Thursday, November 5, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၈)
သို့သော် တကယ်ဖြစ်လာသည်မှာတော့ ထိုဖိုင်တွဲကို ဗိုလ်နေဝင်းက သူ့မိတ်ဆွေ အရပ်သား ရှေ့နေကြီးဦးဘစိန်ကိုပေးဖတ်ကာ ကျနော့်ကို ဘယ်လိုတရားစွဲအရေးယူနိုင်မယ်ဆိုတာ တိုင်ပင်ပါသည်။ ဦးဘစိန်ဆိုသည်မှာ ဂျပန်ခေတ် (ဘီဒီအေ)ကာလက စစ်တပ်အပြင်မှ ရှေ့နေတွေကို တပ်တွင်းဆွဲသွင်းစဉ်ကပါလာပြီး၊ တပ်မတော် စစ်ဥပဒေဌာနကြီးတာဝန်ခံ၊ ရှေ့နေချုပ်ခန့်အပ်ခံထားရသူ၊ မျိုးချစ်ပြည်ချစ်စိတ် ရှိသူတဦး ဖြစ်နေပါသည်။ (ဘီဒီအေ) ကာလ တပ်ထဲမှာနေစဉ် ကျနော်လုပ်ပုံကိုင်ပုံတွေကိုသဘောကျပြီး တပ်၏အနာဂတ်တွင် ကျနော် မရှိမဖြစ်အရေးပါသူဖြစ်သည်ဟု ယူဆထားသူလည်း ဖြစ်နေပါသည်။

ရှေ့နေကြီးဦးဘစိန်က ဖိုင်တွဲကိုယူဖတ်ကြည့်ပြီး ဒီစာတမ်းများအရတော့ ဗိုလ်ကျော်ဇောကိုအရေးယူအပြစ်ပေးဖို့ မဖြစ်နိုင်။ ဗိုလ်ကျော်ဇော နာမည်လည်း မပါ၊ လက်ရေးလည်း မပါ၊ ဒီဖိုင်တွဲဘယ်က ရသလည်းဆိုတာပင်ခက်နေသည်ဟု ဗိုလ်နေဝင်းကိုပြန်ပြောပြီး ဖိုင်တွဲ ပြန်ပေးအပ် ခဲ့သည်။ (ထို “အောင်မာဃစစ်ဆင်ရေး”ကို ဦးစီးခဲ့သူဗိုလ်ကြည်ဝင်းမှာ တပ်တွင်းဆိုရှယ်လစ်တပ်မှူး၊ အမာခံတဦးဖြစ်ကြောင်း လူအများ သိရှိထားသဖြင့် ထိုဖိုင်တွဲကိစ္စကို လူအများကမယုံမကြည် ဖြစ်နေကြခြင်းလည်း ရှိပါသည်)

သို့သော် ဗိုလ်နေဝင်းတို့က ကျနော်သည်လူရိုးလူအဖြစ်၍ တရားစွဲလို့ရနိုင်သည်ဟုယူဆပြီး ကျနော့်ကို စစ်ဆေးအပြစ်ပေးရန် ခုံရုံးတရုံး ဖွဲ့ခဲ့ပါသည်။

ထိုအတွင်းမှာပင် ကျနော်နေထိုင်နေသည့်မင်္ဂလာဒုံစစ်တပ်နယ်မြေ၊ ဧည့်ရိပ်သာ (Guest House)သို့ ဗမာပြည်ပေါက် အိန္ဒိယလူမျိုးရှေ့နေကြီး မစ္စတာဂန်ဂူလီဆိုသူရောက်လာပြီး သူသည်ဦးဘစိန်၏တပည့်ဖြစ်ကြောင်း၊ ဦးဘစိန်က ကျနော့်ကိုအကူအညီပေးရန် စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်းမိတ်ဆက်လာပြီး ဖိုင်တွဲအကြောင်း သူသိသမျှ ပြောပြလာပါသည်။ ကျနော်ကို ဘာမှ မစိုးရိမ်ဖို့၊ တရားရုံးမှာ ဥပဒေကြောင်းအရ ကောင်းကောင်းကာကွယ်နိုင်သည်ဟုလည်း အားပေးပြောပြပါသည်။

ထို့အပြင် ကျနော့်ကိုလည်း ဝန်ကြီးအချို့နှင့် တွေ့စကားစမြည်ပြောဖို့ တိုက်တွန်းပါသည်။ သူက ခင်ဗျားမျက်နှာကိုမြင်ရင် သူတို့တတွေ ခင်ဗျားအပေါ် မရက်စက်နိုင်ပါဘူးဟုလည်း ဆိုပါသည်။ ကျနော်၏ တိုင်းပြည်အပေါ်ဆောင်ရွက်ခဲ့မှုများအပေါ် သူတို့တတွေ ထောက်ထား ကြလိမ့်မည်ဟု သူက ထင်ပုံရပါသည်။ ကျနော်ကတော့ မထင်ပါ။ သို့သော် သူ့စေတနာအရင်းခံနှင့်တိုက်တွန်းမှုကို လိုက်လျောသည့်အနေနှင့် သူ့အကြံပေးချက်ကိုကျနော်လိုက်နာခဲ့ပြီး ဖဆပလဝန်ကြီးအချို့နှင့် သူတို့အိမ်များတွင်သော်လည်းကောင်း၊ တင်းနစ်ကစားရင်းသော် လည်းကောင်း ကျနော်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရင်း သူတို့ကလည်း သူတိုကြားထားသည့်သတင်းများ၊ အချက်အလက်များကို ကျနော့်ကိုမေးမြန်းရာ ကျနော်က ပြန်လည်ရှင်းလင်းပြောပြ ရပါသည်။

ထို့နောက် ကျနော့်ကို စစ်ခုံရုံးက ခေါ်ယူစစ်ဆေးပါသည်။ ကျနော်ကလည်း မစ္စတာဂန်ဂူလီ သင်ကြားပေးသည့်အတိုင်း ဘယ်လိုမေးလျှင် ဘယ်လိုဖြေဆိုသည့်အတိုင်းထွက်ဆိုပြီး၊ သူမှာလိုက်သည့်အတိုင်း တချို့မေးခွန်းများကို တရားရုံးကိုပြန်မေးပါသည်။ ဤတွင်တရားရုံးက ကျနော့်ကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးနိုင်ရန်မလွယ်ကူဆိုသည်ကို သိသွားကြပါသည်။ ကျနော်နှင့်ဝန်ကြီးအချို့ဆွေးနွေး ရာတွင်လည်း သူ့တို့အမှုဆင်မည့်ကိစ္စများကို ကျနော်အလွယ်တကူချေဖျက်နိုင်ကြောင်း သူတို့သဘောပေါက်နေကြပြီး ဖြစ်သည်။

ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် ကျနော်ပြောပြလိုသည့် ကိစ္စတခုရှိပါသည်။ ကျနော့်ဘဝ အခက်အခဲတွေ့ဆုံနေစဉ်၊ ကျနော့်ကို တရားဥပဒေရေးရာဘက်တွင်ကူညီခဲ့ကြသော ရှေ့နေကြီးဦးဘစိန်နှင့် မစ္စတာဂန်ဂူလီကို ကျနော်အမြဲသတိရ ကျေးဇူးတင်လျက်ရှိပါသည်။ မစ္စတာဂန်ဂူလီမှာ ကျနော်တပ်ကထွက်ရလျှင် ကလေးတပြုံကြီးနှင့် ခက်ခဲဆင်းရဲတော့မည့်အဖြစ်ကို အလွန်ကြင်နာစိုးရိမ်ပုံရပါသည်။ ထို ကျနော့်အမှု ဖြစ်နေစဉ်အတွင်း မေမြို့မှာကျန်ခဲ့သောကျနော့်အိမ်သားများ၊ မင်္ဂလာဒုံရောက်လာပြီး ကလေးများကို ကျောင်းထားရေးကိစ္စများ စီစဉ်နေစဉ်က ကျနော့်ကလေးများ၏လွယ်အိတ်များ ဧည့်ခန်းအတွင်း တိုင်များတွင်ချိတ်ထားသည်ကိုကြည့်ပြီး-သြော်ကလေးတွေလည်း ကျောင်းတက်ရဦးမယ်နော်ဟု အတော်မျက်နှာမကောင်းစွာပြောဖူးတာကို ကျနော်မှတ်မိနေပါသည်။ ကျနော့်သမီးအငယ် စန်းစန်းကိုလည်း သူကအတော်ချစ်သည်။ စန်းစန်းက ငယ်စဉ်ကတည်းက သပ်သပ်ရပ်ရပ်နေတတ်သည်။ သူက စန်းစန်းကိုတွေ့လျှင် Princess Margret လေးဟုခေါ်ပြီး စတတ်နောက်တတ်သည်။ (ထိုစဉ်က အင်္ဂလန်က မင်းသမီးလေးမာဂရက်မှာ အလွန်လှသည်ဟု နာမည်ကျော်ကြား နေပါသည်) အမှုပြီးစီး၍ ကျနော်က ရှေ့နေခ ငွေတထောင်ကျပ်ပေးသည်ကို ဘယ်လိုမှ ပေး၍မရ။ မယူပေ။

ထိုသို့ တရားရုံးအနေနှင့်ဆက်စစ်ဆေးရန် မလွယ်ကူတော့သောအခါ၊ စစ်ခုံရုံးအနေနှင့် ကျနော့်ကို တရက်ပဲ ခေါ်ယူစစ်ဆေးပြီး အမှုကို ဆက်မစစ်ဆေးတော့ဘဲ ရပ်လိုက်ပါတော့သည်။ ကျနော့်ကို တရားစွဲဆိုခြင်းလည်းမပြုတော့ဘဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ်နေဝင်း၏ အုပ်ချုပ်ခွင့် အာဏာနှင့် မိမိမကြိုက်သူကို အလုပ်ကထုတ်ပစ်ဖယ်ရှားနိုင်သည့်ဥပဒေနှင့် ကျနော်ဟာ သူပုန်တို့နှင့် ဆက်သွယ်သတင်းပေးနေသည်ဟု ယူဆစရာရှိနေ၍ မယုံကြည်ရသဖြင့် တပ်မတော်ကဖယ်ရှားလိုက်ရသည်ဟု ကြေညာလိုက်ပါတော့သည်။

သို့ဖြင့် ကျနော်သည် တပ်မတော်မှ ၁၉၅၇ ခုနှစ်၊ ဧပြီလတွင် အငြိမ်းစားပေးခြင်းခံလိုက် ရပါသည်။ ထိုစဉ်က ကျနော့်အသက်မှာ(၃၈)နှစ်သာ ရှိပါသေးသည်။ စစ်မှုထမ်းသက်မှာ (၁၉၄၁)မှစလို့ (၁၆)နှစ်အရတွင် တပ်မတော်မှထွက်လိုက်ရခြင်းလည်း ဖြစ်ပါသည်။

0 comments:

Post a Comment