(ကညှတ်ကွင်း အိမ်ပြေး ၃၃)
ဘယ်လောက်ကြာသွားသည်မသိ၊ အမေ အမောတကောနှင့် ဘူတာထဲရောက်ချလာပြီး အမလေးသားရယ်၊ အမေ သေချာမှာရဲ့သားနဲ့ဟုဆိုကာ ကျွန်တော့်ကို ပခုံးမှဖက်ပါသည်။ လာလာ..သွားစို့လူလေးဟုပြောကာဆွဲထူသည်။ ကျွန်တော် လောလောဆယ် မပြန်ချင်သေးပါ။ ထို့ကြောင့် အမေအရင်သွားနှင့် ကျွန်တော်လည်း လမ်းသိနေပြီပဲ၊ နောက်ကလိုက်ခဲ့မယ်ဟုပြောတော့ အမေ့မျက်နှာ ညှိုးကျသွားပသည်။ ဘယ်ဖြစ်မလဲသားရဲ့ မတော်လမ်းမှာတခုခု ဖြစ်ရင် မခက်ပါလားဟုပြောပြီး ရင်ဖိပါသည်။ကျွန်တော်လည်း မထချင်ထချင်ဖြင့် အမေ့နောက်လိုက်ခဲ့ပါသည်။
အမှန်က အမေတို့တဲသည် ကျွန်တော့်အတွက် စိတ်ပျော်စရာကောင်းသလို လုံလည်းလုံခြုံလွတ်လည်း လွတ်လပ်သည် မဟုတ်ထား။ ဘယ်သူ့မှကြောက်နေစရာမလိုသည့်အပြင် ကိုယ့်လက်ကိုယ်ခြေမဟုတ်လား။ အမေတို့ကလည်း ကျွန်တော့်ကို အရိပ်တကြည့်ကြည့်နှင့် ချစ်ကြသည်မဟုတ်လား။ အားနာရှက်ရွံ့နေစရာမလိုပဲ ဘာမဆို ကိုယ့်လက်ကိုယ့်ခြေလုပ်နိုင်သည်မဟုတ်လား။ အိမ်ပြေးတယောက်ဖြစ်သည့် ကျွန်တော့်အတွက် ထိုအခြေအနေမျိုးကို ဘယ်မှာမရနိုင်။ ဒါဆို မင်းက ဘာလို့ တနေရာရာကို ထပ်ထွက်သွားချင်ရတာလဲဟု ကိုယ့်ကိုယ်ကိုယ်ပြန်မေးတော့ အဖြေမပေါ်။ မပျော်လို့လားတော့မဟုတ်။ ကျွန်တော် တနေရာရာကို ထွက်သွားချင်နေသည်။ အိမ်ပြန်ဖို့လည်း မဟုတ်ပါ။ အသစ်အဆန်းတခုခုကို လုပ်ကြည့်ချင်နေတာလိုလို ဖြစ်နေသည်။ နေရာသစ်တခုခုကို ရောက်ချင်နေသလိုလို ဖြစ်နေပါသည်။
အိမ်ပြန်ရောက်တေ့ အမေက ကျွန်တော် ဘူတာရုံသွားထိုင်နေသည့်အကြောင်းကို အဖေ့အားပြန်ပြောပါသည်။ အဖေက လူလေးရယ် နောက်ကိုတယောက်တည်း အဲ့လိုမသွားနဲ့၊ ဘူတာရုံဘက်အပိုင်းက ရှုပ်တယ်ကွ၊ လောကမှာ လူလိမ်လူကောက်တွေကပေါတယ်၊ ဘူတာရုံနား ပိုဆိုးတယ်၊ မတော် ရောင်းစားတဲ့လူနဲ့တိုး မခက်ပါလားဟု အရှည်ကြီးပြောပါသည်။ ဆူသည့်လေသံ လုံးဝမပါတာကို ကျွန်တော် သတိထားမိပါသည်။ အမေက အနားလာပြီး အိပ်ထောင်ထဲ ကျပ်တန် သုံးလေးရွက်ထိုးထည့်ပြီး လူလေးသုံးဖို့ယူထား၊ မသုံးဖြစ်ရင် စုထား၊ များလာတော့ အမေစိုက်ပြီး လက်ပတ်နာရီလေးတလုံးဝယ်ရအောင်ဟု ပြောပါသည်။ ထိုအချိန်တွင် ကက်ဆီယိုတံဆိပ် ဂျပန်ပြည်လုပ် ဓာတ်ခဲနာရီလေးများ ဗမာပြည်ကိုရောက်နေပါပြီ။ သူငယ်ချင်းတယောက် ပတ်ထားတာတွေ့ဖူးပါသည်။ နာရီလေးက ဒစ်ဂျစ်တယ်ကိန်းဂဏန်းတွေ ပြေးလွှားပြောငးလဲနေတာကို သဘောကျသလို တနာရီထိုးတိုင်း တီတီ-တီတီနှင့်မြည်တာကိုလည်း ကျွန်တော် လွှတ်သဘောကျနေပါသည်။ ပိုက်ဆံက ချောက်ဆယ်ပြည့်အောင် အကြာကြီးစုရဦးမည်။ အမေ့နာရီက ၆ ဆယ်လောက်တောင်ပေးရတာဟု မချင့်မရဲပြောတော့ အိုး ခြောက်ဆယ်လည်း ဆယ်ပေါ့သားရဲ့ ၊ ဘာဖြစ်လဲအမေဝယ်ပေးမှာပေါ့ဟုပြောတော့ ကျွန်တော် အရမ်းဝမ်းသာပြီး ပျော်သွားပါသည်။ လူသည် နာရီပတ်ထားလျှင် အလွန်စမတ်ကျသည်ဟု ကျွန်တော်ထင်ပါသည်။ သူငယ်ချင်းဆီက ခဏယူပတ်ပြီး လက်မြှောက်ပြီး နာရီကြည့်ရသည်မှာ အလွန်ဟန်ပါပြီး အရသာလည်းရှိပါသည်။ သို့ဖြင့် ကျွန်တော့်တွင် လက်ပတ်နာရီအိပ်မက်တခုရှိလာပါသည်။
အဖေ ညကျ စနိုက်သွားအုပ်မယ် လူလေးလိုက်မလားဟုမေးပါသည်။ ညကျ အဖေနှင့် စနိုက်အုပ်လိုက်ရမည်တွေးပြီး ကျွန်တော် ပျော်သွားပါသည်။ အချိန်တွေကုန်သွားပါသည်။ ကျွန်တော်တို့လည်း ညစာစားပြီးကြပါပြီ။ အမေက အဖေ့ကွန်ထိုးသည့်အတံလေးများတွင် နိုင်လွန်ချည်တွေကို ရစ်ကာပတ်ကာ ဖြည့်ပေးနေပါသည်။ အဖေက ဒိုင်းဝန်းကြီးထုတ်လာ၍ ပိုက်တွင်အပေါက်အပြဲများရှိမရှိစစ်ဆေးနေပါသည်။ ဒိုင်းဝန်းဆိုသည်မှာ လိပ်ပြာဖမ်းသည့် တုတ်တံအကြီးစားကြီးဖြစ်ပါသည်။ လက်ကိုင်ရိုး ၄ ပေခန့်ရှည်ပြီး အဖျားတွင် အဝိုင်းကြီးဝိုင်းထားကာ ထိုအဝိုင်းကြီး၌ ပိုက်ကိုအုပ်ထားပါသည်။ ပိုက်မှာ လျော့တိလျော့ရဲဖြင့် တွဲကျနေပါသည်။ မီးခွက်ရေနံဖြည့်ရင်း လူလေးအိပ်လိုက်ဦး သန်းကောင်လောက်ကျ အဖေနှိုးမယ်ပြောသဖြင့် ကျွန်တော်အိပ်ယာဝင်ပါသည်။
အိပ်မက်ထဲ၌ ကျွန်တော်သည် စက်ဘီးတစင်းနှင့် လူတယောက်နောက် အသည်းအသန်လိုက်နေပါသည်။ ရှေ့ကပြေးနေသော သူ့ကို မမီပါ။ သူ့ကို ကျွန်တော်အော်အော်ခေါ်ပါသည်။ သူမကြားပါ။ ကျွန်တော်အသံကုန် အော်လိုက်တော့ သား..သားဟု အသံကြားပြီး ရင်ဘတ်ပေါ် အမေ့လက်ဖိထားတာကိုသိလိုက်သည်။ သားက အိပ်မက်မက်ပြီး ယောင်နေတာကိုး၊ ထထ ရေလေးတခွက်သောက်လိုက်။ နင့်အဖေလည်းနိုးနေပြီဟုဆိုပါသည်။ ကျွန်တော်လည်း လူးလဲထကာ မျက်နှာသွားသစ်ပါသည်။
ဂျလှောင် ခတ်ကြီးတလုံးကိုလွယ်၊ ဒိုင်းဝန်းကြီးလက်တဘက်ကကိုင် လက်တဘက်ကရေနံဆီမီးအုပ်နှင့် တောဘုကြီးစီးလျှက် အဖေ့ကြည့်ရသည်မှာ စစ်တိုက်ထွက်တော့မည့် စစ်သူကြီးနှင့်တူနေပါသည်။ မီးအုပ်ကျွန်တော့်ပေးလေဆိုတော့ လမ်းမှာတော့ သားကိုင်သွား၊ ဟိုကျရင်တော့ မကိုင်ရဘူးနော်ပြောပါသည်။ သည်လိုနှင့် လယ်ကွက်တွေကြားကဖြတ်လျှောက်ရင်း လေးဆယ့်ငါးမိနစ်ခန့်ရောက်တော့ မီးအုပ်အဖေ့ပေးဟု ပြောသဖြင့် သူပြောသည့် ဟို ကိုရောက်သည်ထင်ပါသည်။ နေရာမှာ လယ်ကွက်များအလည်မှ ကုန်းမိုမိုလေး ဖြစ်ပါသည်။ အမေပြောသည့် စနိုက်ကုန်းဆိုတာ ဒါပဲဖြစ်မည်။ ကုန်းလေးအလည်လောက်မှ ကျိကျိ ကျိကျိနှင့်အော်သံ တိုးတိုးလေးတွေ တချက်တချက်ထွက်သည်မှမပ ဘာမှမမြင်ရပါသည်။ အဖေက ဂျလှောင်ကိုကျွန်တော့်ပေးရင်း လူလေး ဒီမှာနေခဲ့၊ ဘာသံမှ မထွက်စေနဲ့နော် ကြားလားဟုပြောပြီး မီးအုပ်ကို နောက်ပြန်လှည့်ကိုင်ကာ ရှေ့သို့ ကုန်းကုန်းကုန်းကုန်းဖြင့်သွားပါသည်။ ကြယ်ရောင်မှုံဝါးဝါးတွင် အဖေ့ကို အရိပ်လိုတွေ့နေရပါသည်။
အဖေနှင့်ကျွန်တော် ပေနှစ်ဆယ်ခန့်ဝေးပါသည်။ ထို့နောက် အဖေ ဝပ်ချလိုက်ပါသည်။ ထို့နောက် ဒိုင်းဝန်းကြီး အုပ်ချလိုက်သည့်အသံ ဘုတ်ကနဲကြားပါသည်။ ထို့နောက် ဒိုင်းဝန်းကြီးကို မြေကြီးနှင့်မလွတ်ရအောင် ဖိဆွဲ၍ ကျွန်တော့်ဆီရောက်လာပါသည်။ လေသံတိုးတိုးလေးဖြင့် အထဲမှာ ငှက်တွေငှက်တွေဟုပြောပါသည်။ ကျွန်တော် ကြည့်လိုက်တော့ ဒိုင်းဝန်းကြီးထဲတွင် ငှက်တွေတွေ့ရပါသည်။ ကြောက်လန့်တကြားနှင့် ထထပျံသော်လည်း ပိုက်ထဲတွင်သာ လုံးနေပါသည်။ အဖေ ဒိုင်းဝန်းကြီးအောက် လက်လျှိုသွင်းကာ တကောင်ပြီးတကောင်ဖမ်းပြီး ဂျလောင်ထဲထည့်ပါသည်။ သည်လိုနှင့် နောက်တခေါက်နောက်တခေါက် ဆယ်ခေါက်ခန့် စနိုက်အုပ်ပြီးတော့ ကျွန်တော်တို့ ပြန်လာခဲ့ကြပါသည်။ စနိုက်လည်း အကောင် ၅ ဆယ်ခန့်ရခဲ့ပါသည်။
0 comments:
Post a Comment