(ကညွှတ်ကွင်းအိမ်ပြေး ၄၂)
ကျွန်တော် ငိုလို့အားရတော့ ငတင့်ကရယ်သည်။ မင်းက ဘာရယ်တာလဲဟုမေးတော့ မင်းငိုတာတွေ့လိုပေါ့ကွ၊ မင်းက ငပျော့ပဲ၊ အခြောက်ကျနေတာပဲ၊ ဒါများငိုရတယ်လို့ဟုပြောတော့ ကျွန်တော်သူ့ကိုဆွဲထိုးချင်ပါသည်။ သူ့ကော်လံစ ဆွဲတော့ ဆရာဝဏ္ဏက မောင်းမျိုးလည်းတော့၊ ငတင့် မင်းကလည်း စမနေနဲ့ဟု ငေါက်ပါသည်။ ဘေးနားကလူတွေက ကျွန်တော်တို့ကို မသိမသာကြည့်ကြပါသည်။ ငတင့်က ဟီးဟီးဟုရယ်ပြီး ငါကမင်းကို စတာပါကွာဟု လေပြေထိုးတော့ ကျွန်တော့ စိတ်ပြေသွားပါသည်။
ရထားကြီးလည်း အရှိန်ရသွားပါပြီ။ ခရီးသည်တွေထဲက ငိုက်သူလည်းပြန်ငိုက် မုန့်စားသူတွေလည်း စားကြပါသည်။ ကျွန်တော်ကား မျက်ရည်တွေသုတ်လျှက် အဖေ့ကို စိတ်ထဲမြင်နေပါသည်။ အမေခ က ဘာလို့လိုက်မလာတာလဲ ဟုလည်းတွေးမိပါသည်။ အမေ မုန့်ဆမ်းထောင်းရာက ပြန်မလာသေးလို့လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် ပါလာပေမယ့် အဖေ့နောက် ခြေကုန်သုတ်ကာ မမီလို့ တနေရာရာမှာ ပြတ်ကျန်နေခဲ့တာလည်း ဖြစ်လိမ့်မည်။ အမေပါလာလျှင် သား..သားဟုခေါ်ကာ အဖေ့လိုပဲနေလိမ့်မည်။ အမေပါ ပါလာရင် ငါ ရထားပေါ်ကနေ ဆင်းပြေးမိမှာ လားဟု ကိုယ့်ဘာသာမေးကြည့်မိတော့ မသေချာပါ။ ကျွန်တော့်စိတ်တွေ ခုထိယောက်ရက်ခတ်နေပါသည်။
ဆရာဝဏ္ဏက အနားလာဟုဆိုသဖြင့် ဘင်ကြီးကိုဖယ်ကာ သူ့အနားသွားပါသည်။ အနားရောက်တော့ အသံခတ်အုပ်အုပ်နှင့် ကဲ မင်း ငိုလို့ဝပြီမဟုတ်လား၊ နောက်လည်း ငိုစရာတွေတွေ့ရင်တွေ့ရဦးမယ်၊ မင်းအခု မင်းအဖေအမေတွေကို လှည့်စားခဲ့ပြီမဟုတ်လား၊ နောက်ဆို တခြားလူတွေကိုပါ လှည့်စားရဦးမယ်ဟုပြောပါသည်။ သူ့စကားထဲက မင်းအဖေအမေတွေကို လှည့်စားခဲ့တာပဲဆိုသည်ကို ကျွန်တော်မကြိုက်ပါ။ သို့သော် ပြန်မပြောရဲပါ။ ကျွန်တော် အမေတို့အဖေတို့ကို လှည့်စားခဲ့တာမဟုတ်ပါ။ ကျွန်တော် အမေတို့နှင့်နေစဉ်တွင် ဘာမှမလှည့်စားခဲ့ပါ။
ကျနော့်မိဘတွေအကြောင်း ကျွန်တော်မိသားစုတွေ အကြောင်းတွေတော့ အဖေတို့ကို လိမ်ပြောခဲ့ပါသည်။ လိမ်ပြောတာနှင့်လှည့်စားတာ မတူဘူးဟုတော့ထင်ပါသည်။ လိမ်ပြောတာက နည်းနည်းတော်သေးသည်ဟုလည်း ထင်ပါသည်။ လှည့်စားတာက စကားလည်းပိုကြမ်းသလို ဆိုးလည်းပိုဆိုးသည်ဟု ကျွန်တော်ထင်ပါသည်။ သူကဆက်ပြီး မင်း ငတင့်နေတာကိုကြည့်၊ နောက်ဆို မင်းလည်း အဲ့သလိုနေမှရမှာဟု သတိပေးသံနှင့်ပြောပါသည်။ ငတင့် ဘယ်လိုနေသလဲကို ကျွန်တော် တညနေတည်းနှင့် မသိပါ။ ငတင့်လို ဘယ်လိုနေရမယ်မှန်းလည်း မသိပါ။ ဆရာဝဏ္ဏလေသံတွင် အမိန့်ပေးသံလိုလိုပါတာကိုလည်း မကြိုက်ပါ။
ထို့ကြောင့် ငတင့်အား မင်းမိဘတွေကို သတိမရဘူးလား။ သူတို့နဲ့ခွဲရတော့ မင်းမငိုဘူးလားဟုမေးပါသည်။ သတိတော့ တခါတလေရတာပေါ့ကွာ၊ သူတို့နဲ့ခွဲရတာမဟုတ်ဘူးက၊ သူတို့က ခွဲတာ၊ ငါကခွဲတာမဟုတ်ဘူး၊ ဆရာဝဏ္ဏဆီ သူတို့ကလိုက်အပ်ပြီး ငါ့ကိုထားခဲ့တာ၊ အဲ့တုန်းကလည်း ငါမငိုပါဘူး၊ အမေတော့ နည်းနည်းငိုတယ်၊ မိဘသာ ပြောတာပါကွာ၊ သူတို့က တနှစ်ကို တခေါက်နှစ်ခေါက်လာပြီး ငါ့ကိုတွေ့ကြတယ်။ ဆရာဝဏ္ဏ ငါ့ပေးထားတဲ့ ပိုက်ဆံလေးတွေ လာလာယူသွားတယ်။ အဲ့ပိုက်ဆံလေးတွေကို အမက ငါ့အတွက် သိမ်းသိမ်းပေးထားတာ၊ သူတို့ အဲ့လို လာလာယူရင် အမက မပေးချင်ဘူး၊ ဒါပေမယ့် ပေးလိုက်တာပါပဲကွာ၊ ငါ့ကလည်း ဘာမှမပြောပါဘူး၊ သူတို့လိုချင်လို့ ယူသွားတာပဲ၊ သူတို့ ငါ့ထက်ဆင်းရဲလို့နေမှာပေါ့လို့ပဲ စိတ်ထဲထားလိုက်တယ်၊ ဟုတ်တယ်လေကွာ ငါ့မှာလည်း မလိုပါဘူး၊ နေရေးစားရေး ဘာမှ မှမပူရတာ၊ သူငယ်ချင်း အပေါင်းအသင်းအဖော်တော့ မရှိဘူးပေါ့ကွာ၊ မရှိလည်း ဘာမှတော့မဖြစ်ပါဘူး၊ သူငယ်ချင်းတို့ အဖော်တို့ဆိုတာကလည်း ခဏပါကွာဟု ပုံမှန်ပြောရိုးပြောစဉ်နှင့်ပြောပါသည်။
ကျွန်တော် သူ့အပြောတွေထဲက သူတို့လိုချင်လို့ယူသွားတာပဲ၊ သူတို့ငါ့ထက်ဆင်းရဲလို့နေမှာပေါ့ဟူသောစကားကို အတော်လေးသဘောကျမိပါသည်။ သို့သော် သူ့မိဘတွေကိုတော့ စိတ်ထဲတမျိုးဖြစ်မိပါသည်။ သူ့မိတွေဟုပြောတော့မှ ကိုယ့်မိဘတွေကိုလည်း သတိရလာပါသည်။ ခုချိန်ဆိုလျှင် အမေတို့ ဒေါင်းတောက်နေလောက်ပြီ။ ရဲစခန်းသွား လူပျောက်တိုင်တာတွေ၊ သတင်းစာထဲ လူပျောက်ကြော်ငြာထည့်တာတွေလုပ်လောက်ပြီ၊ ပတ်ဝန်းကျင်ကိုလည်း လူလွှတ်ပြီးစုံစမ်းလောက်ပြီ ထင်ပါသည်။
ကျွန်တော် အဲ့လိုထင်ကြောင်း ငတင့်ကိုပြောပြတော့ သူက နေကြာစေ့စားရင်း အေးပေါ့ကွာ မင်းမိဘတွေက မင်းကို ချစ်လို့နေမှာပေါ့၊ မင်းပြောပြတဲ့အထဲမှာလည်း မင်းအပေါ်ကောင်းသားပဲ၊ မင်းကသာ ကျောင်းပြေးအိမ်ပြေးဖြစ်နေတာ၊ ငါသာဆို ဘာမှမပြေးဘူး၊ အိမ်မှာ အေးဆေးနေမယ်၊ ကျောင်းတက်မယ်ဟု ပြောပါသည်။ ငတင့်ပြောမှ ကျွန်တော် နောင်တရတာလိုလို မှားတာလိုလိုခံစားမိပါသည်။ ငါက အိမ်မှာ မပျော်တာကွဟုထပ်ပြောတော့ ငတင့်က မင်းက မပျော်ရအောင် မင်းကိုဘယ်သူက ဘာလုပ်နေလို့လဲကွဟု ဘုတောပါသည်။ ကျွန်တော် ဒေါသထွက်လာပါသည်။ ငတင့်ကတော့ အေးအေးဆေးဆေးပင်၊ ဘာဒေါသမှမရှိ၊ ဘာစိတ်ဆိုးတာမှမရှိ၊ ဘာခံစားမှုမှလည်းမရှိ၊ ငတင့်လိုနေ ဆိုသည်မှာ ဒါများလားဟုစိတ်ထဲဖြစ်မိပါသည်။ ငတင့်ကြည့်ပြီး ခင်မင်စိတ်ကမပျက်သော်လည်း အလကားကောင်ဟု ထင်မိပါသည်။
သည်လိုနှင့်ရထားကြီးပဲခူးဘူတာဆိုက်ပါသည်။ ကျွန်တော်တို့လည်း ဘင်ကြီးတလုံး မြွေသေတ္တာကြီးတလုံးနှင့် အောက်ဆင်းကြပါသည်။ ဒီတခါတော့ ဆရာဝဏ္ဏက မြွေသေတ္တာကြီးကို မ,ပြီး၊ ငတင့်က ဘင်ကို ပခုံးပေါတင်ပါသည်။ ကျွန်တော်က အထုတ်အပိုးတွေကိုသယ်ရပါသည်။ ပဲခူးဘူတာသည် လူအတော်စည်ပါသည်။ ကျွန်တော့အထင် ဘူတာထဲတွင် မိန်းမတွေချည်းပဲလိုလိုဖြစ်ပါသည်။ မီးရောင်တွေထဲတွင် အားလုံးလည်း ဝတ်ကောင်းစားလှတွေဝတ်ကာ နှုပ်ခမ်းနီပါးနီတွေ ဆိုးထားသည်ဟုထင်ပါသည်။
(ဆက်ပါဦးမည်)
0 comments:
Post a Comment