ဦးကြည်မောင်၊
နူးရင်ဘာ့ခ်နှင့်ဥပဒေစိုးမိုးရေး (မျိုးမြင့်ချို) ၂ဝ၁၃ ဇန်နဝါရီ ၂ ရက်
မနေ့က
(ဆရာ)ဇော်ဇော်အောင်၏ “ကျနော်သဘောမတူပါ”ကိုဖတ်နေရင်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးစအချိန်ကို
စိတ် ပြန်ရောက်၏။ ထိုကြားဖြတ်ရွေးပွဲပြီးစက မိတ်ဆွေတစ်ဦး၏ မေးပြောပြောသည့်စကားကိုလည်း
ပြန်တွေးမိ၏။ ထိုမိတ်ဆွေက ခုမှ ကောက်ကာငင်ကာ “အမေစု” ဖြစ်သူမဟုတ်ပဲ “အန်တီစု”ခေတ်က
စကာ နိုင်ငံရေးကို ခရီးသွားဟန်လွှဲစိတ်ဝင်စားသူခဲ့ဖြစ်၏။ ထောင်တန်းအကျခံပြီးလုပ်နေကြသူ
တွေကိုကျတော့“နိုင်ငံရေးစိတ်ဝင်စားလို့၊ နိုင်ငံရေးဝါသနာပါလို့”လုပ်နေသူတွေအဖြစ်မျှသာ
သဘောထားသူဖြစ်၏။ သူနှင့်ကျနော် ခု ပြန်ဆုံ တော့ အနှစ်(၂ဝ) ကျော်လာခဲ့ပြီ။ သို့သော်
သူ့နိုင်ငံရေးသက်က သူ့ လူ့ အသက်အရွေ့ကို မေ့နေဟန်တူ၏။ ခုတော့ သူလည်း “အမေစု”။ သူ့ဘာသာ
“အမေ”ဖြစ်ဖြစ် “အန်တီ”ဖြစ်ဖြစ်အရေးမကြီး။ အရေးကြီးသည်က သူ့ စကားများ။ စကားဆိုသည်က နောက်ကွယ်တွင်
တရားရှိ၏။ ယခု ပြောချင်သည်က ထို တရား။
(၉ဝ)ရွေးကောက်ပွဲတွင်
အင်န်အယ်လ်ဒီထံ အာဏာမလွှဲခဲ့သည့်အပေါ် သူနှင့်မိမိ အတိုင်းအတာတခုအထိ အမြင်တူခဲ့ဖူး၏။
(၂ဝ၁၁) ကြားဖြတ်ရွေးကောက်ပွဲလည်းပြီးရော “အဲ့ဒီတုန်းက ဦးကြည်မောင်က ဦးခင်ညွန့်ကို
နူးရင်ဘာ့ခ်ခုံရုံးတင်မယ် သွားပြောတာကိုး၊ ပြီးတော့… အာဏာကလည်း မက်သေး”ဟု ဖြစ်ကာ လေသံပြောင်းသွား၏။
ဒါက တစ်ခု။
“အမျိုးသားပြန်လည်သင့်မြတ်ရေးပြောနေပြီး
အရင်အစိုးရလုပ်ခဲ့တာတွေကို ပြန်ဖော်ထုတ်ရမယ်ပြောနေတာတော့ မဟုတ်သေးဘူးနဲ့တူတယ်။ ကျနော်ကတော့
နားလည်ပါတယ်။ ခင်ဗျားတို့ဖြစ်နေတာက မဟောသဓာနဲ့ကေးဝဋ်ပုဏ္ဏားလို …….”ဟုစကားခံကာ “ချေ
၂ ချေ”တရား ဟော၏။ ဒါက နောက်တစ်ခု။
“ခေတ်က
ပြောင်းနေပြီဗျ၊ ချမဟဲ့ဆော်မဟဲ့ လုပ်ရမှာမဟုတ်ဘူး၊ တိုင်းပြည်ကို ဆန္ဒပြပွဲနဲ့သေနတ်နဲ့တည်ဆောက်လို့မရဘူးဗျ”
ဆိုကာ ပညာခေတ်အကြောင်း ပညာပေး၏။ ဒါကလည်း နောက်ထပ်တစ်ခု။
ထိုမိတ်ဆွေ၏
“အာဏာမက်နှင့်နူးရင်ဘာ့ခ်”ကို ကျနော်က “ဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာ”အဖြစ်မြင်ထား၏။
ဦးကြည်မောင်သည် “အာဏာပြဿနာနှင့်ဥပဒေစိုးမိုးရေး”ကို တစ်ခုတည်းအဖြစ်တွဲမြင်သူဟု ကျနော်က
အမှတ်ပြုယုံကြည်သူဖြစ်၏။ ထို့ကြောင့် ထိုကိစ္စ သက်သက်ကွက်၍ ဤနေရာ၌ပြောချင်လာ၏။
ကျန်ကိစ္စများကိုတော့ နောင်တွင်ပြောမည်တွေး၏။
အရင်ဆုံး
(၉ဝ)ရွေးကောက်ပွဲကို ပြောချင်၏။ နောက်ခံများသိကြပြီးသားမို့ ပြောရေးမချဲ့လိုတော့။
(၉ဝ) ပြည့်ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီ ဝင်ခဲ့သည်က အာဏာ(၃)ရပ်လုံး လွတ်လွတ်ကျွတ်ကျွတ်
ရနိုင်ခြေရှိမှုအောက်က ဝင်ခဲ့ခြင်းဖြစ်၏။ တနည်းပြောရလျှင် အစိုးရဖွဲ့၊ လွှတ်တော် ခေါ်၊
ဥပဒေပြုဖို့(ဖွဲ့စည်းပုံဆွဲ)ဖြစ်၏။ အလွန်ရှင်း၏။ ထွေပြားစရာ ဘာမှမရှိ။ သို့သော် ဝေဝါးခဲ့ကြသည်ထင်၏။
ထိုအချိန်က နှစ်ဘက်စလုံးတွင် ပြဿနာ၏အရင်းတရားကို “ဘာမှန်း”သေချာသိမြင်သူများလောက်သာ
ဗူးလုံးနားထွင်းခဲ့ကြ၏။ အချို့က “အာဏာမမက်”တို့၊ “အာဏာလိုချင် လို့မဟုတ်”တို့၊ “အမျိုးသားနိုင်ငံရေး”တို့ဟုဆိုကာ
အမောင်တောင်မြောက်မကွဲခဲ့ကြ။
တကယ်တမ်းအရင်းခံက
“အာဏာပြဿနာ”။ ထို့ကြောင့် “အာဏာလွှဲပေး”ဟု တင်းတင်းရင်းရင်း မပြောဝံ့သူတို့လည်းရှိခဲ့ကြ၏။
ပြောဝံ့သူက ပြော၏။ သို့တိုင် မိမိဘက်က တချက်ကလေးတွေဝေလိုက်သည်နှင့် သူ့ဘက်ကလက်ဦးမှုယူကာ
တစ်သက်စာနာလံမထူအောင် ချေမှုန်း ပစ်လိုက်၏။ ထိုတွင် အာဏာရယူရေးမျှော်မှန်းချက်နှင့်
ဝေးသွားတော့၏။ ဗမာ့လက်တွေ့နိုင်ငံရေး၏လက်သည်မှာ အာဏာပြဿနာမှန်း ဦးကြည်မောင်လိုခေါင်းဆောင်တချို့က
အလွန်အလေးအနက်ထားခဲ့၊ သိခဲ့ကြ၏။ ဦးကြည်မောင်ထိုသို့သိမှန်း စစ်ဗိုလ်တွေကလည်းသိထား၏။
ဤတွင် ယိုးမယ်ဖွဲ့ဖို့ရမယ်ရှာတော့ ဦးကြည်မောင်ကို တွေ့၏။ အမှန်က ဤကိစ္စသည် ဦးကြည်မောင်နှင့်မဆိုင်၊
အာဏာနှင့်သာဆိုင်၏။ ဦးကြည်မောင်ကိစ္စမဟုတ်။ “အာဏာကိစ္စ”။ ဤမျှ သိသိနှင့်မျက်စေ့စုံမှိတ်ကာ
ထို(၉ဝ)ရလဒ်ကို နိုင်ငံ့သမိုင်းထဲမှာပဲ ထားထား၊ နိုင်ငံတော် ပြန်တမ်းထဲမှာထားထား၊ ထားလို့ရ၏။
ထားသူတို့ ထားခဲ့လိုက်ကြပြီဖြစ်၏။ ထားခဲ့ပြီမို့ ပြောနေစရာမလို ဆိုလျှင်တော့မဟုတ်သေး။
ခုတောင် ပြောရပြီမဟုတ်လား။
(၂ဝ၁၂)ကြားဖြတ်ဝင်တာကျတော့
အာဏာယူဖို့မဟုတ်တော့။ ယူချင်လို့မရတော့။ အာဏာရနိုင်ခြေရှိမှုအောက်ကဝင်ခဲ့တာ မဟုတ်တော့။
ရှိနေသည့်အစိုးရကိုအသိအမှတ်ပြု၊ ဆွဲပြီးသားဖွဲ့စည်းပုံကိုကာကွယ်စောင့်ရှောက်၊ ဖွဲ့ပြီးသားလွှတ်တော်ထဲ
အိမ်ဖြည့်သဘောဝင်ထိုင်ပေးဖို့။ မိမိဘက်က ဤမျှသာ။ (“ဒီ့ထက်မက”ဆိုသူများလည်း ရှိနိုင်ပါ၏)
သူ့ဘက်ကကြတော့ ခိုင်၏။ ချည်ပြီးသားတုတ်ပြီးသား။ “လေးစားလိုက်နာ ဖြစ်ဖြစ်၊ ကာကွယ်စောင့်ရှောက်ဖြစ်”အရေးမကြီး။
ဒါတောင် နောက်ဆုံး “ကာကွယ်စောင့်ရှောက်”နှင့် အနိုင်ပိုင်း ခံလိုက်ရသည်မဟုတ်လား။ ဒီ့မတိုင်ခင်ကလည်း
တင်ရေး/မတင်ရေးအစတွေ ပလူပျံအောင်ထွက်လာ၏။ နောက်ဆုံး တင်ရေးက ပေါက်ကောင်ပွင့်ခဲ့၏။ တခါ
မှတ်ပုံတင် ပြီး ကြားဖြတ်ဝင်မယ်ဆိုတော့ မဝင်ခင်မှာ ဝင်-ပြင် နှင့် ပြင်-ဝင် အကြိတ်အနယ်။
နောက်ဆုံး ဝင်-ပြင်လိုင်းကျ၏။ အမှန်က ဝင်-ပြင်နှင့် ပြင်-ဝင်တွေတို့သည် တင်/မတင်ကာလကပင်
အစပျိုးပြီးသား။ ဒီလိုနှင့် ဖွဲ့စည်းပုံပြင်ရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေးကြွေးကြော်သံနှင့်
လွှတ်တော်ထဲဝင်သွား၏။ ပြည်တွင်းစစ်မီးလည်းတောက်ဆဲ၊ ၂ဝဝ၈ ဥပဒေလည်းစိုးမိုးဆဲ၊ ဖွဲ့စည်းပုံလည်း
ပုံမပျက်ရှိနေဆဲ။
ဆိုတော့
ကြားဖြတ်ဝင်ခြင်းသည် အာဏာကိစ္စလို့ တိတိပပပြောဖို့ခက်၏။ သူ့စိတ်ကြိုက်တည်ဆောက်ပြီး၊
အထိုင်ချထားသည့်အာဏာကို ဖြိုချဖို့အသာထား ထိပါးလို့ပင်မရသေး။ သည်အနေအထားမှာ “အာဏာစကား”ပြောလို့မဖြစ်။
“အာဏာလွှဲပေး”ပြောလို့မရ။ ဒီတော့ “စစ်ဗိုလ် တွေနဲ့တည့်အောင်ပေါင်း”ပဲ ပြောရတော့မည်။
ခု “သမ္မတဖြစ်ချင်သည်၊ အာဏာလိုအပ်သည်”ဟုပြောင်းလာ၏။ ကောင်း၏။ ကြိုဆို၏။ ထို စကားက အနှစ်နှဆယ်ကျော်အကြာကပင်
ကြားချင်သည့်စကား။ စိတ္တဇနာမ်ဖြစ်သော၊ စစ်တပ်ဝါဒဖြန့်စကားလုံးဖြစ်သည့် “အမျိုးသား နိုင်ငံရေး”
ဆိုသည်ကိုလွှတ်ချပြီး “အစိုးရဖြစ်ချင်တယ်၊ အာဏာလိုအပ်တယ်” ကို အတိအလင်းထုတ်ပြောလိုက်သဖြင့်
ရှင်းသွားပြီဟု ယူဆ၏။ အစိုးရဖြစ်ချင်ခြင်းနှင့် နိုင်ငံရေးအာဏာကိစ္စသည်“မက်”စရာမဟုတ်။
“လိုအပ်ချက်” သာဖြစ်၏။ သို့သော် ထို လိုအပ်ချက်နှင့် ဖြစ်ချင်သည့်သမ္မတအတွက် ကျော်နင်းရမည့်ကန်သင်းတို့ကား
ထူထူပြောပြော။
ဥပဒေပြုရေးဘက်ကကြည့်လျှင်လည်း
(၉ဝ)တုန်းကလို “ဥပဒေပြုရေး”ပြောမရ။ “ဥပဒေစိုးမိုးရေး” ပြောင်းရ၏။ မပြောင်းလို့မရ။ ကိုယ့်ရွေးလမ်းနှင့်ကိုယ်
ဖြစ်နေ၏။ သို့သော် ဘယ် ဥပဒေစိုးမိုးရေးလဲ။ ဘယ်ပုံစိုးမိုးအောင် လုပ်မလဲဆိုသည်ကတော့
သဲသဲကွဲကွဲမရှိလှ။ “တရား”ဥပဒေစိုးမိုးဖို့ဆိုလျှင် “စိုးမိုးမည့်” ဥပဒေသည် “တရားမှ”ဖြစ်မည်။
ဥပဒေစိုးမိုးသည့်လူ့အဖွဲ့အစည်း ကောင်းမှန်း လူတိုင်းသိသလို၊ ကောင်းသည့်(တရားသည့်) ဥပဒေစိုးမိုးမှ
ဖြစ်ကြောင်းလည်း လူတိုင်းသိကြ၏။ ထို့ကြောင့် ဥပဒေစိုးမိုးရေးတွင် တိကျရှင်းလင်းသည့်
အဓိပ္ပါယ်ဖွင့်ဆိုချက်လို၏။ သို့မဟုတ်လျှင် “ဘယ်သူပြုသည့် ဘာဥပဒေ၊ ဘယ်သူတွေအပေါ်စိုးမိုးမှာလဲ”ဆိုသည့်
အမေးတို့နှင့်သာ လုံးလည်နေလိမ့်မည်ထင်၏။ ဥပဒေစိုးမိုးရေးနှင့်ဆိုင်သည့် (ဦး)အောင်ထူး-ရှေ့နေရေးသည့်စာကို
ဤနေရာတွင် ကောက်နှုတ်ကိုးကားချင်၏။ သူက …. ဥပဒေစိုးမိုးရေး၏အခြေခံမှာ
ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား
အဓိက ထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တန်းလိုက်နာကျင့်သုံးလျှင်
ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍မရပါ။ ပြစ်မှုကျူးလွန်သူအား
အပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတထားလို၍မဟုတ်။
အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူ ကိုယ်တိုင် နောင်တရသွား စေချင်သည့်အပြင်
အခြားသူများကလည်းသင်ခန်းစာယူ၍ နောင်ကိုအလားတူပြစ်မှုများထပ်မံမကျူးလွန်စေရန်
ဟန့်တားလို၍ဖြစ်သည်။
ပြန်ကောက်ရလျှင်
ဖြစ်ခဲ့သမျှကိစ္စတို့သည် တရားဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာ။ ဦးကြည်မောင်က ထိုနှစ်ခုကို
တစ်ခုတည်းဖြစ်မှန်း သေချာထားသူ။ (၉ဝ)ရွေးကောက်ပွဲအပြီး အာဏာ မအပ်ရတာက“နူးရင်ဘာ့ခ်”ကြောင့်ဟု
ဦးကြည်မောင်အားလက်ညှိုးထိုးယိုးစွပ်သည့် “အာဏာမက်”သူတို့၏နှုတ်ထွက်စကားကို တရားလုပ်ပြောလာသောကျနော့်မိတ်ဆွေအား
သေချာဃဏ ဖြစ်စေချင်လှ၏။
မျိုးမြင့်ချို
(ဇန်နဝါရီ ၂ ရက် ၂ဝ၁၃)
လွှတ်တော်ထဲ
(ဝင်)တာကအရင်၊ ဖွဲ့စည်းပုံ(ပြင်)တာကနောက်(ဝင်-ပြင်)။
ဖွဲ့စည်းပုံ(ပြင်)တာကအရင်၊
လွှတ်တော်ထဲ(ဝင်)တာကနောက်(ပြင်-ဝင်)။
စာကိုး-
(ဦး)အောင်ထူး- https://www.facebook.com/ahtoo1
0 comments:
Post a Comment