Saturday, October 31, 2015

မသိယောင်ဆောင်လွှတ်ပေးထားကြပါ…တဲ့လား (မျိုးမြင့်ချို)

0 comments

(မသိယောင်ဆောင်လွှတ်ပေးထားကြပါ…တဲ့လား) အသိဉာဏ်ပညာခေါင်းပါးချို့တဲ့ပြီး ဥပဒေသဘောသဘာဝကို နားကန်းတလုံးမှမသိတဲ့အပြင် နောက်ဆက်တွဲဖြစ်လာမယ့် လူမှုဘဝ၊ မိသားစုဘဝ၊ မိသားစုစီးပွားရေးဘဝ၊ သားသမီးများရဲ့ဘဝတွေအပေါ်မှာပါ အကျိုးသက်ရောက်မှု မကောင်းနိုင်မယ့် တိုင်းပြည့်အနာဂတ်ကိုထိခိုက်လာမယ့် မျိုးစောင့်ဥပဒေဆိုတာတွေကို မဘသဘုန်းကြီးဆိုးတွေနဲ့ ဗမာလူမျိုးကြီးဝါဒီစစ်အုပ်စုဟာ တကြိတ်တည်းတဉာဏ်တည်း လက်ဝါးရိုက်ကြံစည်ပြီး စစ်လွှတ်တော်မှာအတည်ပြုခဲ့တာ လူတိုင်းအသိပါ။ အဓိကပစ်မှတ်က ဗမာပြည်မှာနေကြတဲ့အစ္စလာမ်ဘာသာဝင်တွေကို နှိပ်ကွပ်ဖို့ပါ။ ဒါပေမယ့် ဥပဒေလို့ဆိုထားလေတော့ တရုတ် ကုလား ဗမာ ဘာမှမခွဲပဲ အားလုံးအပေါ် တန်းတူ သက်ရောက်ရမယ့်သဘော ကျင့်သုံးရမယ့်သဘောဖြစ်နေတာ ငြင်းမရကွယ်မရမှန်း လူတိုင်းအသိပါ။ အဲ့ဒီဥပဒေတွေအတည်ပြုနိုင်လို့ ငွေသိန်းပေါင်းထောင်ချီ ဝှဲချီးအောင်ပွဲခံပျော်ပါးခဲ့ကြသလို ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်ရေးအထိ ရည်မှန်းချက်ထားပြီးလုပ်သွားကြဖို့ လူမျိုးရေးဘာသာရေးအစွန်းရောက်သမား အယာတိုလာသီတဂူကိုယ်တိုင် တိုင်းသိပြည်သည်သိ ကမ္ဘာသိမိန့်ခွန်းခြွေခဲ့တာလည်း အားလုံးအကြားပါပဲ။ ခု အဲ့ဒီ ဥပဒေတွေအနက် တလင်တမယားဥပဒေ စတင်အသက်ဝင်ပြီးလို့မှ မကြာခင် အိမ်ထောင်ရေးကိစ္စ တိုင်တန်းလာလို့ အမှုဖွင့်အရေးယူရတဲ့ အမှုပေါင်းကလည်း ၃ဝ နားတဝိုက်ဖြစ်လာပြီ။ အမှုဖွင့်တိုင်ကြားလာသူတွေက သူတို့အကြံဆိုးနဲ့မျှော်မှန်းထားတဲ့ ဘာသာဝင်တွေမဟုတ်လေတော့ မျောက်မီးခဲကိုင်မိသလို အကြပ်ရိုက်ပြီး အိနြေ္ဒမဆည်နိုင်လောက်အောင်ဖြစ်နေတာလည်း လူတိုင်းအသိပါပဲ။ ”ယုန်ထောင်ကြောင်မိတွေတော့ဖြစ်ကုန်ပြီ”တို့ ”မြန်မာအမျိုးသမီးတွေ ကိုယ့်လင်က မယားငယ်နေတောင် မသိယောင်ဆောင်ပြီး လွှတ်ထားပေးကြပါ။ သဘောထားကြီးကြပါ”တို့ဆိုပြီး ဘုန်းကြီးတန်မယ့် မရှက်နိုင် မကြောက်နိုင် လူရှေ့ထွက်ပြောရတဲ့ဘဝရောက်နေတာလည်း လူတိုင်းအသိပါ။ အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လိင်စိတ်အလို၊ စီးပွားရေးဘဝ၊ မျိုးဆက်ပြန့်ပွားရေးစတာတွေမှာ လူသားတိုင်းဟာ လူသားတိုင်းလို ခရီးနှင်နေကြတာပါ။ ဘယ်လူမျိုးဘယ်ဘာသာဝင်မို့ဆိုတာထက် လူတဦးချင်း တမိသားစုချင်း တဘဝခြင်းအနေအထားတွေကပဲ သူ့တို့ကိုယ်စီအခြေအနေတွေကို ဖန်တီးပြဌာန်းနေကြတဲ့ သဘောပါ။ ဘာသာလူမျိုး တခုတည်းမှာပဲ ကွက်ဖြစ်နေတဲ့သဘာဝမဟုတ်ပါ။ ဗမာပြည်ကအစ္စလာမ်ဘာသာဝင်မိသားစုတွေ အိမ်ထောင်ဖက်တွေ လူလွတ်တွေမှာလည်း အလားတူ လင်ငယ် မယားငယ် လက်မထပ်ပဲအတူနေ စတာတွေလည်း ကျိန်းသေပေါက် ရှိနေမှာပါ။ ဒါပေမယ့် ခုထိတော့ တိုင်တန်းအမှုဖွင့်အရေးဆိုတာ မတွေ့ရသေးပါ။ ဘာလို့လဲဆိုတာကတော့ ဘက်စုံထောင့်စုံကို တတ်နိုင်သမျှစေ့ငု အခိုင်အမာအချက်အလက်ရှာ သုတေသနသဘောလုပ်ပြီးပြောမှသာ ယုတ္တိယုတ္တာကျတဲ့ စဉ်းစားဆင်ခြင်စရာတွေပါမယ့် အဖြေမျိုးတွေ့ကြရမယ်ထင်ပါတယ်။

ရဲအရေးယူပိုင်တဲ့အမှုဖြစ်နေတာကြောင့် ကာယကံရှင် လင် ဒါမှမဟုတ် မယားက တိုင်တန်းတရားမစွဲလည်း ကြားလူတယောက်ယောက်က တိုင်ကြားတရားစွဲခွင့်ရနေတဲ့အတွက် ခြိမ်းခြောက်ငွေညှစ်တာတွေ မသာမှုတွေဖြစ်လာဖို့ရှိသလို ဂိုဏ်းဖွဲ့ခြိမ်းခြောက်ငွေညှစ်တာတွေလည်း ဖြစ်မယ်လို့ ဥပဒေနားလည်သူတွေက ထောက်ပြဝေဘန်နေတာလည်း သတိထားစရာပါ။ အန္တရာယ်အလွန်ကြီးပါတယ်။ မီးနဲ့ သွား ကစားတာပါ။

ခု မဘသဘုန်းကြီးဆိုးတွေ နှမ်းထွက်မကိုက်တော့ နောက်အကြံယုတ်တခု ထပ်ကြံစည်လာနိုင်စရာရှိပါတယ်။ ဒါကတော့ ရပ်ထဲရွာထဲမယ် မယားတယောက်ထက်မက ပိုထားတယ် ဒါမှမဟုတ် လင်တယောက်ထက်မက ပိုနေတယ် ဒါမှမဟုတ် လက်မထပ်ပဲအတူနေတယ် စသည်ဖြင့် သတင်းသိုးသိုးသန့်သန့်ထွက်တဲ့ အစ္စလာမ်ဘာသာဝင် မိသားစုနေအိမ်တွေကို နည်းမျိုးစုံ သတင်းပေးမျိုးစုံမွေးပြီး အာဏာပိုင်တွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အတင်းတက် အတင်းစစ်ကြော အတင်းဝင်ဖမ်း အတင်းဝန်ခံခိုင်း အတင်းတိုင်တန်းအမှုဖွင့်ခိုင်းစတာမျိုးတွေ လုပ်လာနိုင်စရာရှိနေပါတယ်။ ကာယကံရှင်တွေကမလုပ်ရင် သူတို့က ကြားကနေ အမှုဖွင့်တရားစွဲတာလုပ်လာနိုင်ပါတယ်။

အဲ့ဒါမျိုးတွေကို အာဏာပိုင်နဲ့ ပင်းရိုက်တာရှိလာနိုင်သလို အာဏာပိုင်က မသိယောင်ဆောင် လွှတ်ပေးတာမျိုးလည်း လုပ်လာနိုင်ပါတယ်။ ဒါမျိုး လုပ်မရဘူးလို့တော့ မဆိုစေချင်ပါ။ ဒီ့ထက်မကတဲ့ ရိုင်းစိုင်းဆိုးသွမ်းယုတ်မာရက်စက်တဲ့လုပ်ရပ်တွေ ရှေ့မှာတပုံကြီးဆိုတာ လူတိုင်းအသိပါ။ အရှင်နာယက(ဗုဒ္ဓတက္ကသိုလ်)ဆိုတဲ့ဘုန်းကြီးပြောတဲ့စကားထဲက(မွတ်ကုလားတွေ မမိသရွေ့)ကို ဖြစ်တဲ့နည်းနဲ့ မရ ရတဲ့မနည်းနဲ့ အကောင်အထည်ဖော်လာပါလိမ့်မယ်။ မျိုးမြင့်ချို အောက်တိုဘာ ၂၉ ၊ ၂ဝ၁၅

0 comments:

Post a Comment