Thursday, April 17, 2014

“ကာချုပ်မူဝါဒ ၆ ရပ်” (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအတွက် ကြိုးကွင်း (တူမောင်ညို)

0 comments
“ကာချုပ်မူဝါဒ ၆ ရပ်” (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအတွက် ကြိုးကွင်း (တူမောင်ညို) ၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်)
ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့သဘောထားက ငြိမ်းချမ်းရေးရရှိလိုတဲ့သဘောထားမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့ တန်းတူရည်တူဆွေးနွေးညှိနှိုင်းပြီး အဖြေရှာလိုတဲ့ သဘောထားလည်းမဟုတ်ဘူး။ တစ်ဖက်သတ် အပေါ်စီးယူပြီး ဒူးထောက်အညံ့ခံခိုင်းတာဖြစ်တယ်။

“ကာချုပ်မူဝါဒ ၆ ရပ်” ဆိုတာမှာ ဒီလိုသဘောထားတွေကို အတိအလင်းဖော်ပြနေတယ်။ “ကာချုပ်မူဝါဒ ၆ ရပ်” အပေါ် တပ်မတော်နဲ့အတူ ကြံ့ဖွံ့အစိုးရနဲ့ ကြံ့ဖွံ့လွှတ်တော်တို့ကလည်း“တစ်စိတ်တစ်ဝမ်းတည်း” ရှိကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် အခုလိုကောက်ချက်ချနိုင်ပါတယ်။ “ကာချုပ်မူဝါဒ ၆ ရပ်” ဆိုတာကို ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ စစ်တပ်တို့က တစ်စိတ်တည်း တစ်ဝမ်းတည်း၊ အေးတူပူအမျှကိုင်စွဲထားနေသမျှကာလပတ်လုံး “ထာဝရငြိမ်း ချမ်းရေး”ရရှိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

တကယ်တော့“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး”ဆိုတာနိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား (ယာယီ)အခြေအနေတစ်ရပ် ဖန်တီးခြင်း သာဖြစ်ပါတယ်။

သူ့နယ် ကိုယ့်နယ်သတ်မှတ်ထားပြီး၊ နှစ်ဖက်တပ်တွေ မျက်နှာချင်းဆိုင်ထားတဲ့နေရာဒေသတွေမှာ အပြန်အလှန်ထိတွေ့ တိုက်ခိုက်မှုတွေမဖြစ်ပွားရအောင် လှုပ်ရှားမှုတွေလုပ်တဲ့အခါ ကြိုတင်ဆက်သွယ် မှုတွေ၊ အပြန်အလှန်နားလည်မှုတွေရယူထားကြဖို့သာ အဓိကကျပါတယ်။

ယခုတော့ “တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်”ဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက်မလှုပ်နိုင်အောင် အပြန်အလှန်ချုပ်ငင်ထားနိုင်ဖို့ ကြိုးစားနေကြတာမျိုးဖြစ်နေပါတယ်။ တပြည်လုံးအပစ်အခတ်ရပ် သွားပြီး ရေရှည်ခံမယ့်ငြိမ်းချမ်းရေး ရရှိသွားနိုင်ဖို့ဆိုသည်မှာ နိုင်ငံရေးဆွေးနွေးပွဲကထွက်ပေါ်မယ့် ရလဒ်အပေါ်မှာ အဓိကမူတည်နေတာပါ။ နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဖက်နဲ့တစ်ဖက်အပေးအယူ တည့်ကြမယ်ဆိုရင် သေနတ်သံ နောက်ထပ် ပေါ်ထွက်လာစရာအကြောင်းရှိမှာ မဟုတ်ပေမယ့်၊ တစ်ဖက်နှင့်တစ်ဖက် အပေးအယူမတည့်ကြဘူးဆိုရင်တော့ ဘာစာချုပ်ကြီးပဲချုပ်ထားထား၊ ဘယ်သူကပဲ အာမခံထားထား သေနတ်သံပြန်ထွက်လာမှာပဲဖြစ်ပါတယ်။ (နဝတ-နအဖ)စစ်အစိုးရ လက်ထက်မှာ (KIO)နဲ့ အချိန်တန်ကြာ တစ်ဖက်နဲ့တစ်ဖက်အပစ်အခတ်ရပ်နေခဲ့ကြပြီး၊ ကြံ့ဖွံ့အစိုးရလက်ထက်မှာ တိုက်ခိုက်မှုတွေပြန်လည် ဖြစ်ပွားလာခဲ့တာမဟုတ်ပါလား။ (ယခုအချိန်မှာလည်းတိုက်ခိုက်နေကြဆဲပဲ မဟုတ်လား) အခြားနိုင်ငံတွေမှာလည်း ဤနည်းနှင်နှင် ဖြစ်ပျက်နေခဲ့တာတွေမဟုတ်ပါလား။

ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပြဿနာတွေကို အပြန်အလှန်တန်းတူရည်တူ ညှိနှိုင်းဆွေးနွေး

အဖြေရှာသွားနိုင်ကြဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မောက်မာလှတဲ “ကာချုပ်မူဝါဒ ၆ ရပ်” ကို ကြေညာပြောဆိုနေမယ့်အစား တစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြောင်း၊ ကြံ့ဖွံ့အစိုးရ (သို့မဟုတ်) စစ်တပ်ဖက်မှ တစ်ဖက်သတ်ကြေညာဖို့လိုပါတယ်။ သို့ပါ၍ ကြံ့ဖွံ့အစိုးရ (သို့မဟုတ်)တပ်မတော်အနေနဲ့ သဘောထားကြီးပြီး၊ “ထာဝရငြိမ်းချမ်းရေး” အမှန်တကယ်ရရှိလိုတဲ့ စိတ်ကောင်းစေတနာရှိမှုကိုပြသတဲ့
နေနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့လိုပါတယ်။ ဒါဆိုရင် အခုလို စာချုပ်တွေ (single text) တွေအတွက် အလုပ်ရှုပ်နေစရာအကြောင်းမရှိတော့ပါဘူး။ (MPC အတွက်တော့ စားဂွင် ပျောက်သွား မှာပေါ့)

ယခုလက်တွေ့ကြုံနေရတဲ့ ဖြစ်ရပ်တွေမှာပဲကြည့်ပါ၊ တစ်ခုတည်းသောသဘောတူညီချက် (single text) ရရှိဖို့ အလွန်တရာခက်ခဲနေပါတယ်။ အဲဒီ အခက်အခဲတွေအနက် အဓိကအကျအဆုံးအတားအဆီးက “ကာချုပ်မူဝါဒ ၆ ရပ်”ပဲ ဖြစ်ပါတယ်။ (Single text) ရရှိဖို့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ (ဧပြီ ၅ မှ ၈ ရက်ထိ)မှာ ကာချုပ်ကိုယ်စားလှယ်ရဲ့ဆွေးနွေးချက်များဟာ တင်းမာပြင်းထန်လွန်း၊ မောက်မာလွန်း လှပါတယ်။ “ပြည်တွင်းစစ်၊ တော်လှန်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်” စတဲ့ စကားလုံးတွေ မသုံးစွဲရ၊ ဖြုတ်ပယ်ပေးရမယ်တဲ့။ “ကာချုပ်မူဝါဒ ၆ ရပ်” အပေါ် အသေကိုင်စွဲရပ်တည်ထားနေသမျှ၊ မစွန့်လွှတ်သမျှ ဒီလိုတစ်ဖတ်သတ်ကျပြီး မောက်မာတဲ့၊ အပေါ်စီးယူတဲ့ပြောဆို ဆွေးနွေးချက်တွေပဲကြားနေ၊ ကြုံနေရပါလိမ့်မယ်။ ဒါကြောင့် ပြေလည်မှုအဖြေဟာလည်း ဝေးကွာသည်ထက် ဝေးကွာနေပါလိမ့်မယ်။
“ကာချုပ်မူဝါဒ ၆ ရပ်”ကို ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်တို့က ထာဝရစွန့်လွှတ်မှသာ “ထာဝရငြိမ်းချမ်းရေး” ရနိုင်ပါလိမ့်မယ်။
 

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနေဖြင့် “ကာချုပ်မူဝါဒ ၆ ရပ်”ကို လက်ခံလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုသတ်သေတာမျိုး၊ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းကို ကိုယ်ကိုယ်တိုင်သတ်ပစ်တာမျိုးသာလျှင် ဖြစ်ပါလိမ့်မယ်။
“ကာချုပ်မူဝါဒ ၆ ရပ်”ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က“ လက်မခံနိုင်ဘူး/ တစ်ဖက်သတ်ဖြစ်နေတယ်” လို့ တုန့်ပြန်သွားကြောင်း ကြားသိရပါတယ်။

0 comments:

Post a Comment