(ဖင်လှန်စိန်ပြောင်း)
ဒါတွေ့တော့ တပ်ထဲနေတုန်းက တပ်မ(၉၉)လက်အောက်ခံ ခလရ-၉(လင်းခေး)ကတပ်နဲ့ တွဲပြီး ရှမ်းပြည်မြောက်ပိုင်း(ဗမာပြည်မြေပုံအရအဆို အရှေ့မြောက်ဒေသ) စီစီဝမ်တာပန်မှာနေခဲ့တာ သွားသတိရတယ်။
စီစီဝမ်နဲ့တာပန်ဆိုတာက စခန်းကုန်းအခြေနား မရောက်တတ်ရောက်တတ်မှာ ရှိခဲ့ဖူးတဲ့ရွာ ၂ ရွာရဲ့နံမည်။ ၁၉၇၆ လောက်ကတည်းက ဗကပနဲ့တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး ပျက်သွားတဲ့ရွာပေါင်းများစွာထဲက ရွာ ၂ ရွာဆိုပါတော့။ စီစီဝမ်တာပန်ကုန်းကို တက်ရင် အောက်ခြေမှာ တင်ရွှေကုန်းဆိုတာရှိတယ်။ ဗကပနဲ့ချတဲ့ပွဲတပွဲမှာ ကြွသွားတဲ့ စစ်ဗိုလ်တယောက်ကိုဂုဏ်ပြုပြီး မှဲ့ထားတဲ့ကုန်း၊ တပ်ခွဲမှူးရုံးနဲ့ တပ်စုတစု ထိုင်တယ်။
အဲ့ဒီကနေဆက်တက်ရင် ကြားစခန်း တစ် နှစ် သုံးဆိုပြီး တပ်စိတ်အဆင့်ထိုင်တဲ့ စခန်းကုန်းလေး ၃ ကုန်းရှိတယ်။ အဲ့ဒါတွေလွန်တော့မှ စစ်ကြောင်း(၂)စစ်ကြောင်းမှူးရုံးထိုင်တဲ့ ဘိန်းမုန့်ကုန်း၊ ဘိန်းမုန့်ကုန်းမှာက ရိက္ခာရုံရှိသလို ဘော်လီဘောကွင်းလည်းရှိတယ်၊ ၇၅ မီလီမီတာနောက်ပွင့်တို့၊ ၈၁ မီလီမီတာစိန်ပြောင်းတို့လည်း ဆင်ထားတယ်။
ဘိန်းမုန့်ကုန်း ဘယ်ဖက် ကိုက်တစ်ထောင်လောက်မှာ မိကျောင်း တစ် နှစ် သုံး လေး ဆိုပြီး တပ်စိတ်အဆင့်ထိုင်တဲ့ ခံစစ်ကုန်းလေး လေးခုရှိတယ်။ စုမှူးရုံးလည်းရှိတယ်။ တခါ ဘိန်းမုန့်ကုန်းကနေ ရှေ့ဆက်ပြီး ကိုက် ၅ဝဝ လောက်သွားရင် ဇော်ဝင်းကုန်းဆိုတာရှိတယ်။ ဒါလည်း တိုက်ပွဲကြွစစ်သည်တယောက်အမည်ကို ဂုဏ်ပြုမှဲ့ထားတာပဲ။ သူလည်း ခွဲမှူးရုံးနဲ့ တပ်စုတစုထိုင်ထားပြီး ၈၁ မီလီမီတာစိန်ပြောင်းနဲ့ ၃ လက်မစိန်ပြောင်းလည်းထားတယ်။
အဲ့ဒီ ဇော်ဝင်းကုန်းကနေ ရှေ့ ကိုက် ၄ဝဝ လောက်မှာတော့ ရှေ့ကာကုန်း(ရင်ဆိုင်ကုန်း လို့လည်းခေါ်တယ်)ဆိုတာရှိတယ်။ သူနဲ့ ကိုက် ၄ဝဝ လောက်က ဗကပ ခံစစ်ကုန်းတွေနဲ့ ဆိုင်ထားတာ။ မြူကင်း နှင်းရှင်း မိုးသားစင်ရင် ဟိုဘက်ကလူတွေ တချက်တချက် သွားလာနေတာတောင် မြင်ရတယ်။ မှန်ပြောင်းနဲ့ဆို အတော်လေးကို လူရိပ်ကွဲတာပဲ။ ဒီကုန်းက ရှေ့ကာကုန်းဆိုပေမယ့် စစ်ရေးအရ အရေးကြီးတော့ တပ်စုတစုလုံး ထိုင်တယ်။ မြေပေါ်မှာ အိပ်တဲမရှိဘူး။ ဘန်ကာ၊ အိုဗာဟက်ဒ်နဲ့ မြေခွေးကျင်းအကျယ်ကြီးတွေထဲမယ် အိပ်ရ စားရချက်ရတာ။ အီအီးပါတော့ ကုန်းနောက်စောင်း မိုင်းကွင်းတွေနားမှာ အိမ်သာရှိတယ်။ စခန်းတွင်း တနေရာက တနေရာသွားရင် မြေပေါ်လမ်းထက် ရင်စို့သာသာနက်ပြီး ၂ ပေခွဲလောက်ကျယ်တဲ့ ဆက်သွယ်ရေးမြောင်း (လျှောက်လမ်း)ပဲ သုံးကြရတယ်။
အဲ့တုန်းက တပ်စုမှူးက ဗိုလ်တင်မြင့်၊ တပ်ကြပ်ကနေဖြစ်လာတဲ့ဗိုလ်။ စိတ်အနေရော စိတ်အထားရောကောင်းတယ်။ ရိုးလည်းရိုးတယ်၊ သူအကြပ်ဘဝတုန်းက သူ့မိန်းမက တပ်တွင်းရဲဘော်ဈေးမှာ အကြော်ရောင်းတာ ပဲပြုတ်နံပြားရောင်းတာလည်း သူပြောပြလို့ သိရတယ်။ အကြပ်စစ်သည်တွေအပေါ်လည်း အတော်ညှာတယ်။ သူ့တပ်စုကရဲဘော်တိုင်း သူ့ဆို ချစ်ကြတယ်။
တခါတလေ တပ်စုမှူးလစ်ရင် နေ့ကင်းကျနေတဲ့ ဒီဘက်ကရဲဘော်နဲ့ ဟိုဘက်က ဗကပကုန်းကလူတွေ လှမ်းလှက်အော်အက်ပြီး ယောက်ဖရေ စားပြီးပြီလား၊ မင်းနှမကို သတိရလိုက်တာကွာဘာညာနဲ့ ရိကြကလိကြ၊ တခါတလေလည်း ဟိုဘက်ဒီဘက် ဗမာတွေချည်းပဲဆို စကားပြောရလည်းအဆင်ပြေဆို ငါက ဗမာပြည် ဘယ်မြို့ဘယ်ရွာကကွ ဘာနဲ့ကျောင်းပြီးတာကွ ဗမာပြည်မှာ မိန်းမ သားသမီး မိဘတွေကျန်ခဲ့တာသတိရတယ်ကွ မဆလကိုမကြိုက်လို့သာ တောခိုလာတာကွ အိမ်တော့ပြန်ချင်နေတာပဲ ဘာညာတွေလည်းပါတတ်တယ်။
ဒီဘက်ကလည်း ငါတို့ကစစ်သားကွ အဲ့ဒါတွေနားမလည်ဘူး တိုက်ဆိုရင်တိုက်ရမှာပဲ မင်းနံမည်ပြော မင်းအိမ်လိပ်စာပေးလိုက် ဒီတခေါက်နောက်တန်းပြန်ရင် မင်းမိသားစုကို မင်းရှိသေးတဲ့အကြောင်း သွားပြောပေးမယ်တို့ ဘာတို့လည်းပါတယ်။ တခါတလေ အဲ့သလိုပြောနေကြရင်းနဲ့ အပေါက်လမ်းမတည့်တော့ဘူးဆို ဗြုန်းဗြန်းနဲ့ ထထက်ပစ်ပြက် ကုန်ကြတာပါပဲ။ ထိတော့ ဘယ်ထိပါ့မလဲ။ နှစ်ဘက်စလုံးက ဘန်ကာထဲကနေ ပစ်နေ ပြောနေကြတာကိုး။
တရက် ရှေ့ကာကုန်းက မိုင်းကွင်းတွေပြန်စစ် ပြန်ခင်းဖို့ စစ်ကြောင်းမှူးအမိန့်ရတာနဲ့ ကျနော် ဗိုလ်တင်မြင့်ဆီသတင်းပို့ပြီး တမနက်ခင်းလုံး ရင်ဆိုင်ကုန်းသွားပြီး အခြေအနေ အကဲခတ်တယ်။ မြေပုံတွေနဲ့ မြေပြင်အခြေအနေက အတော်ကွာနေပြီ။ နောက်ပြီး မိုင်းကွင်းသာဆိုတယ် မြက်တွေသက်ငယ်တွေက ရင်စို့တောင်မကတော့ဘူး အပြိုင်းအရိုင်း တောထနေပြီ။
စစ်ကြောင်းတကြောင်းလုံးမှာ အဲ့အချိန် အင်င်္ဂျင်နီယာစစ်သည်ဆိုလို့ ကျနော်ပဲရှိတယ်။ ကျနော်နဲ့တွဲပြီး အတူပါလာတဲ့ စန်းဝင်းက ငြှောင့်ကျင်းထဲချော်ကျပြီး မူဆယ်ဆေးရုံလား လားရှိုးဆေးရုံလား ရောက်နေတာ။ တယောက်တည်းလုပ်မယ်ဆို အနည်းဆုံး ၆ ရက်လောက် လုပ်ရမယ်လို့ စစ်ကြောင်းမှူးကို ပြန်သတင်းပို့တော့ “မင်း အဲ့မှာသွားနေပြီး မပြီးမချင်း လုပ်ပါ။ အေးအေးဆေးဆေး အချိန်ယူလုပ်ပါ။ မလောပါနဲ့၊ သေချာအာင်လုပ်ပြီး စိတ်ချရပြီဆိုမှ ပြန်လာပါ။ ၆ ရက်မဟုတ်ဘူး၊ ပြီးမှပြန်လာ”လို့ အမိန့်ရတယ်။
ဒါနဲ့ အဲ့ဒီမှာပဲ ရိက္ခာပါတွဲပြီး လုပ်စရာရှိတာလုပ်တယ်။ ဗိုလ်တင်မြင့်က သူ့တပ်သားတွေတင် မကဘူး သူကိုယ်တိုင်ပါလုပ်အားပေးတယ်။ ကျနော် မိုင်းရှင်းပြီးသားနေရာတွေက သက်ငယ်တွေ မြက်တွေရိပ်တာ၊ သစ်ပင်ငယ်တွေခုတ်တာကအစ နေ့လည်နေ့ခင်း ကျနော်တယောက်တည်း အလုပ် လုပ်နေချိန်ဆို လက်ဘက်ရည်လေး အအေးလေးပါ ယူယူ လာပေးတယ်။
သူ့တပ်စုက ရဲဘော်တွေအားလုံးလိုလိုနဲ့လည်း ကျနော်နဲ့ ခင်သွားတယ်။ ညနေညနေဆို ကိုယ်အဆင်ပြေရာပြေရာလေးတွေစုပြီး ဘန်ကာထဲမှာ သောက်ဝိုင်းတွေချည်းပဲ။ တခြားလည်း ထွေထွေထူးထူးအလုပ်မှ မရှိကြတာကိုး။
အဲ့ဒီလူတွေထဲမယ် ခုထိမှတ်မိနေတာက တပ်စုတပ်ကြပ်ကြီးထွန်းရင်၊ စကားပြောရင် ပြုံးပြုံးပြုံးပြုံးနဲ့။ ကညွှတ်ကွင်းသား၊ သခင်သန်းထွန်းနဲ့တောင် အမျိုးတော်သလိုလို ပြောဖူးတယ်။ ပေလည်း အတော်ပေပုံပဲ။ တပ်စိတ်မှူးတယောက်ပြောတာက “ဆရာကြီးသာ ရသမျှအရစ်တွေ မပြုတ်ရင် ခုလောက်ရှိ လက်ကောက်ဝတ်ထိတောင်ရောက်မယ် ကိုဘီအီးရဲ့”တဲ့။
ဒီအကြပ်ကြီးက စစ်သားအစစ်။ စစ်တိုက်တဲ့အကြောင်းကလွဲလို့ သူ့မှာ ပြောစရာ သိတ်မရှိတဲ့လူ။ အရက်ကလေးများ ထွေလာပလားဆို “တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့” ကနေ စလိုက်တာ “ကိုယ်တိုင် လှရာရာရွေးလို့ ပန်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့ပူဗျာဝေ တတွေးတွေးနဲ့ ဆွေးရှာရော့မယ်လေ”လည်းရောက်ရော သောက်လိုက်ဆိုလိုက်နဲ့ မျက်ရည်တွေဝဲပြီး သီချင်းလည်း တောင်ရောက်မြောက်ရောက် အသံကလည်း “ဒတ်ဒေါ်အူးဆီ မျှောလိုက်ပြန်ဒေါ့” တွေဘာတွေဖြစ်ကုန်တာပါပဲ။
မနက်ကျ အရက်နာအကျလေး ရေနွေးကြမ်းနဲ့ဖြေရင်း “ဆရာကြီး ညက အတော် ကြွေသွားတာပဲ”လို့ဆိုရင် “အေးဗျ”ဆိုပြီး မျက်နှာကြီးနီပြီး ရှက်ရှက်နေတတ်တာပဲ။ ဒါကလည်း တခါတလေ မဟုတ်ဘူး။ သောက်တဲ့ညနေတိုင်းပဲ။ ညနေတိုင်းလိုလိုကလည်း သောက်ဖြစ်ကြတာပဲ။ ဆရာကြီးလည်း မနက်တိုင်း ရှက်အမ်းအမ်းကြီးဖြစ်ရတာပဲ။ ဒါပေမယ့် ဘယ်တော့မှ ဘယ်သူမှ ရိုးအီမသွားကြတဲ့ ဖြစ်စဉ်ပဲ။
နောက်တယောက်က ၆ဝ မီလီမီတာစိန်ပြောင်းကိုင်တဲ့ကောင်။ နံမည်တော့မေ့သွားပြီ။ လူနောက်။ တပ်ထဲကစကားနဲ့ဆို စောက်ခွက်ပြောင်တဲ့အကောင်။ ခင်ဖို့ကောင်းတယ်။ အနှမျောမရှိဘူး။ နောက်တန်းက ပေးအဖွဲ့လာလို့ လစာပါလာရင် တပတ်မခံဘူး ကုန်တာပဲ။ ရှေ့တန်းမလဲ သူ့မှာ လဘက်ရည်သောက်ရတယ်လို့ကိုမရှိဘူး။ ရိက္ခာနို့ဆီက အရက်နဲ့လဲလဲသောက်တာနဲတင် ကုန်တာ။ နောက်တန်းက အိမ်ထောင်သည် သူငယ်ချင်းရဲဘော်တွေမိန်းမတွေက သူ့တော့ အတော်ခင်ပုံပဲ။ မိန်းမသာမရှိတာ မိန်းမရှိတဲ့လူတွေထက်တောင် သူ့မှာ ငါးပိကျော် ငါးခြောက်ကြော် လဘက် ဂျင်း ဆေးပေါ့လိပ် ပဲကြီးလှော် ညဘာညာ့ကို စုံနေတာပဲ။ တလတလ နောက်တန်းက အိမ်ထောင်သည်လိုင်းကလူတွေ ဝိုင်းဝက်ထည့်ထက်ပေးလိုက်ကြတာမှ မနည်းဘူးပဲ။ သူကလည်း ပါသမျှ ဟိုလူ့တဖဲ့ ဒီလူ့တဖတ်နဲ့ ဝေပြစ်တာပါပဲ။ ကြာကြာမခံပါဘူး။ ကျနော့်လည်း အတော်ခင်တယ်။
အဲ့ကောင်က အရက်ကလေး နည်းနည်းဝင်သွားရင် ထုံးစံအတိုင်း ဗကပကုန်းဘက်ကို ကိုယ်ပိုင်နံပတ် ဘယ်လောက်ဘယ်လောက်ကွ၊ နံမည်ဘယ်သူကွ၊ မိုးညိုသားကွ၊ ၆ဝ မမ စာ မိသွားချင်သလားကွ ဟေ၊ မင်းတို့ကောင်တွေကို မကြောက်လို့ ဒီမှာ လာစခန်းထိုင်တာကွ ဘာညာနဲ့ အသံဗြဲကြီးနဲ့အော်တော့တာပဲ။ တခါတလေ နှမတွေ အဒေါ်တွေ ကြီးဒေါ် အပျိုကြီးတွေဘာတွေရှိလားမေးပြီး "ရှိရင် ငါ့တယောက်လောက်တော့aပးကွာ” ဘာညာနဲ့ လှမ်းကတောင်းသေးတာ။ ဟိုဘက်ကပြန်ပြောရင်တော့ သူ့အကြိုက်ပဲ။ ပြောတော့တာပဲ တလစပ်။
ဟိုဘက်က ဘာမှပြန်မပြောဘူးဆို သူ နှာတင်းပြီး ဘန်ကာထဲကနေထွက် မြေပေါ်တက် ခါးပတ်ချွတ် စစ်ဘောင်းဘီချွတ် အတွင်းခံဘောင်းဘီကို ဒူးအောက်အထိလျှောချ အဲ့ဒီ့ဘက် ဖင်ကုန်းပြပြီး ဟေ့ကောင်တွေ မင်းတို့ကို ဒါပဲထင်တယ်ကွ။ ရှေ့က ဟာနဲ့မင်းတို့က မတန်ဘူး၊ အဲ့ဒါ ငါမိန်းမရရင် ငါ့မိန်းမဖို့ထားရမယ်၊ မင်းတို့ကိုတော့ ဒါပဲ”ဆိုပြီး ဖင်ကုန်းပြလိုက် အော်လိုက် ဖင်ကုန်းပြလိုက်တွေလုပ်တော့တာပဲ။ ဒါလည်း တနေ့မဟုတ်ဘူး၊ နေ့တိုင်းလိုလို မြင်ရကြားရတဲ့မြင်ကွင်း။
တနေ့တော့ ကျနော်အလုပ်လုပ်နေရင်း မိုင်းကွင်းထဲက ဖြူ ၂ ကောင်ရထားတာနဲ့ အလုပ်တွေ စောစောလက်စသတ်ပြီး ဖြူအူချက်နဲ့အရက်နဲ့ကိုင်မယ်ဆိုပြီးလုပ်တော့ ခုနပြောတဲ့ စိန်ပြောင်းမောင်က “ကိုဘီအီး အေးဆေးနေ ကျနော်ချက်မယ် ဘေးက အရက်သာငှဲ့ပေး”ဆိုပြီး အူတွေကိုင်တော့တာပဲ။ ကျနော်ကလည်း ဝမ်းတွင်းသားတို့ အူတို့သာကြိုက်တာ ကိုင်ရမှာတော့ အတော်ရွံတာ။ ဒါနဲ့ ဟန်ကျသွားတယ်။ အရက်လေးမော့လိုက် ဖြတ်လိုက် ခွဲလိုက် ဆေးလိုက်ကြောလိုက် တုံးလိုက်တစ်လိုက်နဲ့ နောက်ဆုံး အမယ်စုံထည့်ပြီး အိုးလည်း ဖိုပေါ်ရောက်ရော ကျနော်ရောသူပါ အတော်ကောင်းနေကြပြီ။ “ကိုဘီအီး ဟင်းအိုး တချက်ကြည့်ထား တပွက်နှစ်ပွက် ပွက်တာနဲ့ ဆားမြည့်ကြည့်ပြီး အနေတော်ဆို ချထားလိုက်တော့။ ဖိုပေါ်မှာ အိုးကို အကြာကြီးတည်မထားနဲ့။ ဖြူအူက ကြာလေကျက်လေ မာလေပဲ။ အကျက်များလေလေ ဝါးမရလေပဲ”လို့ပြောပြီး တခွက်ထပ်မော့တယ်။ ပြီးတော့ “ကျနော် ဗကပတွေကို သွားစလိုက်ဦးမယ်၊ ပြီးရင် ကစ်ကြမယ်” ဆိုပြီး ထွက်သွားတယ်။
ကျနော် မီးဖိုရှေ့ထိုင်ရင်း သူမြေပေါ်တက် အော်ဟစ်နေသံတွေ ကြားနေရတယ်။
နောက်တော့ သိတ်မကြာဘူး ဟိုဘက်က လှမ်းပစ်သံ ဆယ့်လေးငါးချက်ကြားလိုက်တယ်။ ဒီဘက် ကင်းသမားကလည်း ပြန်ပစ်တယ်။ ကျည်တဘောက်စ်လောက်တော့ ရှိမယ်။ နောက်တော့ ပြန်ငြိမ်သွားတယ်။ ခနလည်းနေရော တပ်စုဆေးတပ်သားကို ခေါ်တဲ့အသံ ကြားတယ်။ တခုခုတော့ တခုခုပဲဆိုပြီး ကျနော်လည်း အသံတွေကြားတဲ့ဘက်ဆီ လျှောက်မြောင်းအတိုင်း လျှောက်သွားတော့မှ
ရှေ့ကင်းဘန်ကာဘေးက လျှောက်မြောင်းထဲမှာ ပေါင်ခြံကြားထဲလက်အုပ်ပြီး “အံမယ်လေးဗျ လုပ်ကြပါဦး ကျနော့်ဂွေးစိ ပြတ်ထွက်သွားပလား မသိဘူး။ လုပ်ကြပါဦး”ဆိုပြီး ဖင်တုံးလုံးနဲ့ မျက်စေ့မျက်နှာအပျက်ပျက်နဲ့ ပေါင်ရောဖင်မှာပါ သွေးအလိမ်းလိမ်းနဲ့လဲနေတဲ့ မောင်စိန်ပြောင်း။
ကျနော့်လည်း မြင်ရော “ကိုဘီအီးရေ သွားပြီနဲ့တူတယ်ဗျ ဂွေးဥပြုတ်သွားပလားမသိဘူး၊ နာလိုက်တာဗျာ၊ သေမလား မသိဘူး၊ မိန်းမရရင် ကလေးတော့ရတော့မှာ မဟုတ်ဘူး၊ အဲ့လိုမှန်းသိရင် -ီးလှန်ပြပါတယ်ဗျ၊ ဒီ မအေလိုး ဗကပတွေကို၊ ဖြူအူရော ကျက်ပြီလား”ဆိုပြီး ဂယောင်ဂတမ်းတွေ ထပြောသေးတာ။ ကျနော်လည်း ဘာဖြစ်လို့ ဖြစ်မှန်းလည်းမသိ၊ သူကြည့်ပြီး သူပြောတာကြားပြီး သနားရမှာလိုလို ရီရမှာလိုလိုဖြစ်နေတုန်း ဆေးတပ်သား ရောက်ချလာတယ်။ မောင်စိန်ပြောင်းကတော့ ရှူံ့မဲ့အော်ဟစ်ငြီးတွားလို့၊ အကြပ်ကြီးလည်း ရောက်လာတယ်။
ဆေးတပ်သားက အတင်းလှန်လှောစစ်ဆေးကြည့်ပြီး ပြုံးပြုံးပြုံးပြုံးနဲ့ “ငါလိုးမသားရယ် ဘာမှ မဖြစ်ပါဘူးဟ၊ ငြှောင်ရှပြီး ကပ္ပါယ်အိပ်ကွဲသွားရုံပဲ။ ဘာမှမဖြစ်ဘူး၊ ငါပြန်ချုပ်ပေးမယ်၊ မင်းဂွေးဥလည်း မထွက်ပါဘူးဟ”ဆိုတော့ “တကယ်လား”တဲ့။ တကယ်ဟလို့ ဆေးတပ်သားကပြောတော့ ဘေးကကြည့်နေတဲ့ တပ်ကြပ်ကြီးက “ဘန်ကာထဲသွင်း ဒီမအေလိုးကို၊ အတော် ဖင်ယားတဲ့ကောင်၊ သူ့ပထွေးတွေကို အားအားရှိ ဖင် သွားကုန်းကုန်း ပြနေတာ၊ ဟို မနီးလို့။ နီးရင် စစ်တိုက်လို့မသေပဲ ဖင်အလိုးခံရပြီးသေမယ့်အကောင်”လို့ ပြောလည်းပြော ဆဲလည်းဆဲ ရီလည်းရီပြီး ဘန်ကာထဲဆွဲသွင်း၊ ထုံဆေးထိုးပြီး အစိမ်းချုပ်ပဲ ချုပ်ပေးလိုက်တယ်။
ခနနေတော့ စစ်ကြောင်းရုံးကပြန်လာတဲ့တပ်စုမှူးကို အကြပ်ကြီးက “ဒီကောင် ဟိုဘက်ကို ဖင်သွားလှန်ပြတာဗိုလ်ကြီး၊ မူးကလည်းမူးနေတော့ ခုန်ခုန်ပြီး ဖင်ကုန်းကုန်းပြရင်း သူ့ဟာသူ မထိန်းနိုင်ပဲ လျှောက်မြောင်းထဲ နောက်ပြန်လျှောပြီး မြောင်းထဲက ငြှောင့်စည်းတွေပေါ် ဖင်ထိုင်ရက်ကျတာ၊ ကပ္ပါယ်အိပ် ငြှောင့်ရှပြီး ခွဲလိုက်သလိုဖြစ်သွားတာ၊ သိတ်မများပါဘူး၊ ၃-၄ ချက်လားပဲ ချုပ်ရတာ၊ ဂွေးဥတော့ မထိဘူး”ဆိုပြီးသတင်းပို့သံကြားတော့ ကျနော်လည်း တယောက်တည်း ပြုံးမိတာပါပဲ။
ဒါနဲ့ အဲ့ဒီညနေ မောင်စိန်ပြောင်းရဲ့ဖြူအူချက်ဟာ ဆရာကြီးထွန်းရင်နဲ့တွဲပြီး အမြည်း ဖြစ်သွားခဲ့တာပါပဲ။ စက်တင်ဘာ ၂၃၊ ၂ဝ၁၅

0 comments:
Post a Comment