ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ပဉ္စမတွဲ၊ အခန်း(၄)
ပဉ္စမပိုင်း
ထိုအတွင်း ပြည်သူ့လွှတ်တော်လည်းကျင်းပနေရာ မတ်လ ၁၃ ရက်နေ့တွင်
ဝန်ကြီးချုပ်ဦးနုက လွှတ်တော်တွင် တရုတ်ဖြူကျူးကျော်မှုနှင့် ပတ်သက်၍ မိန့်ခွန်းရှည်ကြီးတခု
ပေးပါသည်။
ဝန်ကြီးချုပ်၏မိန့်ခွန်းတွင် ထိုအချိန်က တခြားနယ်ချဲ့အကျူးကျော်ခံနိုင်ငံများဖြစ်သည့်
ကွန်ဂိုနှင့်လာအိုနိုင်ငံများအကြောင်းသာ ရှည်လျားစွာ ပြောဆိုသွားပြီး မိမိတိုင်းပြည်၏
အန္တရာယ်ကြီးဖြစ်နေသောတရုတ်ဖြူကိစ္စကို ၁ဝ မိနစ်မျှသာ ပြောသွားပေသည်။ ပြောသမျှအပိုင်းကလေးတွင်
လည်း ဤအန္တရာယ်ကြီးကို သာမန်ပြဿနာလေးအဖြစ်သာ တင်ပြသွားသည်။ ဝန်ကြီးချုပ်တဦးအနေဖြင့်
မိမိတို့နိုင်ငံ အကျူးကျော်ခံနေရမှု အပေါ် မျိုးချစ်စိတ်နောက်ခံဖြင့်လည်းကောင်း၊ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်လည်းကောင်း
နာကြည်းခံခက်စွာပြောနေခြင်းနဲ့မတူဘဲ နိုင်ငံတနိုင်ငံအား တောင်းပန်နေသည့်သဘောသာ ဖုံးလွှမ်းနေပေသည်။
ထို့အပြင် တရုတ်ဖြူကျူးကျော်မှုများကို ယခင်အခါများက
တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုသာရည်ရွယ်ကြောင်း ပြောခဲ့သော်လည်း ဤ မိန့်ခွန်းတွင်မူ ဗမာပြည်ကိုရည်ရွယ်သည်ဟု
ဆိုလာပါသည်။ သို့သော် အဘယ်ကြောင့် ဤသို့ကျူးကျော်ရသည်ဆိုသည့်ရည်ရွယ်ချက်ကို အကျယ်တဝင့်
ဆွေးနွေးထားခြင်း မရှိပါ။ ဤသို့ စစ်မက်ရေးတွင် ရန်သူ၏နိုင်ငံရေးရည်မှန်းချက်ကို မှန်ကန်စွာမသုံးသပ်နိုင်ပါလျှင်
ထိုပြဿနာကို အောင်မြင်စွာမဖြေရှင်းနိုင်ရုံမျှမက ပို၍ပင်အန္တရာယ်ကျရောက်နိုင်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့ အမျိုးသားကော်မတီက မတ်လ ၁၅
ရက်နေ့တွင် သတင်းစာများသို့ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး ဦးနု၏ မိန့်ခွန်းသည် အန္တရာယ်ရှိကြောင်း၊
တရုတ်ဖြူကျူးကျော်မှု၏နောက်ကွယ်မှ နယ်ချဲ့သမားများ၏ သူတို့အကျိုးစီးပွားအတွက် ကမ္ဘာအရပ်ရပ်
တိုင်းပြည်အများအပြားတွင် ဤနည်းများအတိုင်း စစ်ရေး၊ နိုင်ငံရေး၊ သွေးခွဲရေးနည်းပေါင်းစုံဖြင့်
နှောင့်ယှက်ဖိနှိပ်ခြိမ်းခြောက်နေကြောင်း၊ ဤအန္တရာယ်ကြီးကို စစ်ရေးနည်းဖြင့်သာမက နိုင်ငံရေးနည်းဖြစ်သည့်
တမျိုးသားလုံးစည်းလုံးညီညွတ်ပြီး ဆန့်ကျင်လှုပ်ရှားကြရန်လိုကြောင်း တို့ကို တင်ပြလိုက်ပါသည်။
ထို့အပြင် ကျွန်တော်တို့သည် ရန်ကုန်မြို့အတွင်း ရပ်ကွက်အသီးသီးတွင်လည်း
အဖွဲ့ခွဲများကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ရပ်ကွက်လိုက် ဆွေးနွေးပွဲများဟောပြောပွဲများပြုလုပ်ရာ၊
အင်းစိန်ခရိုင်သည် အတက်ကြွဆုံးဖြစ်ခဲ့သည်။ ဆွေးနွေးဟောပြောပွဲများမစမီ ဂီတစာဆိုများ
ဖြစ်သည့် ကိုမြတ်လေး၊ စန္ဒယားချစ်ဆွေ စသူများ ခေါင်းဆောင်သည့် အဖွဲ့က တေးသီချင်းများ၊
သီဆိုဖြေဖျော်ကြပါသည်။ အလွန်တက်ကြွလန်းဆန်းသည့် နိုင်ငံရေးပတ်ဝန်းကျင်တရပ်ကို ဖန်တီးနိုင်ခဲ့ပါသည်။
ဤတရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီ၏ရုံးကိုလည်း
ကျွန်တော်၏နေအိမ် (စမ်းချောင်း၊ အမှတ် ၃၆ -ဆီဆုံလမ်း)မှာပင် သတ်မှတ်ထားပါသည်။ ထိုအမျိုးသားကော်မတီမဖွဲ့မီလေးမှာပင်
ကျွန်တော်က ပုဂ္ဂိုလ်ရေးနှိုးဆော်ချက်စာတမ်းတစောင် ထုတ်ပြန်ခဲ့ပါသေးသည်။ ၁၉၆၁ ခုနှစ်၊
ဇန်နဝါရီလအတွင်း မဲခေါင်စစ်ဆင်ရေးနဲ့ပတ်သက်၍ ကျွန်တော်၏သဘောထားကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်။
ထိုစာတမ်းတွင် တရုတ်ဖြူများသည် နယ်ချဲ့အားကိုးဖြင့်
ကျွန်တော်တို့၏လွတ်လပ်ရေးကြီးကို ခြိမ်းခြောက်နေကြောင်း၊ တပ်မတော်သည် ပြင်းထန်စွာအားမထုတ်ဘဲ
အောင်မြင်ထမြောက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအပေါင်းနှင့် ပါတီအဖွဲ့အစည်းအသီးသီးက
ဤကဲ့သို့ ခဲယဉ်းပင်ပန်းစွာတိုက်ခိုက်ပေးနေသည့်တပ်မတော်ကို ဝိုင်းဝန်းထောက်ခံအားပေးရန်
ပန်ကြားကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင် များကလည်း ယခင်စစ်ဆင်ရေးကြီးများကဲ့သို့ သတင်းထောက်များကိုစစ်မြေပြင်လွှတ်၍
ပြည်သူအများစိတ်ဝင်စားလာအောင် တင်ပြစေလို ကြောင်း စသည်တို့ ပါရှိပါသည်။
ထို့အပြင် တပ်မတော်တွင်းရှိ တပ်မှူးတပ်သားအပေါင်းကိုလည်း
အောက်ပါအတိုင်းပန်ကြားထားပါသေးသည်။
“တပ်မတော်နှင့် ရှေ့တန်းစစ်ဆင်ရေးကွန်မင်ဒါများအမှူးပြုပြီး
ရဲဘော်များ၊ အရာရှိများ တပ်မှူးများအားလည်း ပန်ကြားပါသည်။ စစ်ဆိုသည်မှာ မကောင်းသောအရာ၊
သွေးထွက်သံယိုဖြစ်ရသောအရာ၊ အနည်းနှင့်အများ စွန့်စားရသောအရာဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့မှာ
နယ်ချဲ့စနစ်အောက်မှာ လူဖြစ်လာရသဖြင့် မလွှဲသာ၍ ဤရန်သူကိုအသက်ပေးတိုက်ခိုက်ရပါသည်။ ကျွန်တော်တို့
ဘိုးဘေးများလည်း သူ့ခေတ်နဲ့သူ တိုက်ခဲ့ရပါသည်။ ထို့ကြောင့် ရဲဘော်အပေါင်းမှာ အခက်အခဲများနှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း
ထက်သန်သော မျိုးချစ်စိတ်ဖြင့် နောက်ဆုံး ဤနယ်ချဲ့ရန်သူကို ကြိုးစားပြီး တာဝန်ကျေပွန်စွာတိုက်ခိုက်ကြလိမ့်မည်ဟု
မျှော်လင့်ယုံကြည်သည်။”
“ဤသို့ ရဲဝံ့စွာတိုက်ခိုက်ကြရာတွင် တဖက်တွင် မလိုအပ်သောထိခိုက်ဆုံးရှုံးမှုများမဖြစ်ရအောင်နှင့်
အောင်ပွဲကို မိမိဘက်မှ အကျအဆုံး နည်းစွာဖြင့်ရရှိအောင် အစွမ်းကုန် စေ့စပ်သေချာမှုနှင့်
ကြီးမားသောလုံ့လဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။”
“စစ်ဦးစီးဌာနရှိ ရဲဘော်ညီနောင် စစ်ဦးစီးအရာရှိများအားလည်း
ပန်ကြားပါသည်။ ကျွန်တော်မှာ ယခုမဲခေါင်စစ်ဆင်ရေးနေရာများကို ၁၉၅၅ ခုနှစ်ကပင် လေကြောင်းကင်းထောက်မှုဖြင့်
စေ့စပ်စွာကြည့်ရှုလေ့လာပြီးဖြစ်၍လည်းကောင်း၊ တရုတ်ဖြူတို့၏လုပ်ရည်ကိုင်ရည် အကျင့် ဓလေ့များကိုလည်း
ယခင်တိုက်ပွဲများ၏အတွေ့အကြုံအရ သိပြီးဖြစ်၍လည်းကောင်း၊ တစုံတရာသိရှိမေးမြန်းလိုသော်
အချိန်မရွေးကူညီရန် အသင့်ရှိပါသည်။”
“နိုင်ငံသားတယောက်အနေဖြင့်လည်းကောင်း၊ ကျွန်တော့်အနေဖြင့်လည်းကောင်း
ဤသို့ကူညီရန်များစွာလိုလားပါသည်။ ဝတ္တရားလည်း ရှိသည်ဟုဆပါသည်”ဟု ရေးသားပန်ကြားထားပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သော
ဦးနုထံသို့လည်းကောင်း၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းထံသို့လည်းကောင်း သီးသန့်စာ
များလည်း ရေးသားပေးပို့ခဲ့ပါသည်။ အတွင်းသဘောကတော့ အထက်ပါပန်ကြားလွှာနှင့်အတူတူပင် ဖြစ်ပါသည်။
ထိုစာကို ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့စွဲဖြင့်
ထုတ်ပြန်ခဲ့ပါသည်။
ထိုအမျိုးသားကော်မတီကြီးကပင် ဦးစီးပြီး ၁၉၆၁ ခုနှစ်၊
ဧပြီလ ၉ ရက်နေ့ ကန်တော်မင်ပန်းခြံတွင် မြို့လုံးကျွတ်ဆန္ဒပြပွဲကြီးတရပ်ကို စည်းရုံးကျင်းပခဲ့ရာ
လူထုသိန်းချီတက်ရောက်ခဲ့ပါသည်။ ရန်ကုန်မြို့တွင်း ရပ်ကွက်အသီးသီးမှလည်းကောင်း၊ ရန်ကုန်ပတ်ဝန်းကျင်ရှိ
မြို့နယ် အသီးသီးမှလည်းကောင်း လူအင်အားအများအပြားတက်ရောက်ရာ သတင်းစာများက လွတ်လပ်ရေးကြိုးပမ်းသည့်ကာလ
၄၆-၄၇ ခုနှစ်များ နောက် အကြီးမားဆုံးသောလူထုဆန္ဒပြပွဲကြီးဟု ရေးသားကြပါသည်။
ထိုဆန္ဒပြပွဲကြီးတွင် ကျွန်တော်မိန့်ခွန်းပြောဆိုရာ အကြောင်းအရာအတော်များများမှာ
ယခင်တင်ပြချက်ထဲမှပင် ဖြစ်ပါသည်။ အမျိုးသား ကော်မတီဖွဲ့စည်းသည့်နေ့က ကျွန်တော် ရှင်းလင်းတင်ပြခဲ့သည့်မိန့်ခွန်းပေါ်အခြေတည်ပြီး
ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ထိုနေ့က ကျွန်တော်တို့ တင်သွင်းကြသည့် ကြွေးကြော်သံ
၃ ရပ်မှာ-
- တရုတ်ဖြူကျူးကျော်မှု တိုက်ခိုက်ကြ၊ တိုက်ခိုက်ကြ
- အမေရိကန်နယ်ချဲ့စွက်ဖက်မှု ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ
- အမျိုးသားညီညွတ်ရေး တည်ဆောက်ကြ၊ တည်ဆောက်ကြဟူ၍ ဖြစ်ပါသည်။
ဤနယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီလုပ်ငန်းဖြင့် ကျွန်တော်တို့တတွေ
အလုပ်များနေကြပြီး၊ တတိုင်းပြည်လုံး လှည့်လည်စည်းရုံး ဟောပြောနေရပါသည်။ ဤသည်မှာ နယ်ချဲ့ဆန့်ကျင်ရေးအခြေခံဖြစ်ပြီး
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက်လည်း အထောက်အကူ ဖြစ်နေပါသည်။ ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးဒုတိယအဖွဲ့ကို
၁၉၆၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ဆရာကြီးမှိုင်း၏နေအိမ်၊ စမ်းချောင်း၊ အမှတ် ၅ ချမ်းသာလမ်းတွင်
ဖွဲ့စည်းခဲ့ပါသည်။
ထိုအဖွဲ့တွင် ပါဝင်သူများမှာ ဥက္ကဋ္ဌမှာ ဆရာကြီးကိုယ်တိုင်ဖြစ်ပြီး၊
ဒုဥက္ကဋ္ဌအဖြစ် ကျွန်တော်က ဆောင်ရွက်သည်။ ကျန်အဖွဲ့ဝင်များမှာ
၁။ ဦးဘသော်(ယခင် ရှစ်ဦးကော်မတီဝင်) ၂။ ဦးထွန်းတင်(လွှတ်တော်ရှေ့နေကြီး၊ အဖွဲ့၏အထွေထွေအတွင်းရေးမှူး)
၃။ ဦးကျော် (နှိုးဆော်ရေး အဖွဲ့ဝင်) ၄။ ဦးသန့်ဇင်(တော်ဘုရားလေး၊ နောင် ဦးအောင်ဇေဟု
အမည်ပြောင်း) ၅။ ဒေါ်အိမ်စိုး(ဆရာတော်ဦးဥတ္တမ၏ နှမ) ၆။ မန်းကျော်အုံး (ကရင်အမျိုးသားခေါင်းဆောင်)
၇။ ဦးဘကျော်(လွှတ်တော်ရှေ့နေကြီး) ၈။ ဦးလှကျော်(လွှတ်တော်ရှေ့နေကြီး)တို့ ဖြစ်ပါသည်။
ထိုဒုတိယ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွင် အတွင်းရေးမှူးအဖွဲ့ကိုလည်း
ဖွဲ့စည်းထားပါသည်။ ထိုသူများမှာ - ၁။ စာရေးဆရာကြီး ဗန်းမော် တင်အောင် ၂။ လွှတ်တော်ရှေ့နေကြီးဦးလှတင်(ကလောင်အမည်
မောင်မောင်တင်) ၃။ ဦးတင်ရွှေ(မုံရွာ) ၄။ ဦးစိုးမင်း(ဗလစ) ၅။ စောကျော်စိုး (အင်းစိန်မှ
ကရင်အမျိုးသားခေါင်းဆောင်) ၆။ ကျွန်တော် အမည်မမှတ်မိတော့သော တွံတေးမှ ကရင်အမျိုးသားခေါင်းဆောင်တဦးတို့
ဖြစ်ကြသည်။ ထိုအတွင်းရေးမှူးအဖွဲ့ဝင်များ၏တာဝန်များမှာ လိုအပ်သည့်အကူအညီများဖြင့် အဖွဲ့ကိုကူညီပံ့ပိုးခြင်း၊
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဘက်စုံက လေ့လာသုံးသပ်ပြီး အဖွဲ့ကိုအကြံပေးတင်ပြခြင်း၊
ဒေသအသီးသီး၌ ငြိမ်းချမ်းရေးအဖွဲ့များဖွဲ့ရာတွင် လက်လှမ်းမီ သလောက် ကူညီဖွဲ့စည်းပေးခြင်း၊
အဖွဲ့ဝင်များနှင့်အတူ နယ်လှည့်ဟောပြောပွဲများသို့ လိုက်ပါဟောပြောရခြင်းတို့ ဖြစ်ကြပါသည်။
ကျွန်တော်တို့၏အဖွဲ့ကို ပင်တိုင်အကူအညီပေးနေသောပုဂ္ဂိုလ်အချို့လည်း ရှိကြပါသေးသည်။ ၎င်းတို့မှာ
၁။ သခင်ဘမောင် ၂။ သခင်ထွေးနှင့် ၃။ ကျုံမငေး သခင်တင်မောင်တို့ ဖြစ်ပါသည်။ တပြည်လုံးရှိ
နိုင်ငံရေးတက်ကြွသူများအားလုံးလောက်နီးနီးပါဝင်လာကြပြီး ငွေရေးကြေးရေး အရလည်း အကူအညီအတော်ရလိုက်ပါသေးသည်။
နယ်ခရိုင်အတော်များများတွင် အဖွဲ့ခွဲများလည်း ပေါ်ပေါက်လာပါသည်။
တကယ်တော့ ကျွန်တော်တို့ ဤဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့
ဖွဲ့ရေးပြင်ဆင်ရာတွင် ထင်တာထက် အချိန်အတော်ကြာသွားရသည့် အကြောင်းရင်းမှာ ပထမပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ပျက်သွားသည်ကို
စိတ်ပျက်သွားသော ထိုစဉ်က အင်အားအကြီးဆုံးအတိုက်အခံ နိုင်ငံရေး ပါတီကြီးက တော်တော်နှင့်
ထောက်ခံမှုမပေးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ ဒုတိယအဖွဲ့ကို မလွှဲမရှောင်သာဖွဲ့လိုက်ရ
သော်လည်း အားမရလှပါ။ သို့သော် ကျွန်တော်တို့ ထိုအဖွဲ့ဖွဲပြီး စည်းရုံးလှုံ့ဆော်ရာတွင်
ကျွန်တော်တို့ မျှော်မှန်းထားသည်ထက် လျင်မြန်စွာ သက်ဝင်လှုပ်ရှား ကြီးထွားလာပါတော့သည်။
ဤတွင် ကျွန်တော် သင်ခန်းစာတခု ရရှိခဲ့ပါသည်။ ဤသည်မှာ
ပြည်သူတို့လိုလားတောင့်တသော လမ်းစဉ်အကြောင်းတရားမှန်ကန်ပါလျှင် လူထုကြီးက လျင်မြန်စွာလှုပ်ရှားထကြွပြီး
ထောက်ခံလာတတ်သည်ဆိုသည့်အချက်ပင်ဖြစ်ပါသည်။ အထူးသဖြင့် လူထုက မိမိတို့ဘက်က ရပ်တည်နေသူများဟု
သတ်မှတ်ထားခံရသူများကဦးဆောင်ပါက ထိုယုံကြည်မှုနှင့်ပင် ပိုမိုမြန်ဆန်စွာထောက်ခံလာနိုင်ပါသည်။
ထိုသင်ခန်းစာ ရမှပင် နဂိုက အားမရတရဖြစ်နေသော ကျွန်တော်တို့တတွေလည်း စိတ်သက်သာရာရပြီး
တက်ကြွလှုပ်ရှားနေသောလူထုနှင့်အတူ ဆက်လက်ကြိုးစား လှုပ်ရှားရပါတော့သည်။
ကျွန်တော်တို့၏ ဤအဖွဲ့ကို ပထမဆုံးစတင်ပြီးဖိတ်ခေါ်သော
နယ်ခရိုင်မှာ ပုသိမ်မြို့ ဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်၊ မေလကုန်ပိုင်းတွင် စတင် သွားရောက်ကြသည်။
ပုသိမ်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို စတင်ဖွဲ့စည်းပြီး ဖိတ်ခေါ်သူမှာဦးအောင်မိုး
ဖြစ်ပါသည်။ ပမညတမှ ခေါင်းဆောင်တဦး ဖြစ်ပါသည်။ ဂျပန် ဘဇီဒီအေခေတ်က ကျွန်တော့်တပ်မှစစ်ဗိုလ်ဟောင်းတဦး
(နာမည်မေ့နေ)ကလည်း တက်ကြွစွာ ဦးဆောင်လာပါသည်။ နောက် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကဖိတ်လာ၍
တဆက်တည်းသွားရပါသေးသည်။ ကျွန်တော်နှင့်အတူ ဦးဘသော်၊ ဦးသန့်ဇင်တို့ပါဝင်ပါသည်။ ထို့နောက်တွင်တော့
အောက်ဗမာပြည်၊ အထက်ဗမာပြည် တခွင်တပြင်အနှံ့၊ နယ်အသီးသီးကဖိတ်ခေါ်လာသဖြင့် ကျွန်တော်နှင့်အတူ
အဖွဲ့ဝင်များ သွားရောက်ဟောပြောစည်းရုံးလှုံ့ဆော်ကြပါသည်။ ကျွန်တော်မှာ တရုတ်ဖြူကျူးကျော်မှုနှင့်
နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီကိုလည်းဦးဆောင်နေရသဖြင့် တခါတရံ ထိုနှစ်ဖွဲ့ (အမျိုးသားကော်မတီနှင့်
ပြည်တွင်းငြိမ်းချမ်းရေး) ကိုပေါင်း၍ ဖိတ်ကြားခံရခြင်းများလည်း ရှိပါသည်။ အခြေခံလုပ်ငန်းချင်းကလည်း
မကွဲပြားလှပါ။
ရန်ကုန်ခရိုင်အတွင်း တိုက်နယ်တိုင်းလိုလိုမှာလည်း ဟောပြောစည်းရုံးလာရာ
၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့တွင် ရန်ကုန်ခရိုင်၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ တိုက်နယ်ကေဒါပေါင်းစုံအစည်းအဝေးကြီး
လုပ်နိုင်ခဲ့ပါသည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင်ရှိ စလင်းကျောင်းတိုက် အတွင်းပြုလုပ်ခဲ့ပြီး
တိပ်ခွေနှင့်သွင်းထားသော ဆရာကြီး၏မိန့်ခွန်းကိုလည်း ဖွင့်ပြကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ
အတွင်းရေးမှူး အဖွဲ့ဝင်နှင့် ရန်ကုန်ခရိုင်ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့၏အထွေထွေအတွင်းရေးမှူး
ဦးတင်ရွှေ(မုံရွာ)က ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ပေါ်ပေါက်ရပုံအကြောင်းနှင့် ရန်ကုန်ခရိုင်ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့
ဖွဲစည်းလာရပုံအကြောင်းများကို တင်ပြပါသည်။
ထိုအစည်းအဝေးကြီးတွင် ကျွန်တော်သည် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့၏သဘောထားများအပေါ်အခြေခံ၍
အကြောင်းအရာ အတော်စုံလင် သည့် မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါသည်။
0 comments:
Post a Comment