Tuesday, February 7, 2023

ကညွှတ်ကွင်း အိမ်ပြေး ၁၄

0 comments

(ကညွှတ်ကွင်း အိမ်ပြေး ၁၄)

အဖေကနှားနို့ပုံးကို တဲထဲယူလာပါသည်။ ထို့နောက် နွားတွေက လံတိုင်တွင် သွားလှန်ပါသည်။ လံတိုင်နားတွင် ဘာအစာမှမရှိပါ။ လံတိုင်ကြိုးအဆုံးရှိသရွေ့ နွားတွေက ကြိမ်ဖန်များစွာ တဝဲလည်လည်လျှောက်ခဲ့သဖြင့် မြေမှာ သိပ်ပြီး မာနေပါသည်။ မြက်လည်း မပေါက်နိုင်ပါ။ ဘယ်မှလည်း သွားလို့မရဘဲ ထိုသို့ တဝဲလည်လည်သွားလိုက် ခဏနေရပ်လိုက်နှင့်လုပ်နေတာကြည့်ပြီး ကျွန်တော်စိတ်မကောင်းတာလိုလို ခံစားရပါသည်။ 

 

အဖေရာ နွားတွေကို လွှတ်ပေးလိုက်ပြီးရောဟုပြောတော့ သူများလယ်တွေ ဝင်စား ဝင်နင်းကုန်မှာပေါ့ လူလေးရ။ ဟိုးတောင်ဘက်မှာ နွားစားကျက်ရှိတယ်။ အဖေ မနက်ဖြန်ကျ သွားကျောင်းမှာဟုပြောပါသည်။ အဖေ တပတ် ၂ ကြိမ်လောက်တော့ နွားသွားကျောင်းတယ်။ နွားလည်းကျောင်းရင်း မြက်လည်းရိပ်ရင်းပေါ့ကွာဟု ပြောပါသည်။ နွားကျောင်းတာ ဘယ်လိုမှန်းမသိသော်လည်း နွားစားကျက်တို့ နွားကျောင်းသည်တို့ကို့ကြားပြီး ကျွန်တော် နွားကျောင်းချင်စိတ် ပေါ်လာပါသည်။ နွားကျောင်းသားများ လေးဂွပစ်လက်တည့်တာတို့ ပုလွေမှုတ်တာတို့ကို ကြားသာကြားဖူးသော်လည်း မမြင်ဖူးသေးပါ။ အဖေ နွားကျောင်းသွားရင် ကျွန်တော့်ကိုခေါ်နော် ဆိုတော့ အေးဟု ဖြေပါသည်။

 

ထိုအချိန်တွင် ကျွန်တော် ဗိုက်ဆာလာပါသည်။ ဗိုက်ဆာကြောင်း အဖေ့မပြောရဲသဖြင့် အသာအောင့်အီးပဲ နေလိုက်ပါသည်။ သို့သော် ကျွန်တော်ဟန်ပျက်နေသည်ကို အဖေရိပ်မိဟန်တူပါသည်။ လူလေး ခဏနေ မင်းအမေ  ပြန်လာတော့မှာပဲ၊ အဲ့ဒီကျထမင်းစားပေါ့ကွာဟုပြောပြီး ရေနွေးကြမ်းတအိုးနှင့် ကွန်ထိုးရန်ပြင်ပါသည်။ 

 

ကျွန်တော်လည်း ရေတခွက်သောက်ပြီး ဗိုက်ဆာဆာနှင့် ခနလှဲလိုက်ရာ အိပ်ပျော်သွားပါသည်။ သား..ထထ ထမင်းစားရအောင်ဟု အမေနှိုးတော့မှ နိုးလာပြီး အိပ်မှုံစုန်မွှားဖြစ်နေပါသည်။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေတာလိုလို ဘာလိုလိုဖြစ်နေသေးသည်။ နောက်ဖေးက စဉ့်အိုးထဲမှာ မျက်နှာသွားသစ်လိုက် ပြီးရင်စားကြတာပေါ့ဟု ပြောသည့် အမေ့ထံမှ ငါးညှီနံ့တွေရပါသည်။

 

တခုတည်းသော ထမင်းစားပွဲလေးအလယ်တွင် ငါးဟင်းတခွက်၊ ဘူးသီးဟင်းခါးတခွက်၊ ငါးပိရည်တခွက်၊ တို့စရာများနှင့်အတူ ရေနွေးကြမ်းကရားအိုးလည်း တင်ထားပါသည်။ တင်ပုလင်ခွေ၍ ထိုင်စားရတာဖြစ်ပါသည်။  အဖေ့ကို ဦးချပြီးနောက် အမေက ကျွန်တော့ပန်းကန်ထဲ ငါးဟင်းတွေ ခပ်ထည့်ပေးရင်း လူလေး ငါးဇင်ရိုင်းလေးတွေ စားရင်သတိထား သူက ဆူးမာတယ်၊ စူးနေဦးမယ်ဟု သတိပေးပါသည်။  ဟင်းလိုရင် ထပ်ထည့်ဟုပြောပါသည်။

 

အဖေတို့အမေတို့ ထမင်းစားသည်မှာ တပျပ်ပျပ်မြည်သလို တို့စရာတွေကိုလည်း ထမင်းလုပ်ထဲမြှုပ်တာမြှုပ် ပါးစပ်ထဲထိုးသွင်းတာထိုးနှင့် ဝါးတော့လည်း တဂျိုးဂျိုးတဂျွိဂျွိနေပါသည်။ ပလုပ်ပလောင်း အားရပါးရစားကြတာ ဖြစ်ပါသည်။ ပါးစပ်ထဲထမင်းတွေနှင့် စကားတွေလည်းပြောကြပါသည်။ ငပိရည်ကျိုဆမ်းဆမ်း ဟင်းထပ်ထည့်ထည့် ဟင်းခါးသောက်သောက် ဇွန်းကို ညာလက်ဖြင့်ပဲကိုင်ပါသည်။ ဇွန်းများတွင် ဟင်းနှင့်ထမင်းစေ့များ ပေကျံနေပါသည်။ ငါးပိရည်ဇွန်းဆိုလျှင် ပိုဆိုးပါသည်။ 

 

အိမ်တွင် အမေက ကျွန်တော်တို့အား ထမင်းစားနေတုန်း စကားမပြောရန်၊ ပြောစရာရှိပါက ပါးစပ်ထဲ ထမင်း ပလုပ်ပလောင်းနှင့်မပြောရန် အမြဲသင်ပါသည်။ ထမင်းဝါးသည့်အခါ ပါးစပ်ပိတ်ဝါးရန် အသံမမြည်ရန်လည်း သတိပေးပါသည်။ ဟင်းခပ်လျှင် ဘယ်လက်ဖြင့် ဇွန်းကိုကိုင်ကြရပါသည်။ နောက်ပြီး အမေသည် ဘာချက်ချက် တွက်ပြီးချက်သည်။ ဘဲဥနှင့်အာလူးချက်သည်ဆိုပါက အိမ်ရှိလူ အရေအတွက်အတိုင်း တယောက် ဘဲဥနှစ်ခြမ်း အားလူးနှစ်ဖတ်ဆိုပြီး ချက်သည်။ ဘယ်သူမှ ပိုမရ။ ထမင်းမကုန်ခင် ဟင်းကုန်သွားလျှင် သို့မဟုတ် ထမင်း ထပ်ထည့်လျှင် ဟင်းရည် နည်းနည်းဆမ်းပေးပါသည်။

 

ခု အဖေတို့အမေတိုနှင့်စားရသည်မှာ ထိုသို့မဟုတ်ပါ။ ဟင်းလည်း ကိုယ်ကြိုက်သလောက် ခပ်ထည့်လို့ရပါသည်။ စကားလည်းပြောလို့ရသည်။ စားရာတွင်လည်း သိတ်စည်းကမ်းတွေမရှိ။ လွတ်လည်းလွတ်လပ်သည်။ သို့သော် ကျွန်တော့စိတ်နှင့် သိတ်မတွေ့သေး။

 

အစကတော့ ဇွန်းကိုဘယ်လက်ဖြင့်ကိုင်သော်လည်း လက်တွေပေကျံကုန်တာနှင့် ကျွန်တော်လည်း သူတို့လို ဇွန်းကို ညာလက်ဖြင့်ပဲကိုင်ပါတော့သည်။ အိမ်မှာ ငပိရည်စားသော်လည်း ခု အဖေတို့အမေတို့စားသည့် ငပိလောက်တော့ မကောင်းပါ။ အဖေတို့အမေတို့က ငပိကို ကိုယ်တိုင်အိမ်တွင်တည်ပြီး ကျိုတာဖြစ်ပါသည်။ ငရုပ်သီးစိမ်းကို ပြာပူအုပ်ပြီး ပုဇွန်ဆိတ်လှော်ကလေးတွေနှင့် ကြက်သွန်နီမီးဖုတ်နှင့် စေးနေအောင်ထောင်းပြီး ပျစ်နှစ်နေအောင် ဖျော်တာဖြစ်ပါသည်။ ကျွန်တော်က ငပိကြိုက်သူဖြစ်တာလည်းပါ ငပိရည်ကလည်းကောင်းတာမို့ များများစားမိ ပါသည်။ လူလေး ငရုပ်စိမ်းတွေနဲ့ ဗိုက်နာနေဦးမယ်ဟု အဖေကပင် တားယူရပါသည်။ ထမင်းစားနေတုန်း ကြောင်တွေကိုလည်း အရိုးအစအနလေးတွေ ချချကျွေးတာတွေ့ရပါသည်။ ကြောင်တွေ၏ အမြီးထောင်ထောင် ဖွားဖွားများနှင့်ပွတ်သဖြင့် ကြောင်မွှေးတွေ ထမင်းပန်းကန်ထဲရောက်သွားမလားဟု ကျွန်တော်က စိုးနေပါသည်။

 

ကျွန်တော်တို့အိမ်တွင် ကြောင်တွေရှိပေမယ့်လည်း အမေက ကြောင်တွေကို စားရင်း ချချကျွေးတာကိုမကြိုက်ပါ။ ကြောင်တွေကို အရင်ကျွေးပြီးမှ လူတွေကစားရပါသည်။ ထို့ကြောင့် ထမင်းစားပွဲနား ကြောင်တွေ ရစ်သီရစ်သီ လာမလုပ်သလို တညောင်ညောင်လည်း မမြည်ကြပါ။

0 comments:

Post a Comment