Monday, November 2, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၁)
(စ) ဟန်ပြစစ်ကြောင်းအတွက် အစီအစဉ်
၁- မိုင်းဟန်-ပွန်ပါကျင် ဌာနချုပ်(ရန်သူ့)ဘက်ကို တိုက်ရိုက်ထိုးမည့်ဟန် ခြိမ်းခြောက်ထိုးဝင်မည့် ခရီးတိုထိုးဖောက်ရေးအတွက် မိမိတပ်အင်အား တရင်းမျှသာ သုံးနိုင်မည်ဖြစ်သည်။
၂- အခိုင်အမာအရ ပထမအဆင့်တွင် မိုင်းတုံဘက်တွင် တိုက်ပွဲကြီးများဖြစ်ပါက ကူညီနိုင်ရန်ပါ သင့်လျော်မည့်နေရာဖြစ်သော မိုင်းဟန် အနောက်မြောက်၊ မိုင်းတုံ-မိုင်းဟန်အကြားလမ်းအလယ်ရှိ၊ ဝမ်မဲခင်ရွာစခန်း၏ အနောက်တောင်ဘက်ရှိတောင်ကုန်းတခုကို ထို ထိုးဖောက်ရေးတပ်က ခြေကုတ်စခန်းအဖြစ် ထူထောင်လိုက်ရန်။
၃- ၎င်းကို အဓိကတပ် ဝမ်ဆလာ စတိုက်တဲ့(ယ)နေ့၊ နံနက်တချိန်တည်းလောက် တက်သိမ်းပြီး၊ မိမိ၏ တရင်းကို ရန်သူက တပ်မဟာတခု အင်အားထင်မှတ်စေရန်အတွက် လှည့်ဖျားရန်။

၎-လှည့်ဖျားရန်နည်းလမ်းများမှာ-
အဓိက ထိုနေ့နံနက်ဆီးနှင်းကွဲချိန်မှစ၍ မိမိရနိုင်သမျှ လေတပ်မှ ဒါကိုတာသယ်ယူပို့ဆောင်ရေးလေယာဉ်များနှင့် အရပ်ဘက်မှ ငှားရမ်း ရရှိသမျှ ဒါကိုတာလေယာဉ်များဖြင့် ၎င်းတောင်ထိပ်ပေါ်သို့ လိုအပ်မည့် ရိက္ခာ၊ ခဲယမ်းများကာကွယ်ရေးကတုတ်တူးရန်ပစ္စည်းများ အဆက် မပြတ် ချပေးနေရန်။ သို့ဖြင့် ရန်သူက ထိုလေယာဉ်ပျံများကိုကြည့်ရင်း ထိုဘက်တပ်စွဲထားသောတပ်ရင်းကို တပ်မဟာ တတပ်အဖြစ် ယူဆ နိုင်ပြီး ၎င်းတို့၏ ဗဟိုဌာနချုပ်ကိုတိုက်ရန် ခြေကုတ်စခန်းကြီးတည်ဆောက်နေသည်ဟုထင်မြင်စေပြီး အရံတပ်များကို ရှေ့သို့မပို့တော့ဘဲ မိမိကိုယ်ကိုကာကွယ်ရေးအတွက် အသုံးပြုစေရန်။

၅- သို့ဖြင့် ရန်သူ့အရံတပ်များကိုထိန်းချုပ်နိုင်စေရုံမျှမက ဝမ်ဆလာ-မိုင်းတုံစစ်မျက်နှာရှိ ရှေ့တန်း ရန်သူ့တပ်သားများအကြားလည်း မိမိတို့တပ်က နောက်ကလှည့်ဝိုင်းပြီး ချေမှုန်းမည်အထင်ဖြင့် စိတ်ဓာတ်ချောက်ချားစေနိုင်ပါသည်။ ရန်သူဗဟိုဌာနချုပ်တပ်များကလည်း မိမိတို့၏အဓိကထိုးစစ်သည် ၎င်းတို့ရှိရာ မိုင်းဟန်-ပွန်ပါကျင်ကိုသာ တိုက်ရိုက်ဝင်လိမ့်မည်ဟုထင်နေခဲ့ပြီး သေနင်္ဂဗျူဟာအရံတပ်များကို ဗဟိုကာကွယ်ရေးအတွက်သာ ကိုင်ထားလိုက်မှာ ဖြစ်သည်။

(ဆ) ဝမ်ဆလာ-မိုင်းတုံအကြား ပေ(၅ဝဝဝ)ကျော် မြင့်သောတောင်(၃)လုံးမှ ရန်သူက အကြီးအကျယ်ခုခံမည့် ခံစစ်ကတုတ်များ ဖြေရှင်းရန်နည်းနာများ-
၁- ရန်သူ့သေနင်္ဂဗျူဟာ အရံတပ်(၃ဝဝဝ)ကို မိုင်းတုံစစ်မျက်နှာဘက် မသုံးနိုင်အောင် အထက်(စ)တွင်ဖော်ပြခဲ့သည့်နည်းများကိုသုံး၍ ထိန်းချုပ်ရန်။

၂- ရန်သူ့နည်းပရိယာယ်အရံတပ်ကိုလည်း ဟန်ပြလှုပ်ရှားမှုများနှင့်ထိန်းချုပ်ရန်။

၃- သံလွင်အရှေ့ဘက်တွင် မြေကတုတ်စစ်ပွဲဆင်နွှဲရလျှင် မိမိတို့ဘက်မှ မီးအားအလွန်ကောင်းမွန် ထိရောက်ဖို့လိုရာ မိမိတို့ မီးအား၏ အဓိကဖြစ်နိုင်သော (၂၅)ပေါင်ဒါအမြောက်ကြီးများမှာ သံလွင်အရှေ့ကားလမ်းမရှိသဖြင့် ဆွဲမယူနိုင်၍ (၆)ပေါင်ဒါ(၂)လက်၊ (၇၆မမ) တောင်ပေါ်ပစ် အမြောက်(၂)လက်(စီမံကိန်းဆွဲစဉ်ကမရသေး)မိမိလေတပ်၊ တိုက်လေယာဉ်(၉)စင်းနှင့် ခြေလျင်တပ်ရင်းပိုင် (၃)လက်မ မော်တာများသာရှိရာ အတော်ပင်အားနည်းလှသည်။ ဤမျှနှင့် တိုက်ခိုက်နိုင်ဖို့ရာ မသေချာလှပေ။ ထို့ကြောင့် ရန်သူက မြေကတုတ်စစ်ပွဲ လုပ်နိုင်မည့်စိတ်ဓာတ်ကိုချောက်ချားနေစေရန်၊ ၎င်း(၂၅)ပေါင်ဒါအမြောက်ကြီးများမီးအားဖြင့် တိုက်နိုင်မည့်တိုက်ကွက်ဖြစ်သည့် ဝမ်ဆလာ ကူးတို့ဆိပ်တိုက်ပွဲတွင် ၎င်းအမြောက်ကြီးများကို သံလွင်အနောက်တောင်တန်းပေါ် ခဲယဉ်းစွာဆွဲတင်ပြီး ပြင်းထန်များပြားသည့်မီးအားနှင့် တိုက်လိုက်လျှင် အတွေ့အကြုံနည်းသော ရန်သူ့စိတ်ဓာတ်အရ ရှေ့တွင်လည်း ဤလိုပင်အတိုက်ခံရမည်ဟုထင်ကာ ကြောက်လန့်ပြီး စွဲစွဲမြဲမြဲ မခုခံရဲအောင် စီစဉ်သည်။(အထက်အမှတ်(င)ကိုလည်း ကြည့်ပါ။)

၎-ထို ဝမ်ဆလာကူးတို့ဆိပ်တိုက်ပွဲအတွင်း အမြောက်အားဖိသုံးပြီး ထိုအရှိန်ကို အမြတ်ထုတ်ကာ တောင်(၃)လုံးကို ပထမအဆင့်စီစဉ်ရန်မှာ ဝမ်ဆလာတိုက်ချိန်လောက်တွင် ၎င်းတောင်(၃)လုံးကိုတိုက်ရန်တာဝန်ကျထားသောတပ်ရင်းက ထိုတောင်(၃)လုံးအနက် အချက်အချာ တောင်ကုန်း၏ခြေရင်းတွင်ပုန်းလျှိုးနေပြီး ဝမ်ဆလာတိုက်ပွဲမှပြေးလာသောရန်သူများ ထိုတောင်ပေါ်ပြေးတက်လျှင်(ထိုတောင်မှာ သံလွင် အနောက်တောင်ကြောတွင်တင်ထားသော အမြောက်များရှိနေရာမှ ကိုက်(၁၃ဝဝ)ကျော်သာရှိသဖြင့် (၂၅)ပေါင်ဒါ-ယမ်းပြင်းနှင့်ပစ်ပါက မီသည်။ အမြောက်(၈)လက်က (၂)မိနစ်မျှ ပစ်ကြည့်ရမည်။ (ယမ်းပြင်းနှင့် ကြာကြာပစ်က အမြောက်သိပ်နာသည်) ထို့နောက်တောင်ခြေက ပုန်းလျှိုးနေသည့် မိမိတပ်က တက်၍လှံစွပ်ထိုးရမည်။ ရန်သူအဖို့ ရှေ့ကပြန်ပြေးလာသောသူများ၏ ဖရိုဖရဲကြောက်စိတ်နှင့် ခေါင်းပေါ် ကျရောက်နေသည့်ကျည်ဆံအရှိန်တို့ကြောင့် ချောက်ချားလန့်ဖျပ်နေစဉ် မိမိတို့က လှံစွပ်တက်ထိုးပါက ထိုစခန်းကတုတ်ကို အလွယ်တကူ ရနိုင် သိမ်းပိုက်နိုင်သည်။ ထိုအချက်အချာတောင်ကုန်းရပြီးသော် ကျန်တောင်ကုန်း(၂)လုံးကို ဆက်တိုက်သွားရမည်။

၅- အကယ်၍ ထိုနည်းဖြင့်မရပါက သုံးရန် ဒုတိယနည်းလမ်းမှာ ဝမ်ဆလာတိုက်ပြီးနောက် (၂)ရက်(ယ+၂)တွင် မိမိမူလစီစဉ်ထားသော (၆)ပေါင်ဒါ(၂)လက်၊ (၇၆မမ-၂လက်)၊ သံချပ်ကာ ဘရင်းဂန်း(၄)လက်၊ တပ်ရင်း(၃)လက်မမော်တာများနှင့်  လေတပ်မှ လေယာဉ်(၉)စီး တို့ဖြင့် တိုက်ရန်။ ထိုတိုက်ပွဲတွင် မိမိတို့လေတပ်စွမ်းအားကို အဓိကထားရမည်ဖြစ်၍ ရန်သူကြိုပြီး အတွေ့အကြုံမရှိဖြစ်နေစေရန် ဝမ်ဆလာပွဲတွင် လေတပ်ကိုထည့်မသုံးဘဲ အမြောက်ကိုသာဖိသုံးရန် ဖြစ်ပေသည်။

၆- ဤနည်းဖြင့်လည်း မရပါက၊ သုံးရန် တတိယနည်းလမ်းမှာ ဝမ်ဆလာတိုက်ပွဲပြီးလျှင်ပြီးခြင်း၊ ကားလမ်းဖောက်ပြီး (၂)ရက် (၃)ရက်အတွင်း (၂၅)ပေါင်ဒါအမြောက်ကြီးများ ဆွဲလာပြီး ကမ်းမှ(၃-၄)မိုင်အကွာနေရာကောင်းမှ လေတပ်ပါ-အပါ၊ ဖိအား အားလုံးပေါင်းပြီး၊ အပိုင်တိုက်ရန် ဖြစ်သည်။ ထို့ကြောင့် ဝမ်ဆလာပွဲပြီးလျှင် ပြီးခြင်း၊ ဝမ်ဆလာ-မိုင်းတုံဘက် ချက်ချင်း ကားလမ်းဖောက်ရန်။ မိုင်းပန်မှ ဝမ်ဆလာကူးတို့ဆိပ်ထိ ကားလမ်းကိုလည်း (ယ-နေ့) မှစ၍ အမြန် သံလွင်မြစ်ထိဖောက်လုပ်ရန် စီစဉ်ရပါသည်။

၇- စစ်ဆင်ရေး ပထမဆင့်-အပိုင်း(၁) ဝမ်ဆလာနှင့် အပိုင်း(၂) တောင်(၃)လုံးကိုရပြီးသော် ရန်သူကို အသက်ရှူပေါက်မပေးဘဲ မိုင်းတုံအထိ ဆက်ပြီးလိုက်တိုက်သိမ်းရန်။ တပြိုင်တည်းမှာပင် ဝမ်ဆလာ-မိုင်းတုံလမ်းကို ပေါ်တာအလုပ်သမား(၃ဝဝဝ)အားနှင့် အမြန်ဖောက်ရန်။ မိုင်းဟန်ဘက် ခရီးတိုထိုးဖောက်တပ်က ဝမ်မဲခင်စခန်းရွာကို သိမ်းရန်။

၈- စစ်ဆင်ရေးဒုတိယအဆင့်-မိုင်းတုံသိမ်းရန်။
မိုင်းတုံအဝင်တောင်ကုန်းများက ရန်သူက ခံစစ်ထိုးဖို့လုပ်သော်၊ သံလွင်အရှေ့ဘက်ကမ်းကိုပါလာသော မိမိတို့၏လက်နက်ကြီးများအပြင် လေတပ်ပါ ပူးတွဲတိုက်ရန်။ ထိုနည်းနှင့်မှ မရသော် မိုင်းတုံမှ ၄-၅ မိုင်ကွာအထိ လမ်းဖောက်၍ (၂၅)ပေါင်ဒါအမြောက်ကြီးများ ဆွဲလာပြီး ဖိအားစုပေါင်းတိုက်ရန်။

မိုင်းတုံရပြီး လမ်းလည်းဖောက်သွားပြီးပါက ဤစစ်ဆင်ရေးကြီး၏ ထက်ဝက်ကျော်အောင်မြင်ပြီဖြစ်သည်။ ဤတွင် အရေးကြီးလှသော မိုင်းတုံ-မိုင်းဟန်-ပွန်ပါကျင်ကွင်းပြင်ဝှမ်းကို မိမိတို့လွှမ်းမိုးနိုင်ပြီဖြစ်သည်။ မိုင်းတုံရပြီးပါက မိမိတို့ အဓိကတပ်အနေနှင့် မိုင်းဟန် ခရီးကို ထိုးဖောက် တပ်တို့ ဝမ်မဲခင်တွင် ပေါင်းစည်းကြရန်ဖြစ်ပါသည်။

၉- စစ်ဆင်ရေး တတိယအဆင့်-(ေ) မိုင်းဟန်-ပွန်ပါကျင်ကို အရင်ဆက်တိုက်မလား။ (ဘ) မိုင်းဆတ်ကို အရင်တိုက်မလား။ မိုင်းတုံရပြီးမှ ရန်သူ့အခြေအနေကြည့်၍ ဆုံးဖြတ်ရန်ဖြစ်သည်။ အကယ်၍ ရန်သူက မြေကတုတ်စစ်ပွဲ ခေါင်းမာမာနှင့် ဆက်ဆင်နွှဲမည်ဆိုပါက မိမိတို့၏ ရည်မှန်းချက်ဖြစ်သော ဗမာပြည်မအပေါ် တရုတ်ဖြူကျူးကျော်လွှမ်းမိုးနိုင်မည့်အခြေခံဒေသဖြစ်သော မိုင်းဟန်-ပွန်ပါကျင်ကို အရင်တိုက်ရန်။ သို့မဟုတ် ရန်သူစိတ်ဓာတ်ပြိုကွဲနေလျှင်တော့ မိုင်းဆတ်ကိုအရင်တိုက်ပြီးမှ မိုင်းဟန်-ပွန်ပါကျင်ကိုတိုက်ရန် ဖြစ်သည်။ အကြောင်းမှာ မိုင်းဆတ်သည် မိမိတို့၏ရည်ရွယ်ချက်နှင့် တိုက်ရိုက် အဓိက မကျလှသော်လည်း ကမ္ဘာနှင့် ဗမာပြည်သူများအကြား ဂယက်ရိုက်ခတ်မှု အလွန် ကြီးမားနိုင်၍တကြောင်း၊ ရေရှည် တရုတ်ဖြူအင်အားကြီးရေးအတွက် အခြေခံဒေသ မပေးရာရောက်သဖြင့်တကြောင်း၊ မိုင်းဆတ်ကို အရင် သိမ်းရန်စဉ်းစားခြင်း ဖြစ်ပါသည်။ ဤသည်မှာ ရန်သူ့စိတ်ဓာတ်ထိခိုက်နေပြီဖြစ်၍ အလွယ်တကူသိမ်းနိုင်မည်ဖြစ်သောကြောင့် စဉ်းစားခြင်း ဖြစ်သည်။ သို့သော် ရန်သူက ခေါင်းမာမာနဲ့ခံသော် မိုင်းဆတ်မှာ အတော်ခက်ခဲမည်။ မိုင်းဟန်-ပွန်ပါကျင်မှာမူ ဖမ်းရန်လက်လှမ်းမီသော ငှက်ဖြစ်နေပြီဖြစ်၍ သိပ်မခက်ခဲလှတော့။ ထို့ကြောင့် မိုင်းဟန်-ပွန်ပါကျင်တိုက်ရေး လွယ်ကူမည်ထင်လျှင် မိုင်းဆတ်ကို အရင်တိုက်ပြီးမှ မိုင်းဟန်-ပွန်ပါကျင်ကို တိုက်သင့်ပေသည်။

ဤသည်တို့မှာ မိမိတို့က လုပ်နိုင်မည့်လမ်းများ၊ ၎င်းအပေါ် ရန်သူက တုံ့ပြန်နိုင်ချက်နှင့် နောက်ဆုံး မိမိတို့ လုပ်ရန်နည်းလမ်း များကို သုံးသပ်ထားချက်များ ဖြစ်ပါသည်။


0 comments:

Post a Comment