Wednesday, September 23, 2015

၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)

0 comments
၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)
(သုံးပိုင်းမကျိုးတဲ့ချစ်ခြင်း)
မနေ့က နှစ်စဉ်ဝတ်မပျက် ဂျွန်နီအက်ပယ်လ်စိဒ်ပွဲတော်သွားခဲ့တယ်။ ပွဲတော်လာတွေ ကားရပ်ရအဆင်ပြေအောင်နဲ့ သွားရေးလာရေးလွယ်အောင် IPFW တက္ကသိုလ်နဲ့ ဟိုဘက်ခြမ်းက ပွဲတော်ကွင်းနေရာကို အဲကွန်းဘာ့စ်တွေ လွန်းပြန် အခမဲ့ဆွဲပေးတယ်။
အပြန်ကားစောင့်တန်းစီနေတုန်း နောက်နားက “ခွမ်”ကနဲ တခုခုကျကွဲအသံနဲ့အတူ “ဟာ ဟင်”အသံတွေထွက်လာတယ်။ လှည့်ကြည့်လိုက်တော့ အသက် ၆ နှစ်လောက်ရှိမယ့် ချာတိတ်လေးတယောက် ငိုမဲ့မဲ့မျက်နှာနဲ့ “သွားပြီ မေမေ သွားပြီ”ဆိုပြီး အောက်ကိုကြည့်နေတယ်။
သူ့မျက်လုံးအတိုင်းလိုက်ကြည့်တော့ ကြွေသား အစိမ်းတောက်တောက် မိကျောင်းရုပ်ကလေး ကွန်ကရိလမ်းပေါ်မှာ သုံးပိုင်းကျိုးကြေလို့။ သူ့နောက်က မတိမ်းမယိမ်း ချာတိတ်မလေးက “ဟယ် နှမျောစရာကြီးနော် အရုပ်ကလေးက လှလိုက်တာ”ဆိုတော့ ငိုချင်ရက်လက်တို့ဖြစ်သွားတဲ့ ချာတိတ်ရဲ့ မျက်ဝန်းအစုံက မျက်ရည်တွေ တွေတွေစီးပြီး “မေမေ သား မတော်တဆ လွတ်ကျသွားတာ၊ တမင်လုပ်တာ မဟုတ်ဘူးနော်”လို့ ငိုသံပါနဲ့ပြောတယ်။
အဲ့အချိန်မှာ အသက် ၃ဝ လောက်ရှိမယ့် မိန်းမလှမိခင်က သုံးပိုင်းကျိုးအရုပ်စလေးတွေကို တစစီကောက်ပြီး ပြုံးရွှင်တဲ့မျက်နှာ ချိုသာတဲ့ပကတိလေသံနဲ့ “အမေ့သားက မဆိုးဘူးပဲ။ လွတ်ကျပြီး အရုပ်ကျိုးတာတောင် ကြေမသွားဘူး။ သုံးပိုင်းပဲ ပိုင်းသွားတာ၊ ဘယ် တော်ရုံတန်ရုံလူ လုပ်နိုင်ပါ့မလဲ၊ တချို့ဆို ကြေမွကုန်တာ၊ ဒါတော့ ဒီမှာကြည့် အမြီးတပိုင်း၊ ကိုယ်တပိုင်း၊ ခေါင်းတပိုင်း သုံးပိုင်းတိတိပဲ၊ ဒါ လွယ်လွယ်လေးသားရဲ့ စူပါဂလူးနဲ့ ပြန်ဆက်လိုက်ရင် အကောင်းပြန်ဖြစ်သွားတာ၊ ဒီလိုလုပ် ခုအပြန်လမ်းမှာ မေမေတို့ စူပါဂလူး ဝယ်သွားမယ်၊ အိမ်ရောက်ရင် ဖေ့ဖေ့ကို ပြန်ကပ်ခိုင်း၊ ဖေဖေက ဒါမျိုးဆို သိတ်ကျွမ်းတာ၊ နေဦး မေမေ ဖေဖေ့ကိုဖုန်းခေါ်လိုက်မယ်၊ သားကပြောပြထား” ဆိုပြီးဖုန်းခေါ်ပေးတယ်၊
ဖုန်းဝင်သွားတော့ သားတော်မောင်က အကျိုးအကြောင်းပြောတယ်၊ အမေက အရုပ်ကျိုးလေးသုံးပိုင်းကို လက်ပွေ့အိပ်ထောင့်လေးထဲ တယုတယထည့်တယ်။ အဲ့အချိန်မှာ အဖေနဲ့ဖုန်းပြောနေတဲ့သားက ဖုန်းကိုနားကခွာရင်း မျက်ရည်တွေကြားကနေ အားရပါရပြုံးပြီး “မေမေ ဖေဖေကပြောတယ် အသစ်ထက်ကောင်းအောင် လုပ်ပေးနိုင်တယ်”တဲ့ဆိုတော့ ကျနော်တို့အားလုံး ပြိုင်တူအပြုံးတွေဝေလို့။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(တပြည်လုံးစစ်မြေပြင်)
စစ်မြေပြင်လို့သတ်မှတ်ထားတဲ့နေရာမှာ ဗိုလ်ပေါက်စလေးကနေစပြီး ဗိုလ်ချုပ်အကြီးကြီးတွေအထိ “ငါတို့ ကိုယ့်ဝေစုအတွက် ကိုယ်တိုက်နေရတာ”ဆိုတဲ့အသိ ဝင်နေအောင်စွဲနေအောင် လုပ်ထားနိုင်တဲ့စစ်တပ်မျိုးကို လူတန်းစားအတွေးအခေါ် သက်သက်လောက်နဲ့၊ ပြည်ချစ်စိတ်သက်သက်လောက်နဲ့၊ လူမျိုးစုရပိုင်ခွင့် သက်သက်လောက်နဲ့ ယှဉ်တိုက်ဖို့မလွယ်ကြောင်း ဗမာ့ပြည်တွင်းစစ်ဟာ အကောင်းဆုံးသက်သေပဲ။ ဒီနေရာမယ်သုံးတဲ့ “စစ်မြေပြင်”ဆိုတာ “ဗမာတပြည်လုံး”ကို ဆိုလိုတာပါပဲ။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(ဗိုလ်ပန်းစွပ်)
စစ်ဗိုလ်ဟောင်းတယောက် အရင်တိုင်းမှူးအဆင့်နဲ့ စစ်ဘုရင်အလတ်စားထိဖြစ်ခဲ့သူ၊ အာဏာကိုသေနတ်လိုခါးကြားထိုးထားခဲ့သူ၊ စစ်အာဏာနဲ့ရှာရတဲ့ဓနနဲ့ခိုင်ဖြီးနေသူ၊ ခု အထက်အမိန့်အရရော မလုပ်ရင် ”ကိုယ့်ဘဝကိုယ်တွေးထား”ဆိုပြီး သူ့ဓနပုံကြီး မျက်စောင်းထိုးပြီး တဘက်လှည့်အကြပ်ကိုင်မှုနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြုအမတ် ဝင်အရွေးခံရမယ်ဆိုတော့ “ရှက်စရာကြီးဗျာ တွေးကြည့်ပါဦး တိုက်ပုံကြီးဝတ်ပြီး လည်ပင်းမှာပန်းကုံးတွေဆွဲပြီး တွေ့သမျှလူတွေလိုက်ပြုံးပြ ဘာရုပ်မှမပေါက်တဲ့လူတွေနဲ့ ဓာတ်ပုံတွေတွဲရိုက် မြို့လည်ကောင်ကြီး စပ်ဖြီးဖြီးနဲ့ကြောင်တောင်တောင်လမ်းလျှောက်ပြီး “ကျနော့် မဲပေးပါ ကျနော့ မဲပေးပါနဲ့”လိုက်ပြောနေရတာဗျာ၊ ဘယ်လောက်အောက်သလဲ။ တပ်မတော်မှာ အနှစ် ၃ဝ ကျော် တိုင်းပြည်တာဝန်ထမ်းခဲ့တဲ့လူက၊ ဒါတောင်နော် ကိုယ့်လူတွေလက်ထဲ တဘက်လှည့်နဲ့အာဏာကိုင်ထားနိုင်လို့၊ ကိုင်များ မထားနိုင်လို့ကတော့ ကိုယ်တွေကို လူတောင် ထင်ပါ့မလားမသိဘူး။ ကိုယ့်အနေက ဆရာသမားတွေ လူကြီးတွေမျက်နှာကလည်းရှိနေ မကင်းရာမကင်းကြောင်းတွေကလည်းဖြစ်နေလို့သာ ဒီ ကြံ့ဖွံ့ပြောင်းပြီး အမတ်လုပ်ပေးရတာ၊ တကယ်က ကိုယ်က ကိုယ့်ပင်စင်လေးနဲ့ စာလေးဘာလေးဖတ် သစ်ပင်ပန်းပင်လေးတွေစိုက် တရားလေးဘာလေးထိုင်နဲ့ အေးဆေးနေချင်တာကွာ၊ ဒီခေတ်ကြမှပဲ တိုင်းမှူးဟောင်းက လူ့အောက်လိုက်ကျို့ရမယ့်အပေါက်ကွာ”ဆိုပြီး မူးမူးနဲ့ရင်ဖွင့်တာ။ (မိတ်ဆွေဟောင်း သူ့လူသူ့ဘက်သားပေးတဲ့ ပါတီတခုမှာ လာမူးတဲ့ စစ်ဗိုလ်စီးပွားရေးသမားတယောက်ကပြောတဲ့စကား)
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၅

(မိုးကျ နေကျရွှေကိုယ်များ)
ရာဟုလာသံကိစ္စည်းရေးပြီး ဆရာဆန်းထွန်းနဲ့ဆရာပါရဂူဘာသာပြန်တဲ့ ဗော်လဂါမှဂင်္ဂါသို့ ထဲက အခန်း(၂) ဒီဝါ က ခရစ်မပေါ်မီအနှစ် ၃၅ဝဝ ဝန်းကျင်ကိုဖွဲ့တာဗျာ။ ဒီနေ့လူ့အဆက်ကနေဆိုတာ ၂၂၅ ဆက်ကျော်ပေါ့။
ပြောချင်တာက အဲ့ဒီအခန်းမှာပါတဲ့ ကေင်မလေးအမည်က ဒိဝါ။ ကောင်လေးအမည်က သူရဿဝါ..တဲ့။ သူရဿဝါဆို နေကျရွှေကိုယ်လို့အဓိပ္ဗါယ်ရသတဲ့။ ဖဲကြိုးသင်္ကေတနဲ့ အရပ်ဘက် နယ်တကာမှာဗိုလ်ကျလာတဲ့ စစ်မိုးကျရွှေကိုယ်တွေကို ဆန့်ကျင်ပြကြတယ် မဟုတ်လား အလွန်ကောင်းတဲ့ ပညာတတ်အလွှာက သိမ်သိမ်မွေ့မွေ့အာခံမှုပေါ့ဗျာ။ ဒီ့ထက်ပိုပါလာအောင် ဒီ့ထက်ပိုကျယ်ပြန့်လာအောင်လုပ်ရင်း နောက်ဆုံး လူထုလှုပ်ရှားမှုကြီးအထိ မြှင့်တင်တွန်းတင်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။
ဒါပေမယ့် ခု တပြန် ပြန်တွေးကြည့်တာ(ခေတ်ပေါ်စကားနဲ့ဆို အခြားတဘက်မှ ဆင်ခြင်ခြင်းပေါ့လေ) ခု ဒီမိုကရေစီဆိုပြီး အတိုက်အခံသဘောနဲ့ အမတ် ဝင်အရွေးခံကြသူတွေထဲမယ် ဆရာဝန်တွေမှမနည်းဘူး။
ဆရာဝန်နိုင်ငံရေးမလုပ်ရဘူးလို့ မဆိုလိုပါဘူး။ လူထုမှာစွဲကပ်နေတဲ့ဆင်းရဲနာကို နိုင်ငံရေးနဲ့မှ ကုလို့ရမှာကိုး။ နိုင်ငံရေးဆိုတာ တော်လှန်ရေးပါပဲ။ ခါတော်မီ အမတ်ဝင်လုပ်တာကိုတော့ နိုင်ငံရေးတို့ တော်လှန်ရေးတို့ မပြောအပ်ဘူးတွေးတာပါပဲ။ ရွှေမန်းကလည်းပြောထားတယ် မဟုတ်လား လွှတ်တော်ထဲမှာ နိုင်ငံရေးစကားတွေမပြောကြပါနဲ့ဆိုပြီး။ ထားပါတော့လေ။
ပြောချင်တာက အဲ့ ဆရာဝန်တွေအမတ်ဖြစ်ကုန်ကြတယ်ဆိုပါတော့။ တချိန်မှာ လွှတ်တော်ထဲမှာ နိုင်ငံရေးသမားက နိုင်ငံရေးမလုပ်ရပဲ (ဒီနေရာမယ် စစ်ဗိုလ်အမတ်တွေတော့ စကားလုပ်ပြောနေတာ မဟုတ်လေတော့) ဆရာဝန်တွေက အမတ်လုပ်ပြီး နိုင်ငံရေးထဲဝင်ပါတော့ နိုင်ငံရေးသမားတွေက “နေကျရွှေကိုယ်”ဆန့်ကျင်ရေး ပဋိသူရဿဝါ ဖဲကြိုးတပ် ဆန့်ကျင်ရေးလုပ်လာရင်မခက်ပါလား။
ဒါဆို မိုးကျရွှေကိုယ်နဲ့ နေကျရွှေကိုယ်ကြေရော။
စက်တင်ဘာ ၁၉၊ ၂ဝ၁၅


0 comments:

Post a Comment