Thursday, September 22, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၂၉) မျိုးမြင့်ချို

0 comments
စက်တင်ဘာ ၂၁ ရက်၊ ၂ဝ၁၁ နေ့တွင်အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်မှာ တရာတန်တွေဖျက်သိမ်းလိုက်တယ်။ ဒါပေမယ့် ပြန်လဲပေးလိုက်တဲ့အတွက် လူထုရဲ့စီးပွားရေးမကျေနပ်ချက်ဟာ ငြိမ်သွား သယောင်ထင်ရပေမယ့် ဖွဲမီးလိုတငွေ့ငွေ့လောင်ကျန်ရစ်ခဲ့ပါတယ်။ တခါ ၈၇ စက်တင် ဘာ ၅ရက်နေ့မှာ အစိတ်တန် ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေကို ထပ်ဖျက်သိမ်း လိုက်တာကြောင့် လူထုကြားထဲလှုပ်လှုပ်လှုပ်လှုပ်ဖြစ်လာပါတယ်။ ဒါကို စက်မှု တက္ကသိုလ်ကျောင်းသားတွေက ထလည်းကန့်ကွက်ရော အစိုးရက သီတင်း ကျွတ်ကျောင်းပိတ်ရက်ဆိုပြီး ကျောင်းသားတွေကို နယ်ပြန်ပို့လူစုခွဲလိုက်ပါတယ်။  ဒီဇင် ဘာထဲမှာ ဗမာပြည်ဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(အဆင်းရဲဆုံးနိုင်ငံ)စာရင်းဝင်သွားပြီဆိုတဲ့အခါ မဆလအပေါ်လူထုရဲ့ ခံပြင်းနာကျည်းစိတ်တွေဟာ အထွဋ်အထိပ်ရောက်သွားခဲ့ပါပြီ။ လွတ်လပ်ရေးအနှစ်လေးဆယ်ပြည့် ၁၉၈၈ ဇန်နဝါရီလထဲမှာ အနောက်ဂျာမနီက ဗမာပြည်ရဲ့ အကြွေးတွေလျှော်ပြစ်လိုက်လို့ လူတွေရင်ထဲမှာစိတ်သက်သာရပေမယ့် တိုင်းပြည်အတွက်ရှက် စရာသိက္ခာကျစရာလို့ မြင်လာကြပါတယ်။   

အဖြစ်အပျက်တွေဟာ မြန်ဆန်ပြီးအရှိန်လည်း ကောင်းလာပါတယ်။ ကျနော်တို့စာဖတ်ဝိုင်းထဲ လူသစ်တွေတိုးလာသလို စကားဝိုင်း လည်း ဖြစ်စဉ်တွေအလိုက် စိတ်စိတ်လာပါတယ်။ မဆလ အမာခံတွေ၊ သတင်းပေးတွေက ဗြောင်စောင့်ကြည့်တာလုပ်သလို တချို့လည်း ကျနော်တို့အတွင်းစည်းထဲထိ ဝင်ချလာပါတယ်။ “မူကောင်းတယ် လူမကောင်းလို့” တို့ “လူကြီးတွေဘာမှမသိ ဘူး အောက်ကလူတွေကြောင့် လို့” တို့ ဆိုတဲ့အမြင်တွေကို ပြန်ချေကြပကြနဲ့ စကားဝိုင်းလည်းပွဲဆူသလို ပွဲစည်လာတယ်လို့ဆို ရမှာပါပဲ။ သူငယ်ချင်းတချို့ မခေါ်နိုင်မပြော နိုင်တွေတောင် ဖြစ်လာကြပါတယ်။

တိုင်းပြည်တခုခုဖြစ်မှာတော့ သေချာနေပြီ။ ဖြစ်လာရင် ဘယ်သူတွေနဲ့တွဲမလဲ။ ဘယ်သူ့ကိုကြားထားမလဲ။ ဘယ်သူ့ကိုတိုက်ရမှာ လဲ စတာတွေအတွက်ဆွေးနွေးကြ ပြင်ဆင်ကြတာတွေလည်းရှိလာပါပြီ။  ဒီ့အတွက် ကျနော်တို့ သေသေချာချာလူစစ်ရစုရတွေ ရှိလာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီခေတ်က မဆလထဲ အဝင်မခံတဲ့လူရယ်လို့ ၂ မျိုးပဲရှိပါတယ်။ တမျိုးက မဆလကို နိုင်ငံရေး အရ အတွေးအခေါ်အရကို လက်မခံပဲ ဗြောင်တမျိုးတိုးတိုးတမျိုး ဆန့်ကျင်သူတွေဖြစ်ပြီး နောက်တမျိုးကတော့ မဆလရဲ့အရာ အသွင်းမခံရတဲ့သူတွေလို့ ပြောရမယ်ထင်ပါတယ်။ မဆလထဲမှာလည်း ၂ မျိုး၂စား ရှိနေပြန်ပါတယ်။ တမျိုးက မဆလနဲ့သူ့ရဲ့ပြည် တွင်းဖြစ်ဆိုရှယ်လစ်စနစ်ကို ရိုးရိုးသားသားယုံကြည်သက်ဝင်တဲ့ ကိုယ်ကျိုးအရှာနည်းသူတွေဖြစ်ပြီး နောက်တမျိုးကတော့ အနေ အစားချောင်ဖို့၊ ကိုယ်ကျိုးရှာဖို့သက်သက်လုပ်နေသူတွေလို့ ဆိုရမယ်ထင်ပါတယ်။

ကျောင်းတွေပြန်ဖွင့်ပြီး မတ်လထဲမှာဖြစ်တဲ့ကိုဖုန်းမော်ကိစ္စက မဆလအတွက် နောက်ဆုံးထိုးလိုက်တဲ့ မရဏခေါင်းလောင်းသံ ဖြစ် သွားခဲ့ရပါပြီ။ ရပ်ကွက်ထဲမှာလည်း မနက်ခင်းနဲ့ညခင်းတွေမှာ ဘီဘီစီသတင်းတွေ ကျယ်လောင်လာပါပြီ။ ကျောင်းသားမိဘတွေ လည်း သောကစိတ်နဲ့ထိတ်လန့်လာကြရပါပြီ။ ကိုဖုန်းမော်ကိစ္စအပြီး ဆက်တိုက်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကနေ မဆလထိပ်သီးတွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်သိပ်ထိုးစကားဝိုင်းတွေ။ အဲဒီကတဆင့် လက်တလုံးခြား အာဏာကုလားဖန်ထိုးပွဲဖြစ်ခဲ့ရတဲ့ ၁၉၈၈ ခု စက်တင်ဘာ ၁၈ရက်အထိ ဖြစ်စဉ်တွေကိုတော့ အားလုံးလည်းသိပြီးသားမို့ ဒီနေရာမှမပြောလိုတော့ပါဘူး။

ဒီ ၁၉၈၈ လူထုအုံကြွမှုကြီးမှာ ကျနော်တို့ဆီမှာ ဘာတွေဖြစ်ခဲ့သလဲ။ ကျနော်တို့  ဘာတွေလုပ်ခဲ့ကြသလဲဆိုတာပဲ ကွက်ပြီးပြော ချင်ပါတယ်။ အဲဒီကာလမှာ ဗိုလ်အောင်ကြီးရဲ့အိပ်ဖွင့်ပေးစာတွေထွက်လာတယ်။ ကျနော်တို့ဖတ်တယ်။ လေ့လာကြတယ်။ ဖယောင်းစက္ကူဖေါက်၊ မီးချောင်းဟောင်းမှင်သုတ်၊ အစုံပေါင်းများစွာလှိမ့်ထုတ်ပြီး လူထုကြားထဲဖြန့်ခဲ့ကြပါတယ်။ သဲကုန်း ဆရာတော်ရဲ့ ရာဇောဝါဒသုတ္တံတရားခွေ ထွက်လာတယ်။ ခွေတွေ ပြန်ကူးပြီးဖြန့်တယ်။ ကုလားဗမာအဓိကရုဏ်းဖန်တီးပြီး လူထုကိုလမ်းလွှဲဖို့လုပ်တာတွေကို လူထုကြားမှာဖွင့်ချတယ်။ နိုင်ငံခြားအသံလွှင့်ဋ္ဌာနတွေကသတင်းထူးတွေ၊ လူထုသိဖို့လို မယ်ထင်တဲ့သတင်းတွေကို ဒိုင်ခံနားထောင်၊ လိုက်ကူး၊ စာရွက်တွေလှိမ့်ထုတ်၊ လူထုကြား ပြန်ဖြန့် လုပ်တဲ့သူကလုပ်တယ်။   ရန်ကုန်ကလှုပ်ရှားနေသူတွေနဲ့ လျှို့ဝှက်ဆက်သူကဆက်တယ်။ သူတို့နဲ့ ဟန်ချက်ညီဖြစ်ဖို့ တိုင်ပင်ကြပြင်ဆင်ကြပါတယ်။

ဒီလိုနဲ့ မေလအကုန်ပိုင်းရောက်လာတော့ ဒီမိုကရက်တစ်လူငယ်များ(တပ်ဦး) ဆိုပြီး အစုလေးတစုသန္ဓေတည်ဖို့ ဖြစ်လာပါတယ်။ စစချင်းတော့ လူအသိခံပြီးဗြောင်ထွက်လုပ်ဖို့ ခက်နေပါတယ်။ အဲဒါလေးဖြစ်လာဖို့ လူစစုတဲ့ညကိုကျနော်မှတ်မိနေပါတယ်။ အစည်းအဝေးလုပ်တာက မဆလ ဟောင်းတယောက်ရဲ့အိမ်မှာပါ။ တက်လာသူတွေကြည့်လိုက်တော့ ရပ်ကွက်ထဲက သာမန်သူ လိုကိုယ်လိုလူတွေချည်းပါပဲ။ ရပ်ကွက်တွေထဲက လူရိုသေရှင်ရိုသေလည်းဖြစ်တဲ့၊ ကျနော်တို့ကို ဦးဆောင်မှုပေးနိုင်လိမ့်မယ်လို့ လည်းထင်တဲ့၊ ကျနော်တို့ကိုယ်တိုင်ကလည်း  ခေါင်းဆောင်အဖြစ်တင်မယ်လို့ ရည်ရွယ်ပြီးဖိတ်ထားသူတွေ တယောက်မှတက် မလာကြပါဘူး။ မဆလလည်း ချိနည့်သွားပြီ၊ ပြုတ်တော့မှာလည်း သေချာသွားပြီဆိုတဲ့အချိန်မှာတော့ သူတို့တွေစင်ပေါ်တက်လာ ကြ၊ လက်သီးလက်မောင်းတန်းကြတာကိုမြင်ရသလို၊ ၈၈ အပြီး ပါတီတွေဖွဲ့ထူထောင်ကြတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အဲဒီလူတွေပဲ မြို့နယ်အဆင့်တိုင်းအဆင့်တာဝန်ရှိသူတွေ၊ ပါတီခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတာလည်း မှတ်မိနေပါသေးတယ်။

ဒီလူတွေ မလာလည်းမတတ်နိုင်ဘူး။ ရှိတဲ့သူနဲ့ဖြစ်အောင်လုပ်ရမှာပဲဆိုပြီး စုဖွဲ့မှုတခုတော့ဖြစ်ခဲ့ပါတယ်။ ဒီအစုအဖွဲ့ကလေးက လူတွေပဲ  ကျနော်တို့ဒေသရဲ့ ၁၉၈၈ လူထုအုံကြွမှုကြီးကို အစပျိုးဖေါက်ခွဲပေးလိုက်ကြတာဖြစ်ပြီး နောက်ပိုင်းတလျှောက်လုံးလည်း လူထုနဲ့အတူတိုက်ပွဲဝင်ခဲ့ကြ၊ ထောင်တွေတန်းတွေကျကြ၊ တောထဲတောင်ထဲရောက်ကြရတာ ဖြစ်ပါတယ်။ အခုနပြောခဲ့တဲ့ လူကြီးမင်းတွေကတော့ ဘယ်သူမှ ထောင်ထဲမရောက်ကြသလို တောထဲလည်းမရောက်ခဲ့ကြပါဘူး။ တချို့ဆို ၁၉၉ဝ ရွေးကောက် ပွဲဝင်ပြီး အမတ်များတောင်ဖြစ်လိုက်ကြပါသေးတယ်။

ဒီလိုနဲ့ စီးပွားရေးမကျေနပ်ချက်တွေကနေ စလိုက်တဲ့ကြွေးကြော်သံဟာ  ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရေး၊ တပါတီအာဏာ ရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ပါတီစုံစနစ်ထူထောင်ရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေး စတဲ့ကြွေးကြော်သံတွေအထိ တဖြည်းဖြည်းချင်း ပြောင်းလဲမြင့်တက်လာတာနဲ့အမျှ တတိုင်းပြည်လုံးကိုလည်း ကူးစက်တိုက်ခတ်ကုန်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

0 comments:

Post a Comment