ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
တတိယပိုင်း၊ အခန်း(၁၇)
တတိယပိုင်း
ကျနော့်ဒဏ်ရာမှာ မပြင်းထန်လှပါ။ အသားပဲရှပ်ထိတာဖြစ်၍
ပေါင်တွင်တထွာခန့် ပြဲသွားရုံသာ ရှိပါသည်။ တောင်ငူပြန်ရောက်ပြီး အနာကို ဆေးထည့်ချုပ်လုပ်ပြီးတာနှင့်
ကျနော်စစ်ဆင်ရေးလက်စသိမ်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရပါသည်။ တပတ်ခန့်လုပ်ဆောင်ပြီးမှ
မင်္ဂလာဒုံသို့ လေယာဉ်ဖြင့်ပြန်လာခဲ့ပါသည်။ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် မိတ်ဆွေအပေါင်းအသင်းအတော်များများ
လာရောက်ကြိုဆို နေကြပါသည်။ ထိုအထဲတွင် စစ်ရုံးချုပ်မှ ဗိုလ်မှုးကြီး အောင်ကြီး (နောင်
ဗိုလ်မှုးချုပ်)နှင့် ရန်ကုန်ဆေးရုံကြီးမှ ဒေါက်တာဘသန်း(နောင် ဆေးတက္ကသိုလ် ၁ ပါမေက္ခချုပ်)တို့
ပါဝင်ကြပါသည်။
ကျနော့်ဒဏ်ရာမှာ အတော်ကျက်စပြုနေပြီဖြစ်၍
ဆေးရုံသို့မခေါ်သွားတော့ဘဲ ကျနော့်မင်္ဂလာဒုံအိမ်သို့ပဲ ပြန်လာခဲ့ပါသည်။ ဒေါက်တာဘသန်းမှာ
ကျနော့်အိမ်အထိလိုက်လာပြီး အိမ်တွင်ဒဏ်ရာကို ဖွင့်ကြည့်ပါသည်။ ဒဏ်ရာချုပ်ထားတာကိုကြည့်ပြီး
“ဒါ မောင်မောင်သန်း လက်ရာပဲ”ဟု ဆိုပါသည်။ တကယ်လည်း ကျနော့်ဒဏ်ရာကိုချုပ်ပေးလိုက်သူမှာ
တောင်ငူမြို့တွင် စခန်းချထာသော ဆေးတပ်မှ တပ်မှုးဗိုလ်မှုးမောင်မောင်သန်း (နောင် မင်္ဂလာဒုံစစ်ဆေးရုံ
ဆေးရုံအုပ်ကြီး)ပင်ဖြစ်ပါသည်။ ၎င်းမှာ ဒေါက်တာဘသန်း၏ တပည့်ရင်းလည်းဖြစ်၍ ဆရာဖြစ်သူက တပည့်၏လက်ရာကိုမှတ်မိနေခြင်း
ဖြစ်ဟန်တူပါသည်။ ဗိုလ်မှုးမောင်မောင်သန်းမှာ နှုတ်နည်းလှသော လူအေးတဦးဖြစ်သော်လည်း တာဝန်ကိုမူ
အလွန်သိပြီး ကျေပြွန်အောင်ထမ်းဆောင်တတ်သူတဦး
ဖြစ်ပါသည်။ နောင် ကျနော် တရုတ်ဖြူ စစ်ဆင်ရေးများ လုပ်ဆောင်သောအခါ၌လည်း ရှေ့တန်းဆေးမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ကျနော့်ဒဏ်ရာမှ ချုပ်ရိုြးုဖတ်ပြီးနောက်
ကျနော်ခြေထော့ကျိုးဖြင့် လမ်းစလျှောက်နိုင်သည်နှင့် ရုံးပြန်တက်ကာ တိုက်ခိုက်သိမ်းပိုက်ပြီး
နယ်မြေများ တည်တန့်တည်ငြိမ်အောင်လုပ်ရပါသည်။ ကျနော့်မှာ ထိုစဉ်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုးတာဝန်သာမက
ပဲခူးတိုင်း တိုင်းမင်းကြီးရာထူးကိုလည်း တွဲဖက်ကိုင်တွယ်ပြီး နယ်အုပ်ချုပ်ရေးလုပ်ငန်းများကို
ပူးတွဲလုပ်ဆောင်နေရပါသည်။
တိုင်းပြည်အခြေအနေ အတော်တည်ငြိမ်ကောင်းမွန်လာသည့်အခါ
၁၉၅ဝ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျနော် အလွန်ပင်ပန်းနွမ်းနယ်လာသဖြင့် ဆေးခွင့် (၆)လယူပြီး
မိတ္ထီလာတွင် သွား၍ အနားယူနေထိုင်ခဲ့ပါသည်။
ထိုအချိန် ကျနော်သားသမီး သုံးယောက်ရှိနေပါသည်။
အင်းစိန်တိုက်ပွဲကာလများအတွင်း ၁၉၄၉ ခုနှစ် သြဂုတ်လတွင် ကျနော့်သားကြီး အောင်ကျော်ဇော
(ကိုမြမောင်) ကို မင်္ဂလာဒုံမှာ မွေးဖွားပါသည်။
ကျနော်သည် မိသားစုနှင့်အတူမိတ္ထီလာမှာ
သွားရောက်နေထိုင်ရာ ၁၉၅၁ ခု ဖေဖ်ာဝါရီလတွင် မိတ္ထီလာတွင် ရှိနေစဉ်မှာပင်ဒုတိယသား ကျော်ဇောဦး
(ကိုခိုင်အောင်)ကို မွေးဖွားပါသည်။ သူ့မွေးပြီး လသားအရွယ်မှာပင် ကျနော်မင်္ဂလာဒုံသို့
ခွင့်ရက်စေ့၍ ပြန်လာခဲ့ပါသည်။ ကျနော်ခွင့်သွားနေစဉ် ကျနော့်နေရာကို ဗိုလ်မှုးကြီးလှအောင်
(နောင် တောင်တက်အသင်း ဥက္ကဌ)က ယာယီဝင်ယူပါသည်။
ကျနော်မင်္ဂလာဒုံပြန်ရောက်ပြီး မကြာခင်မှာပင်
ဗိုလ်ချုပ်နေဝင်းကခေါ်၍ တာဝန်တခုပေးပါသည်။ ကျနော် ၄၉ ခုနှစ် ကေအင်ဒီအိုတိုက်ရန် တောင်ပိုင်းတာဝန်လွှဲပြောင်းယူရစဉ်
မြောက်ပိုင်းတိုင်းမှုးဖြစ်သွားသော ဗိုလ်မှုးကြီးမောင်မောင်(နောင် ဗိုလ်မှူးချုပ်)သည်
စစ်စခန်းများကို လှည့်လည်ကြည့်ရှုနေစဉ် မိတ္ထီလာ၌ ကေအင်ဒီအိုတို့၏အဖမ်းခံသွားရသည်။ သူနှင့်အတူ
အရာရှိအချို့လည်းပါသွားပါသည်။ ထို ၁၉၅၁ ခုနှစ် ကသူတို့အား ကေအင်ဒီအိုတို့၏ ကရင်ပြည်နယ်
ရေသိုးကြီးရွာတွင်ချုပ်နှောင်ထားရာ ၁၉၅၁ ခုနှစ် ဇွန်လအတွင်း ကွန်မင်ဒိုတပ်ဖွဲ့လေးတဖွဲ့ဖြင့်
ဝင်ရောက်ကယ်တင်ရာ အောင်မြင်စွာကယ်တင်နိုင်ပြီးမှ အင်အားကြီးမားစွာနှင့်လိုက်တိုက်သဖြင့်
ပြန်လည်ဖမ်းမိသွားပါသည်။
သွားကယ်သည့်အဖွဲ့ကလူအချို့လည်း ကျဆုံးကျန်ခဲ့ပါသည်။
နောက်သူတို့တတွေ ပိုမိုချောင်ကျသော ဘောဂလိသို့ရွှေ့ပြောင်းချုပ်နှောင် ထားလိုက်ပါသည်။
ထိုအခြေအနေများကို ဗိုလ်ချုပ်နေဝင်းက ကျနော့်ကိုပြောပြပြီး ကာနယ်မောင်မောင်တို့ကိုတော့
သူတို့သတ်ပစ်ကြ တော့မည်။ ထို့ကြောင့် ကာနယ်မောင်မောင်ကယ်တင်ရေးကို ကျနော်ကိုယ်တိုင်ခေါင်းဆောင်ကွပ်ကဲပြီး
လုပ်ဆောင်ပေးပါရန် ပြောကြားလာ ပါသည်။
ထို့ကြောင့် ကျနော်သည် ရန်ကုန်ဘဆွေအားခေါ်ယူပြီး
အခြေအနေအရပ်ရပ်ကို မေးမြန်းလေ့လာပါသည်။ မြေပုံကိုချပြီးတော့လည်း အသေးစိတ်လေ့လာကြည့်ပါသည်။
ထို့နောက် ကျနော်သည် ဗိုလ်မှုးကြီးမောင်မောင်နှင့်အဖွဲ့ကယ်တင်ရေးစစ်သေနင်္ဂဗျူဟာကို ချမှတ်
ပါသည်။ ကျနော်မှတ်မိသလောက် ထိုစီမံကိန်း၏အတိုချုပ်မှာ ကယ်တင်ရေးလုပ်ငန်းကိုတိုက်ရိုက်မလုပ်ဘဲ
သွယ်ဝိုက်သော သေနင်္ဂဗျူဟာ နည်းဖြင့်သာ ကယ်တင်ရန်စီစဉ်ပါသည်။
ဗိုလ်မှုးကြီးမောင်မောင်တို့ကယ်တင်ရေးစစ်
လှုပ်ရှားမှုမစမီ သူတို့ကိုဖမ်းချုပ်ထားသောနေရာ၏ အနောက်ဘက်(မြေပုံအရ အရှေဘက်) မိုင် ၎
- ၅ ဆယ် အကွာတွင် တပ်စခန်းစွဲထားသော ကေအင်ဒီအိုတို့၏ဗဟိုဌာနချုပ်စခန်းကြီးကို မိမိတို့တပ်မတော်မှ
စစ်ဆင်ရေးအကြီးစားလုပ်ပြီး ချီတက်တိုက်ခိုက်မည့် “ဟန်ပြစစ်ဆင်ရေး”ကြီး လုပ်နေစဉ်ကာလတွင်မှ
ရန်ကုန်ဘဆွေတို့ဦးစီးသော ကယ်တင်ရေးပြောက်ကျားတပ်ဖွဲ့က ဗိုလ်မှုးမောင်မောင်တို့အဖွဲ့ကိုဖမ်းချုပ်ထားသောစခန်းကို
ဝင်ပြီးတိုက်ခိုက်ထိုးသုတ် ကယ်တင်ရန်ဖြစ်သည်။
ထိုသို့စီစဉ်ပြီးနောက် ကယ်တင်ရေး
စစ်ဆင်ရေးကြီးကို စတင်ပါတော့သည်။ ထိုစစ်ဆင်ရေးကို တောင်ငူဒေသရှိ ဗမာ့တပ်မတော်အမှတ်(၂)
ခြေမြန်တပ်မဟာမှ တပ်မဟာမှုးဗိုလ်မှုးကြီးစောမြင့်က နောက်တန်းမှနေ၍ ကွပ်ကဲအုပ်ချုပ်စီမံပါသည်။
ပါဝင်သောတပ်များမှာ ခြေလျင်တပ်ခွဲ ၄ ခွဲပါရှိသော အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း (၎င်းတပ်ရင်းမှာ
၁၉၄၅ - ၄၆ က ဘီအိုင်အေတပ်သားဟောင်းများဖြင့် ကျနော် စတင် ဖွဲ့စည်းကိုင်တွယ်ခဲ့သောတပ်ရင်း)နှင့်
ရန်ကုန်ဘဆွေခေါင်းဆောင်သော ပြောက်ကျားတပ်ဖွဲ့တဖွဲ့ တို့ပင်ဖြစ်သည်။ အားလုံးကို ကျနော်က
ခြုံပြီး ဦးစီးပါသည်။
စစ်ဆင်ရေးတွင် ဗိုလ်မှုးကြီးမောင်မောင်တို့
တိုက်ရိုက်ကယ်တင်ရေးကို ဗိုလ်မှုးကြီးစောမြင့်နှင့် ရှေ့တန်းရှိ ရန်ကုန်ဘဆွေတို့ကို
တိုက်ရိုက် ကွပ်ကဲစေပြီး ကျနော်က ကေအင်ဒီအိုဗဟိုဌာနချုပ်ကြီးကို တိုက်ရိုက်တိုက်ခိုက်သိမ်းပိုက်ရေး
“ဟန်ပြတိုက်ခိုက်ရေး”ကို ဗမာ့တပ်မတော် လေတပ်ဆွယ်နှင့်ပေါင်း၍ လုပ်ဆောင်ပါသည်။
ကျနော်သည် သံတောင်နှင့် ဘောဂလိကြီးကိုလည်း
ဟန်ပြတိုက်ခိုက်ရေးလုပ်ခဲ့သေးသည် ထင်ပါသည်။ (တကယ်တော့ ၁၉၅၃ ခုနှစ်ကျမှ စစ်ဆင်ရေးကြီးတရပ်ဆင်နွှဲပြီး
သိမ်းပိုက်နိုင်ပါသည်) တချိန်တည်းမှာပင် ကေအင်ဒီအိုတို့၏ ဗဟိုစစ်ဌာနချုပ်စခန်းကြီးကို
ဦးတည်ပြီး ၎င်း ဗဟိုစခန်းကြီးရှိရာ ဘောဂလိဒေသ၏ ကေအင်ဒီအိုတို့၏ အပြင်ကာကွယ်ရေးစခန်းများကို
စတင်တိုက်ခိုက်ရန်ပြင်ဆင်ပြီး ၎င်းစခန်းကြီးကို လည်း လေတပ်မှ လေယာဉ်ဖြင့် ကောင်းကင်မှဝဲပြီး
ထောင့်အမျိုးမျိုးက လေကြောင်းဓာတ်ပုံရိုက်စေပါသည်။ ကျနော်တို့ဘက်က ပထမ ဦးတည်တိုက်ခိုက်မည့်
ရန်သူဗဟိုစခန်းကြီးကိုကာကွယ်ထာသော စခန်းငယ်များကိုပါ လေကြောင်းမှ ဓာတ်ပုံရိုက်ကူးစေပါသည်။
၎င်းလုပ်နည်းမှာ ဗမာ့တပ်မတော်မှ တိုက်ပွဲကြီးများတွင် စစ်ဆင်ရေးကြီးများ မစမီ စီမံကိန်းဆွဲရန်အတွက်
တိုက်မည့်ရန်သူ့ဒေသ စခန်းနေရာများကို ကောင်းကင်မှဓာတ်ပုံရိုက်ယူ ထောက်လှမ်းကြည့်ရှုရာတွင်
လုပ်လေ့လုပ်ထရှိသော လုပ်နည်းဖြစ်ပါသည်။
ထိုတိုက်မည့်ရန်သူ့စခန်းနှင့် ဝန်းကျင်ဒေသများအပေါ်သို့လည်း
လေတပ်လေယာဉ်ဖြင့် ကြော်ညာစာရွက်များကို ကြဲချပါသေးသည်။ ထိုကြော်ညာမှာ - မိမိတို့တပ်မတော်က
သင်တို့ကိုတိုက်ခိုက်တော့မည်။ သင်တို့အသေခံပြီး ခုခံတိုက်ခိုက်မနေဘဲ မိမိတို့တပ်မတော်သို့
လက်နက်များချကြရန်နှင့် လက်နက်ချသူများကို ကောင်းစွာစောင့်ရှောက်မည် စသည်များ ရေးသားထားပါသည်။
ထိုစဉ်က ကျနော်တို့ လုပ်လေ့လုပ်ထရှိသည့်အတိုင်း ရန်သူ့စိတ်ဓာတ်ကျအောင်ခြိမ်းခြောက်ထားသော
စာရွက်စာတမ်းများဖြစ်ပါသည်။ နောက် ရန်သူ့ဗဟို ကာကွယ်ရေးစခန်းကိုလည်း စပြီးတိုက်ပါတော့သည်။
ထိုအခါ ကရင်သူပုန်များသည် တခြားဘာကိစ္စမှ မစဉ်းစား၊ မကာကွယ်နိုင်တော့ဘဲ သူတို့ဗဟိုစခန်းကာကွယ်ရေးကိုသာ
အဓိကအာရုံထား လုံးပန်းလာကြပါသည်။
ထိုတချိန်တည်းမှာပင် ဗိုလ်မှုးကြီးစောမြင့်နှင့်
ရန်ကုန်ဘဆွေတို့တပ်ဖွဲ့က ဗိုလ်မှုးကြီးမောင်မောင်တို့အဖွဲ့ကယ်တင်ရေး တိုက်ပွဲကို စတင်
တိုက်ခိုက်ရာ ကောင်းစွာအောင်မြင်ထမြောက်ပြီး ထိုအဖွဲ့မှာ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင်
လွတ်မြောက်လာပါတော့သည်။
ထိုနောက် ကျနော်လည်း ရန်သူ့ဗဟိုစခန်းကို
ဟန်ပြတိုက်ခိုက်နေမှုကိုရပ်စဲလိုက်ပြီး စစ်ဆင်ရေးကို ခေတ္တရပ်ဆိုင်းလိုက်ပါတော့သည်။
0 comments:
Post a Comment