Wednesday, February 8, 2023

ကညွှတ်ကွင်းအိမ်ပြေး ၁၉

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၁၉)

သည်လိုနှင့် ညနေစောင်းလာပါပြီ။ ကျွန်တော့်အနာကလည်း ပျောက်သလိုဖြစ်သွားပါပြီ။ အဖေကြွက်ထောင်ထွက်ရန် ပြင်နေပါသည်။ အဖေသည် အိမ်နေရင်း ဖိနပ်စီးတာ ကျွန်တော်မတွေ့မိပါ။ ခြေဗလာနှင့်နေပါသည်။ တော်ရုံတန်ရုံ ဆူးများ ကျောက်ခဲများကို အဖေနင်းနိုင်သည်ထင်ပါသည်။ ပြီးတော့ အဖေ့ခြေဖနောင့်တွင် အသားမာတွေတက်ပြီး ပက်ကြားအက်နေတာတွေလည်း ကျွန်တော် သတိထားမိပါသည်။ ကျွန်တော့်ကိုတော့ အပြင်ထွက်တာနှင့် လူလေး ဖိနပ်စီးဖိနပ်စီးဟုပြောပါသည်။

 

အဖေ့က မီးအုပ်ဆောင်းထဲက မီးခွက်ကို ရေနံဆီဖြည့်သည်။ ၃ ပေခန့်ရှည်သည့်မှိန်းတိုတလက် ယူသည်။ ဓားမတိုကို ခါးတွင်ထိုးသည်။ ခမောက်ဆောင်းသည်။ ပုဆိုးတိုတိုပြင်ဝတ်သည်။ ပြီးတော့ ရော်ဘာလည်ရှည်  တောစီးဖိနပ်ကြီး စီးသည်။ အဖေ ဖိနပ်စီးတာ စမြင်ဖူးသဖြင့် အံ့လည်းဩကာ ကြည့်နေမိပါသည်။ အဖေက ခုချိန်ဆို လယ်ထဲမှာ ပိုးကောင်တွေ ထွက်တတ်တယ်လူလေးဟုပြောပါသည်။ မင်းလိုက်မလား၊ လိုက်မယ်ဆို မင်းအမေ တောဘုစီးကြည့်၊ မင်းနဲ့ တန်မှာဟုပြောပါသည်။ အဖေက တောစီးလည်ရှည်ဖိနပ်ကို တောဘုဟုပြောတာ သတိထားမိပါသည်။ တန်မှာဆိုသည့်အပြောကိုလည်း ခုမှစကြားဖူးတာဖြစ်သည်။ အဖေပြောတာ ဟုတ်လောက်ပါသည်။ ကျွန်တော်သည် ခြေထောက်ကြီးပါသည်။

 

လိုက်မှာပေါ့ အဖေကလည်းဟုပြောရင်း အမေ့ တောဘုကိုစွပ်ကြည့်ရာ နည်းနည်းလေး ချောင်နေသော်လည်း စီးလို့ရပါသည်။ နောက်တော့ အဖေသည် လယ်ညှပ်အချောင်း ၂ ဆယ်ခန့်စုစည်းပြီး ပခုံးပေါ် တင်ပါသည်။ ကျွန်တော်က မီးအုပ်ဆောင်းယူတော့ နောက်နေ့ကျ လူလေးဖို့ ခမောက်အသေးတလုံးဝယ်ရမယ်ဟု ပြောပါသည်။ အဖေ ဆေးလိပ်ယူတာမတွေ့သဖြင့် အဖေ ဆေးလိပ်မယူတော့ဘူးလားဟုမေးရာ ကြွက်ထောင်ရင် ဆေးလိပ် သောက်လို့မရဘူး လူလေးရ၊ ကြွက်က ဆေးလိပ်အနံ့သိတယ်ဟုဖြေပါသည်။ ကြွက်က ဆေးလိပ်နံ့ကိုသိကြောင်း ကျွန်တော်မသိပါ။

 

သွားမယ်ဟေ့ဟုပြောပြီး ကျွန်တော်တို့နှစ်ယောက် တဲအရှေ့ဘက် လယ်ကွင်းတွေထဲထွက်လာပါသည်။ လယ်ကန်သင်းရိုးများမှလျှောက်လာသော်လည် ကန်သင်းရိုးများမှာ လူသွား၍ လမ်းဖုံနေတာမျိုးတော့ မဟုတ်ပါ။ ကျွန်တော့် တောဘုကြီးမှာလေးရသည့်အထဲ ချောင်လည်းချောင်သဖြင့် လမ်းလျှောက်ရတာ သိတ်အဆင်မပြေပါ။ ချွတ်လည်း မချွတ်ရဲပါ။ မတော် အမေပြောသလို ပိုးတွေဘာတွေထိရင် မခက်ပါလား။ 

 

တနေရာရောက်တော့ အဖေက ကန်သင်းရိုးအောက်ကိုစိုက်ကြည့်ပြီး စပါးပင်တွေကို မှိန်းဖြင့်ဖြဲပြီး ကြည့်ပါသည်။ လာကြည့်လူလေးဟုပြောပြာသဖြင့် ကျွန်တော်သွားကြည့်ရာ တွင်းတတွင်းကိုတွေ့ပါသည်။ တွင်းဝတွင် ကျစ်စာမှုန့် နည်းနည်းလေးတွေ့ပါသည်။ ကျင်းဝင်လမ်းမှာ ပြောင်ချောနေပါသည်။ အဖေက အဲ့ဒါကြွက်တွင်းပဲ၊ အထဲမှာ ဒီကောင်ရှိတယ်ဟုပြောပြီး စပါးပင်တွေမနင်းမိအောင်ရှောင်ကာ ခြေနှစ်လှမ်းသုံးလှမ်းခန့် ဆင်းသွားပါသည်။ လူလေး လာကြည့် လာလာဟုခေါ်သဖြင့် ကျွန်တော်သွားကြည့်ရာ စပါးပင်များကြားအခြေတွင် လူသွားလမ်း သေးသေးလေးလို လမ်းကလေး ဖုံနေတာတွေ့ရပါသည်။ လမ်းမှာ တဖြောင့်တည်းမဟုတ်ဘဲ ကွေ့ကွေ့ ကောက်ကောက်လေးဖြစ်ပါသည်။ အဖေပြသဖြင့်ကြည့်ရာ အခြားနေရာမှလာဆုံသော လမ်းလေးများလည်း တွေ့ပါသည်။ အဖေက အဲ့ဒါ ကြွက်ပြေးတဲ့ လမ်းပဲ၊ ကိုက်လမ်းပေါ့ကွာဟု ပြောပါသည်။ ကိုက်လမ်းဆိုတာ ဘာမှန်းမသိသော်လည်း ကြွက်သွားလမ်းဟု မှတ်တော့ထားလိုက်ပါသည်။ 

 

ထို့နောက်အဖေက မှိန်းကိုကျွန်တော့်အားပေးပြီး လယ်ညှပ်တခုကိုယူကာ ကြွက်တွင်းဝနှင့် ၄ ပေခန့်အကွာတွင် မြေတွင်စိုက်ပါသည်။ မောင်းမတင်မီ လမ်းကလေးဘေးတဘက်တချက်ရှိ စပါးပင်တွေကို နည်းနည်းနှိမ်ပါသည်။ ထိုအခါ လမ်းကလေးမှာ ဘေးနှစ်ဘက်မှ စပါးပင်များအကြား ပို၍ အုပ်အုပ်ဆိုင်းဆိုင်းလေးဖြစ်သွားပါသည်။ ထိုနောက် အဖေ လယ်ညှပ်ကို မောင်းတင်ပါသည်။ လယ်ညှပ်မောင်း အလောတော်လောက်ကွေးသွားမှ ခလုပ်တံနှင့် နင်းတံလေးကို တေ့၍ချိတ်ပေးပါသည်။ လယ်ညှပ်ကား သူ့ထဲဖြတ်ပြေးလာမည့်ကြွက်ကို ညှပ်ရန်အသင့် ဖြစ်သွားပါသည်။ အဖေက ပိုသေချာစေရန် လယ်ညှပ်ကို မြေကြီးထဲ ဖိထိုးလိုက်ပါသည်။ 

 

ထို့နောက် အသာလေးနောက်ပြန်ဆုတ်ကာ ကန်သင်းပေါ်ပြန်တက်လာပါသည်။ အဖေ့ အသာလေးနောက်ပြန်ဆုတ် လာပုံမှာ သူ လယ်ညှပ်ထောင်ထားသည်ကို ကြွက်ကသိသွားမှာစိုးနေသလိုမျိုးဖြစ်နေသဖြင့် ကျွန်တော် ရယ်မိပါသည်။ အဖေက ဘာလို့လဲ လူလေးရဟုမေးတော့၊ အဖေ ထောင်ထားတာ သူတို့သိသွားမှာစိုးလို့လားဟုမေးမိပါသည်။ သိတယ် လူလေးရ ဒီကောင်တွေ သိတ်လည်တယ်။ တခါတလေ လယ်ညှပ်ကိုကွင်းပြီး လမ်းမဟုတ်တဲ့နေရာက ဖဲ့သွား တတ်တယ်၊ လူနံ့လည်းသိတယ် လူလေးရဟု ပြောပါသည်။

 

ဤသို့ဖြင့် တချို့ ကြွက်တွင်းနေရာတွေမှာ၊ တချို့ လယ်ထဲကစပါးပင်တွေကြားမှာ လယ်ညှပ်တွေကိုကုန်အောင် အဖေထောင်ပါသည်။ အချိန်လည်း နေဝင်ရီတရောလွန်ကာ မှောင်စပင်ပျိုးပြီဟု ဆိုရပါမည်။ ကျွန်တော်တို့လည်း တဲနှင့် တော်တော်လှမ်းလှမ်းကြီးကိုရောက်နေပါပြီ။ ကောင်းကင်ကြီးမော့ကြည့်တော့ အလင်းရောင် လုံးလုံး မပျောက်သေးသော်လည်း ကြယ်အကြီးကြီးတွေ ထွက်နေတာမြင်ရပါသည်။ လယ်ကွင်းထဲက ဖြတ်တိုက်လာသော လေတွင် ရေနံ့နှင့်စပါးနံ့များပါသည်ဟုထင်ပါသည်။ ရိပ်ရိပ်ရိပ်ရိပ်နှင့် အုပ်လိုက်ပျံလာသော ငှက်များကိုတွေ့တော့ အဖေက အဲ့ဒါလင်းနို့တွေကဟုပြောပြပါသည်။ ထို့နောက် ပြန်စို့လူလေး မီးခွက်ထွန်းဟုပြောကာ မီးခြစ်ပေးပါသည်။ မီးခွက်ထွန်းလိုက်တော့ လမ်းက ချင်းချင်းလင်းလင်းရှိသွားပါသည်။ လာလမ်းအတိုင်းမဟုတ်ပဲ တခြားလမ်းမှ ပြန်ခဲ့ကြပါသည်။

0 comments:

Post a Comment