Wednesday, February 8, 2023

ကညွှတ်ကွင်းအိမ်ပြေး ၁၈

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၁၈)

အပြန်လမ်းသည် အလာတုန်းကလို ပျော်စရာမကောင်းဟုထင်ပါသည်။ အမေလည်းစကားသိတ်မပြောတော့ပါ။ ကျွန်တော်လည်း တောင်တောင်အီအီတွေကြည့်မနေဘဲ မြေကြီးခေါင်းစိုက်ကာ ငိုက်တိုက်တိုက်နှင့် ဖြစ်နေပါသည်။ ဘာမှလည်း မမေး၊ ဘာစကားမှလည်း မပြောမိပါ။ ကျွန်တော်တို့နှစ်ယောက်၏ တိတ်ဆိတ်မှုသည် လယ်ကွင်းတွေထဲ၌ ပို၍သိသာပါသည်။ တခါတလေ အနားနီးမှ ဗြုန်းကနဲ ထပျံတတ်သည့် မြေဝပ်ငှက်တွေကလည်း ကျွန်တော့်ကို ဟေးကနဲအော်ကာ ပျော်ရွှင်မှုမပေးနိုင်တော့ပါ။  အမေဘာတွေတွေးနေလဲ ကျွန်တော် တပ်အပ်သေချာမပြောနိုင် သော်လည်း ကျွန်တော့် အပြုအမူကြောင့် အမေ စိတ်ထိခိုက်နေတာဖြစ်မည်ဟုတော့ ထင်ပါသည်။

 

သည်လိုနှင့်အိမ်ပြန်ရောက်လာကြသည်။ နာရီပြန် ၂ ချက်တီးခန့်ရှိမည်ထင်ပါသည်။ ကွန်ထိုးနေသည့် အဖေက လူလေး အေးဆေးပဲလားဟုမေးပါသည်။ သူမေးသည့် အေးဆေးပဲလားဆိုသည်ကို ကျွန်တော်မသိဘဲ ဟုတ်ကဲ့အဖေဟု ပြန်ပြောလိုက်ပါသည်။ အမေက ဘာမှမဖြစ်သလို ဝယ်လာသည့်အရက်ပုလင်းကိုပေးရင်း ကဖိုးထောင် လျှော့သောက်နော်၊ သားလည်းရှိတယ်၊ မကောင်းဘူးဟုပြောပါသည်။ အေးပါဟာ ငါ တပိုင်းပဲသောက်မှာပါ။ မသောက်ခင် ကြွက်ထောင်ထွက်ဦးမယ်၊ နင့် ကြောင်အိမ်ထဲမှာ ကျပ်တိုက်ထားတာလေးတွေ ရှိသေးတယ်မှတ်လား၊ နည်းနည်းကြော်လိုက်ဟု ပြောပြီး ကွန်ဆက်ထိုးနေပါသည်။

ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေပါသည်။ စိတ်လည်း ညစ်နေပါသည်။ အမေက ဟင်း...ကနဲ သက်ပြင်းရှည်ကြီးတချက်ချကာ လက်ကျန်ပါလာသည့် ဟင်းရွက်များကိုသင်နေပါသည်။ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘဲ တဲအပြင် ထွက်ခဲ့ပါသည်။ စိတ်ထဲလည်း ဘာမှန်းမသိပဲ အနေရအထိုင်ရ ကျပ်နေပါသည်။ 

 

ကျွန်တော် လျှောက်လာရင်း ခြံအစပ်နားတွင် ခရေပင်တပင်ကိုတွေ့ပါသည်။ ခရေပင်အောက်တွင် နွားစားခွက်တခွက် တွေ့ပါသည်။ ခရေပင်သည် အရိပ်အလွန်ကောင်းပါသည်။ ကိုင်းတကိုင်းတွင် အုန်းဆံကြိုးကြီးတချောင်း တန်းလန်းကြီး ကျနေတာမြင်ပြီး လန့်သလိုလိုဖြစ်လိုက်မိသည်။ ရုပ်ရှင်ကားတွေထဲက ကြိုးပေးသတ်တာကို မြင်ဖူးနေ၍ဖြစ်မည် ထင်ပါသည်။

 

ကျွန်တော် ဘာမှမဟုတ်ဘဲ ရေတွင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ သံပုယိုချုံကြီးတချုံတွေ့ပါသည်။ ချုံကြီးမှာ တော်တော်ကြီးပါသည်။ စိမ်းစို၍နေပါသည်။ သံပုယိုသီးများ ပြွတ်နေအောင်သီးနေပါသည်။ စိတ်ထဲ ခူးချင်လာဖြင့် ခူးရန် အားဖြင့်ကုန်းတိုးလိုက်ရာ နဖူးတည့်တည့်ကို ဗြစ်ကနဲ ဆူးခြစ်သွားတော့သည်။ အတော်နက်သွားသည်ထင်သည်။ သွေးများ ပေါက်ပေါက်ပေါက်ပေါက် ကျလာသည်။ သံပုယိုသီးတော့ ရလိုက်သည်။ သံပုယိုသီးကို လက်တဘက်ကကိုင် လက်တဘက်က နဖူးကိုအုပ်ကာ တဲဆီပြန်ပြေးလာပါသည်။ ဆူးစူးရာမှာ မနာဘဲ အောင့်ပါသည်။ အဆိပ်တက်တာ များလားဟု တွေးမိပါသည်။

 

ကျွန်တော် နဖူးလက်အုပ်ပြီး တဲထဲဝင်လာတော့ မီးဖိုချောင်တွင် ခုတ်ထစ်နေသည့်အမေက ဟယ်...လူလေး သွေးတွေနဲ့၊ ဘာဖြစ်လာတာလဲ သား၊ မှန်းစမ်းဟု ပြောလည်းပြော အနားလည်းရောက်လာပါသည်။ ကွန်ထိုးနေသည့်အဖေကလည်း ထကာ ကျွန်တော့်လက်ထဲက သံပုယိုသီးကိုယူရင်း လူလေး ဆူးခြစ်လာတာဟ၊ ရေစင်စင်ဆေးပြီး ဆနွင်းလေး သိတ်ပေးလိုက်ဟုပြောကာ ကျွန်တော့်အား တဲနောက်ဘက် စဉ့်အိုးဆီခေါ်သွားပြီး နဖူးကိုရေလောင်းလောင်းချကာ လက်ဖြင့် ပွတ်ပေးပါသည်။ အနာပေါ် အဖေ့လက်ကြမ်းကြီးများနှင့်ပွတ်ကာမှ ပိုနာသလိုဖြစ်ပြီး ငိုချမိပါသည်။ 

 

အမေက မငိုနဲ့ တိတ်တိတ် ဘာမှမဖြစ်ဘူး၊ ကောင်းသွားမှာ နည်းနည်းလေး ခြစ်မိတာ၊ အမေ့မှာ သွေးဆေးရှိတယ်၊ မစပ်ဘူး။ သွေးဆေးလေးသိပ်လိုက်ရင်ပျောက်သွားမှာဟုပြောပါသည်။ အဖေက နင့်သွေးဆေးက ဆနွင်းလောက်ပဲ ကောင်းဦးမလားဟ၊ ဆနွင်းကမှ အနာကျက်မြန်တာဟုပြောပါသည်။ အမေက သွေးဆေးပဲသိပ်မယ် ဆနွင်းက စပ်တယ်ဟုပြန်ပြောပြီး နှစ်ယောက်သား ပြာပြာသလဲဖြစ်နေပါသည်။

 

အဖေနှင့်အမေ အဲ့သလိုဖြစ်နေတတွေ့တော့ ကျွန်တော့်စိတ်ထဲ ပိုဝမ်းနည်းသလိုလိုကြီးဖြစ်လာပါသည်။ အနာက နာတာရောဘာရော ရောချကာ ကျွန်တော် အမေ့ကိုဖက်ပြီး အားရပါးရငိုချလိုက်ပါသည်။ တကယ်လည်း ဝမ်းနည်းတော့ ငိုကြောနည်းနည်းရှည်သွားသည်ထင်ပါသည်။ အမေက အနာကို သွေးဆေးသိပ်ပေးပြီး ကျွန်တော့်ကို ဆက်၍ ဖက်ထားပါသည်။ အဖေက လူလေး တိတ်တိတ် ဘာမှမဖြစ်ဘူး၊ ယောက်ျားပဲကွ၊ ဒီလောက်တော့ အပျော့ပေါ့ဟုပြောပြီး အမေ့ ရင်ခွင်ထဲကဆွဲထုတ်ကာ မျက်ရည်တွေသုတ်ပေးပါသည်။ 

 

ကျွန်တော်လည်း အငိုတိတ်သွားပါသည်။ ငိုလိုက်ရသဖြင့် စိတ်ထဲပေါ့သွားကာ ခုနဖြစ်နေသည့် စိတ်ညစ်စရာများလည်း မရှိတော့ပါ။ အမေ့ကြည့်တော့လည်း သွားကျိုးပါးကျိုးနှင့် ကျွန်တော့်ကြည့်ပြီး ရယ်နေ၏။ အဖေကလည်း ရယ်ရယ် ပြုံးပြုံး။ 

 

အမေကြွက်ကြော်မလို့ လူလေးအညှော်မခံနဲ့၊ အနာရင်းတတ်တယ်၊ အပြင်ခဏထွက်နေဟုပြောပါသည်။ အဖေက ချက်ခြင်းပင် မကြော်နဲ့တော့ဟေ့ နေပေစေတော့၊ ငါရှိတာနဲ့ပဲ မြည်းမယ်ဟုပြောပြီး ကျွန်တော့်အား လူလေးက သံပုယိုသီး ဘာလို့ခူးတာတုန်းမေးပါသည်။ ငန်ပြာရည်နဲ့ ငရုပ်သီးမှုန့်ဖျော်ပြီး တို့စားချင်လို့အဖေဟု ကျွန်တော်က ပြန်ဖြေတော့ သုတ်စားတာကပိုကောင်းတယ်ကွ နေဦးဆိုပြီး သံပုယိုပင်ကြီးဆီသွားကာ သုံးလေးလုံးခူးချလာပါသည်။ 

 

သံပုယိုသီးတွေ အခွံနွှာ အမွှာသင်ပြီး ငန်ပြာရည် ပဲမှုန့် ပုဇွန်ခြောက် ငရုပ်သီးစိမ်း စိမ်းစားငပိတို့ဖြင့် သုတ်ပါတော့သည်။ ကျွန်တော်ကြည့်ရင်း သွားရည်ကျလာသဖြင့် အဖေ မြန်မြန်ဟုပြောမိပါသည်။ အေးပါဟ လူလေးရဟုဆိုကာ အသုတ်ကိုလက်စသတ်ပြီး ကျွန့်တော့်ဘက် ပန်းကန်ထိုးပေးပါသည်။ ကျွန်တော်လည်း ချဉ်ငန်စပ် သံပုယိုသီးသုတ်ကို လေးငါးခြောက်ဇွန်းဆက်တိုက်စားလိုက်ရာ နှာရည်တွေမျက်ရည်တွေကျပြီး ရှူးရှူးရှဲရှဲ ဖြစ်နေပါသည်။ အနာလည်း မနာတော့ပါ။ အိမ်အပြန်လမ်းတွင် ခံစားခဲ့ရသည့် ခံစားမှုများလည်း မရှိတော့ပါ။ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်ထင်ပါသည်။

0 comments:

Post a Comment