Thursday, February 23, 2023

သိန်းတထောင် လူတသိန်း

0 comments

(သိန်းတထောင် လူတသိန်း)
မင်းအောင်လှိုင်စစ်အုပ်စုက ပြဌာန်းလိုက်တဲ့ရွေးကောက်ပွဲဥပဒေအရဆိုရင် တပြည်လုံးလွှမ်းခြုံပြီး ဝင်ပြိုင်မယ့်နိုင်ငံရေးပါတီတွေဟာ ဘဏ်မှာငွေသိန်းတထောင် ရန်ပုံငွေရှိထားရမယ်။ မှတ်ပုံတင်ပြီး ရက် ၉၀ အတွင်း ပါတီဝင်အင်အားလည်း တသိန်းရှိနေရမယ်လို့ဆိုတယ်။ ပြည်နယ်/တိုင်း/ဒေသကြီးတွေလောက်ပဲ ကွက်ပြိုင်မယ့် ပါတီတွေကတော့ ငွေကျပ်သိန်းတရာ၊ ပါတီဝင်အင်အား တသောင်းရှိရမယ်လို့ဆိုတယ်။ ရွေးကောက်ပွဲဥပဒေသာ အသစ်ထွက်တာပါ ဘယ်သူဝင်ပြိုင်ပြိုင် ဘယ်လောက်ပဲနိုင်နိုင် အာဏာသုံးရပ်လုံးကို မမျှော်မှန်းနိုင်ရုံမက အစိုးရပါ လွတ်လွတ်လပ်လပ် ဖွဲ့လို့မရနိုင်မယ့် Proportional Representation (PR) စနစ်နဲ့ပါ ထစ်ထားသေးတာပါ။ 

၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေဟာ ဒီစစ်အုပ်စုကပဲလုပ်တာလည်း မှန်တယ်၊ အာဏာသုံးရပ်လုံး အပြည့်အဝ မမျှော်မှန်းနိုင်တာလည်းမှန်တယ် ဒါပေမယ့် PR စနစ်မဟုတ်တော့ နိုင်တဲ့သူအကုန်ယူသဘောနဲ့ ကိုယ့်သမ္မတ ကိုယ်ခန့်(စစ်အုပ်စုကယူထားတဲ့ ဝန်ကြီးနေရာတွေမှတပါး) ကိုယ့်ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ ကိုယ့်ဘာသာ ခန့်လို့တော့ ရခဲ့တာပါပဲ။ ထားပါတော့ ဒါက လူတိုင်းသိနေတဲ့အရာမို့။

လာမယ့်ရွေးကောက်ပွဲမှာ NLD က ဝင်ပြိုင်မှာမဟုတ်ဘူး၊ မဟုတ်တဲ့အပြင် နိုင်ငံတော်ပုန်ကန်တဲ့စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကိုပါ နိုင်ငံတော်ပုန်ကန်မှုအလိုတူအလိုပါတွေလို့ ပြင်းပြင်းထန်ထန် ကြေညာထားတာပါ။ (စကားချပ်အနေနဲ့ ပြောစရာရှိတာက ရှေ့မှာတုန်းကလည်း ရွေးကောက်ပွဲမဝင်ဘူးပြောပြီး ကောက်ကောက်ပါအောင် ဝင်သွားတဲ့ သာဓက ကလည်းရှိထားတော့ ခုစကား ဘယ်လောက်တည်မလဲကို စောင့်တော့ကြည့်ရဦးမှာ)။ ဒါလည်း အားလုံးသိပြီးသားမို့ထားလိုက်ပါ။

ခုတွေးမိတဲ့ပြဿနာက ငွေသိန်းတထောင်နဲ့ လူတသိန်းဆိုတာ ကြံ့ဖွံ့လိုပါတီအတွက် မခက်ခဲပါ။ NLD လည်း ဝင်ပြိုင်မယ်ဆို မခက်ခဲလောက်ပါ။ NLD က ခုလိုဝင်မပြိုင်ဘူးလို့ပြောတာကို စစ်အုပ်စုက ကြိုက်မှာမဟုတ်ပါ။ စစ်အုပ်စုက NLD ကို ဝင်ပြိုင်စေချင်မှာပါ။ သူတို့ မျက်နှာပန်းလှဖို့ပါ။ ဝင်မပြိုင်လို့ NLD ပါတီကို ဖျက်ဝံ့သလား ဆိုတော့လည်း ခုလက်ရှိအခြေအနေတွေ နိုင်ငံကြီးတွေရဲ့ဖိအားတွေကြောင့် မဖျက်ဝံ့သေးပါ။ ဒီနေရာမှာ တခု သတိထားရမှာက မင်းအောင်လှိုင့်စစ်အုပ်စုသာမဟုတ် ရှေ့ကရှေ့ကရှိခဲ့တဲ့ စစ်အုပ်စုတိုင်းဟာ “မလုပ်ရဲတာ ဘာမှမရှိ” ဆိုတာပါပဲ။ သူတို့ လက်ရဲဇက်ရဲ အကုန်လုပ်ရဲကြပါတယ်။
တဆက်တည်းတွေးမိတာက “ဓနရှိလို့ပါတီထောင်တာမဟုတ် ဇရှိလို့ပါတီထောင်တာ”ဆိုတဲ့ ဦးကိုကိုကြီးနဲ့ သူ့ပါတီကိစ္စပါ။ အကျိုးလိုလို့ ညောင်ရေလောင်းမယ့်သူတွေအတွက်ကတော့ ငွေသိန်းတထောင်ဆိုတာ ကားတစီးဖိုးလောက်သာရှိမှာပါ။ စိုက်ပေးပြီး အရင်းမြှုတ်ထားနိုင်ပါတယ်။ အရှုံးလည်းခံနိုင်ပါတယ်။ လူတသိန်းကျတော့ ဘယ်နှယ်စုမလဲကပြဿနာပါ။ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကိုကြိုက်သူ တသိန်းမကရှိဦးတောင် လက်ရှိတိုင်းပြည့်အခြေအနေကြီးမှာ ပါတီဝင်ဝံ့တဲ့လူ ဒါမှမဟုတ် ဝင်ချင်တဲ့လူ တသိန်းရှိပါ့မလားက တွေးစရာပါ။

စစ်အုပ်စုအောက်မှာ မြေပေါ် မှတ်ပုံတင်နိုင်ငံရေးပါတီတွေဆိုတာ ပေါ်စေဆိုပေါ်လာရပြီး ပျောက်စေဆို ပျောက်ရတာမျိုးဖြစ်ပါတယ်။ NLD ပါတီ၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီအပါအဝင် လူမျိုးစုပါတီတွေဆိုတာလည်း ပေါ်စေမို့ ပေါ်နေကြတာပါ။ ပျောက်စေဆို တမဟုတ်ချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကြရမှာမဟုတ်လား။ မပျောက်ခင်စပ်ကြားမှာ ပြောစရာရှိပြော၊ ဆန့်ကျင်ကန့်ကွက်စရာရှိ ဆန့်ကျင်ကန့်ကွက်လောက်ပဲ တတ်နိုင်တာပါ။ လူထုတိုက်ပွဲကို သူတို့မဆင်နွှဲနိုင်ကြပါ။ နိုင်ငံရေးနည်းလို့တွင်တွင်ပြောပြီး စေ့စပ်ဆွေးနွေးရေးလမ်းကြောင်း သွားနေကြတာပါ။ ပြဿနာက သူတို့မှာ စစ်အုပ်စုကို “ဆွေးနွေးဘက်” ဖြစ်လာအောင်လုပ်နိုင်စွမ်း လုပ်နိုင်အားမရှိကြတာပါ။
စစ်အုပ်စုကတော့ ရွေးကောက်ပွဲလုပ်ပေးနိုင်လောက်တဲ့အခြေအနေရှိရင် ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပေးမှာပါ။ ခု ပကတိအနေအထားအရ အဲ့ဒီအခြေအနေမရှိပါ။ ရွေးကောက်ပွဲဟာ သူတို့ထွက်ပေါက်ဖြစ်တာမို့ အရယူချင်မှာပါ။ 
မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၂၃။ ၂၀၂၃

0 comments:

Post a Comment