(ကညွှတ်ကွင်းအိမ်ပြေး ၄၉)
ငတင့်ကတော့ ဘာမှမဖြစ် ကျွန်တော်က အံ့ဩသွားသည်။ ဒီဖားပြုတ်တွေကို ဆရာဝဏ္ဏဘယ်လိုဖန်ဆင်းလိုက်သလဲကို စဉ်းစားလို့မရ။ ထင်ထားတာက မြွေပွေးမြွေဟောက် သို့မဟုတ် ကိုက်တတ်သည့်သတ္တဝါတကောင်ကောင်။ တကယ် ထွက်လာတာက ဖားပြုပ်တွေဆိုတော့ စိတ်ထဲ သိတ်တော့မကျေနပ်။ သို့သော် ဒါလည်း ဆန်းနေသည်မဟုတ်လား။ ဝိုင်းပြီးသွားပြီ။ လူတွေပြန်ကုန်ကြပြီ။ ငတင့်က ကျွန်တော့်အား ဖားပြုပ်တွေကို ရှုံ့ကြိုးလေးတွဲလောင်းနှင့် အဝတ်အိတ်လေးတအိတ်ထဲထည့်ခိုင်းသည်။ ဆရာက ပစ္စည်းတွေ သိမ်းသည်။ ငတင့်လည်း ဘင်တွေဘာတွေဖြုတ်ကာ ဆရာနှင့်ကူသိမ်းသည်။ ကျွန်တော်လည်း မနေနိုင်သဖြင့် ဝင်ကူသည်။ နောက်တော့ ဈေးထဲက ဆန်နည်းနည်းဝယ်ပြီး တည်းသည့်အိမ်သို့ပြန်လာကြသည်။ တည်းအိမ် ရောက်တော့ ထမင်းတအိုးချက်ပြီး ရပ်ကွက်ထဲကဟင်းဆိုင်လေးမှ အမဲအရွတ်ဟင်း၊ ပဲကုလားဟင်းနှင့် သရက်သီးသနပ်တွေဝယ်ကာ ထမင်းစားကြသည်။
ဆရာက ရလာသည့်ပိုက်ဆံတွေရေရင်း လူတွေ တော်တော်လူလည်ကျတယ်ဟုပြောပါသည်။ ပိုက်ဆံနှင့် ရုပ်ပွားတော်အရည်အတွက် မကိုက်သဖြင့်ပြောမှန်း ကျွန်တော်မှန်းလို့ရပါသည်။ သို့သော် ဆရာအတွက်တော့ ဒါက သိတ်ဆန်းပုံမပေါ်ပါ။ နေ့လည်နေ့ခင်း တရေးအိပ်ကြသည်။ ကျွန်တော် အိပ်မရပါ။ ငတင့်ကတော့ ခနလေးနှင့်အိပ်မော ကျသွားပါသည်။ ခုချိန်ဆို အမေခတို့ အဖေဦးဖိုးထောင်တို့ ဘာလုပ်နေကြမည်နည်း။ ကျွန်တော် ရထားပေါ်ပါသွားတာ အဖေမြင်လိုက်တော့ အမေ့ကိုပြန်ပြောပြမှာသေချာသည်။ ရန်ကုန်က မိဘတွေလည်း စိတ်ပူနေကြမှာ သေချာသည်။ ကျွန်တော့် ကညွှတ်ကွင်းအကြောင်းတွေးလိုက် ရန်ကုန်အကြောင်းတွေးလိုက် သူငယ်ချင်းတွေအကြောင်းတွေးလိုက် အိပ်ပျော်နေသော ငတင့်ကိုကြည့်လိုက်နှင့် ဖြစ်နေပါသည်။
ခဏနေတော့ ငတင့်နိုးလာပြီး အဝတ်အိတ်ကလေးကိုဖြည်ကာ ဘာလီပုံးထဲ သွန်ချသည်။ ရေဖျန်းပေးသည်။ ထမင်းစေ့တွေလည်း ထည့်ပေးသည်။ ငတင့် အဲ့ဒါဘာလုပ်တာလဲဆိုတော့ ဖားတွေကိုရေပေး အစာကျွေးတာကွဟု ပြောပါသည်။ ကျွန်တော် နားမလည်ပါ။ ပြီးတော့ ဘာလုပ်မလို့လဲ လွှတ်မလို့လားဟုမေးတော့ ဘယ်ကလာ လွှတ်ရမှာလဲ၊ ညနေတပွဲရှိသေးတယ်လေကွာဟုပြောပါသည်။ ကျွန်တော် ခေါင်းရှုပ်သွားသည်။ ဆက်မေးမလို့ လုပ်တော့ ငတင့်က နောက်တော့ မင်းသိသွားလိမ့်မယ် မေးမနေနဲ့ဟုပြောပါသည်။ ဒါပါနှင့်ဆို ငတင့် မမေးစေချင်သည်မှာ ၂ ခါရှိသွားပြီဖြစ်သည်။ ပထမ တခါတုန်းက ပုဂ္ဂိုလ်တွေအကြောင်းဖြစ်သည်။ ကျွန်တော်လည်း မေးမနေတော့ပါ။ မေးလည်း အလကားပဲ၊ ငတင့်လိုနေလျှင် နောက်တော့ ကျွန်တော် အကုန်သိလာမည်မဟုတ်လား။
စိတ်ထဲ တခုတော့ ရှင်းသွားသည်။ ဆရာဝဏ္ဏသည် သည်ဖားများကိုဖန်ဆင်းခြင်းမဟုတ်သလို ပုဂ္ဂိုလ်တွေဘာတွေ ကလည်း သွပ်ပိုက်လုံးထဲ လာထည့်သွားတာမဟုတ်။ ဆရာဝဏ္ဏက တနည်းနည်းဖြင့် လူတွေကို မျက်လှည့်ပြလိုက်ခြင်းပဲဖြစ်ရမည်။ ကျွန်တော့စိတ်ထဲ ဆရာဝဏ္ဏကို အထင်ကြီးတာလိုလို သေးတာလိုလို ဝေခွဲမရဖြစ်နေသည်။ သို့သော် ဘာမှမရှိသည့် သွပ်ပိုက်လုံးတွေထဲ သည်ဖားသုံးကောင်ကို ကြည့်နေသည့် လူ့မျက်လုံးပေါင်းများစွာမမြင်အောင် ဘယ်လိုထည့်လိုက်သနည်းကိုတော့ အလွန်သိချင်နေပါသည်။ ငတင့်ကို မေးမလို့လုပ်ပြီးမှ ငါ ငတင့်လိုနေရင် ဒါတွေအကုန်သိလာမှာပဲဟုတွေးမိကာ မမေးဖြစ်တော့။ ဆရာဝဏ္ဏနိုးတော့ ကျွန်တော့်ကို ဘယ့်နှယ်လဲကွ၊ မင်းပျော်ရဲ့လား မျက်လှည့်ပြရတာဟု မေးပါသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော်မပျော်ပါ သိချင်တာတွေ မေးချင်တာတွေရှိသည်။ သို့သော် ပါးစပ်မှ ပျော်ပါတယ်ဆရာဟု ထွက်သွား ပါသည်။ အေး... ခုမပျော်လည်း နောက်ဆိုပျော်သွားမှာပေါ့ကွာ၊ ညနေဝိုင်းကျရင် ငတင့်ကိုကူကွ ရပ်ကြည့်မနေနဲ့ဟု ပြောပါသည်။ ကျွန်တော်က ဟုတ်ကဲ့ဟုသာပြောလိုက်သော်လည်း ဘာကူရမှန်းမသိပါ။
ခဏနေတော့ ရေလဲပုဆိုးပခုံးပေါ်တင်ကာ မင်းတို့ရေချိုးလိုက်ဦးမလားဟု မေးပါသည်။ ကျွန်တော်တို့လည်း လိုက်သွားပြီး ရပ်ကွက်ရေတွင်းမှ ခပ်ချိုးကြပါသည်။ ရွှေဝါဆပ်ပြာဖြင့်ကိုယ်တိုက်တော့ အမေတို့အိမ်က ဆင်ခြေးတုံးဆပ်ပြာမည်းမည်းကြီးရော အမေ့အိမ်က မွှေးဆပ်ပြာကိုရော သတိရလိုက်ပါသေးသည်။ ဆရာ့တွင် သဘက်မပါပါ။ ရေစိုပုဆိုးကိုညှစ်ပြီး သုတ်ပါသည်။ တည်းသည့်အိမ်ပြန်ရောက်တော့ ငတင့်က ဆရာ့ဝတ်စုံအဖြူကို ဝက်မှင်ဘီးဖြင့် ခတ်ဖွဖွလိုက်လိုက် ပါးစပ်ဖြင့်ဝှူးကနဲမှုတ်လိုက် လုပ်ပါသည်။ အိမ်ပြန်ရောက်မှ လျှော်မှာလေဟုလည်း ပြောပါသည်။ ကျနော်ရော ငတင့်ပါ ကညွှတ်ကွင်းတုန်းက အဝတ်များနှင့်ဖြစ်ပါသည်။
သည်လိုနှင့် နေ့လည် ၂ နာရီခန့်ရှိလာပါပြီ။ သွားစို့ဆိုကာ ထွက်လာကြပါသည်။ ပြမည့်နေရာနှင့် နည်းနည်းဝေးသဖြင့် ဆိုက်ကားစီးကြပါသည်။ ပဲခူးရန်ကုန်ကားဂိတ်မှာ ပြမည်ဖြစ်ပါသည်။ ကားဂိတ်နားက ကုက္ကိုပင်ကြီးတပင်အောက်တွင် ဖြစ်ပါသည်။ ကျွန်တော်တို့ ဘင်တွေဆင် ပစ္စည်းတွေချကတည်းက ကလေးတချို့ရောက်နေကြပါပြီ။ ဆရာ ဘယ်ရောက်သွားသလဲ ကျွန်တော်မသိသဖြင့် ဟိုဟိုဒီဒီလိုက်ကြည့်တော့ ငတင့်က မင်းကလည်း အိန္ဒြေရရ အေးဆေးနေစမ်းပါ၊ အချိန်တန်ရင် ဆရာရောက်လာလိမ့်မယ်ဟု ကျွန်တော့်ကို ငေါက်သလိုပြောပါသည်။ ကျွန်တော့်စိတ်ထဲ တင်းသွားပါသည်။ သို့သော်ဘာမှမပြောဖြစ်ပါ။
မျက်လှည့်ဝိုင်း အစနှင့်အဆုံးမှာ မနက်ကပွဲအတိုင်းပင်ဖြစ်ပါသည်။ သို့သော် သည်တပွဲက ပိုက်ဆံနည်းနည်းပိုရလို့ ထင်သည် ဆရာ့မျက်နှာ ပြုံးရွှင်နေပါသည်။ ပစ္စည်းတွေသိမ်းပြီးတော့ လှည်းကူး-ပဲခူးကားဂိတ်သို့ သွားကြပါသည်။ ကားပေါ်တက်ထိုင်တော့ လူကပြည့်ကာနီးနေပြီ ထွက်တော့မထွက်သေး။ ထိုအချိန်တွင် လက်ဆွဲအိတ်တလုံးနှင့် သားသားနားနားဝတ်ထားသည့် လူတယောက် ကားပေါ်တက်လာပါသည်။ ဆရာ့ကိုမြင်တော့ ပြုံးပြီး ဘယ်လိုလဲကိုဝဏ္ဏဟု နှုတ်ဆက်ပါသည်။ ဆရာကလည်း ရင်ဘတ်လက်ကပ်ပြီး လက်မထောင်ပြပါသည်။
0 comments:
Post a Comment