ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
စတုတ္ထတွဲ၊ အခန်း(၁၇)
ကျနော် ဗမာ့တပ်မတော်မှ အနားယူပင်စင်ပေးခံရပြီးထွက်ခဲ့ရသောကိစ္စ
တရုတ်ဖြူတိုက်ပွဲကြီးများ အောင်မြင်စွာတိုက်ခိုက်ပြီးနောက်
၁၉၅၅ခုနှစ်မှစ၍ ကျနော်၏ ဂုဏ်သိက္ခာနှင့် နာမည်မှာ တပ်တွင်းသာမက တပ်ပြင်ပြည်သူများအကြားနှင့်
နိုင်ငံခြားအထိပါ ကျော်ကြားလာခဲ့ပါသည်။ ထို့ကြောင့်တပ်တွင်းတွင်
ကျနော့်ကို ဒုဦးစီးချုပ်ရာထူးပေးရန် ပြောဆိုသံများရှိလာပါသည်။ ထိုရာထူးမှာ ၁၉၄၉ ခုနှစ်
ဗိုလ်ချုပ်နေဝင်း(ထိုစဉ်က ဒုဦးစီးချုပ်)က ဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းကိုဖယ်ရှားပြီး
တက်လာကတည်းက မည်သူမျှမပေးဘဲ ကွက်လပ်ထားသောနေရာ ဖြစ်ပေသည်။ ၁၉၅၆ စက်တင်ဘာလတွင်ပြုလုပ်မည့်
တပ်မှူးများ ညီလာခံတွင် ကျနော့်အား ဒုဦးစီးချုပ်တင်ရေး ဝိုင်း၍အဆိုတင်ရန် စည်းရုံးလှုပ်ရှားလာရာ
တပ်တွင်း တချို့ဆိုရှယ်လစ်တပ်မှူးများပါ ထောက်ခံလာကြပါသည်။ တပ်တွင်းမှ ဆိုရှယ်လစ်အချို့
မပေးချင်နေကြောင်းသိကြသဖြင့် “သူတို့မပေးချင်ရင် သူတို့ ဗိုလ်ချုပ်ကျော်ဇောလို စစ်တိုက်ပြပါလား”ဟူ၍ပင်
ဆိုရှယ်လစ်တပ်မှူးအချို့က ပြောလာကြကြောင်း ကြားရပါသည်။ ထို့ကြောင့် ကျနော့်ကို ပုလိပ်မင်းကြီးခန့်ရေး၊
ဗြိတိန်အမြင့်ဆုံးစစ်ကျောင်းဖြစ်သော ကာကွယ်ရေးတက္ကသိုလ်သို့တက်ရောက်ရန်လွှတ်ရေး စသည့်ကိစ္စများပြောဆိုနေကြပြီး
ကျနော့်အား တပ်မှ ကင်းကွာရေးအတွက် စတင်လှုပ်ရှားလာကြပါသည်။
ထိုစဉ်မှာပင် “အောင်မာဃစစ်ဆင်ရေး”မှ ဖမ်းဆီးရမိသော ကျနော်နှင့်ပတ်သက်သော
ဖိုင်တွဲကိစ္စပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
“အောင်မာဃစစ်ဆင်ရေး”ဆိုသည်မှာ ၁၉၅၆ ခုနှစ်- နှစ်ဆန်းတွင်
ဗမာ့တပ်မတော်မှ အထက်ဗမာပြည်၊ ပခုက္ကူခရိုင်တွင်း ပြည်တွင်း သူပုန်များ၊ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကိုထိုးစစ်ဆင်သော
စစ်ဆင်ရေးကြီးဖြစ်သည်။ မြောက်ပိုင်းတိုင်းမှ တပ်မဟာ (၁ဝ)က ဦးစီးခဲ့ပြီး တပ်မဟာမှူးမှာ
ဗိုလ်မှူးကြီးကြည်ဝင်း ဖြစ်သည်။ ဗိုလ်မှူးကြီးကြည်ဝင်းမှာ တပ်တွင်းဆိုရှယ်လစ်ခေါင်းဆောင်တဦးဖြစ်ပြီး
ထိုအချိန်က ခေတ္တဝန်ကြီးချုပ်လုပ်နေသည့်ဦးဘဆွေနှင့် အတော်ရင်းသည့်ဆွေမျိုးဖြစ်သည်။
(သူတို့၏ အိမ်ထောင်ဖက်များဘက်မှ တော်စပ်ကြဟန်ရှိသည်) ထိုစစ်ဆင်ရေးအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်မှ
စာရွက်စာတမ်းအတော်များများဖမ်းဆီးမိရာ ထိုအထဲတွင် ဥက္ကဋ္ဌသခင်သန်းထွန်း၏ ထိပ်တန်းလျှို့ဝှက်ဖိုင်တွဲတတွဲ
ပါရှိပါသည်။ ထိုဖိုင်တွဲတွင်ပါရှိသော စာအချို့မှအချက်အလက်များအရ သခင်သန်းထွန်းထံ ကျနော်ကရေးပေးသည်ဟုထင်ရသောအကြောင်းအရာများပါရှိနေရာ
ထိုကိစ္စကိုအကြောင်းပြု၍ ကျနော့်ကို အကြီးအကျယ်အရေးယူရန် တပ်တွင်းတပ်ပြင်ရှိ ဆိုရှယ်လစ်များ
စီစဉ်ကြ ပါတော့သည်။
ဤနေရာတွင် ကျနော်နှင့် ထိုခေတ်ထိုအချိန်က နိုင်ငံရေးဇာတ်ခုံများတွင်
အရေးပါစွာရောက်ရှိနေသူများအကြား ဆက်ဆံရေးကို ရေးပြ ပါဦးမည်။
ထိုအချိန်ကာလ (၁၉၅၆)ခုနှစ်သည် ဆိုရှယ်လစ်များက တပ်တွင်းတပ်ပြင်သြဇာလွှမ်းမိုးရေး
အကြီးအကျယ်ကြိုးစားနေမှု အရှိန် ရနေချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ သူတို့သည် ပြင်ပအန္တရာယ်ဖြစ်သည့်
တရုတ်ဖြူတိုက်ရေးထက် ပြည်တွင်းစစ်ကိုသာ အလေးပေး အပြုတ်တိုက်ချင်သူများဖြစ်ကြသည်။ ပြည်သူလူထုနိုးကြားပြီး
တောင်းဆိုလွန်း၍သာ (တဖက်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီက ဖော်ထုတ် ဖွင့်ချနေ၍သာ) တရုတ်ဖြူတိုက်ရေးကို
လုပ်ကြခြင်းဖြစ်သည်။ ထိုတိုက်ပွဲများအရှိန်နှင့် ကျနော်သြဇာကြီးမားလာမှုကိုလည်း သူတို့
စိုးရိမ် နေကြသည်။ တပ်တွင်းမှာ ဆိုရှယ်လစ်ပါတီဆန့်ကျင်သည့်တပ်မှူးများလည်းရှိရာ ကျနော်နှင့်ပူးပေါင်းစည်းရုံးမိပြီး
သူတို့ ဆိုရှယ်လစ်များကို အာခံခေါင်းမာလာကြမှာလည်း စိုးရိမ်ကြသည်။ အဓိကမှာ ဆိုရှယ်လစ်များအနေနှင့်
တိုင်းပြည်ကို ၎င်းတို့စိတ်ကြိုက်ခြယ်လှယ်လိုကြရာတွင် တပ်မတော်ကို ပထမဆုံး သူတို့စိတ်ကြိုက်အုပ်စီးနိုင်ဖို့ရာမှာ
ဆူးညှောင့်ခလုတ်ဖြစ်နေသောကျနော့်ကို ဖယ်ရှားပစ်ဖို့လိုပေသည်။
ကျနော် ဤကဲ့သို့ တပ်မှထုတ်ပစ်ရေးကို ပုဂ္ဂိုလ်အရ အဓိကကြိုးစား
ကြိုးကိုင်သူ(၃)ဦး ရှိပါသည်။
၁။ ဦးကျော်ငြိမ်း-ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းသည်
တလျှောက်လုံး ကျနော့်ကို သတိဖြင့်စောင့်ကြည့်ခဲ့ပါသည်။ ဦးကျော်ငြိမ်းသည် ကျနော့်ကို
သူ၏ဆိုရှယ်လစ်ပါတီတွင်းရောက်အောင် များစွာ အားထုတ်လုံးပန်းကြိုးစားခဲ့ပါသည်။ ဆိုရှယ်လစ်ပါတီမှာ
ပြည်သူတို့၏အကျိုးကို ဆောင်ရွက်ဖို့ထက် ကွန်မြူနစ်ပါတီဆန့်ကျင်ရေး၊ အပြုတ်တိုက်ရေးကိုသာအဓိကလုပ်နေသော
ပါတီဖြစ်ရာ (အဓိက ၎င်းတို့ကိုယ်ကျိုးစီးပွား ကိုသာ လုပ်နေရာ) ကျနော်အနေနှင့် တိုင်းပြည်နှင့်ပြည်သူ့မျက်နှာမထောက်ဘဲ
မိမိတဝမ်းတခါးအတွက် ဆိုရှယ်လစ်ပါတီဝင် မလုပ်နိုင်ပေ။ ဦးကျော်ငြိမ်းအနေနှင့်ကလည်း ကျနော်၏
ပြင်းပြသောပြည်ချစ်စိတ်၊ အကျင့်စာရိတ္တ၊ သီလ၊ ရာထူးစည်းစိမ်မမက်မောမှု စတာတွေကိုကြည့်ပြီး
သူသိမ်းသွင်းနိုင်မည့်သူ မဟုတ်ရုံမက သူ့ရှေ့ရေးရည်မှန်းချက်ကိုပါ နှောင့်ယှက်နိုင်သူဟုမြင်နေသဖြင့်
ထိုဖိုင်တွဲကိစ္စပေါ်လာသောအခါ တပ်တွင်းဆိုရှယ်လစ်များနှင့်ပူးပေါင်းပြီး တက်ကြွစွာ ကျနော့်ကို
အရေးယူလုပ်ဆောင်လာခြင်း ဖြစ်ပါသည်။
၂။ ဗိုလ်အောင်ကြီး- ၎င်းမှာ နိုင်ငံရေးထက် ပုဂ္ဂိုလ်ရေးရာထူးအတွက်ပါ
ကျနော့်ကိုဆန့်ကျင်သဖြင့် အလွန်ပြင်းထန်ပြီး၊ ကျနော့်အပေါ် ပုဂ္ဂိုလ်ရေးအရလည်း အလွန်မုန်းတီးပါသည်။
ကျနော်တပ်တွင်းရှိနေသရွေ့ သူ့အနေနှင့် ကျနော့်ကိုကျော်ကာ ထိပ်ရောက်ဖို့ မဖြစ်နိုင်ပါ။
၃။ ဗိုလ်နေဝင်းမှာ ကျနော့်ကို ဂျပန်ခေတ်ကတည်းက မလိုလား၊
မနှစ်မြို့သော်လည်း လက်တွေ့ထည့်သွင်းစဉ်းစားရမည့်အချက်များရှိပါသည်။ (ဗိုလ်နေဝင်းသည်
တပ်တွင်းဆိုရှယ်လစ်များအနက် ၎င်းကိုယ်ကျိုးစီးပွားနှင့်ပတ်သက်လာလျှင် အလွန်လက်တွေ့ကျစွာစဉ်းစားနိုင်သူ
ဖြစ်သည်) တိုင်းပြည်တွင် စစ်တပ်ကထမ်းဆောင်ရမည့်တာဝန်ကြီးများပေါ်လာပါက သူ့တွင်အားကိုးမရှိပေ။
သူကိုယ်တိုင်က ဘာမှ စွမ်းရည် ရှိသူ မဟုတ်။ သူ့ဆိုရှယ်လစ်တပ်မှူးများကလည်း အားမကိုးရ။
အရေးအကြောင်းဆိုက ကျနော့်ကိုခေါ်ပြီး တာဝန်ပေးရ။ ကျနော်ကလည်း တခါမျှ မငြင်းဆို။ ခေါ်
တာဝန်ပေးသမျှ တာဝန်ကျေပြွန်အောင် ထမ်းဆောင်ခဲ့။ တခါမှလည်း ရာထူးကိစ္စ ကိုယ်ရေးကိစ္စမတောင်းဆိုဖူး။
ထိုအချက်များကြောင့် ကျနော့်ကိုတပ်မတော်မှ ထုတ်ပစ်ရေးအထိတော့ သူက အစပိုင်းတွင် မလိုလားခဲ့
ပါ။ သို့သော် နောက်ပိုင်း ကျနော် သြဇာအရှိန်တက်လာသောအခါ သူသည်လည်း ဗိုလ်အောင်ကြီးနှင့်အတူပူးပေါင်းပြီး
ကျနော့်ထုတ်ပစ်ရေးကို တက်ကြွစွာ လုပ်လာ ပါတော့သည်။
ဤသူများအပြင် ဦးနုနှင့် ဦးဗဆွေ(ထိုအချိန်က ဝန်ကြီးချုပ်လုပ်နေသူ)တို့ကလည်း
ကျနော့်ကို မလိုလားကြဘဲ ဖြစ်နေပါသည်။ ဦးဗဆွေကတော့ ဆိုရှယ်လစ်ပါတီဂိုဏ်းဖြစ်သဖြင့်
တဂိုဏ်းတည်းသားများ၏ဆန္ဒဖြစ်နေသဖြင့် သိပ်တော့မထူးဆန်းလှပါ။ ဦးနုအနေနှင့် ကလည်း တပ်တွင်းဆိုရှယ်လစ်ဂိုဏ်းများကို
ထောက်ထားဆက်ဆံနေရသူ ဖြစ်သည်။ သူက အစောပိုင်းက ကျနော့်အနေနှင့် ဆိုရှယ်လစ်ဂိုဏ်းနှင့်
မသင့်မြတ်လှသဖြင့် သူ့ထံချဉ်းကပ်လိမ့်မည်ဟု မျှော်လင့်ပုံရပါသည်။ ကျနော်ကလည်း သူ့ထံမချဉ်းကပ်ပေ။
ဦးနုမှာ လက်က ပုတီးကိုင်ထားသော်လည်း ပြည်တွင်းစစ်ကိုဖိတိုက်နေသဖြင့်တကြောင်း၊ နဂါးနီခေတ်က
တိုးတက်သော မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ အင်္ဂလိပ်နောက်လိုက်
လက်ယာသမားကြီးဟန် ပေါက်နေ၍ဖြစ်သည်။ ထို့ကြောင့် ကျနော်က ခပ်မှန်မှန် ခပ်တန်းတန်းနေခဲ့ရာ
သူကလည်း ထို ဖိုင်ကိစ္စပေါ်လာသောအခါ ကျနော့်ကိုဖယ်ရှားပစ်ရန် လိုလားပုံရပါသည်။
ထို့ကြောင့် ကျနော့်အပေါ် ထိုခေတ် ဖောက်ပြန်နေတဲ့ဆိုရှယ်လစ်ထိပ်ပိုင်းအားလုံး(တပ်တွင်းတပ်ပြင်)သာမက၊
ဦးနုကပါ မလိုလားဆန့်ကျင် ခဲ့ကြပြီး၊ ထိုဖိုင်ကိစ္စပေါ်လာသောအခါ အားလုံးတညီတညွတ်တည်းစုပေါင်းသွားပြီး
ကျနော့်ကို တပ်ကထုတ်ရေး လုံးပန်းကြပါတော့သည်။
ဤကဲ့သို့ သူတို့အားလုံး ဝိုင်း၍ ကျနော်ကိုမဲကြရသော အဓိကအကြောင်းမှာ
ကျနော်၏ ကွန်မြူနစ်ဝါဒအပေါ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ အပေါ် ထားရှိသော သဘောထားများကြောင့်ပင်ဖြစ်ပါသည်။
ကျနော်သည် ကွန်မြူနစ်ဝါဒကိုမဆန့်ကျင်ရုံမက ဤဝါဒအပေါ် သော်လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်သော်လည်းကောင်း
ဆန့်ကျင်ခြင်း၊ ရှုတ်ချခြင်းများ ဘယ်တော့မှပြောဆိုခြင်း မပြုမှုအပေါ် ၎င်းတို့ အတော်မကြိုက်နိုင်ခြင်း
ဖြစ်ပါတော့သည်။
သို့ဖြင့် ၁၉၅၆ ခုနှစ် စက်တင်ဘာလတွင်ကျင်းပသော တပ်မှူးများညီလာခံတွင်
ဤကိစ္စပေါ်ပေါက်လာပြီး ထိုညီလာခံတက်ရောက်ရန် မင်္ဂလာဒုံသို့ရောက်ရှိနေသောကျနော့်အား အိမ်အကျယ်ချုပ်ချထားလိုက်ပါတော့သည်။
ထို့ပြင် ဗိုလ်နေဝင်း (ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်) က ဦးစီး၍ ထိုအမှုကို ဆက်လက်စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ပါတော့သည်။
သူတို့၏ ပထမအစီအစဉ်မှာ စစ်ခုံရုံးဖွဲ့၊ ရုံးတင်စစ်ဆေး၊
အကြီးအကျယ်အရေးယူအပြစ်ပေးပြီးမှ (ကျနော့်ကို ထောက်ထားသည်ဆိုသော နာမည်ကောင်းနှင့်)တပ်က
ပင်စင်ပေးလိုက်ရန် ဖြစ်ပါသည်။
0 comments:
Post a Comment