Saturday, October 31, 2015

၂ဝ၁၅၊ အောက်တိုဘာလထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅၊ အောက်တိုဘာလထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)
(အနီစီး ကိုယ့်လူချည်းမဟုတ်)
ဒီမိုကရေစီအင်အားစုတွေ သတိပိုထားသင့်တာက ခေါင်းစည်းနီ တီရှပ်နီ ခွပ်ဒေါင်းတံဆိပ်တွေ ရင်ထိုးတွေနဲ့ ”အမေအမေ”တရင်း ”ပြောင်းလဲချိန်တန်ပြီ” ကြုံးအော်နေတိုင်း ကိုယ့်လူချည်း မမှတ်ကြဖို့ပါခင်ဗျား။
နယ်တွေမှာ ပိုသတိထားစရာပါ။ ကိုယ့်ထဲသူ့လူသွင်းပြီး ပွဲတွေမှာ သိက္ခာကျအာင် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တဘက်အင်အားစုတွေနဲ့ ပြဿနာ မပေါ်ပေါ်အောင်လုပ်ကြမှာပါ။
အနီရောင်ဝတ်စုံနဲ့ ကိုယ့်အတွင်းထဲနဲ့ ပရိသတ်ထဲလာသွင်းထားတဲ့ သူ့လူသူ့ဘက်သား တွင်းအောင်းပွေးတွေ မွေးထားတာမှ မနည်းပါ။ သူ့လူကိုယ့်လူ ကွဲအောင်ခွဲပါ။ အနီရောင်ဝတ်ထားတိုင်း ကိုယ့်လူချည်းမမှတ်ဖို့လိုသလို သံသယမျက်လုံးနဲ့လည်း လိုက်ကြည့်နေဖို့မဟုတ်ပါ။ သတိထားဖို့ပါ။ ရှောင်ကျဉ်ဆင်ခြင်နိုင်ဖို့ပါ။ အချိန်မီ အုပ်နိုင်စီးနိုင်ဖို့ပါ။
သူ့မယုံကိုယ့်မယုံ မိသားစုဝင်ချင်း မောင်နှမချင်း ဆွေမျိုးခြင်း မိတ်ဆွေခြင်း ရပ်ကွက်သူရပ်ကွက်သားချင်း တိုင်းသူပြည်ချင်း နောက်ဆုံးကုန်ကုန်ုပြောရရင် သူတို့စစ်အုပ်စုဝင်အချင်းချင်းတောင် တယောက်နဲ့တယောက်မယုံရအောင် နောက်ကျောမလုံအောင်လုပ်ပြီး အာဏာမြဲအောင်ထိန်းတဲ့နည်းနဲ့ စစ်အုပ်စုဗိုလ်ကျလာတာ ရာစုနှစ်ဝက်ကျော်ပါပြီ။
၂ဝဝ၈ ဖွဲ့စည်းပုံကို ကျနော်ဆန့်ကျင်တယ်။ အဲ့ဒီဖွဲ့စည်းပုံအောက်လုပ်တဲ့ရွေးကောက်ပွဲကို လက်မခံဘူး။ ဒါပေမယ့် မတရားအလုပ်ခံရတဲ့အထဲ စစ်အာဏာရှင်နောက်ဆွဲခွေးတကောင် ကြောင်တမြီးမှမပါဘူး။ ပြည်သူတွေချည်းပဲ။ အဖိနှိပ်ခံတွေချည်းပဲ။ ခင်ဗျားတို့ဟာ ကျနော်တို့နဲ့အတူ အဖိနှိပ်ခံဖြစ်တယ်ဆိုတဲ့တချက်တည်းနဲ့ ခင်ဗျားတို့အတွက်စိုးရိမ်တယ် ပူပန်တယ်။
အောက်တိုဘာ ၃ဝ၊ ၂ဝ၁၅

(ဓားခုတ်ခံရတဲ့ဒီမိုကရေစီ)
နိုင်ငံလင်း ဓားခုတ်ခံရတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် ဒီ့ထက်ဆိုးတဲ့ကိစ္စတွေမှာ ရေငုံနှုတ်ဆိတ်ခဲ့တဲ့အင်န်အယ်လ်ဒီအတွက် ဘာကိုရွေးမလဲတွေးစရာတော့ ရမယ်ထင်တာပဲ။ ပြည်သူနဲ့လက်တွဲပြီး အကြမ်းဖက်တိုက်ခိုက်မှုကို ဆန့်ကျင်တွန်းလှန်မလား။ သီးခံလက်စနဲ့ ပြုဉ်းတဲ့အထိသီးခံရေးမူ ကိုင်စွဲလေမလား။
အောက်တိုဘာ ၂၉၊ ၂ဝ၁၅


(မသိယောင်ဆောင်လွှတ်ပေးထားကြပါ…တဲ့လား)
အသိဉာဏ်ပညာခေါင်းပါးချို့တဲ့ပြီး ဥပဒေသဘောသဘာဝကို နားကန်းတလုံးမှမသိတဲ့အပြင် နောက်ဆက်တွဲဖြစ်လာမယ့် လူမှုဘဝ၊ မိသားစုဘဝ၊ မိသားစုစီးပွားရေးဘဝ၊ သားသမီးများရဲ့ဘဝတွေအပေါ်မှာပါ အကျိုးသက်ရောက်မှု မကောင်းနိုင်မယ့် တိုင်းပြည့်အနာဂတ်ကိုထိခိုက်လာမယ့် မျိုးစောင့်ဥပဒေဆိုတာတွေကို မဘသဘုန်းကြီးဆိုးတွေနဲ့ ဗမာလူမျိုးကြီးဝါဒီစစ်အုပ်စုဟာ တကြိတ်တည်းတဉာဏ်တည်း လက်ဝါးရိုက်ကြံစည်ပြီး စစ်လွှတ်တော်မှာအတည်ပြုခဲ့တာ လူတိုင်းအသိပါ။
အဓိကပစ်မှတ်က ဗမာပြည်မှာနေကြတဲ့အစ္စလာမ်ဘာသာဝင်တွေကို နှိပ်ကွပ်ဖို့ပါ။ ဒါပေမယ့် ဥပဒေလို့ဆိုထားလေတော့ တရုတ် ကုလား ဗမာ ဘာမှမခွဲပဲ အားလုံးအပေါ် တန်းတူ သက်ရောက်ရမယ့်သဘော ကျင့်သုံးရမယ့်သဘောဖြစ်နေတာ ငြင်းမရကွယ်မရမှန်း လူတိုင်းအသိပါ။
အဲ့ဒီဥပဒေတွေအတည်ပြုနိုင်လို့ ငွေသိန်းပေါင်းထောင်ချီ ဝှဲချီးအောင်ပွဲခံပျော်ပါးခဲ့ကြသလို ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်ရေးအထိ ရည်မှန်းချက်ထားပြီးလုပ်သွားကြဖို့ လူမျိုးရေးဘာသာရေးအစွန်းရောက်သမား အယာတိုလာသီတဂူကိုယ်တိုင် တိုင်းသိပြည်သည်သိ ကမ္ဘာသိမိန့်ခွန်းခြွေခဲ့တာလည်း အားလုံးအကြားပါပဲ။
ခု အဲ့ဒီ ဥပဒေတွေအနက် တလင်တမယားဥပဒေ စတင်အသက်ဝင်ပြီးလို့မှ မကြာခင် အိမ်ထောင်ရေးကိစ္စ တိုင်တန်းလာလို့ အမှုဖွင့်အရေးယူရတဲ့ အမှုပေါင်းကလည်း ၃ဝ နားတဝိုက်ဖြစ်လာပြီ။ အမှုဖွင့်တိုင်ကြားလာသူတွေက သူတို့အကြံဆိုးနဲ့မျှော်မှန်းထားတဲ့ ဘာသာဝင်တွေမဟုတ်လေတော့ မျောက်မီးခဲကိုင်မိသလို အကြပ်ရိုက်ပြီး အိနြေ္ဒမဆည်နိုင်လောက်အောင်ဖြစ်နေတာလည်း လူတိုင်းအသိပါပဲ။
”ယုန်ထောင်ကြောင်မိတွေတော့ဖြစ်ကုန်ပြီ”တို့ ”မြန်မာအမျိုးသမီးတွေ ကိုယ့်လင်က မယားငယ်နေတောင် မသိယောင်ဆောင်ပြီး လွှတ်ထားပေးကြပါ။ သဘောထားကြီးကြပါ”တို့ဆိုပြီး ဘုန်းကြီးတန်မယ့် မရှက်နိုင် မကြောက်နိုင် လူရှေ့ထွက်ပြောရတဲ့ဘဝရောက်နေတာလည်း လူတိုင်းအသိပါ။
အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လိင်စိတ်အလို၊ စီးပွားရေးဘဝ၊ မျိုးဆက်ပြန့်ပွားရေးစတာတွေမှာ လူသားတိုင်းဟာ လူသားတိုင်းလို ခရီးနှင်နေကြတာပါ။ ဘယ်လူမျိုးဘယ်ဘာသာဝင်မို့ဆိုတာထက် လူတဦးချင်း တမိသားစုချင်း တဘဝခြင်းအနေအထားတွေကပဲ သူ့တို့ကိုယ်စီအခြေအနေတွေကို ဖန်တီးပြဌာန်းနေကြတဲ့ သဘောပါ။ ဘာသာလူမျိုး တခုတည်းမှာပဲ ကွက်ဖြစ်နေတဲ့သဘာဝမဟုတ်ပါ။
ဗမာပြည်ကအစ္စလာမ်ဘာသာဝင်မိသားစုတွေ အိမ်ထောင်ဖက်တွေ လူလွတ်တွေမှာလည်း အလားတူ လင်ငယ် မယားငယ် လက်မထပ်ပဲအတူနေ စတာတွေလည်း ကျိန်းသေပေါက် ရှိနေမှာပါ။ ဒါပေမယ့် ခုထိတော့ တိုင်တန်းအမှုဖွင့်အရေးဆိုတာ မတွေ့ရသေးပါ။ ဘာလို့လဲဆိုတာကတော့ ဘက်စုံထောင့်စုံကို တတ်နိုင်သမျှစေ့ငု အခိုင်အမာအချက်အလက်ရှာ သုတေသနသဘောလုပ်ပြီးပြောမှသာ ယုတ္တိယုတ္တာကျတဲ့ စဉ်းစားဆင်ခြင်စရာတွေပါမယ့် အဖြေမျိုးတွေ့ကြရမယ်ထင်ပါတယ်။
ရဲအရေးယူပိုင်ခွင့်လိုဥဒေမဟုတ်ပဲ တိုင်ကြားအမှုဖွင့်တရားစွဲဆိုသူရှိမှအရေးယူလို့ရတဲ့ ”နစ်နာသူက တရားစွဲမှ” ဆိုပြီး ဥပဒေရင်းမှာ ပြဌာန်းထားပေမယ့် နည်းဥပဒေ ထွက်လာတဲ့အခါ ဘာတွေဘယ်လိုဖြစ်ဦးမယ်မှန်း မသိသေးပါ။ ဒါကတော့ ဥပဒေတတ်ပွန်ကျင်လည်သူတို့အရေးမို့ ထားလိုက်ပါမယ်။
ခု မဘသဘုန်းကြီးဆိုးတွေ နှမ်းထွက်မကိုက်တော့ နောက်အကြံယုတ်တခု ထပ်ကြံစည်လာနိုင်စရာရှိပါတယ်။ ဒါကတော့ ရပ်ထဲရွာထဲမယ် မယားတယောက်ထက်မက ပိုထားတယ် ဒါမှမဟုတ် လင်တယောက်ထက်မက ပိုနေတယ် ဒါမှမဟုတ် လက်မထပ်ပဲအတူနေတယ် စသည်ဖြင့် သတင်းသိုးသိုးသန့်သန့်ထွက်တဲ့ အစ္စလာမ်ဘာသာဝင် မိသားစုနေအိမ်တွေကို နည်းမျိုးစုံ သတင်းပေးမျိုးစုံမွေးပြီး အာဏာပိုင်တွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အတင်းတက် အတင်းစစ်ကြော အတင်းဝင်ဖမ်း အတင်းဝန်ခံခိုင်း အတင်းတိုင်တန်းအမှုဖွင့်ခိုင်း စတာမျိုးတွေ လုပ်လာနိုင်စရာရှိနေပါတယ်။
အာဏာပိုင်နဲ့ ပင်းရိုက်တာရှိလာနိုင်သလို အာဏာပိုင်က မသိယောင်ဆောင် လွှတ်ပေးတာမျိုးလည်း လုပ်လာနိုင်ပါတယ်။ ဒါမျိုး လုပ်မရဘူးလို့တော့ မဆိုစေချင်ပါ။ ဒီ့ထက်မကတဲ့ ရိုင်းစိုင်းဆိုးသွမ်းယုတ်မာရက်စက်တဲ့လုပ်ရပ်တွေ ရှေ့မှာတပုံကြီးဆိုတာ လူတိုင်းအသိပါ။
အရှင်နာယက(ဗုဒ္ဓတက္ကသိုလ်)ဆိုတဲ့ဘုန်းကြီးပြောတဲ့စကားထဲက(မွတ်ကုလားတွေ မမိသရွေ့)ကို ဖြစ်တဲ့နည်းနဲ့ မရ ရတဲ့မနည်းနဲ့ အကောင်အထည်ဖော်လာပါလိမ့်မယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၂၉ ၊ ၂ဝ၁၅


(ကလေးယူရေးကိုနိုင်ငံရေးဇာတ်သွင်းတော့)
တရုတ်ပြည်မှာ တအိမ်ထောင်ကလေးတယောက်ပေါ်လစီချခဲ့ချိန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုံ့ချသူတွေထဲမှာ လက်ဝဲဝါဒီတွေပါသလို လက်ျာသမားတွေ ဘာသာရေးအုပ်စုတွေလည်း ပါခဲ့တယ်။
ဆန့်ကျင်ကြသူတွေမှာ အကြောင်းပြချက်ကိုယ်စီရှိကြတာပါပဲ။ လက်ဝဲသမားတွေရဲ့ အကြောင်းပြချက်က ကုန်လုပ်ပစ္စည်း ကုန်ထုတ်ကိရိယာနဲ့ ထွက်ကုန်တွေကို လူနည်းစုကလေးကသာ လက်ဝါးကြီးအုပ်မထားဘူးဆို ကမ္ဘာမြေဟာ ခုထက်မက အဆရာထောင်ချီတဲ့လူတွေကို ကျွေးမွေးထားဖို့လုံလောက်ရုံမက ပိုတောင်ပိုလျှံသေး” ဆိုတဲ့သဘောနဲ့ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ဖျက်သိမ်းရေးဆီ ဦးတည်တယ်။
ထောက်ခံသူတွေလည်း နည်းမှ မနည်းပဲ။ Pew Research Center အဆိုအရ ၇၆ ရာခိုင်နှုန်းက ထောက်ခံတယ်လို့ဆိုတယ်။
အဲ့ဒီပေါ်လစီကြောင့် လူဦးရေတိုးပွားမှုနှုန်းအပေါ် ဘယ်မျှသက်ရောက်မှု ရှိမရှိစစ်တမ်းတွေတော့ မလေ့လာမိဖူးပါ။
အဲ့ဒီပေါ်လစီကြောင့် သားယောက်ျားကို ပိုမြတ်နိုးတနာဖြစ်တဲ့တရုတ်လူ့အဖွဲ့အစည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်ခဲ့တာ အထင်အရှားအချက်အလက်တွေရှိတယ်။ ခု ဆယ်စုနှစ် ၄ ခုစာလောက်ဖြတ်လာပြီးနောက် တရုတ်ပြည်မှာ မိန်းမယောက်ျား အချိုးမညီမှုဟာ လူမှုပြဿနာတခုသဖွယ်ဖြစ်နေပါတယ်။
ခု အောက်တိုဘာ ၂၉ ရက် ၂ဝ၁၅ နေ့မှာ အဲ့ဒီပေါ်လစီရုတ်သိမ်းလိုက်ပါပြီ။ အဲ့ဒီဥပဒေကို ၁၉၇၈ခုမှာ စမိတ်ဆက်ပြဌာန်းပြီး ၁၉၈ဝ စက်တင်ဘာ ၁၈ ရက်နေ့ကစ လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ခဲ့တာပါ။
အောက်တိုဘာ ၂၈၊ ၂ဝ၁၅

(လေးစားအပ်သူ)
မိမိထက် အသက်အရွယ်ကြီးကြီး/ငယ်ငယ် လေးစားထိုက်သူကို လေးစားသမှုပြုတာ အမွန်အမြတ်ပြုတာ ကိစ္စကောင်းပါ။ ပြုအပ်တဲ့ကိစ္စပါ။
ကျနော်တို့ အဲ့ဒီနည်းနဲ့ ဗုဒ္ဓမြတ်စွာကို၊ ခရစ်တော်ယေရှုကို၊ ပရောဖက်မိုဟာမက်ကို အလေးအမြတ် အမွန်အမြတ်ပြုခဲ့ကြတယ် မဟုတ်လား။ တချို့ကတော့ ပူဇော်သက္ကာယပြုတယ်လို့ အထူးဆိုကြတာပါပဲ။ ပူဇော်သက္ကာယပဲပြုပြု အလေးအမြတ်ပဲပြုပြု အမွန်အမြတ်ထားအပ်သူကိုထားရတာဟာ မင်္ဂလာရှိတဲ့ကိစ္စပါ။
စီနီယာမို့ အခွင့်အရေးပေးနိုင်သူမို့ သေနတ်ကိုအမိန့်ပေးနိုင်သူမို့ ဂါရဝပြုကြတယ်ဆိုတာ စစ်အာဏာရှင်စနစ်နဲ့သာ ထိုက်တန်တဲ့အရာမဟုတ်လား။
အောက်တိုဘာ ၂၇၊ ၂ဝ၁၅

(အတည်ဖေါက်)
ကျနော်တို့ ပြောတုန်းကတော့ ရီစရာပြောတာဗျ ဒါပေမယ့် ပြောရင်းပြောရင်း အတည်ပေါက်တွေဖြစ်လာလို့ ကိုယ့်ဘာသာ မနည်းပြန် ဘရိတ်အုပ်ယူရတယ်။ ခင်ဗျားတို့လည်း ဒါ နားထောင်ပြီး အတည်ပေါက်ကွန်မန့်တွေတော့ မရေးစေချင်ဘူးဗျာ။
ဒီလိုဗျ သူလည်း ကျနော့်လိုပဲ နိုင်ငံရေးအကျဉ်းသားဟောင်း၊ တတိယနိုင်ငံတနိုင်ငံမှာ နိုင်ငံသားအဖြစ်ခံယူပြီး နေနေသူ။ တယ်လီဖုန်းနဲ့ ဟိုလူမာလား ဒီလူချာလား မေးရင်းမြန်းရင်း ပြောရင်းဆိုရင်း ၂ဝ၁၅ အလွန်လေးကို ရောက်သွားကြတယ်။
သူ။ ကြံ့ဖွံ့ကတော့ရှင်းတယ်ဗျာ။ ပြောင်ကြီးက ဝင်သာအရွေးမခံတာ သမ္မတပြန်လုပ်ဖို့ သေချာသလောက်ပဲ၊ အင်န်အယ်လ်ဒီနဲ့ အပြိုင်ဝင်ပြီး အရွေးမခံရမှ သောက်ရှက်က ပိုကွဲမှာဗျ။ ဒီအတိုင်း အသာလေးအိနြေ္ဒမပျက် နှပ်နေလိုက်ပြီး အချိန်တန်တော့ သူ့လူနဲ့သူ လက်ဝါးရိုက်သမ္မလောင်းအမည်တင်ခိုင်း စစ်အမတ်နဲ့ကြံ့ဖွံ့ပေါင်းပြီး ခတ်တည်တည်နဲ့ သမ္မတတက်လုပ်နေလိုက်လည်း အေးဆေးပဲဗျ။ အမတ်မဟုတ်လည်း သမ္မတလုပ်လို့ရတဲ့ ဖွဲ့စည်းပုံနဲ့လေဗျာ ဟန့်ကိုကျနေတာပဲနော။ တပ်ကလည်း ပစ်ထောက်ခံမယ့်အကြောင်း ခု မင်းအောင်လှိုင်နဲ့ပြောင်ကြီး တတွဲတွဲလုပ်ပြနေတာကြည့်ရုံနဲ့ သိသာနေတာပဲ။ တပ်ထဲမှာလည်း ဘယ်သူ့ကိုမဲပေးဆိုပြီး နံမည်တပ်မပြောရုံတမယ်ပဲ ကျန်တော့တာဗျ။ ရွှေမန်းကတော့ လဒနားသွားပြီထင်တာပဲနော......(သူ့စကား မဆုံးလိုက် ကျနော်ဖြတ်ပြီး)
ကျနော်။ အင်း ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငှက်ပျောသီးအခွံနွှာစားသလိုတော့ မဟုတ်ဘူးဗျ။ အဲ့လိုလုပ်ရင် အာဏာစင်ပြိုင်လေးတွေလိုဖြစ်နေကြတဲ့ သူတို့အချင်းချင်းကြားကအသံ ထွက်လာမယ်ထင်တယ်။ နောက်ပြီး မင်းအောင်လှိုင်ကရော တပ်ကို ဘယ်လောက် သြဇာထူထောင်နိုင်သလဲပေါ့ဗျာ။ တိုင်းမှူးတွေအကုန် သူ့လူဖြစ်ပြီလား မွေးလို့ရသွားပြီလားကလည်း သိတ်တော့မသေချာဘူး။ ခုထိတော့ သန်းရွှေက အရှင်လတ်လတ်ကြီး ရှိနေသေးတော့ မီးသေနေသေးတာပေါ့လေ။ သူတို့ ကြံ့ဖွံ့တွင်း အာဏာလုပွဲက မြွေမသေတုတ်မကျိုး လုပ်ထားတာဗျ။ ကြည့်တော့ ကြည့်ရဦးမှာပေါ့လေ အဲ့ဒီ ချီးထုတ်တွေကို။
သူ။ ပြောရင်တော့ အများကြီးပေါ့ဗျာ၊ ဒီ အမျိုးကောင်းသားတွေအကြောင်း ခနထားပါဦး။ အင်န်အယ်လ်ဒီကရော လွှတ်တော် ၂ ရပ်လုံးမှာ တနေရာမကျန်အကုန် နိုင်တယ်ပဲ ထားလိုက်ဗျာ။ လွှတ်တော် ၂ ရပ်လုံးကနေ သမ္မတလောင်းတယောက်စီနဲ့ စုစုပေါင်း ၂ ယောက်ကိုလည်း အင်န်အယ်လ်ဒီအမတ်တွေကပဲ တင်တယ်ပဲထားဗျာ၊ အင်န်အယ်ဒီက တင်တဲ့လူပဲ သမ္မတဖြစ်သွားပြီပဲထားဗျာ၊ အဲ့ဒီလူကပဲ စိတ်ကြိုက်လူတွေနဲ့ အစိုးရဖွဲ့ပြီပဲ ထားဗျာ၊ ဒေါ်စုကလည်း နောက်ကနေပြီး ရင်ခွင်ပိုက်အစိုးရကို ကိုင်ထားတယ်ပဲ ထားဗျာ။ အဲ့ဒါဆို အင်န်အယ်လ်ဒီကတင်မယ့် အရပ်သားစစ်စစ် သမ္မတလောင်းက ဘယ်သူဖြစ်လာမယ် ထင်လဲဗျ။
ကျနော်။ မပြောတတ်ပါဘူးဗျ။ ခန့်မှန်းရခက်ပါတယ်။ အင်န်အယ်လ်ဒီတွေ ပြောနည်းကားပြောရရင်တော့ “အမေ့မှာ ဝှက်ဖဲရှိတယ်”ပေါ့ဗျာ။
သူ။ ခင်ဗျားအမေကလည်းဗျာ ဝှက်ဖဲတွေများလှချည်လား။
ကျနော်။ ကျနော့်အမေ မဟုတ်ပါဘူးဗျ။
သူ။ ထားပါတော့ဗျာ။ ဘယ်သူ့အမေဖြစ်ဖြစ်။ ကျနော်တွေးနေတာက ဒေါ်စုက “အရပ်သားစစ်စစ်”ဖြစ်ရမယ်လို့ပြောတာရယ် “သမ္မတ မဖြစ်လည်း အင်န်အယ်လ်ဒီက ဖွဲ့မယ့်အစိုးရကို ကျမကပဲ တည့်မတ်ထိန်းကျောင်းသွားမယ်” လို့ပြောတာရယ် ၂ ခုကို ဆက်စပ်တွေးကြည့်တော့ ဇေယျာသော်များ သမ္မတဖြစ်လာမလားမသိဘူးနော်။
ကျနော်။ ခင်ဗျားကလည်း ကြံကြီးစည်ရာ၊ ပေါက်ပေါက်ရှာရှာ၊၊ ဒေါ်စုအဲ့သလောက်တော့ မလုပ်တန်ကောင်းပါဘူးဗျာ။
သူ။ ပြောမရဘူးဗျ လုပ်ချင်လုပ်မှာ။ ခင်ဗျားပြောသလိုပေါ့ အမေ့ဝှက်ဖဲ ဘယ်သူကြိုသိတာမှတ်လို့။
ကျနော်။ ထားလိုက်ပါတော့ဗျာ။
သူ။ ထားလိုက်ပါတော့က အရေးမကြီးဘူး ဟေ့လူရ၊ အရေးကြီးတာက ခု ပြောင်ကြီးကို သမ္မတကြီးခင်ဗျ သမ္မတကြီးခင်ဗျနဲ့ လုပ်နေတဲ့ကောင်တွေ ဇေယျာသော်သမ္မတဖြစ်ရင် ဘယ်လိုခေါ်မလဲမသိဘူးနော်။
ကျနော်။ ခင်ဗျားကလည်းဗျာ “သမ္မတလေးခင်ဗျ”လို့ ပြောင်းလုပ်မှာပေါ့။ ခက်တာလိုက်လို့။ ခင်ဗျားပြောလို့သာ လျှောက်ပြောနေတာပါ တကယ်က “သမ္မတလေး”ဆိုတာလည်း ဆောက်ဖြစ်မှကျောင်းဒကာပါဗျ။ မထင်ပါဘူး။
သူ။ ဟေ့လူ မထင်ဘူးမလုပ်နဲ့နော်။ နိုင်ငံရေးမှာ မထင်တာတွေလည်းဖြစ်နေတာပဲဟာ။
ကျနော်။ အေးဗျ ထင်တာတွေ တခုမှမဖြစ်တာလည်း လက်တွေ့နော်။
သူ။ အေးလဗျာ...နိုင်ငံရေးဆိုတာ.....(ကျနော် စကားဖြတ်)
ကျနော်။ ဟေ့လူ တော်လောက်ပြီး ရီစရာပြောရင်းက အတည်တွေဖေါက်လာပြီ...တော်တော်။
အောက်တိုဘာ ၂၆၊ ၂ဝ၁၅

(ဒေါ်နယ်လ်ထရမ့်ပ်လူပြောင်ကြီး)
ရီပတ်ဘလီကင်န်ပါတီက ရှေ့တန်းရောက်သမ္မတလောင်း သူဌေးကြီး ဒေါ်နယ်လ်ထရမ့်ပ်နဲ့ နူးယမ့်ပ်ရှိုင်းယားပြည်နယ်ခန်းမမှာ မဲဆန္ဒရှင်တချို့နဲ့တွေ့ဆုံ မေးမြန်းဖြေကြားတဲ့ လိုက်ဗ်အင်တာဗျူးကို ချယ်နယ်လ် ၂၁ လိုက်ဗ်ကနေ လွှင့်ပေးနေတယ်။
သမ္မတလောင်းနဲ့လူထုကိုမိတ်ဆက်ပေးသူ (အချွန်လေးနဲ့မသူ)ကလည်း အရေးကြီးတဲ့မေးခွန်းတွေ(အထူးသဖြင့် နိုင်ငံခြားရေး၊ ပြည်တွင်းလူဝင်မှုကိစ္စ၊ အမျိုးသမီးရေးရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကာကွယ်ရေးလို)မေးတာတောင် မျက်နှာက ပြောင်စပ်စပ် ပြုံးစိစိနဲ့။ သူထောင်ပေးတာတွေနဲ့ ဟိုလူကြီးပြန်ဖြေတာတွေကိုနားထောင်ပြီး ပရိသတ်တွေကလည်း တဝါးဝါးတဟားဟားနဲ့ပွဲကိုကျလို့။ တချက်တချက် အတည်သဘော လက်ခုပ်တီးသံလေးတွေတော့ ထွက်ထွက်လာတယ်။
ဒေါ်နယ်လ်ထရမ့်ပ်ကလည်း ပရိသတ်ထဲက ထမေးတာကိုပြန်ဖြေတာ ဖြေတာနဲ့မတူပဲ ကက်ကက်လန်ရန်တွေ့နေတဲ့ အတိုင်းပဲ။ မျက်နှာပေးရော လေသံရော အမူအယာရော။ ဒါ့ကြောင့် သူ့ကို Political Clown နိုင်ငံရေးလူရွှင်တော်လို့ ခေါ်ကြတာနေမယ်။ သူ့ကြည့်ရင်း ဂျေလိုပက်ဇ်ဖင်တခြမ်းလှဆွေကိုတောင် သတိရမိသေး။
တချက်တချက် နေမျိုးဝေနဲ့၊ တချက်တချက် ရွှေမန်းနဲ့၊ တချက်တချက် သိန်းစိန်နဲ့၊ တချက်တချက် ဝီရသူနဲ့၊ တချက်တချက်သီတဂူနဲ့၊ တချက်တချက် ဌေးဦးနဲ့။ တချက်တချက် မင်းအောင်လှိုင်နဲ့၊ တချက်တချက် တင်အေးနဲ့တောင်တူသေး။
အဲ တချက်တချက် ဒေါ်အောင်ဆန်းစုကြည်နဲ့တူတာလည်း ပါတယ်။ “ငါ့မေးမယ့်အစား သူတို့သွားမေးပါလား”ဆိုတာမျိုးတို့ “ဒါ မေးခွန်းထုတ်စရာဖြစ်နေပြီ”တို့ ပြန်ပြောတဲ့အခါမျိုးပေါ့။
အောက်တိုဘာ ၂၆၊ ၂ဝ၁၅

(အောင်မှိုင်းဆန်းအပေါ်နားလည်ချက်)
ကိုအောင်မှိုင်းဆန်းလုပ်နေတာနဲ့ပတ်သက်တဲ့ ကျနော့်နားလည်ချက်နဲ့ ရပ်ခံချက်ကို အတိအလင်းပြောရရင် “နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး သူ့ဘက်မှာ ကျနော်ရပ်ပါတယ်”ခင်ဗျား။
ရလဒ် နည်းနာ အချိန် အခြေအနေ အကန့်အသတ် အကြောင်းအကျိုး စတာတွေကတော့ သီးခြားအကျယ်အပြန့် ဆွေးနွေးရမှာဖြစ်ပေမယ့် စစ်အာဏာရှင်စနစ်ကို အန်တု စိန်ခေါ်နေသူ ဖိနှိပ်အကြမ်းဖက်အုပ်စိုးသူရဲ့ တရားလက်လွတ်ပြုမူလုပ်ဆောင်မှုကို ဆန့်ကျင် တိုက်ပွဲဝင်နေသူဖြစ်လို့ လမ်းတဝက်မှာဆုတ်ခွာသွားစေဦး သူ့ရဲရင့်မှုအတွက် သူ့ဘက်က ရပ်ပါတယ်။
အောက်တိုဘာ ၂၆၊ ၂ဝ၁၅


0 comments:

Post a Comment