Sunday, April 27, 2014

၂ဝ၁၄ ဧပြီ နောက်ဆုံးပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဧပြီ နောက်ဆုံးပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
ဟိုတလောက ဘယ်သူ့စတေးတပ်စ်မှာလဲမသိဘူး ဖတ်လိုက်ရတယ် "ခု ဗမာပြည်လူဦးရေ သန်း ၆ဝ လောက်မှာ ၁ဝ သန်းလောက်က ဗိုလ်ချုပ်အောင်ဆန်းတွေ"တဲ့။ (ငါတို့ဗမာပြည်မယ်++++ မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်++++)ဆိုတဲ့သီချင်း သူမေ့နေလို့ဖြစ်မယ်။ ဒါမှမဟုတ် အာဇာနည်မမြည်တဲ့၊ သာကီနွယ်ဗိုလ်ချုပ်အောင်ဆန်းတွေပေါတာကို မြင်ပြင်းကပ်တာလည်းဖြစ်မယ်။ ထားပါတော့လေ အဲ့ဒါက။ ပြောချင်တာက ဟိုနေ့က ငယ်သူငယ်ချင်းနဲ့ အွန်လိုင်းမှာ ဗီဒီယိုချက်တင်န်းအလ္လပသလ္လလုပ်နေတုန်း (၅)တန်းကျောင်းသား သူ့ရင်သွေး အနားရောက်လာတော့မိတ်ဆက်ပေးတယ်။ ကျနော်ကလည်း ထုံးစံအတိုင်း နံမည်တွေ ဘာတွေမေးမက်ပြီး ထုံးစံအတိုင်း "မင်းကြီးရင် ဘာလုပ်မယ်"ကို မေ့ပြီးမေးမိတယ်။ သူက မဖြေပဲ သူ့အဖေမျက်နှာကို ဖျတ်ကနဲတချက်လှမ်းကြည့်တယ်။ အဖေက ပြောလိုက်လေကွာဆိုတော့ "စစ်ဗိုလ်ကြီးလုပ်မှာ"တဲ့။ ကျနော်က "ဗိုလ်ချုပ်အောင်ဆန်းလို စစ်ဗိုလ်ကြီးလား"ဆိုတော့ "ဟုတ်ဘူး ဘဘ"တဲ့။ "ဘာလို့တုန်းကွာ"ဆိုတော့ "ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်လို့သာပြောတာ ဘာမှလည်းမရှိဘူး"လို့ ပြောပြီးပြေးရော။ ကျနော်က သူ့ဖေကို"ဘယ်လိုဖြစ်တာတုန်း မင့်သားက"ဆိုတော့ "ငါပဲ အပြောမတတ်လို့လား သူသဘောပေါက်မှုက ခေတ်ပြဌာန်းချက်အောက် တည့်တည့်မတ်မတ်ကျနေလို့လားတော့ မပြောတတ်တော့ဘူးကွာ။ ဒီကောင် ၈ နှစ်သားလောက်က ငါက ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက်ကိုယ်ကျိုးမရှာမှန်း ခြိုးခြံမှန်းပြောပြတော့ သူက "ဖေဖေတို့ဗိုလ်ချုပ်ကလည်း ဗိုလ်ချုပ်လုပ်နေပြီးတော့များ"လို့ပြောတယ်ကွ၊ ငါလည်း စိတ်ထဲထောင်းကနဲဖြစ်ပြီး မျက်နှာတင်းတင်းနဲ့ကြည့်လိုက်တယ်။ ဒီကောင်လန့်သွားတယ် ဟေ့ကောင်ရေ။ နောက်ပိုင်း ငါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောရင် ဘာမှတ်ချက်မှမပေးပေမယ့် အဖေမို့လို့သာ နားထောင်ရတယ်ဆိုတဲ့အထာနဲ့ နားထောင်တာကွ စိတ်ထဲတော့ သိတ်ကြည်ပုံမရဘူး။ ပြီးတော့ သူကြီးလာရင် စစ်ဗိုလ်လုပ်မယ်လို့ တခါက ငါ့ကိုပြောဖူးတယ်။ ငါက အေး..မင်းလုပ်ချင်တာလုပ်လို့ရတယ် မင်းဖြစ်ချင်တာလည်း မင်းဘဝမှာ ဖြစ်လို့ရတယ်။ တခုတော့ရှိတယ် စစ်ဗိုလ်လုပ်ပြီဆိုရင် မိဘအိမ်ရိပ်နင်းဖို့တောင်မကြိုးစားနဲ့လို့ အပြီးပြောထားပြီးသားကွာ။ ဒါ့ကြောင့် နေမယ်..."တဲ့။ ကျနော်လည်း အင်း တစ်လုံးပြောပြီး ခုန စတေးတပ်စ်မှာပြောခဲ့တဲ့ ဗိုလ်ချုပ်အောင် ၁ဝ သန်းလောက် သွားသတိရတယ်။
(ဗိုလ်တွေများတဲ့ပြည်)

ဦးဝင်းတင် ထောင်ကလွတ်တော့ ပုံစံအင်္ကျီပြာယူလာပြီး မချွတ်တမ်းဝတ်ရာကနေ အစိုးရက ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုသဘောမျိုးနဲ့တရားစွဲမယ်ဆိုတော့ "အလကားပါဗျာ ဘိုးတော်က အူကြောင်ကြားနဲ့၊ စတန့်ထွင်တာပါ"ဆိုခဲ့သူလည်း အသုဘကြတော့ ပုံစံပြာဖက်ရှင်နဲ့။ ငါလည်းမင်းလောင်းထီးဖြူဆောင်း မျက်နှာထားနဲ့၊ သူလည်း ၈၈ ကို မျိုးဆက်နဲ့ချီပြီးခေါင်းဆောင်လုပ်မလို့ထင်တယ်။ တခါတုန်းက ပွဲတစ်ခုကဓါတ်ပုံမှာ ဖင်တုံးလုံးရွယ် သူ့ကလေးငယ်မှာ ပင်နီနဲ့ ကချင်ပုဆိုးနဲ့ ခွပ်ဒေါင်းရင်ထိုးနဲ့ အမယ် နဖူးစည်းတောင်ပါသေး။ (သူလည်း ပြာ တယ်)

သေရာယူသွားလို့ရတယ်ဆိုရင်တောင် ဘဝဟာ ငွေရှာဖို့အတွက်သက် သုံးစွဲပစ်လိုက်ရမယ့်အရာလို့ ဘယ်တုန်းကမှခံယူမထားဘူး။ ဘာမှန်းမသိ ဘယ်သူမှလည်း တိကျသေချာရှင်းမပြ သက်သေမပြနိုင်တဲ့ (ယုံလောက်သူဟောတာမို့ ယုံရတယ်ဆိုသူတွေလည်း ယုံကြပါစေ) နောက်ဘဝတွေ သံသရာတွေ နတ်ပြည်တွေ ထဝရအသက်တာတွေ အမတသုခဘုံတွေအတွက်တော့ဖြင့် ခုလောက်ခုလိုသေချာတဲ့ မျက်မြင်ဒိဌလည်းဖြစ်တဲ့ဘဝကို ဘယ်တော့မှ ရင်းစားမပေးဘူး။ ရောင့်ရဲခြင်းတရားဆိုတာ ဘာမှမစွမ်းနိုင်တော့တဲ့ ဘဝအဖြစ်အနေရောက်နေသူအဖို့သာ လိုလားအပ်တာပဲ။ သီးခံခြင်းတရားဆိုတာ မိမိအနိုင်ရချိန်မှာ မိမိအသာစီးရောက်နေချိန်မှာ မိမိအပေါ် မတရားလုပ်ခဲ့သူ နိုင်စားခဲ့သူကို ခွင့်လွှတ်လိုက်ခြင်းအဖြစ်ပဲ လက်ခံသိမြင်ကျင့်သုံးခဲ့တယ် ကျနော့်ဘဝတလျှောက်မတော့။ လူမချမ်းသာရင်နေ စိတ်ချမ်းသာရင်တော်ပြီဆိုတဲ့ တခြမ်းပဲ့အတွေးမျိုးလည်း တခါဖူးမျှ တွေးမကြည့်မိခဲ့ဖူးဘူး။ အိုခြင်း နာခြင်း သေခြင်း ချစ်ခင်သူနဲ့ခွဲရခြင်း မချစ်မနှစ်သက်သူနဲ့နေရခြင်း စတာတွေအပါအဝင် လူတိုင်းကြုံကိုကြုံရမယ့် ဆင်းရဲဒုက္ခတွေခံရတာခြင်းအတူတူ လူဆင်းဆင်းရဲရဲနဲ့ပါခံရမယ်ဆို နှစ်ထပ်ကွမ်းခံရချက် ပိုမပြင်းပေဘူးလား။ လူမဆင်းရဲသူတွေဟာ ပြောခဲ့တဲ့ဒုက္ခတွေကို ခုခံရာမှာ ရုပ်ဝတ္ထုအမှေးအထောက်ရှိတော့ အသက်နည်းနည်းပိုရှည်တာ၊ အနာနည်းနည်းသက်သာတာ၊ အသေနည်းနည်းနောက်ကျတာတွေရှိတာ ငြင်းမရဘူး။ နောက်ဆုံး ကုန်ကုန်ပြောမယ် သေရင်တောင် နာကျင်မှုဝေဒနာအနည်းဆုံးနဲ့သေအောင်လုပ်လို့ရတာပဲ။ ဆုံလည်နွားတို့ တဏှာ့ကျွန်တို့ လောဘသားတို့ဆိုတဲ့သဘောစွပ်စွဲပြစ်တင်ကာ၊ လူ့အသက်မွေးမှု လူ့လောကစည်ပင်ကြီးကွားမှု လူ့မျိုးဆက်ရှင်သန်ပေါက်ဖွားမှုအတွက် လုပ်အားခွန်အား ဉာဏ်အားရှိသမျှ နေ့ရှိသရွေ့အချိန်ရှိသရွေ့ ရုန်းကန်နေရသူတွေကို နှာခေါင်းရှူံ့သလိုလုပ်ကာ၊
ရောင့်ရဲခြင်းတရားတွင်တွင်ဟောပြီး အသက်မွေးဝမ်းကြောင်းနေသူတွေကြည့်လိုက်တော့ ဝလို့ ဖြိုးလို့ အဆီတထပ်အသားတထပ်နဲ့ ဂုပ်ပိုးအရစ်ရစ်တက်လို့။ စည်းစိမ်အပြည့်နဲ့ သာယာဝပြောနေပုံများ။ ဆုံလည်နွားတွေမတော့ နူရာဝဲစွဲလဲရာသူခိုးထောင်း။
(အတွေးတစ်ခြမ်းပဲ့)

နေ့လည်က မြန်မာပြည်သားတွေအနေများတဲ့ ရပ်ကွက်ကြီးတခုနားကဖြတ်ပြန်လာတော့ အတူပါလာတဲ့ အမေရိကန်မိတ်ဆွေက မြန်မာစားသောက်ဆိုင်ကိုလက်ညှိုးထိုးပြီး "ဒီဆိုင်က ဘာလို့ ဒီနားမှာဖွင့်ထားတာလဲ"လို့မေးတယ်။ ကျနော်လည်း ဒီလူ့နှယ် ကြောင်ပါ့ကွာဆိုတဲ့ အတွေးနဲ့"ဗမာပြည်သားတွေအနေများတဲ့ဝန်းကျင်မို့ပေါ့ကွ"လို့ပြန်ဖြေလိုက်တယ်။ သူကဆက်ပြီး"အဲ့ဆိုင်မှာရောင်းတဲ့ဗမာစာတွေက မင်းတို့အိမ်မှာချက်စားလို့မရကြဘူးလား"တဲ့။ "ရတာပေါ့ကွ"လို့ ဘုပြန်တောမိတယ်။ "ဒါဆို မင်းတို့ ဒီမှာ လာစားစရာမှမလိုတာလေ"တဲ့။ "ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် တခါတလေ မချက်အားတဲ့အခါမျိုး၊ မိတ်ဆွေတွေ ဧည့်သည်တွေနဲ့ ဆိုင်မှာလာစားချင်တဲ့အခါမျိုး၊ ဆိုင်ထမင်းဆိုင်ဟင်းစားချင်တဲ့အခါမျိုးဆို လာကြတာပေါ့" လို့ပြန်ဖြေတော့ သူက"အစားချင်းအတူတူကွာ ပမာဏလည်းအတူတူ အရသာလည်းအတူတူ အားလုံးအတူတူပဲထားကွာ၊ အိမ်မှာချက်စားတာနဲ့ ဒီမှာလာစားတယ် ဘယ်လောက် ကွာသလဲ"တဲ့။ "ထက်ဝက်လောက်ကွာမယ်ထင်တယ်"လို့ ပြန်ဖြေမိတယ်။ "အဲ့လိုကွာမှန်းသိရက်နဲ့ မင်းရော အမြဲတမ်းလာစားဖြစ်လား"တဲ့။ "ဘယ်စားဖြစ်ပါ့မလဲကွ ကိုယ့်ဟာကိုယ် အိမ်မှာပဲချက်စားတာများတာပေါ့"လို့ပြန်ဖြေတယ်။ သူက မပြီးသေးဘူး "အဲ့ဆိုင်မှာ ငါ့တစ်ယောက်စာ ဗမာထမင်းဗမာဟင်းနဲ့အဝစားရင် ဘယ်လောက် လောက်ကျမယ်ထင်သလဲ" တဲ့။ "၁၂ ဒေါ်လာလောက်ဆို ပြီးမယ်ထင်တာပဲကွ ဘာဖြစ်လို့လဲ" လို့ ဒီတခါတော့ ကျနော်ပြန်မေးမိတယ်။ သူက အမေးကို မဖြေသေးပဲ"ဒါဆို အဲ့ဒီအတိုင်း မင်းအိမ်မှာလုပ်စားရင် ၆ ဒေါ်လာပဲကုန်မယ်ဆိုတဲ့သဘောပေါ့။ အချိန်လည်းရမယ် အလုပ်လည်းမရှုပ်ဘူး အိမ်မှာပဲလည်းစားချင်တာဆို မင်းအိမ်မှာလုပ်စားမလား ဒီမှာ လာစားမလား"တဲ့။ "အိမ်မှာပဲစားမှာပေါ့ဟ ဒီလာစားနေပါ့မလား"ဆိုတော့ သူကပြုံးတယ်။ ပြီးတော့မှ"နံမည်မရှိတဲ့အမေရိကန်စားသောက်ဆိုင်ပိစိကွေးမှာ ငါ သွားစားမယ်ဆိုရင် တနပ်စာအတွက် ဒေါ်လာ ၂ဝ တော့ကုန်မှာပဲ။ ဒီမှာ ၁၂ ဒေါ်လာနဲ့ အစားသစ်လည်း စမ်းစားခွင့်ရမယ် ဗိုက်လည်းပြည့်တယ်ဆို ဒီမှာပဲ ငါစားမှာပေါ့ကွာ။ ကြိုက်ရင် နောက်လည်း လာလာစားမှာပေါ့၊ အမေရိကန်အများစုက အသစ်အဆန်းဆို တယ်ပြီးမြည်းစမ်းချင်ကြတာ ပဲကွ။ နောက်ပြီး အမေရိကန်တွေက မင်းတို့ဗမာစာတွေ မချက်တတ်ဘူးလေကွာ။ ချက်တတ်တယ်ဆို ဘယ် ဒီလာစားနေတော့မလဲ။ မင်းတို့လို ကိုယ့်အိမ်ကိုယ်ပဲ ချက်စားမှာပေါ့။ နောက်ပြီး ကြိုက်ပြီဆို ဒီမှာလာစားရုံကလွဲလို့ ဘယ်ရှိပါ့မလဲကွ။ ဆိုတော့ ကိုယ့်ဆိုင်လာစားမယ့်ပရိသတ်က ဘာလဲသိဖို့မလိုဘူးလားကွာ။ နိုင်ငံခြားမှာ ဗမာအစားအသောက်အဆိုင်ဖွင့်တာ တခါတလေလာလည်တဲ့ဗမာပြည်ကနဲ့ ဟိုကဒီကလာလည်တဲ့ ဗမာပြည်သားတွေသေချာပေါက်လာစား လာကြွေးဖို့မျှော်မှန်း၊ ဒေသခံဗမာပြည်သားတွေကို အရံဖေါက်သည်လောက်ပဲတွေး၊ အဓိကစားသုံးသူအဖြစ်ထားရမှာက ဗမာစာမချက်တတ် မပြုတ်တတ်တဲ့အပြင် ပေါချောင်ကောင်းလိုက်ရတဲ့ လက်လုပ်လက်စား
အမေရိကန်တွေပဲ ဖြစ်ရမှာလေကွာ...ဗမာတွေမှမဟုတ်တာ..၊ ခုတော့ မင်းတို့က ပြောင်းပြန်ဖြစ်မနေပေဘူးလား" ဆိုပြီး ပြုံးထေ့ထေ့လုပ်နေတယ်။ ကျနော်လည်း အင်းမလုပ်အဲမလုပ်နဲ့ ခေါင်းတညိတ်ညိတ်လုပ်ပြီး အတွေးစတွေထွက်နေတယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ သူပြောတာကို။ သြော်..မေ့တော့မလို့ အဲ့ဒီလူ ရှေ့နေဗျ။


0 comments:

Post a Comment