(ကညွှတ်ကွင်းအိမ်ပြေး ၂၂)
ကျွန်တော်သည် အလုပ်ကြီးအကိုင်ကြီးတခုလုပ်ပြီး အိမ်ပြန်လာသူလို စိတ်ကြီးဝင်နေပါသည်။ အဖေတို့ကို ကူလိုက်ရဖြင့်လည်း ပျော်နေသည်။ ထို့နောက် ကျွန်တော်က အမေ့ထမင်းကြော်စားပြီး၊ အဖေက ထမင်းကြမ်းကို ငပိရည်နှင့်စားပါသည်။ အမေက ကြွက်တွေကို နောက်ဖေးရေကပြင်သို့ ယူသွားပါသည်။ ရေကပြင်ဆိုသော်လည်း စင်တော့မဟုတ်ပါ။ မြေကြီးပေါ် သစ်သား ပကာသားတွေကို ဆင်ခြေလျှောလေးစီခင်းပြီး နည်းနည်းမြင့်အောင် လုပ်ထားသည့်နေရာဖြစ်ပါသည်။ ထိုနေရာတွင် စဉ့်အင်တုံကြီးနှင့် စဉ်းတီတုန်းကြီးကြီး တတုံးလည်းရှိပါသည်။ အမေက ဆောင့်ကြောင့်ထိုင်ကာ ကြွက်တွေကို ခေါင်းဖြတ်အမြီးဖြတ်ပြီး အရေခွံဆုတ်ပါသည်။ အလွန်မြန်ပါသည်။ အနားတွင် ကြောင်တွေက တမြောင်မြောင်အော်နေပါသည်။
သား လာကြည့်စမ်း အဆီတွေမှခဲနေတာပဲဟုပြောရင်း အရေဆုတ်ပြီးရင်ခွဲထားသည့်ကြွက်တကောင်ကို ပြပါသည်။ ကြွက်ကိုယ်ပေါ်တင်မက ကြွက်၏ဝမ်းတွင်းမှ ကလီစာများလည်း ဆီတွေစုခဲနေပါသည်။ အမေက ကြွက်ဝမ်းတွင်းသား များထဲမှ အသည်းနှင့်နှလုံးကိုထုတ်ယူပြီး ကျန်တာတွေကို ကြောင်တွေဘက် ပစ်ကျွေးလိုက်ပါသည်။ အဲ့ဒီအသည်း နှလုံးနဲ့ခေါင်းတွေက အမေ့အကြိုက်တွေဖြစ်သည်။ ကြွက်များကိုကိုင်ပြီးနောက် ရေပေါပေါနှင့်ဆေးဆေးချကာ ဇကာကြီးထဲထည့်ပြီး အမြင့်တွင်တင်၍ ခဏစစ်ထားပါသည်။ အဖေကတော့ ထုံးစံအတိုင်း ကွန်ထိုင်ထိုးနေပါသည်။
ရေစစ်သလောက်ရှိတော့ ကြွက်တွေကို ဆား ဆနွင်းနယ်ကာ ထိုဇကာကြီးထဲတွင်ပဲ တကောင်ခြင်း မှောက်ခုံလေးတွေ စီပါသည်။ ဇကာကြီးကို မီးဖိုဆီယူလာပြီး ကျပ်ခိုးစင်အောက်တွင်တွဲလောင်းကျနေသည့် ချိတ်ကလေးများဖြင့်ချိတ်ပြီး မီးဖိုကို မီးထိုးပါသည်။ ကျပ်ကင်တာလေသားရဲ့၊ နည်းနည်းသွေ့သွားတော့ အထားလည်းခံသလို မြို့ကလူတွေကလည်း ကြိုက်ကြတယ်၊ သူတို့က အမေတို့လိုမဟုတ်ဘူး၊ ကြွက်အစိုကို မကြိုက်ကြဘူးဟုပြောပါသည်။ တအောင့်လောက် နေတော့ ကြွက်တွေကိုပက်လက်လှန်ပါသည်။ ပက်လက်လှန်လိုက် မှောက်ခုံလုပ်လိုက်နှင့် ကြွက်တွေမှာ အတော်လေး ထန့်သွားပါသည်။ အချိန်ကလည်း ကိုးနာရီလောက်ရှိမည်ထင်ပါသည်။
ဖင်ထိုင်ခုံလေးယူ၊ ကြွက်ထည့်ထားသည့်လင်ဗန်းကြီး ခေါင်းပေါ်ရွက်ရင်း ဈေးထဲသွားရောင်းမှာ သား...လိုက်ဦးမလား ဟုမေးပါသည်။ ဟိုနေ့တုန်းကလို အမေနဲ့လိုက်ခဲ့ဟု မခေါ်ပါ။ ကျွန်တော်က လိုက်သွားချင်စိတ်ပေါက်နေပါသည်။ လိုက်မယ်အမေဟုပြောပြီး အမေ့နောက်ကလိုက်ခဲ့ပါသည်။
ကညွှတ်ကွင်းဈေးက ကုန်စိမ်းတန်းတွင်ဖြစ်ပါသည်။ နေရာလွတ်တနေရာတွင် ဗန်းချ၊ ဖင်ထိုင်ခုံချပြီး ထိုင်ပါသည်။ ကျွန်တော်ကနောက်မှရပ်ပြီး ဈေးသွားဈေးလာများကို မသိမသာခိုး၍ကြည့်ပါသည်။ အသိတွေများပါမလား။ တွေ့သွားရင် အိမ်ကိုပြန်ပြောမယ့်လူတွေများပါလာပြီး ကျွန်တော့်ကို တွေ့သွားမလားတွေ စိုးရိမ်နေပါသည်။ ကညွှတ်ကွင်းနှင့်ထောက်ကြန့်သည် အဝေးကြီးဖြစ်ပြီး ကညွှတ်ကွင်းတွင် ကျွန်တော့်မိဘများ၏ အသိမိတ်ဆွေ အဆွေအမျိုးလည်းမရှိပါ။ သို့သော် ကျွန်တော့် အိမ်ပြေးတယောက်၏ မလုံမလဲစိတ်က ကြီးစိုးနေ၍ဖြစ်မည် ထင်ပါသည်။
ခဏလေးနေတော့ ဝယ်သူတွေရောက်လာပြီး အမေ့ကြွက်တွေကို ဝယ်ကြပါသည်။ ပြိုက်ကနဲကုန်သွားပါသည်။ အမေလည်း အစိတ်သုံးဆယ်လောက်ရမည်ထင်ပါသည်။ အမေက ပြုံးပြုံးပြုံးပြုံးနှင့် ပိုက်ဆံတွေကို သူ့ဘော်လီအိပ်ကပ်ထဲထည့်ရင်း အမြင့်တို့ဆိုင်ဘက်သွားရအောင်ဟုဆိုပါသည်။ ထိုအချိန်တွင် ကျွန်တော် သုံးကြိမ်လောက်ဆက်တိုက် နှာချေပါသည်။ လူလည်း နေမကောင်းချင်သလိုလိုဖြစ်လာပါသည်။ မျက်နှာတွေလည်း နီလာသည်ထင်ပါသည်။ အမေက ကျွန်တော့်ကြည့်၍ မှန်းစမ်းဆိုကာ နဖူးကိုလက်ဖြင့်စမ်းပါသည်။ အဖျားတော့မရှိဘူး၊ သား အအေးမိတာ နေမယ်၊ အမြင့်တို့ဆိုင်သွားပြီး ပြန်ကြတာပေါ့ဟုဆိုပါသည်။
အမြင့်တို့ဆိုင်မှာ ကုန်စုံဆိုင်ကြီးဖြစ်၍ လှည်းဘီးကအစ အပ်အထိအကုန်ရပါသည်။ အမေက ဆန် ဆယ်ပြည်ခန့်ကို ပုဆိုးဖြင့်ထုတ်ကာ ကျန်တော့်အတွက် ခမောက်တလုံးဝယ်ပါသည်။ ကွမ်းရွက်ကွမ်းသီး ကွမ်းစားဆေးလည်း ဝယ်ပါသည်။ လမ်းတွင် အဖေ့အတွက် အရက်တလုံး ဝယ်ပါသည်။ ပုလင်းလေးမှာသေးသဖြင့်မေးကြည့်ရာ အမေက ဒါ အာတာ ပုလင်းလေ သား၊ နင့်အဖေက နင်ရှိလို့ အရက်လျှော့သောက်မယ်တဲ့၊ နေ့တိုင်းသောက်တာတော့ မကောင်းဘူးပေါ့ဟု ပြောပါသည်။ ဆန်ထုတ်ကြီး ရွက်ထားရဖြင့် ကျွန်တော်က အမေ ရက်ပုလင်းပေးလေ၊ ကျွန်တော်ကိုင်ပေးမယ်ဟုပြောတော့ မကိုင်ရဘူးသား၊ နံလည်းနံတယ်ဟု ပြောပါသည်။ လာလမ်းအတိုင်း ကျွန်တော်တို့ တန်းတန်းမတ်မတ် ပြန်လာခဲ့ကြပါသည်။ ဘယ်သူ့ဆီမှ မဝင်သလို ဘယ်သူနှင့်မလည်း နှုတ်မဆက်ရပါ။ ဘယ်သူ့ အစပ်အစုမှလည်းမခံရသဖြင့် ကျွန်တော် စိတ်လက်ပေါ့ပါးနေပါသည်။
နောက်တခုထူးသည်မှာ ကျွန်တော် အမေနှင့်လိုက်ဈေးရောင်းရသည်ကို မရှက်တော့ခြင်းဖြစ်ပါသည်။ အဖေက ကြွက်ရှာသည်။ အမေကရောင်းသည်။ ကျွန်တော်က အဖော်လိုက်သည်။ ဘာဖြစ်သေးလဲ၊ ဘယ်သူ့လုပ်စာစားနေတာမှတ်လို့ဟုလည်း တွေးမိပါသည်။
0 comments:
Post a Comment