ကညွှတ်ကွင်းအိမ်ပြေး (၁)ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည်
သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း
ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှမတော်စပ်ပါ။
သို့သော် ကျနော် အိမ်ပြေးဘဝနှင့် ယောင်လည်လည်ဖြစ်နေချိန်တွင်
ဟင်းရွက်ကန်စွန်းဗန်းကြီး ခေါင်းပေါ်တင်ကာ အသီးအရွက်စုံရမယ်
အသီးအရွက်စုံရှင့်ဟုအော်ရင်း ကျနော့်နားရောက်လာတော့ ငါ့သားကကျောင်းသားလား
ဒီမှာဘာလာလုပ်နေတာလဲဟု မေးပါသည်။
ထိုအချိန်က ကျနော့်လက်ထဲ ပိုက်ဆံငါးမူးလောက်ပဲ ရှိပါတော့သည်။ ဖိနပ်ကလည်း ပြတ်နေပါသည်။ ဗိုက်ကလည်း အတော့်ကိုဆာနေပါသည်။ ဒေါ်လေး ကျနော် ရန်ကုန်ကပါ အိမ်ပြေးလာတာ ဒီကကျောင်းသား မဟုတ်ပါဘူးဆိုတော့ ဟယ် ဒါဆိုလာ ဒေါ်လေး ထမင်းဘဲဥဟင်း လိုက်ကျွေးမယ်ဆိုပြီး ဈေးစပ်နားခေါ်သွားပါသည်။ ဆိုင်ရောက်တော့ ဟေ့ မယ်မျှင်း ဒါငါ့တူ ရန်ကုန်က ဒီကိုအလည်လာတာ အဲ့ဒါဘဲဥချဉ်ရေနဲ့ ထမင်းတပွဲထည့်ပေးလိုက်၊ ငါ အခုပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားပါသည်။
ကျနော်လည်းစိတ်ပူပူနှင့် တဝကြုံးပါတော့သည်။ ငါးပိရည်ကျိုတို့စရာတွေကလည်း တပုံကြီးပါပါသည်။ လိုက်ပွဲပါတောင်းပါသေးသည်။ ခနနေတော့ ဒေါ်ခပြန်ရောက်လာပါသည်။ ထမင်းဖိုး တကျပ်ခွဲရှင်းပြီးတော့ သူ့ ဘေးလွယ်လိပ်လေးထဲမှ လက်ဝါးတံဆိပ် ရော်ဘာဖိနပ်အသစ်လေးပါ ထုပ်ပေးပါသည်။ ကျနော်ဝမ်းသာ၍ ငိုမိပါသည်။ ပြီးတော့မှ တိတ်တိတ် လာ ဒေါ်လေးနောက်လိုက်ခဲ့ နောက် တပတ်လောက်ပတ်လိုက်ရင် ဒါတွေကုန်ပြီဆိုကာ သူ့ ကုန်စိမ်းဗန်းကြီးကို ထိုးပြပါသည်။ ဒါနှင့် ကျနော်လည်း သူ့နောက်က တကောက်ကောက်လိုက်ကာ ရပ်ကွက်တပတ်ပတ်တော့ သူပြောသလိုဘဲ အကုန်ကုန်ပါသည်။ ပိုက်ဆံတွက်ကြည့်တော့ ဆယ့်ရှစ်ကျပ်လောက် ရသည်ဟုထင်ပါသည်။ ပြန်ကြမယ် ဟင်းစားလေး နည်းနည်းဝင်ဝယ်မယ်ဆိုကာ ဈေးထဲဝင်ပြီး ငါးနုသန်းလေး သုံးလေးကောင် ခရမ်းချဉ်သီးလေး ၂လုံး ၃လုံးဝယ်ပြီး ပြန်လာကြပါသည်။
လမ်းတဝက်ရောက်တော့ ကျနော် တခါမှမမြင်ဖူးသည့် သူယောက်ျားအား နင့်ဦးလေးအတွက် ချက်အရက်လေးတလုံးဝယ်ရမယ်။ ခမျာပင်ပမ်းရှာတယ်ဟုပြောကာ အရက်ပုန်းဆိုင်လေးမှ တောအရက်တလုံး ဝယ်ပါသည်။ ဆိုင်ရှင် မျက်စိစွေစောင်းစောင်းနှင့်လူက ဒေါ်ခ ပုလင်းခွံတော့ ပြန်လာပေးဦးနော်ဆိုတော့ ဟဲ့ ငါပြန်လာမပေးတာများရှိဖူးလားဟု ပြန်ငေါက်ပါသည်။ ပြီးနောက် လာ သား သွားကြမယ်ဆိုပြီး ဗန်းကြီးတဖက် ပုလင်းတဘက်နှင့် အိမ်ပြန်ရောက်လာပါသည်။ အိမ်မှာ မြေစိုက် တဲအကြီးကြီးတလုံးဖြစ်ပါသည်။ နွားသုံးကောင်ကိုလည်း ထိုတဲကြီး၏အစွန်းဘက်တွင် ကောက်ရိုးတွေ စားနေတာတွေ့ရပါသည်။ သား ဒါ ဒေါ်လေးတို့အိမ်ဘဲ။ အထဲမှာ ဦးလေးရှိတယ် ကွန် ထိုးနေတယ်။ ဒေါ်လေးတို့မှာ သားသမီးမရှိဘူး။ ဦးလေးကိုတွေ့ရင် အဖေလို့သာခေါ်လိုက်ကြားလားဟုပြောပါသည်။ (ဆက်ပါဦးမည်)

0 comments:
Post a Comment