ နောက်တခါ ပြန်ကျပ်။ သည်လိုဖြင့် ညတိုင်း အကြိမ်ရာပေါင်းများစွာ အကြိမ်ထောင်ပေါင်းများစွာ လုပ်ရသည်မှာ တနေ့လျှင် ၈ နာရီလုံးလုံး သည်အလုပ်ကိုပဲ လုပ်နေရသည်။ သည်လိုနှင့် တသက်လုံး လုပ်သွားရသည်။ သူ့ဘဝတလျှောက်လုံးတွင် သူလုပ်သည့် အလုပ်သည် ထိုအလုပ်တခုတည်းသာ"။
"သူ၏ခေါင်းသည် ညာဘက်သို့ စောင်းနေကျ။ သူသည် ဝဲဘက်ကို ဘယ်တော့မှ လှည့်မကြည့်။ သူသည် လူသားမဟုတ်တော့။ မော်တော်ကား၏ ဘီးတဘီးသာ ဖြစ်သည်။"
အီလျာအာရင်ဘတ်က ကွန်ဗေယာခါးပတ်ကြိုးများ အခန်းကနေ အရင်းရှင်စနစ်ရဲ့ သားကောင် အလုပ်သမားလူတန်းစားရဲ့ဘဝကို အဲ့လို ရေးဖွဲ့ပြတယ်။ မာ့ခ်စ်က အရင်းကျမ်းထဲမှာ ဒီလို ရေးခဲ့တာကို အမှတ်ရမိတယ်။
"The lifetime of an instrument of labour, therefore, is spent in the repetition of a greater or less number of similar operations. Its life may be compared with that of a human being. Every day brings a man 24 hours nearer to his grave: but how many days he has still to travel on that road, no man can tell accurately by merely looking at him." [အရင်းကျမ်း- အတွဲ-၁- စာ ၁၄၄]
ကုန်ထုတ်ကိရိယာတခုရဲ့ သက်တမ်းဟာ အနည်းနဲ့အများ ဆင်တူတဲ့လုပ်ငန်းတွေမှာ ထပ်တလဲလဲ လည်ပတ်သုံးစွဲခံရရင်း ကုန်ဆုံးသွားတယ်။ ကုန်ထုတ်ကိရိယာရဲ့ ဘဝကို အလုပ်သမားရဲ့ ဘဝနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။ တနေ့တာဟာ အလုပ်သမားကို သင်္ချိုင်းဆီ ၂၄ နာရီ ပိုနီးသွားစေတယ်။ အလုပ်သမားကို အပေါ်ယံလေးကြည့်ပြီး သင်္ချိုင်းဆီ သွားရာလမ်းပေါ် ဘယ်လောက်ကြာကြာ ခရီးနှင်ရဦးမလဲဆိုတာ ဘယ်သူ အတိအကျ ပြောနိုင်မလဲ တဲ့။ အလုပ်သမားဟာလည်း လုပ်ရိုးလုပ်စဉ် အလုပ်တွေကိုသာ ထပ်တလဲလဲလုပ်ရင်း သေမင်းနဲ့နီးသထက်နီးနေရတဲ့ ဘဝကို မာ့ခ်စ်က ရေးပြသွားတာပါ။ ဒီသဘောကိုပဲ ကွန်ဗေယာခါးပတ်ကြိုးနဲ့ ချည်နှောင်ခံထားရတဲ့ မော်တော်ကား တပ်ဆက်ရေး အလုပ်သမားတွေ ဘဝကို အာရင်ဘတ်က ရေးပြသွားခြင်းဖြစ်တယ်။
မော်တော်ကားပဲထုတ်ထုတ် ဘာပဲထုတ်ထုတ် ကုန်ထုတ်လုပ်မယ်ဆိုရင်တော့ အခြေခံ၂ ချက် လိုတယ်။ တချက်က လူ့လုပ်အားစွမ်းပကား။ နောက်တချက်က ကုန်ထုတ်အရင်းအနှီး။ ကုန်ထုတ်အရင်းအနှီးမှာ စက်ပစ္စည်းလို ကုန်ထုတ်ကိရိယာတွေ ပါသလို သံလို ရာဘာလို ကုန်ကြမ်းတွေလည်း ပါတယ်။ ကျောက်မီးသွေးလို "အကူပစ္စည်း" တွေလည်းပါတယ်။ ဒီအခြေခံ ၂ ချက်ပြည့်ပါမှ ကုန်ထုတ်လို့ရတယ်။ ၂၀ ရာစုဆန်းကာစက ပြင်သစ်ပြည် မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းရဲ့ အရင်းရှင်ကြီး မွန်စီယာစစ်ထရွန် ဆိုတာ ရှိခဲ့တယ်။
"သံက စျေးကြီးသည် ကျောက်မီးသွေးက စျေးကြီးသည် သုတ်ဆေးက စျေးကြီးသည်။ ထွက်ငွေစာရင်း စာမျက်နှာတွင် သူဌေးကြီးစစ်ထရွန် စိတ်ဝင်စားသည့် နေရာတခုကို သွားတွေ့သည်။ သူသည် ဆိုခဲ့သည့် ကုန်စျေးနှုန်းများကို လျှော့မပစ်နိုင်။ သို့ရာတွင် သူလျှော့နိုင်သည့် အရာတခုတော့ ရှိသည် ယင်းမှာ အလုပ်သမားခ။ ၁၉၁၉ ခုနှစ်က လွန်ခဲ့ပြီ။ အလုပ်သမားကော်မတီများကို ဖျက်သိမ်းခဲ့ပြီ။ သပိတ်များ ပြိုကွဲသွားခဲ့ကြပြီ"
(၃)တာယာများ။
မော်တော်ကား တစီးမှာ တာယာမရှိဘဲ ဘယ်လို ပြေးနိုင်ပါ့မလဲ။ ရာဘာမရှိဘဲ တာယာကို ဘယ်လို ထုတ်နိုင်ပါ့မလဲ။ ပြင်သစ် အင်္ဂလန် ဒတ်ခ်ျ အမေရိကန်တို့မှာ မော်တော်ကား စက်ရုံကြီးတွေရှိပေမယ့် ရာဘာပင်တွေမရှိ။ ရာဘာဖြစ်ထွန်းနိုင်တဲ့ ရာသီဥတုမရှိတဲ့ နိုင်ငံတွေ။ အပွေးအခေါက် ဖြူတူတူ ပြာတာတာနဲ့ ဟေဗီယာအမည်ရှိ အဲဒီသစ်ပင်တွေဟာ ဘရာဇီးမှာ ပေါက်တယ်။ သီဟိုဠ်ကျွန်း မလေးကျွန်း ဂျာဗားကျွန်း နဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်တွေမှာ ဖြစ်ထွန်းတယ်။ လူဖြူတွေအတွက် အမြတ်ငွေတွေ ယူလာပေးတဲ့ ဟေဗီယာအပင်က လူဝါတွေအတွက် သေခြင်းကို ယူလာပေးတယ်။ အရင်းရှင်စနစ်ဟာ အမြင့်ဆုံးအဆင့် "imperialism" ရောက်သွားတဲ့အခါ ကုန်ကြမ်းရင်းမြစ်တွေကို လက်ဝါးကြီးအုပ်ထိန်းချုပ်နိုင်ဖို့ လိုအပ်လာတယ်။ ဒီလို ကုန်ကြမ်းရင်းမြစ်တွေကို သူ့ထက်ငါ ဦးအောင် မောင်ပိုင်စီးနိုင်ဖို့ အရင်းရှင်နယ်ချဲ့နိုင်ငံကြီးတွေ လုယက်ကြပုံကို "တာယာများ" အခန်းမှာ ရင်တနင့်နင့်နဲ့ ဖတ်ရတယ်။
လန်ဒန်က လက်ဝါးကြီးအုပ် အရင်းရှင်ကြီး ဒေးဗစ်ဟာ ပီနန်ကျွန်းပေါ် လာရောက်ပြီး ဧက ၂၅၀၀ ကျယ်တဲ့ ရာဘာခြံကြီးတခြံစိုက်တယ်။ ကူလီပေါင်း ၁၀၀၀ ရှိတယ်။ အရက်ကြိုက်တတ်တဲ့ ရာဘာခြံရှင်ကြီး ဒေးဗစ်မှာ အရက်စုံစပ်နည်း စာအုပ်ထူထူကြီး တအုပ်လည်း ရှိသေးတယ်။
"သူသည် ကူလီအလုပ်သမားများကို တနေ့လျှင် ပြားလေးဆယ် ပေးသည်။ သူ့အရက်စုံ တခွက်သည ထိုထက်များစွာ အဖိုးတန်သည်။ တပြားမှပိုမပေးဘူးကွ ဟု မူးမူးနှင့် အော်တတ် သေးသည်။
ဒေါ်လာတွေ သီးပေးသည့် သစ်ပင်များက သူ့ကိုပူးချည်ထားသည်။ သူသည် အလုပ်သမားကောင်လေးကို ကြာပွတ်နှင့်ရိုက်ပြီး ရော်ဘာခေါက်ကိုတော့ တယုတယပွတ်သပ်တတ်သည်။ ထို့နောက် မြေတွေကို ထပ်၍ဝယ်သည်။ ကူလီအလုပ်သမားတွေ ထပ်၍ထပ်၍ငှားသည်။ သူသည် သူ့ကိုယ်သူ မှန်ထဲပြန်မကြည့်ရဲ။ ထောင်ပေါင်းများစွာသော မြေဧက၏ အရှင်သခင်သည် ရှင်လျက်နှင့် သေနေလေပြီ။ သူသည်လည်း သူ့ကူလီ အလုပ်သမားများလို ရှင်လျက်နှင့် သေနေလေပြီ။ အစေးခြစ်ထားသဖြင့် ခန်းခြောက်သွားသော သူ့အပင်များလိုပင် သူသည်လည်း သေနေပြီ။"
မာ့ခ်စ် ပြောတဲ့ alienation ကို ထင်ဟပ်လိုက်တဲ့ အာရင်ဘတ်ရဲ့ အဖွဲ့အနွဲ့လို့ ယူဆမိတယ်။ alienation ဟာ ကူလီတွေမှာပဲ ဖြစ်နေတာမဟုတ် ဂုတ်သွေးစုပ်နေတဲ့ အရင်းရှင် မြေရှင်ကြီး ဒေးဗစ်လည်း alienation ဖြစ်နေတာပဲလို့ ပြောလိုက်သလို။ အရင်းဟာ self-expansion ဖြစ်တယ် ဆိုတဲ့ သဘောကိုလည်း မပြောဘ မြင်လာအောင် ရေးပြသွားခဲ့တယ်။
ရော်ဘာစျေးတွေ ထိုးကျသွားတော့ နေမဝင်အင်ပါယာစက်ကြီးကို မောင်းနေရတဲ့ ချာချီ ပျားတုပ် သွားပုံကို --
"ရော်ဘာကို ကယ်တင်ရလိမ့်မယ် အင်ပါယာကြီးရဲ့ အင်အားဟာ ရော်ဘာပေါ်မှာ တည်နေတယ်" ဟု နန်းရင်းဝန်ချုပ် ချာချီက ဆာဂျွန်စတီဗင်ဆင်ကို ပြောသည်။
ဒီလို အစိုးရက ကြားဝင်ဆောင်ရွက်တာဟာ ပုဂ္ဂလိကကဏ္ဍမှာ အစိုးရဝင်မပါရဆိုတဲ့ လစ်ဘရယ်နဲ့ လိုက်ဆေးဖဲအယူအဆသမားတွေရဲ့ မူကို ချိုးဖောက်နေတယ် မဟုတ်ပါလား။
"ဒါက ဘော်လ်ရှီဗစ်ဝါဒနဲ့ ဘာထူးသေးလဲဗျ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ကိစ္စမှာ အစိုးရကြားဝင်စွက်တာပေါ့။ ကျွန်တော့်မူနဲ့ ဆန့်ကျင်တယ် ဟု အမတ်တယောက်က ညည်းသည်။ ဂုဏ်ပြုအပ်သော အမတ်မင်းသည် သူတို့၏မူကို ထိန်းမည်လော။ ရော်ဘာခြံများကို ကယ်တင်မည်လော။ ဂုဏ်ပြုအပ် သော အမတ်မင်းသည် လူမြင်ကောင်းအောင် သက်ပြင်းချလိုက်ကာ မူအတွက် မဲပေးခြင်း မပြုတော့။"
အာရင်ဘတ်ဟာ အရင်းရှင်စနစ်ကို တနည်းမဟုတ် တနည်း ကာကွယ်ပေးတဲ့ လစ်ဘရယ်တွေ လစ်ဘာတေးရီးယန်းတွေရဲ့ ကြောင်သူတော်ဆန်မှုကို မြင်လာအောင် ကြောင်သူတော်တွေလို့ မပြောဘဲ အထက်ပါအတိုင်း ရေးပြသွားတယ်။ စျေးကွက်မှာ အရင်းရှင်တွေ ထင်ရာလုပ်လို့ရနေချိန်တော့ အစိုးရကြားဝင်ခြင်းဟာ လွတ်လပ်ခွင့်ကို ထိပါးတယ် ပြောခဲ့သူတွေ minimum state ဟစ်ကြွေးခဲ့သူတွေဟာ "အကြပ်အတည်းကာလ" ရောက်တဲ့အခါ လူထုဘဏ္ဍာသုံးပြီး အစိုးရကို ကြားဝင်ခိုင်းတော့တာပဲ။ သူတို့ရဲ့ မူ တွေဟာ အဲဒီအချိန် အငွေ့ပျံသွားရတာပဲ။ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် "Great depression" ကို ကြည့်မလား | လောလောလတ်လတ် ၂၀၀၈ Great Recession" ကို ကြည့်မလား။ အနှီပုဂ္ဂိုလ်တို့ရဲ့ စီးပွားရေးလွတ်လပ်ခွင့်မူကြီးဟာ လေထဲမှာပဲ အငွေ့ပျံသွားခဲ့တာ တွေ့ရမယ်။
ရော်ဘာထွက်တဲ့ မလေးကျွန်းဆွယ်ကြီးကို ကိုလိုနီလက်အောက်ခံအဖြစ် သိမ်းပိုက်ပြီး ရာဘာတွေ ထုတ်ယူနေတဲ့ အင်္ဂလန်က ရော်ဘာစျေးကွက်ကို ထိန်းချုပ်လိုက်နိုင်တယ်။ ကမ္ဘာ့မော်တော်ကား စျေးကွက်ကို အပိုင်စီးထားတဲ့ အမေရိကမှာ ရော်ဘာစိုက်ပျိုးလို့မရ။ "ထိုအပင်မျိုးသည် အီကွေတာ အပူပိုင်းဇုန် အပြင်ဘက်တွင် ပေါက်နိုင်ခြင်း မရှိ။ တနည်းဆိုရလျှင် အီကွေတာ၏မြောက်ဘက်နှင့် တောင်ဘက် ဆယ်ဒီဂရီအတွင်းမှာသာ ပေါက်နိုင်သည်" လို့ အမေရိကန်သမ္မတ မစ္စတာဟူးဗား (အက်ဘရာဟန် လင်းခဲင်) ကို ရုက္ခဗေဒပညာရှင်တွေက အစီရင်ခံကြတယ်။ အမေရိကန် အရင်းရှင်ကြီးတွေ အပူတပြင်း လိုချင်နေတဲ့ ရော်ဘာကို ချာချီတို့အစိုးရက စျေးကိုင်ရောင်းတယ်။ ဒီတော့ အမေရိကန်ကိုယ်တိုင် ရော်ဘာထုတ်နိုင်ဖို့ သမ္မတဟူးဗားကြိုးစားရရှာတယ်။ ရုက္ခဗေဒပါရဂူတွေ မဖြေရှင်းနိုင်တဲ့ပြဿနာကို ရေတပ်ဗိုလ်ချုပ်ကြီးတွေနဲ့ ရှင်းရတော့တယ်။
"ဤတွင် သေးငယ်သည့် အလယ်ပိုင်းအမေရိကတိုက်နိုင်ငံငယ်ကလေးများကို သိမ်းပိုက်ရန် လိုလာခဲ့ပြီး ထိုနေရာတွင် ရော်ဘာခြံများ စိုက်ပျိုးရန်လိုလာသည်"။ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ဖြစ်လာတဲ့အခါ ကုန်ကြမ်းရင်းမြစ်ကို သိမ်းပိုက်ဖို့ နယ်ချဲ့ကျူးကျော်ရခြင်း ပြုလုပ်ရပုံကို အာရင်ဘတ်က သမိုင်းအချက်အခြေခံပြီး ဝတ္ထုကနေ ရေးပြသွားခြင်းဖြစ်တယ်။ ရော်ဘာစိုက်လို့ ဖြစ်ထွန်းတဲ့ အလယ်ပိုင်းအမေရိကတိုက်နိုင်ငံငယ် ကလေးတွေကို နယ်ချဲ့သိမ်းလိုက်ရင်တောင် ရော်ဘာထုတ်နိုင်ဖို့ ရှစ်နှစ်စောင့်ရမယ်။ အမေရိကန်အရင်းရှင်တွေက ရှစ်နှစ်မပြောနဲ့ တမိနစ် တောင်မစောင့်ချင်။ ဒါကို ဖြေရှင်းဖို့က မခက်ပါဘူး။
"လိုက်ဘေးရီးယားပြည် ဆိုပါတော့ သူ့ကိုငွေ ချေးလိုက်ပါ။ ထို့နောက် မြေကိုဝယ်ပါ တိုင်းပြည်ကို ဝယ်ပါ ထို့နောက် အုပ်ချုပ်ရေးစနစ်တခုကို ပို့လိုက်ပါ။ ……
ဖိလစ်ပိုင်တွင်တော့ နည်းနည်းအခက်အခဲရှိနိုင်သည်။ အထူးသဖြင့် မြေဝယ်ဖို့ကိစ္စနှင့် တရုတ်ကူလီ ငှားဖို့ကိစ္စတွင် အခက်တွေ့နိုင်သည်။ ထိုအရာများကို တားမြစ်ပိတ်ပင်ထားသည့် ဥပဒေတွေ ရှိနေသည်။ သည်တော့ ဘယ်လိုလုပ်မလဲ လွယ်ပါသည်။ ဥပဒေကို ဖျက်သိမ်းလိုက်ရုံပေါ့။ ဖိလစ်ပိုင်ပြည်ကို အမေရိကန်က လွတ်လပ်ရေးပေးမည်ဟု ကတိပေးလိုက်ရုံပေါ့"
တိုင်းပြည်ငယ်လေးတွေကို လက်ဝါးကြီးအုပ်အရင်းရှင်အဖွဲ့တွေက ငွေချေးတယ်ဆိုတာ ဘာအတွက်လဲ။ စပိန်လက်အောက်က ဖိလစ်ပိုင်ကို ကယ်တင်ရှင်ကြီးဝင်လုပ်တဲ့ အမေရိကန်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဥပဒေတွေဆိုတာ အုပ်စိုးနေတဲ့ လူတန်းစားအကျိုးစီးပွားကို ကာကွယ်ဖို့၊ ဟန့်တား နေရင် လွယ်လွယ်လေး ဖျက်ပစ်လိုက်ရုံပဲ။ ဥပဒေစိုးမိုးမှုနဲ့ လူတိုင်းအကျိုးစီးပွား ကာကွယ်နိုင်မယ် ထင်နေတာ လစ်ဘရယ်ဒီမိုကရက်ဆိုသူတွေရဲ့ ထင်ယောင်မှားမှုပဲ။ ဒါတွေကို အာရင်ဘတ်က တိုက်ရိုက်မပြောပေမယ့် မြင်လာရတယ်။
အခုလောက်ဆိုရင်ကို စာအတော်ရှည်နေပြီမို့ ကျန်တဲ့အခန်းတွေကို ကောက်နှုတ်မကိုးကားတော့ ပါဘူး။ ဆရာမြ ဘာသာပြန်ထားတဲ့ မော်တော်ကားတစင်း၏ အတ္ထုပ္ပတ္တိကို ဖတ်ကြည့်ရင် ကမ္ဘာ့ အရင်းရှင်နယ်ချဲ့စနစ်ကို မြင်လာမယ်လို့ မျှော်လင့်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဂျင်းတွေကိုလည်း ဆန်းစစ်ချေဖျက်လာနိုင်လိမ့်မယ်။ စစ်တပ်နဲ့ ရွှေဝတ်မှုံ လို ပုဂ္ဂလိက အရင်းရှင်ကုမ္ပဏီတွေ ရှမ်းပြည်နယ်က မြေယာတွေသိမ်းပြီး ရော်ဘာတွေ ထုတ်ယူနေတာကို အရင်းရှင်နယ်ချဲ့ စီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် ချိတ်ဆက်သုံးသပ်ကြည့်ဖို့ လိုမယ်ထင်ကြောင်း တင်ပြလိုက်ပါတယ်။
0 comments:
Post a Comment