Tuesday, February 21, 2023

ကညွှတ်ကွင်းအိမ်ပြေး ၃၈

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၃၈)

ဒါဆို ကျွန်တော် တခါတည်းနေလိုက်တော့မယ်နော်။ ငတင့်ကပြောတယ် ဆရာတို့ ညနေကျပြန်မှာဆိုဟု ပြောတော့ အေးအေး နေနေ၊ ဒါနဲ့ မင်းမှာ ပိုက်ဆံပါလား ထမင်းက မင်းဟာမင်းဝယ်စားရမှာဟုပြောသဖြင့် ကျွန်တော်ကပိုက်ဆံပါကြောင်းပြောလည်းပြော ထုတ်လည်းပြလိုက်ပါသည်။ သိမ်းထားသိမ်းထား၊ မင်းပိုက်ဆံမင်းသိမ်းထား ညနေကျ ဘူတာဘက်သွား စားကြတာပေါ့ဟု ပြောပါသည်။ ပြီးတော့ ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး မင်းက ကုလား လားဟုမေးပါသည်။ ကျွန်တော်က မွတ်စလင်မ် ဖြစ်ကြောင်းပြောတော့ အေးအေး...ဒါဆိုဝက်သားမစားဘူးပေါ့ဟုပြောပါသည်။ ထို့နောက် ကျွန်တော်နှင့် ငတင့်နှစ်ယောက်တည်းထားခဲ့ပြီး အောက်ဆင်းသွားပါသည်။ 

 

ကျွန်တော်က ငတင့် ငါ့နံမည်က မျိုးမြင့်ပါ သူငယ်ချင်းတွေကတော့ ချစ်တူးလို့ခေါ်ကြတယ်ဟုပြောပြီး သူ့ဘေး ဝင်ထိုင်ပါသည်။ သူက နေရာနည်းနည်းရွှေ့ပေးပြီး ငါက နောက်တပတ်လောက်ဆို ဆရာကြီးအောင်ကျော်မိုးနောက် လိုက်သွားမှာကွ။ ဆရာကြီးက ငါ့ကိုသဘောကျတယ်။ တနေ့ ခွန်နှစ်ကျပ်ပေးမယ်လည်းပြောတယ်။ အလုပ်မရှိတဲ့ရက် မိုးပျံပူဖောင်းရောင်းပေးရမယ်။ ဒါမှ ထမင်းကျွေးမှာကွဟုပြောပါသည်။ ဆရာကြီးအောင်ကျော်မိုး ဘယ်သူမှန်း ကျွန်တော်မသိသော်လည်း ဆရာဝဏ္ဏထက်တော့ ဆရာပိုကျမည့်သူဟု မှတ်ထားလိုက်ပါသည်။ ငတတင့်က မင်း ဝက်သားမစားဘူးဆို ဘာဖြစ်လို့လဲဟုမေးတော့ ငါကမွတ်စလင်မ်လေကွာဟုပြန်‌ပြောရာ ငတင့်ကနားလည်ပုံ မပေါ်ပါ။ ကျွန်တော်လည်း ဆက်ပြောမနေတော့ဘဲ ခမောက်လေးခေါင်းခုပြီး အသာလှဲနေလိုက်ပါသည်။ လှဲနေရာမှ အောက်ဘက်အပြင်လမ်းမပေါ် မြင်နေရပါသည်။ လူတချို့ သွားလာနေကြပါသည်။

 

ထိုလူတွေထဲ အဖေတို့အမေတို့များ ပါလာမလားဟုတွေးပြီး အသာခိုးကြည့်ရပါသည်။ ဒီနေရာကိုတော့ အဖေတို့အမေတို့ မသိလောက်ဟုထင်ပါသည်။ သို့သော်ပြောမရပါ။ ကျွန်တော် တခါက ဆံပင်ညှပ်ရင်း ဘူတာရုံထဲလာထိုင်တာ အမေမြင်ဖူးတာရှိသည်။ တဲပြန်ရောက်လာကြလို့ ကျွန်တော့်ကိုမတွေ့လျှင် လိုက်ရှာမှာသေချာသည်။ ထိုအခါ ဘူတာဘက်လည်း ရောက်ချင်ရောက်လာနိုင်သည်။ ကျွန်တော် ဇက်အသာပုကာ လမ်းကိုငေးရင်း ငိုချင်တာလိုလိုဘာလိုလို ဖြစ်ပါသည်။ အဖေ့ကို အမေ့ထက်ပိုသတိရသလိုလိုလည်းဖြစ်သည်။ သူတို့ကိုထားပြီးထွက်ခဲ့တာ သူတို့အိမ်ကနေပြေးခဲ့တာ မှားများမှားပြီလားဟုလည်း တွေးမိသည်။

 

သည်လိုနှင့် ငတင့်နှင့် ရောက်တတ်ရာရာတွေပြောကြသည်။ ငတင့်က စာတလုံးမှမတတ်သူဖြစ်သည်။ သူ့မိဘတွေက ဆင်းရဲပြီး သူများဝက်ဆီဖတ်ဖိုတွင် အခယူပြီး ဝက်ဆီချက်ပေးသည်။ သူတို့အိမ်မှာက နေ့တိုင်း ငပိရည်နှင့် ဝက်ဆီဖတ်သုတ် ဒါမှမဟုတ် ဝက်ဆီဖတ်ဟင်းပဲဖြစ်သည်။ တို့စရာကတော့ ကန်စွန်းခင်းထဲက ကန်စွန်း ရေလုံပြုပ်။  ဆရာဝဏ္ဏနောက်လိုက်တော့မှ ဆိုင်ထမင်းဆိုင်ဟင်းတွေ စားရတာဖြစ်ပြီး သူအလွန်ကြိုက်သည်။ သူ့ကို ဆရာဝဏ္ဏနောက်ထည့်လိုက်ပြီး မိုးရာသီလိုမျိုး မျက်လှည့်အပြရပါးချိန်တွင် အိမ်ပြန်နေရသည်။ မျက်လှည့်ပွဲများကောင်းချိန် မှော်ဘီဘက်တခေါက်တကျင်း ဝင်နားလျှင် သူ့မိဘတွေက သူ့ဆီလာပြီး ပိုက်ဆံသိမ်းသွားသည်ဟုပြောပါသည်။ ငါလည်း ဒီလောက်ကြီးလိုမှမလိုတာ။ အလုပ်မရှိတဲ့ရက် ကိုယ့်ဟာကိုယ်ဝယ်စားဆိုပေမယ့် အမက ကျွေးပါတယ်ကွာ။ အဝတ်အစားလည်း ပိုက်ဆံပေးလိုက်ရင် ဝယ်ပေးတယ်ဟုပြောပါသည်။ အမက သဘောကောင်းတယ်ဟုပြောပါသည်။ သူပြောသည့်အမဆိုသည်မှာ ဆရာဝဏ္ဏမိန်းမကိုပြောခြင်းဖြစ်ပါသည်။ ငတင့်က ပိုက်ဆံကို ပက်ဆပ်ဟုပြောတာ သတိထားမိပါသည်။

 

သူ့တွင်အကိုတယောက်ရှိပြီး စစ်ထဲလိုက်သွားရာ ဘာသတင်းမှမကြားတော့။ ညီမလေးကိုတော့ ဘယ်ကမှန်းမသိသည့် အိမ်တအိမ်က အပြီးမွေးစားထားသည်ဟုဆိုသည်။ သူများတွေပြောကြတာကတော့ သူ့အမေတို့က ညီမလေးကို သူဌေးတွေထံ အပိုင်ရောင်းစားလိုက်တာဟုပြောကြသည်။ ကျွန်တော် (၇) တန်းမှန်းသိတော့ ငတင့်ကအထင်ကြီးပြီး သူ့စွပ်ကျယ်မှ အင်္ဂလိပ်စာတွေကိုဖတ်ခိုင်းပြီး ဘာပြောတာလဲဟုမေးသည်။ ကျွန်တော်လည်း ဘာတွေရေးထားမှန်း မသိပါ။ ဒါကို ငတင့်ကမယုံပါ။ ဆရာဝဏ္ဏလည်းမသိဘူးကွပြောပါသည်။

 

ကျွန်တော့်အကြောင်းတွေမေးတော့ ပြောပြရသည်။ ငတင့်ကိုတော့ အမှန်အတိုင်းပြောချင်စိတ်ဖြစ်သဖြင့် အမှန်အတိုင်းပြောပြလိုက်သည်။ ငတင့်က တော်တော်အထင်ကြီးသွားပြီး ငါသာဆို အိမ်မပြေးဘူး၊ အိမ်မှာနေပြီး အေးဆေးကျောင်းတက်မှာဟုပြောပါသည်။ ဘာ့ကြောင့်မှန်းမသိ ငတင့်ကို မြင်မြင်ချင်းကျွန်တော်ခင်မိသည်။ မင်း အရင်က ဘင်တီးဖူးလားဟုမေးရာ မတီးဖူးကြောင်းဖြေတော့ မသိပါဘူးကွာ မင်းကကျောင်းသားဆိုတော့ ငါက တီးတတ်မယ်ထင်တာပေါ့။ မတီးတတ်လည်း ကိစ္စမရှိဘူး၊ ငါသင်ပေးမယ်။ တရက်တည်းနဲ့တတ်သွားမယ်၊ မပူနဲ့ဟုပြောသဖြင့် ကျွန်တော် တော်တော်ဝမ်းသာသွားပါသည်။ ငတင့်ကို ပိုလည်း ခင်သွားပါသည်။ မင်းမှာ ပိုက်ဆံရှိလား။ ငါ့မှာတော့ အစိတ်လောက်ရှိတယ်၊ မင်းနည်းနည်းယူမလားဟုပြောတော့ ငတင့်က ထား..ထား၊ ငါ့ဆီလည်းရှိတယ်။ ညနေကျ ဘူတာမှာ သွားစားကြမယ်လို့ ဆရာဝဏ္ဏကပြောထားတယ်ဟု ပြောပါသည်။ ငတင့်သည် ကျွန်တော့်ပိုက်ဆံကို လိုချင်စိတ်မရှိပါ။

(ဆက်ပါဦးမည်)

0 comments:

Post a Comment