Wednesday, June 14, 2017

လူများ (၁) မျိုးမြင့်ချို

0 comments
လူများ (၁) ကျနော့်ကို ကျောင်းပြေးတတ်အောင် ပထမဆုံးဆွယ်သူမှာ ပူစူးဖြစ်ပါသည်။
တနေ့သား သူနှင့်ကျနော်ကျောင်းအတူလာရင်း ဟေ့ကောင် ဒီနေ့ ကျောင်းပြေးရအောင်ဟု ဆိုပါသည်။ ကျနော်က ဘာပြန်ဖြေရမှန်းမသိသေးသဖြင့် ပြေးတော့ပြေးကြည့်ချင်တယ်ကွ။ အေးလေပြေးလေကွာဟု မရေမရာ ကျနော်ပြောလိုက်ပါသည်။ ကျနော် ကျောင်းလည်း တခါမှမပြေးဖူးပါ။ ထိုအချိန်တွင် ပြည်အေးကလည်း ကျနော်တို့ရှေ့နားလေးက လျှောက်နေပါသည်။ ဟေ့ကောင် ပြည်အေး ခနခနဆိုတော့ ငါနဲ့ချစ်တူးကျောင်းပြေးမလို့ မင်းလိုက်မလားဟုမေးပါသည်။ ပြည်အေးသည် တချက်တွေသွားပြီး အေးလိုက်မယ် ဘယ်ကိုပြေးမှာလဲဟုမေးပါသည်။ သာဓုကန်ဘက်ဟု ပူစူးကဖြေပြီး မင်းမှာ ပိုက်ဆံပါလား၊ ငါ့မှာတော့ ၃ ကျပ်ပါတယ်၊ မျိုးမြင့်က တမတ်ဘဲပါတယ်ဟုပြောတော့ ပြည်အေးက ကွန်ပါဗူးကိုဖွင့်ကြည့်ပြီး ၆ ကျပ် ပါတယ်ဟုပြောပါသည်။ ဒါဆို အိုကေပဲ လစ်ကြစို့ဆိုကာ ကျောင်းအဝရောက်ကာမှ နောက်ကြောင်းပြန်ကြပါသည်။ ကျနော် လန့်လည်းလန့်နေသလို ကျောင်းလည်းပြေးကြည့်ချင်နေပါသည်။ သို့သော် သူတို့ ၂ ယောက်မှာ တယောက်က ၃ ကျပ် တယောက်က ၆ ခြောက်ကျပ်ဖြစ်ပြီး ကျနော်ကတမတ်သာပါသဖြင့် စိတ်ထဲ တမျိုးဖြစ်ပါသည်။ လမ်းဆုံရောက်တော့ မင်းတို့ ခနစောင့်မလား ငါ အိမ်ပြန်ပြီး ပိုက်ဆံနည်းနည်း ယူလိုက်ဦးမယ်ဆိုတော့ ပူစူးက မလိုပါဘူး ချစ်တူးရာ နောက်တခါကြမှ မင်း ခံပေါ့ဟုပြောပါသည်။
ဤသို့ဖြင့် မှော်ဘီထောက်ကြန့်ကားဂိတ်တွင် လှော်ကားဘက်သွားမည့် ကားများကိုစောင့်နေပါကြပါသည်။ ပူစူးနှင့်ပြည်အေးကတော့ ဘယ်လိုနေမည်မသိပါ ကျနော်ကတော့ အဖေအမေ့အသိတွေ အမကြီး အကိုကြီးအသိတွေ မြင်သွားရင်ဒုက္ခဘဲဟုတွေးရင်း လွယ်အိပ်ကို နောက်ကျောဘက်မှနေ၍ုပုဆိုးကြားထဲ ထည့်ထားပါသည်။ မှော်ဘီထောက်ကြန့်ဂိတ်မှူးကိုဆန်းမြင့်မှာ ကျနော့်ကို ဆရာဦးဝင်းမြင့်ညီမှန်းသိပါသည်။ သူ့သားသမီးတွေသည် ကျနော့်အကိုကြီး ကျူရှင်တက်နေသူများဖြစ်ပါသည်။ ထို့ကြောင့် သူမမြင်အောင် ကုက္ကိုပင်ကြီးအားကွယ်၍ လှော်ကား ကားအလာကိုစောင့်နေပါသည်။ ပူစူးက မင်းကလည်း ခတ်တည်တည်နေစမ်းပါကွာ ဂဏှာမငြိမ်ရင် ပိုရိပ်မိကုန်မယ် လီးလိုဘဲဟု ငေါက်ပါသည်။ ပြည်အေးကတော့ အေးဆေးပါ။
နောက်တော့ လှော်ကားကို လှော်ကားကိုဆိုပြီး ဒေါ့ဂျစ်ကားတစင်း ဝင်လာပါသည်။ကားပေါ်တက်ကြပါသည်။ ဤသို့ဖြင့် လှော်ကားသာဓုကန်ကို ကျနော်တို့ရောက်ကြပါသည်။ ရေကူးကြပါသည်။
အပြန်လည်းကြရော ကားမရှိသဖြင့် ခြေလျင်လျှောက်ပြီး ထောက်ကြန့်အထိပြန်ရပါသည်။ အိမ်ရောက်တော့ မှောင်ပါပြီ။ လမ်းတွင် ပူစူးက ကျနော်မျက်စေ့မျက်နှာ ပျက်နေသည်ကိုကြည့်ပြီး ဟေ့ကောင်ချစ်တူး လုပ်ရဲရင်ခံရဲရမယ်ကွ။ အရိုက်ခံရလည်း ခံလိုက်ကွာ။ ဒါပေမယ့် အမှန်အတိုင်းတော့ပြောပြလိုက် မလိမ်နဲ့ကွဟုပြောပါသည်။
အိမ်ရောက်တော့ ကျနော်အရိုက်ခံရပါသည်။ သို့သော် မလိမ်ခဲ့ပါ။
ခု ပူစူးရှိသေးလား မရှိတော့လားလည်း ကျနော်မသိတော့ပါ။ ကျနော်နှင့် နောက်ဆုံးတွေ့ချိန်က မှော်ဘီ သန္ဓေပင် သံချပ်ကာနှင့်ယန္တယားတပ်တွင် လက်မောင်း ၂ ဘက်၌ ပအရာခံဗိုလ် တံဆိပ်ကြီးနှင့်ဖြစ်ပါသည်။
ပူစူးသည် ကျနော့်အား လုပ်ရဲခံရဲစိတ်နှင့် မလိမ်တတ်အောင် သင်ကြားပေးသူဖြစ်ပါသည်။

0 comments:

Post a Comment