ကျနော်
မဲဆောက်နေတုန်းက တနေ့ဈေးထဲသွားရင်း ဂျင်းဘောင်းဘီနှင့် တီရှပ်လေးနှင့်
အသက်သုံးဆယ်ခန့် ကောင်မလေးတယောက်ကို မျက်နှာချင်းဆိုင် ဆုံမိပါသည်။ စိတ်ထဲ
ထူးထူးဆန်းဆန်း ဒီကောင်မလေးဟာ တယောက်ယောက်နဲ့ တူလိုက်တာဟုဖြစ်ပြီး
လွန်သွားမှ နောက်ကနေ ပြန်လှည့်ခေါ်ပြီး ဦးလေးနံမည် ဘယ်သူဘယ်ဝါဟုမိတ်ဆက်ရင်း
နင့်ကို ငါသိတဲ့လူတယောက်ယောက်နဲ့ ရုပ်ခြင်းချွပ်စွပ်တူသလိုထင်မိလို့ပါ။
နင့်အဖေနံမည် ဘယ်သူလဲ၊ ဗမာပြည် ဘယ်နယ်မှာနေကြသလဲဆိုတော့
သူ့အဖေနံမည်ပြောပြပါသည်။ လက်ပံတန်းဘက်ကဖြစ်ပါသည်။
ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို သာယာဝတီထောင်တွင် အဆောင်ထားသူထား တိုက်ခန်းတွေထဲထားချင်ထားပြီး လိုသလိုနှိပ်ကွပ်ရန် ခွဲထားပါသည်။ အဓိက က လူမစုမိစေရန်ဖြစ်ပါသည်။ ထိုအချိန်က ကျနော်က ၁ တိုက်တွင်နေရပါသည်။ သာယာဝတီထောင်ရောက်စ ကျနော်တို့ အပြင်ထွက်ချိန်မှာ တနေ့လျှင် ၄၅ မိနစ်ဖြစ်ပါသည်။ ကျန်သည့် ၂၃ နာရီနှင့် ၁၅ မိနစ်ကို ၈ ပေ၊ ၁၂ ပေ အခန်းထဲတွင် လူ သုံးလေးယောက်အတူနေရပါသည်။
ထိုအချိန်က ကျနော်တို့သောက်ရေအိုးတွေဖြည့်ဖို့(သောက်ရေအိုးတွေမှာ အခန်းအပြင်တွင် ထားပါသည်။ သောက်ချင်လျှင် သံတိုင်ကြားလက်ထုတ်ပြီး ခပ်သောက်ရပါသည်) ကျနော်တို့စားဖို့ ထမင်း၊ တာလဘောစသည်များ ဖိုကြီးမှသွားယူပြီး ဝေပေးဖို့၊ ကျနော်တို့ စွန့်ပစ်စုပုံထည့်ထားသည် စည်ပိုင်းပြတ်ကြီးတွေထဲက ချေးသေးများအား မိလ္လာကြီးဆိုသည့်နေရာအထိ ထမ်းယူသွားပြီး မြေမြှုတ် စသည့်အလုပ်များ လုပ်ရန် ရာဇဝတ်မှုဖြင့်ကျလာသည့် ထောင်သားတွေကို ကျနော်တို့တိုက်တန်းတွေအစွန်က တိုက်ခန်းတခန်းတည်း ထည့်ထားပါသည်။ သူတို့သည် ထောင်ဖွင့်ချိန်မှ ထောင်ပိတ်ချိန်အထိ အပြင်တွင်နေရပြီး ထိုအလုပ်များလုပ်ရပါသည်။ သူတို့ကို အမြဲဆင်းဟုခေါ်ပါသည်။
ထိုအမြဲဆင်းများတွင်တယောက်က ခုနကောင်မလေး၏ဖခင်ဖြစ်ပါသည်။ သူထောင်ကျလာသည်မှာ သူတို့မိသားစုကိုဆင်းရဲသဖြင့် နှိမ်သည်ဆိုသည့် ရွာထဲက ပိုက်ဆံနည်းနည်းရှိသည့် ငနဲတယောက်ကို ခေါင်းရိုက်ခွဲမှုဖြစ်ပါသည်။ ကျုပ်သမီး အပျိုဖြန်းလေးကို အိမ်ပေါ်အထိ တက်ကြံတဲ့ကောင်ဗျ သူပြောပါသည်။
ထိုအမြဲဆင်းကြီးသည် ထစ်ကနဲဆို ခြေပါလက်ပါ ပါတတ်သည့် လူဖြောင့်စိတ်တိုကြီးဖြစ်ပါသည်။ စကားပြောလျှင် ပါးစပ်နှင့်တလုံးအပြည့်ကြီး ပြောတတ်ပါသည်။ သူ့တွင် ထောင်ဝင်စာလာတွေ့သူမရှိပါ။ ကျနော်တို့ကလည်း အထဲတွင်နေနေရသူတွေမို့ အပြင်က သူ့အညီအများကြီးလိုပါသည်။ စာတွေ ခိုးရေး ခိုးဖတ် ခိုးဖြန့်ကြသည်။ အဲ့တုန်းက ထောင်ထဲတွင် စာဖတ်ခွင့် မရှိသည့်ကာလလည်းဖြစ်ပါသည်။ စာလေး တထွာအညို တလာစီရင်း မိသွားလျှင် သေလုမျောပါးအရိုက်ခံရချိန်လည်း ဖြစ်ပါသည်။ သူပဲ တခန်းနှင့်တခန်း တတိုက်နှင့် ထောင်ဝါဒါတွေမသိအောင် အသွားအပြန် စာတွေ ကဗျာတွေ စာအုပ်တွေကို ခိုးဝှက်ယူပေးပါသည်။ သူသည် နိုင်ငံရေးသာ တလုံးတပါဒမှ မသိသော်လည်း နိုင်ငံရေးသမားတွေကို အတော် ချစ်ခင်လေးစားပါသည်။ သူ့အကိုတယောက် ကွန်မြူနစ်ဖြစ်ပြီး ပဲခိုးရိုးမတနေရာမှာ တိုက်ပွဲကျသွားသည်ဟုပြောပါသည်။ ကျနော်တို့ကလည်း သူပိုကြည်ဖြူစေရန်ရော စေတနာရောထည့်ပြီး ထောင်ဝင်စာလာတိုင်း အကြော်အလှော် အခြောက်အခြမ်းလေးများ ခွဲခွဲပေးပါသည်။ ထိုင်အခါမျိုးတွင် သူကျေးဇူးတင်စကားပြောပုံမှာ ထိုင်ဦးချမတတ်ဖြစ်သဖြင့် ကျနော်တို့က ပြန်အားနာရပါသည်။ နောက်တော့ သူ လွတ်ရက်စေ့၍လွတ်သွားပါသည်
အခုကျနော်နှင့် ဈေးထဲလာတွေ့သည့် ကောင်မလေးမှာ သူ့သမီးလေးဖြစ်ပါသည်။ နင့်အဖေရောရှိသေးလားဆိုတော့ ရှိတော့ ရှိသေးတယ် လေဖြတ်ပြီး အလုပ်မလုပ်နိုင်တော့လို့ အိမ်မှာဘဲ နှီးထိုးရောင်းစားနေတယ်ဟုပြောပါသည်။ ကျနော့် မျက်ရည်ဝဲရပါသည်။ နင်ကရော ဒီမှာ ဘယ်စက်ရုံမှာ လုပ်နေတာလဲဟုမေးတော့ စက်ရုံမဟုတ်ဘူးဦးလေး ကွေ့တယိုဆိုင်မှာလုပ်တာ။ ဒိနေ့တော့ သူဌေးမက နင်ဒီနေ့နား ငါလည်းဆိုင်ပိတ်မယ်ပြောလို့ လိုတာလေးတွေ လာဝယ်တာ။ ဘယ်နားကဆိုင်လဲ နောက်နေ့ ငါတို့လာစားမယ်ဟုပြောတော့ နေရာပြောပြပါသည်။
နောက်နေ့ ကျနော်တို့ သွားစားကြပါသည်။ ဆိုင်မှာ ဗမာပြည် လမ်းဘေးက မုန့်ဟင်းခါးဆိုင်ထက်ပိုမကြီးပါ။ ကျနော်တို့စားနေ စကားပြောနေသည့် နာရီဝက်လောက် အချိန်တွင် လာစားသူမှာ ၆ ယောက်ပဲရှိပါသည်။ သို့သော် ထိုဆိုင်ရှင်သည့် သူ့ အလုပ်ရှင်မ သူဌေးမအခေါ်ခံသည့်နေရာရောက်နေပါသည်။
ကျနော် ထပ်မျက်ရည်ဝဲမိပါသည်။ ထိုင်းမှာအလုပ် လုပ်နေကြသည့် ဗမာပြည်သား မျက်နှာမွဲတွေအတွက် ချောက်ချီးချောက်ချက် ကွေ့တယိုဆိုင်ပိုင်ရှင်လည်း သူဌေးမဖြစ်ရသည့် အဖြစ်ဆိုး ဘဝဆိုးတွေနှင့်ဖြစ်ကြရပါသည်။
ဧပြီ ၁၃၊ ၂ဝ၁၈)

0 comments:
Post a Comment