Thursday, April 13, 2017

ကြက်ဆင်ဒုက္ခ(မျိုးမြင့်ချို)

0 comments
ဒီမနက် အလုပ်သွားတော့ ကားကို အတော်သတိထားမောင်းရပါသည်။ ခုရာသီသည် ကြက်ဆင်များ အုပ်လိုက်အုပ်လိုက် ထွက်တတ်သလို ငန်းညိုရိုင်းကြီးများလည်း မိတ်လိုက်ရန် သားပေါက်ရန်ပြန်လာသည့်ကာလဖြစ်ပါသည်။ သမင်တွေလည်း အထွက်များပါသည်။ ရက်ခွန်းဆိုသည့် ရှည့်အကြီးလိုလို ဝက်ဝံပေါက်စငယ်လိုလို မျက်ကွင်းညိုကြီးများနှင့်အကောင်လေးတွေလည်း လမ်းပေါ်အလွန်ထွက်သည့် သမယဖြစ်ပါသည်။ ဒေါင်းတွေလည်း တွန်ကြတောက်ကြပါပြီ။ ရာသီလေးနွေးစပြုလာသဖြင့် အကောင်ဗလောင်စုံ တောလည်ကြ မျိုးဆက်ရင်သွေးတွေမွေးမြူ ပေါက်ဖွားရင်း လောကကိုသစ်ဖို့ အသက်ဆက်ကြဖို့ ပြင်ဆင်ကြချိန်ဖြစ်ပါသည်။ အချစ်၊ လိင်စိတ်နှင့် မိသားစုဘဝများဆောက်ကြမည်ဖြစ်ပါသည်။ အင်ဒီယားနား ၈ Indiana 8 လမ်းပေါ်ရောက်တော့ ထင်သည့်အတိုင်း ကြက်ဆင်တအုပ်က လမ်းကို စိမ်ပြေနပြေ ဖြတ်နေတာနှင့် တည့်တည့်သွားတိုးပါသည်။ ခန့်မှန်းခြေ အကောင် ခြောက်ဆယ်ခန့် ရှိမည်ထင်ပါသည်။ တောလည်း နည်းနည်းနက်သည့်နေရာဖြစ်ပါသည်။ လူနေအိမ်ခြေပြတ်သည့်နေရာလည်းဖြစ်ပါသည်။ ဒါနှင့် ကားရပ်ပြီး သူတို့ဖြတ်တာ မပြီးမချင်းစောင့်ရပါသည်။ တော်တော်နှင့်မပြီးနိုင်ပါ သူတို့အမေ့လင်ပိုင်သည့်စင်ပေါ် ထင်သလိုကြဲမည်ဆိုသည့် အထာမျိုးတွေနှင့်ဖြစ်နေပါသည်။ ကျနော့်နောက်မှာလည်း ကားက ဆယ်စီးလောက်တန်းမိနေပါပြီ။ တချို့ကားတွေက ဘာမှန်းမသိသဖြင့် ဟွမ်းတဗွမ်ဗွမ်လုပ်နေပါပြီ။ မျက်နှာချင်းဆိုင်တဘက်လမ်းကြောမှာလည်း ကားက ဆယ့်လေးငါးစီးဖြစ်နေပါပြီ။ ကြက်ဆင်တွေကတော့ ဘာမှအရေးလုပ်စရာမလိုဆိုသည့်အထာနှင့် ကိုယ်ဟန်ပြမယ်တွေလို ဖက်ရှင်မယ်တွေလို အေးအေးလူလူ လမ်းပေါ်ဖြတ်နေကြပါသည်။ ကျနော် နောက်ထပ် မိနစ် ၂ဝ နီးပါးမောင်းရပါဦးမည်။ အလုပ်ကလည်း ၇ နာရီတွင် စရပါမည်။ ခု နာရီကြည့်လိုက်တော့ ၆ နာရီ ၄၃ မိနစ်ဖြစ်နေပါပြီ။ သူတို့ကိုစောင့်ရသည်မှာ ၅ မိနစ်ကျော်ပါပြီ။ ဒါနှင့် ကားကို ခတ်ဖြည်းဖြည်းလေးလှိမ့်ကာ သူတို့အနားထိသွားပြီး ဟွန်းကို ဗွမ်းကနဲတချက် နှိပ်လိုက်တော့မှ သူတို့တွေ လမ်းဖြတ်သည့်အကောင်ကဖြတ် နောက်ပြန်ဆုတ်သည့်အကောင်ကဆုတ်ပြီး ရှဲပေးကြပါသည်။ ကျနော်လည်း ဆက်မောင်းသွားလို့ရပါသည်။ ထိုကိစ္စသည် အမေရိကန်ကျေးလက်က လမ်းများတွင် နေ့စဉ်ဖြစ်နေသည့် သာမန်ကိစ္စ နိစ္စဓူဝဆိုသော်လည်း ပြဿနာအတော်ရှိပါသည်။

0 comments:

Post a Comment