Tuesday, November 10, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၇)
ထိုစဉ်က ဝန်ကြီးချုပ်ဦးနု အမေရိကန်နယ်ချဲ့ကို ဘယ်လိုမျက်နှာလုပ်သည်ကို ကျွန်တော့်ကိုယ်တွေ့တခု ပြောပြလိုပါသည်။

၁၉၅၄ - ၅၅ ခုနှစ်၊ ကျွန်တော်တို့ တရုတ်ဖြူတိုက်ခိုက်ရေးစစ်ဆင်ရေးများ လုပ်နေစဉ်ကာလတွင် ဝန်ကြီးချုပ်ဦးနုက ရှေ့တန်းက ရဲဘော်များအား မေးမြန်းအားပေးစကားပြောကြားရန် ကျွန်တော်တို့ ရှေ့တန်းဌာနချုပ်ရုံးစိုက်ရာ မိုင်းဆတ်သို့ တပ်မတော်လေယာဉ်ငယ် တစင်းနှင့် ရောက်ရှိလာပါသည်။ ကျွန်တော်တို့က တပ်များကိုတန်းစီပေးပြီး ဦးနုကို သြဝါဒစကားပြောကြားရန် တောင်းဆိုရပါသည်။

ဦးနုက တပ်မတော်သားများကို စိတ်ဓာတ်ထက်သန်စွာ၊ သူရသတ္တိပြောင်မြောက်စွာဖြင့်တိုက်ခိုက်ကြရန် တိုက်တွန်းပြီး၊ သူရဲကောင်းတဦးကို ဥပမာပေး ပြောကြားသွားပါသည်။ သူဥပမာပေးပြောကြားသည့်သူရဲကောင်းမှာ ဂျော့ဝါရှင်တန် ဦးဆောင်တိုက်ခိုက်ခဲ့သည့် အမေရိကန် လွတ်လပ်ရေးတိုက်ပွဲအတွင်းက အမေရိကန်သူရဲကောင်းလေးတယောက်အကြောင်း ဖြစ်ပါသည်။

အမေရိကန် အားပေးကူညီမှုဖြင့် ဗမာပြည်အားကျူးကျော်လာသည့်တရုတ်ဖြူများအား အရိုးကြေကြေအရည်ခမ်းခမ်း တိုက်ခိုက်ရမည့်သူများကို အမေရိကန်သူရဲကောင်းအကြောင်း အသားပေးပြောကြားသည့်ဦးနုအပေါ် ကျွန်တော်တို့တတွေ အတော်ပင် စိတ်ဆိုးဒေါသထွက်မိကြသည်။ နောက်မှ တွက်မိသည်မှာ ဦးနုက အမေရိကန်အစိုးရကို မျက်ဖြေစကားပါးလိုက်တာပဲဟု တွက်ဆမိ ပါတော့သည်။

ထိုကဲ့သို့ နယ်ချဲ့သမားများကို မျက်နှာလုပ် အကြိုက်ပေးဆက်ဆံရသည့် ဖဆပလအစိုးရသည် ဒီမိုကရေစီကိုလည်း ဖိနှိပ်လာရပါသည်။ ကျွန်တော်တို့လွတ်လပ်ရေးရပြီးလျှင် ဒုတိယအဆင့်မှာ ဒီမိုကရေစီတည်ဆောက်ရေး၊ ထွန်းကားရေးပင်ဖြစ်ပါသည်။ တကယ်တော့ ပြည်သူများ၏လွတ်လပ်ရေးမှာ ဒီမိုကရေစီအခွင့်အရေးများမရှိလျှင် အဓိပ္ပာယ်မရှိပါ။ ပြည်သူလူထုအနေနှင့် မိမိတို့အကျိုးအတွက် လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ စည်းရုံးခွင့်၊ လုပ်ဆောင်ခွင့်နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်များ ရှိရပါမည်။ ဤသည်များမှာ ပြည်သူများ၏ အခြေခံအခွင့်အရေးများ ဖြစ်သည်။ ကျွန်တော်တို့သည် ကိုလိုနီဘဝတွင် ဤအခွင့်အရေးများကို နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ လွတ်လပ်ပြီးရင်တော့ ထိုအခွင့်အရေးများအပြည့်အဝရရှိဖို့ မျှော်လင့်ခဲ့ကြပါသည်။ ရရှိဖို့ လိုလည်းလိုအပ်ပါသည်။ ထိုဒီမိုကရေစီအခွင့်အရေးများရရှိမှသာလျှင် မိမိတိုင်းပြည်၏အမျိုးသားစီးပွားရေးနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကို ပြည်သူ လူထုကြီးတရပ်လုံး တက်ကြွစွာပါဝင်လာအောင် လှုံ့ဆော်စည်းရုံးနိုင်မည် ဖြစ်ပါသည်။ နယ်ချဲ့အမှီခိုကင်းသည့် အမျိုးသားစီမံကိန်း စီးပွားရေးကြီးများကို ပြည်သူလူထု၏ များပြားလှသော တီထွင်ဖန်တီးနိုင်သောအတွေ့အကြုံ အရည်အချင်းများကို အားကိုးအမှီပြု၍ အောင်မြင်ကျယ်ပြန့်စွာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါသည်။

သို့သော် ပြည်သူလူထု၏အကျိုးကို ကိုယ်စားမပြုဘဲ နယ်ချဲ့နှင့်ပေါင်းကာ ကိုယ်ကျိုးစီးပွားရှာ ချမ်းသာလာကြသည့် အုပ်စိုးသူ ဖဆပလအစိုးရသည် ဖိနှိပ်ရေး ဥပဒေအမျိုးမျိုးကို ပိုမိုဆိုးဝါးစွာ တိုးချဲ့အသုံးချလာပါသည်။ တိုးတက်တဲ့နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများ၊ စာရေးဆရာများ၊ ကျောင်းသားများစသည့် တိုင်းပြည်၏သားကောင်းရတနာအများအပြားကို နှစ်ရှည်ထောင်ချ နှိပ်စက်ခဲ့ကြပါသည်။

ဤနည်းဖြင့် ဗမာပြည်ကြီးသည် လွတ်လပ်ရေးရပြီးခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်သည့်လုပ်ငန်းများ မလုပ်နိုင်ကြဘဲ၊ ပြည်တွင်းစစ်ချောက်တွင်း ကျကာ အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်လာရခြင်း ဖြစ်ပါသည်။ ဤပဋိပက္ခတိုက်ပွဲများသည် ကျွန်တော်တို့ ရန်သူနယ်ချဲ့သမားများနှင့် တိုက်လာခဲ့ရသည့်တိုက်ပွဲများ၏အဆက် (တနည်း)အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ၏အဆက် ဖြစ်ပါသည်။

ကျွန်တော်တို့သည် နယ်ချဲ့နှင့်မစေ့စပ်ဘဲ အပြတ်အသတ်တိုက်ပွဲဝင်ကာ တော်လှန်ရေးနည်းဖြင့် လွတ်လပ်ရေးကိုအရယူကာ၊ နယ်ချဲ့စနစ်မှ လွတ်ကင်းသည့် အမျိုးသားစီးပွားရေးနှင့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ခဲ့မည်ဆိုပါက ပြည်တွင်းစစ်ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ နယ်ချဲ့ သမားများက ၎င်းတို့၏လက်ဝေခံ ပြည်တွင်းဖောက်ပြန်ရေးသမားများ (ဖဆပလ လက်ယာဂိုဏ်း)ကို အသစ်မွေးမြူပြီး၊ သူတို့အားအသုံးချ၍ ကျွန်တော်တို့နိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်း တလွဲတချော်ဖြစ်သွားအောင်လုပ်လိုက်ခြင်း ဖြစ်ပါသည်။

ဤသည်မှာ ၁၉၄၈ ခုနှစ်က ကျွန်တော်တို့ရခဲ့သည့် လွတ်လပ်ရေးနှင့်ပတ်သက်သည့် ကျွန်တော့်အမြင် ဖြစ်ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ၊ အမျိုးသားစီးပွားရေးကို မတည်ဆောက်နိုင်ပါ။ ထို့ကြောင့် အရင်းခံပြဿနာ ဖြစ်သည့် တမျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အလိုအပ်ဆုံးဖြစ်နေသဖြင့် ဤလုပ်ငန်းတွင် ကျွန်တော် ဝင်ရောက်ပါဝင်ခဲ့ရခြင်း ဖြစ်ပါသည်။


0 comments:

Post a Comment