Friday, September 2, 2011

ကိုမင်းကိုနိုင်နဲ့ကျနော်နဲ့ကို တပြိုင်တည်းဗျူးပြီး တပုဒ်ထဲမှာရေးတဲ့သတင်းဆောင်းပါး(မျိုးမြင့်ချိ)

0 comments
နိုင်ငံရေးအကျဉ်းသားဟောင်းတွေက နှိပ်စက်ညှဉ်းပမ်းမှုအကြောင်း ဖေါ်ပြ
ရေးသူ အလန်ဆိုက်ပရပ်နှင့် အီလန်နာကာရှီမေး
ဝေါ်ရှင်တန်ပို့စ်သတင်းစာ နိုင်ငံခြားရေးရာဋ္ဌာန
ဇန်နဝါရီ ၃ ရက် ၂ဝဝ၆ ခုနှစ်(အင်္ဂါနေ့)
အဲဒီတုန်းက ကျနော်မဲဆောက်မှာပါ။ အီလန်နာကားရှီမေးက ကိုဇော်ဇော်အောင်ကို ဗျူးချင်တာပါ။ သူက အင်တာဗျူးလုပ်ဖို့ငြင်းတာနဲ့ ကျနော်နဲ့လုပ်ဖြစ်သွားပါတယ်။ ကိုညိုအုန်းမြင့်က စကားပြန်အနေနဲ့ကူညီပေးပါတယ်။ ကိုမင်းကိုနိုင်ကို သူ့အဖေါ်က ပြည်တွင်းသွားဗျူး၊ သူက ကျနော့်ကို မဲဆောက်က အေအေပီပီရုံးထဲမှာ ဗျူးတာပါ။ အမှန်အတိုင်းပြောရရင် ကိုယ့်အကြောင်း သူများရေးတာဗျူးတာတွေကို ပြန်တော့ မပြောချင်ပါဘူး။ မလေးရှားကသူငယ်ချင်းက လုပ်စမ်းပါဆိုတာနဲ့ ပြန်ဖြစ်တာပါ။ သတင်းဘာသာပြန်တာအတွေ့အကြုံမရှိပေမယ့် တတ်နိုင် သလောက်တော့ ဆီလျော်အောင်ဖြစ်ဖို့ ကြိုးစားထားပါတယ်။  ကိုယ့်အကြောင်းကိုယ်ပြန်ပြောရတာ တော်တော်လက်ဝင်တယ်လို့လည်း ထင်ပါတယ်။ လင့်ခ်ကနေဖတ်ချင်ရင်တော့ ဒီနေရာကနေ ဖတ်ပါ။
http://www.washingtonpost.com/wp-dyn/content/article/2006/01/02/AR2006010201865.html

ရန်ကုန်မြို့- ဗမာပြည်- ကိုမင်းကိုနိုင်ဟာ ထောင်ထဲမှာတိုက်ပိတ်ခံပြီး ၁၆ နှစ်နီးပါးနေခဲ့သူဖြစ်ပါတယ်။ သူ့ကို စောင့်ရတဲ့ ထောင်မှူးထောင်ပိုင် တွေနဲ့တောင် မျက်လုံးချင်းဆုံခဲ့လိမ့်မှာမဟုတ်ပါဘူး။

မျိုးမြင့်ကတော့ ဗမာစစ်အာဏာရှင်တွေကို အံတုစိန်ခေါ်ခဲ့လို့ ကိုမင်းကိုနိုင်နဲ့ တခေတ်တည်းတထောင်တည်းမှာ အချိန်အများကြီးနေခဲ့ရပြီး ထိုးတာကြိတ်တာ၊ ရိုက်နှက်ကန်ကျောက်တာတွေအပြင် ခြေကျဉ်းခတ်လည်း ထပ်လဲလဲခံခဲ့ရသူဖြစ်ပါတယ်။ တကြိမ်မှာသူ့ကို စစ်ကြောရေး လုပ်နေတုန်း ကိုယ်တုံးလုံးချွတ်ထားပြီး နံပတ်တုတ်တွေနဲ့ ဝိုင်းရိုက်တာလည်းခံခဲ့ရကြောင်း သူပြန်ပြောပြလို့ သိရပါတယ်။ နောက်တကြိမ်မှာ တော့ သူ့ကိုကလေးတွေကစားတဲ့ Seesaw လိုဟာပေါ်မှာ ကြိုးတုတ်ပြီး သတိလစ်သွားတဲ့အထိ ဇောက်ထိုးတင်တာကို ခံခဲ့ရပါတယ်။

၂ဝဝ၄ ခုနှစ်မှာ ၂ ယောက်လုံး ထောင်ကလွတ်လာကြပါတယ်။ အဲဒီအခါမှာတော့ သူတို့ဘဝရဲ့ ၃ ပုံ ၁ ပုံလောက်အချိန်တွေကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရပါပြီ။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ အခုဆိုရင် ပြည်တွင်းမှာပဲရှိနေပြီး ထောက်လှမ်းရေးရဲ့ မျက်ခြေမပြတ်စောင့် ကြည့်တာကိုခံနေရပါတယ်။ မျိုးမြင့်ကတော့ ထိုင်းဗမာနယ်စပ်ကမြို့လေးတခုကို ထွက်ပြေးတိမ်းရှောင်ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့လက သူတို့ ၂ ယောက်ကို သီးခြားစီခွဲပြီးအင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာသူတို့ပြန်ပြောပြတာတွေကတော့ အခု မြန်မာပြည်လို့စစ်အာ ဏာပိုင်တွေအမည်ပြောင်းလိုက်တဲ့ ဗမာပြည်ကအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေခံရတဲ့ စိတ်ပိုင်းရုပ်ပိုင်းနှိပ်စက်ညှဉ်းပမ်းမှုတွေ အကြောင်းက အဓိကဖြစ်နေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့အဆိုအရ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် လုပ်ကိုင်ကြံဆရင်း ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ဝဝ ကျော်ဟာ ထောင်တွေထဲမှာရှိနေဆဲလို့ သိရပါတယ်။

ထောင်ထဲမှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ ဘယ်လောက်ပဲရှိရှိ၊  ထောင်ပြင်မှာ အာဏာအလွှဲအပြောင်းဖြစ်လာမယ့် မျှော်လင့်ချက် ဘယ်လောက်ပဲ အလှမ်းဝေးဝေး တိုင်းပြည်အပြောင်းအလဲအတွက် သူတို့ဘယ်ပုံပိုင်းဖြတ်ချက်ချပြီး လုပ်ခဲ့ကြတယ်ဆိုတာကို အင်တာဗျူးမှာပြောပြခဲ့ကြပါ တယ်။

အခုဆိုရင် မျိုးမြင့်က နိုင်ငံရေးအကျဉ်းသားတွေအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုမှာလုပ်နေပြီး ကိုမင်းကိုနိုင်ကတော့ အစိုးရနဲ့ အတိုက်အခံတွေကြား နိုင်ငံရေးအရကွဲပြားနေတာတွေ ဘယ်လိုပဲရှိရှိ အဲဒါတွေဘေးဖယ်ထားပြီး ဆင်းရဲတွင်းနက်သထက်နက်လာတဲ့ တိုင်းပြည်ကိုကယ်တင်ဖို့၊ ကူးစက်ရောဂါတွေ ထိန်းမရသိမ်းမနိုင်ပြန့်ပွားနေတာကိုဟန့်တားနိုင်ဖို့ အတွက်အလုပ်အတူလုပ်ကြဖို့တောင်းဆို တိုက်တွန်းနေပါတယ်။ သူတို့ ၂ယောက်ထောင်ကျခဲ့တဲ့အကြောင်းက ထပ်တူမကျပါလားလို့ လက်လွတ်စပယ်ပြောလို့တော့မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့လိုပဲ ထောင်ကျခဲ့တဲ့တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာလည်း အလားတူကွဲပြားတာတွေရှိနေလို့ပါပဲ။

၁၉၈၀ ခုနှစ်တဝိုက်တွေမှာ ကိုမင်းကိုနိုင်ဟာ ဒီမိုကရေစီရေးဖိအားပေးဖို့အတွက် နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး စည်းရုံး လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ်လို့ ၁၉၈၈ ခုနှစ် သြဂုတ်လထဲမှာ စစ်တပ်က ဒီလှုပ်ရှားမှုတွေကိုဖြိုခွဲခဲ့ပြီး၊ တပါတီအုပ်စိုးမှုအဆုံးသတ်ပါတော့လို့ တောင်းတိုခဲ့ကြတဲ့ အလုပ်သမားတွေ ကျောင်းသားတွေကို ထောင်ချီပြီး သုတ်သင်သတ်ဖြတ်ခဲ့ပါတယ်။ တကြိမ်မှာ သူ့ကို ထောက်လှမ်းရေး တွေက ညှပ်ပူးညှပ်ပိတ်ဖမ်းပြီး အနီရောင်ထရပ်ကားတစင်းနဲ့ ခေါ်ချသွားပါတယ်။ အဲဒါက ၁၉၈၉ ခုနှစ် ထဲမှာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ သူဟာ ဗမာပြည်က နံမည်အကျော်ဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲကတယောက် ဖြစ်လာရပါတော့တယ်။ သူဟာ ပြန်အဖမ်းခံရမယ့် အန္တရာယ်တွေရှိနေတဲ့ကြားကပဲ နိုင်ငံခြားသတင်းထောက်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဘာ့ကြောင့် သူ ဒီလိုတွေ့ရသလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်မှာထားတဲ့ သူ့မျှော်လင့်ချက်တွေကို မီးမောင်းထိုးပြချင်တာကြောင့်ပဲလို့ ဆိုပါတယ်။ ဒီအင်တာဗျူးကို ရန်ကုန်မြို့လည်က လူနေတိုက်ခန်းလေးတခုထဲမှာ တံခါးတွေပိတ်ပြီး လုပ်ခဲ့ရတာဖြစ်ပါတယ်။ အင်တာဗျူးမှာ သူက (ဒါးသီးတဲ့အတွေ့အကြုံ တွေကတော့အများကြီးပေါ့လေ။ ကျနော့် ကိုယ်ရေးကိုယ်တာဘဝနဲ့ အတွေ့အကြုံတွေဟာ ခါးသီးစရာတွေ အများကြီးပါပဲ) လို့ပြောပါတယ်။ ဒါပေမယ်လို့ သူဟာ အတိတ်ကိုအတိတ်မှာပဲထားခဲ့ချင်သူ။ အတိတ်မှာပဲတဝဲလည်လည်နေချင်သူမဟုတ်ပါဘူး။ စကားပြောနေတုန်း သူ့ အနားကကျောင်းသားဟောင်းတယောက်ကို လှမ်းညွှန်းလိုက်ပြီး(ကျနော်တို့ ဗုဒ္ဓမြတ်စွာရဲ့တရားဒေသနာကို ထင်ဟပ်ကြည့်ခဲ့ကြပါတယ်။ ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရားကသာ အမုန်းတရားကို အောင်နိုင်ရတာဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေအပေါ်ထားတဲ့ ကျနော်တို့ရည်မှန်း ချက်ကတော့ဗျာ အတိတ်တုန်းက တဦးချင်းအနေနဲ့ ခံစားနာကျင်ခဲ့ရတာတွေ၊ စွန့်လွှတ်ပေးဆပ်ခဲ့ရတွေကို အတိတ်မှာပဲ ထားလိုက်စေချင် တာပါပဲ) လို့ ဆိုပါတယ်။

ကိုမင်းကိုနိုင်ရဲ့အသံဟာ ရင်ထဲကလာတဲ့အသံဖြစ်ပြီး သိမ်မွေ့နူးညံ့ပါတယ်။ မျက်ခုံးမွှေးနက်နက်တွေနဲ့ တည်ကြည်လေးနက်နေပါတယ်။ သူ့အမြင်အတွေးတွေကို ပြန်ရှင်းပြရင်း အရေးကြီးတဲ့အချက်တွေကိုတော့ သူ့လက်ချောင်းသွယ်သွယ်တွေနဲ့ ချိုးရေပြပါတယ်။ သူ တခုခုကို ပြန်စဉ်းစားပြီဆိုရင် နဖူးပေါ်လက်မလေးနဲ့ ဖိဖိပြီး စဉ်းစားတတ်ပါတယ်။ သူ့ထောင်သက်တလျှောက်လုံး တခြားသူတွေနဲ့ခွဲပြီး တိုက်ထဲမှာပဲ ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။ စစ်ထောက်လှမ်းရေးတွေက ပုန်းလျှိုးကွယ်လျှိုးတချိန်လုံးစောင့်ကြည့်နေကြပြီး စာအုပ်လေးတအုပ် ဘောပင်န် လေးတချောင်းတောင် ပေးမကိုင်ခဲ့ကြဘူးလို့လည်းပြောပါတယ်။ (လူဆိုလို့ ဘယ်လူနဲ့မှကို မတွေ့ခဲ့ရတာပါဗျာ) လို့ပြောရင်း၊ ပိုလေးနက်စေ ချင်လို့ထင်ပါရဲ့ Nothing ဆိုပြီး အင်္ဂလိပ်လိုတောင် ပြောင်းပြောလိုက်ပါသေးတယ်။ သူ့ထောင်သက်ရဲ့ ပထမ ၉ နှစ်ကျော်ကာလကို  နံမည်ကြီး အင်းစိန်ထောင်ကြီးက အလင်းရောင်မှုံဝါးဝါး ၁ဝ ပေ ၈ ပေ ပတ်လည်တိုက်ခန်းလေးထဲမှာ နေခဲ့ရပါတယ်။ ပြောနေရင်း သူနေခဲ့ရတဲ့အခန်းရဲ့ အကျယ်ကို ခန့်မှန်းလို့ရအောင်ဆိုပြီး လက်နဲ့ဝိုင်းပြပါတယ်။ ပြီးတော့ သူမတ်တပ်ထရပ်လိုက်ပါတယ်။ ကျနော်တို့ကို နောက်ခိုင်းလိုက်ပြီး သူ့ ညာလက်ကို နောက်ပစ်ဆန့်ထုတ်လိုက်ပါတယ်။ ပြီးတော့ မီးခြစ်ခြစ်သလိုမျိုးလုပ်ပြပါတယ်။ သူထောင်ထဲနေတုန်းက ဆေးလိပ်သောက်ချင် လို့ ဆေးလိပ်မီးတောင်းတဲ့အခါ ထောင်ဝါဒါတွေက သူ့ကို မျက်နှာချင်းမဆိုင်ပဲ ဆေးလိပ်မီးလှမ်းပေးပုံကို လုပ်ပြတာဖြစ်နေပါတယ်။ (စစ် ထောက်လှမ်းရေးက မပြတ်စောင့်ကြည့်နေတာဆိုတော့ ထောင်ဝါဒါတွေက ကျနော့် မျက်နှာကိုတောင် မကြည့်ရဲကြဘူးဗျ။ သူတို့က ကျနော့် ကို တခြားလူတွေနဲ့ ဆက်သွယ်မိသွားမှာ အရမ်းကြောက်နေကြတယ်လေ၊ လူမပြောနဲ့ဗျာ ကြောင်လေးတကောင် ငှက်ကလေးတကောင်နဲ့ တောင် မတွေ့ခဲ့ရပါဘူး) လို့ ပြန်ပြောပြပါတယ်။
၁၉၉၁ ခုနှစ်ထဲရောက်တော့ သူ့ကိုထောင်ဝင်စာဖွင့်ပေးလိုက်ပါတယ်။  ၂ ပတ်တကြိမ် ၁၅ မိနစ်သာသာလောက်တွေ့ရတာဖြစ်ပါတယ်။ သူ့ မိဘတွေနဲ့ ညီမကလွဲလို့ မိသားစုဝင်မဟုတ်သူ ဘယ်သူ့ကိုမှတော့ ပေးမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ထောင်ဝင်စာထွက်ပြီဆိုလည်း တွေ့မယ့်နေ ရာကိုအသွားမှာ ခေါင်းကိုအစွပ် စွပ်ပြီး ဘယ်သူမှမမြင်အောင် တိတ်တိတ်ကလေးထုတ်သွားပါတယ်။ ၁၉၉၈ ခုနှစ်ထဲရောက်တော့ ရန်ကုန် ကနေ မိုင် ၃၅၀ လောက်ဝေးတဲ့ ရခိုင်ပြည်နယ်စစ်တွေထောင်ကို ထောင်ပြောင်းလိုက်ပါတယ်။ မိသားစုထောင်ဝင်စာလာတွေ့ဖို့ မလွယ်တော့ ဘူးဖြစ်သွားတာပဲလို့ဆိုပါတယ်။
ဒီလိုနဲ့ ၂၀၀၄ ခုနှစ် နိုဝင်ဘာလမှာ သူထောင်ကလွတ်လာပါတယ်။ လွှတ်တော့မယ်လို့ ကြိုတင်ပြောပြတာမရှိသလို မမျှော်လင့်ပဲလွတ်ခဲ့ရတာ လည်းဖြစ်ပါတယ်။ အင်တာဗျူးလုပ်နေတုန်း သူက စစ်တပ်ကအာဏာလက်လွှတ်ဖို့ဆိုတာ လတ်တလောမှာ ဖြစ်ဖို့မလွယ်သေးဘူးလို့ သူမြင် တဲ့အကြောင်းပြောပြပါတယ်။ ဒါ့ကြောင့် သူလွတ်လာပြီးကတည်းက သူနဲ့အတူအခြားလှုပ်ရှားနေသူတွေက စစ်အစိုးရကိုသူတို့နဲ့အတူအလုပ် အတူတွဲလုပ်ဖို့ တိုက်တွန်းတောင်းဆိုနေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် တိုင်းသူပြည်သားတွေရဲ့ဝင်ငွေတွေတိုးလာဖို့ လူမှုရေးစီမံချက်တွေချ ရာမှာ၊ အိဒ်စ်နဲ့ငှက်ဖျားလို ကူးစက်ရောဂါတွေ ထိန်းမနိုင်သိမ်းမရကူးစက်ပြန့်ပွားနေတာတွေကို တိုက်ဖျက်ရာမှာကူညီလုပ်ဆောင်ရာမှာ အတူ လုပ်ကြမယ်လို့ တောင်းဆိုနေတာဖြစ်တယ်လို့ဆိုပါတယ်။ ခုချိန်ထိတော့ အစိုးရက သူတို့တောင်းဆိုတိုက်တွန်းနေတာတွေကို မသိကျိုးကျင် ပြုနေတုန်းပဲဖြစ်ပါတယ်။ သူတို့လိုနိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ဆက်သွယ်လုပ်ဆောင်နေကြတဲ့လူတချို့ကို အစိုးရက သိတ်မကြာသေး ခင်ကပဲ ဖမ်းဆီးထောင်ချတာတွေလည်း လုပ်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကတော့ မြန်မာပြည်လို့သူတို့နံမည်ပြောင်းခဲ့တဲ့ ဗမာပြည်မှာ စစ်အစိုးရဟာ ပြည်သူတွေရဲ့အခွင့် အရေးတွေကို လေးစားလိုက်နာပါတယ်လို့ဆိုပါတယ်။ (မြန်မာပြည်သူတွေ လူ့အခွင့်အရေးခံစားရရှိနေကြတာဟာ တခြားနိုင်ငံတွေထက် မလျော့ပါဘူး။ ကျနော်တို့ပြည်တွင်းက လူ့အခွင့်အရေးစံချိန်စံညွှန်းဟာ တော်တော်မြင့်ပါတယ်။ ဒါပေမယ့် လူတိုင်းက စည်းကမ်းတော့လိုက် နာရမှာပဲ။  တိုင်းပြည်မငြိမ်သက်အောင်လုပ်လာမယ်၊ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာမယ်၊ အမျိုးသားအကျိုးစီးပွားကိုထိခိုက်အောင်လုပ် မယ်ဆိုရင်တော့ သူတို့အခွင့်အရေးတွေ ပြန်အရုပ်သိမ်းခံရမှာပဲ) လို့ အင်တာဗျူးတခုမှာပြောသွားပါတယ်။
မျိုးမြင့်ဟာ ကိုမင်းကိုနိုင်ကို လူချင်းမတွေ့ဖူးပေမယ့် သူ့အကြောင်းသိသူဖြစ်ပါတယ်။ ပြီးတော့လည်း သူတို့ဟာတူတဲ့ပန်းတိုင်တွေကို အတူ သွားနေကြတာလို့လည်း သိနေပါတယ်။ စစ်မှုထမ်းအရာရှိတဦးရဲ့သား အရပ်၆ပေလောက်ရှိပြီး ယောင်္ကျားပီသတဲ့ရုပ်ရည်နဲ့ မျိုးမြင့်ဟာ ဖခင် ခြေရာနင်းပြီး စစ်မှုထမ်းခဲ့ပါတယ်။ ရှေ့တန်းမှာ မြေမြှုတ်မိုင်းကြောင့် ဒဏ်ရာရပြီး ခြေတွေလက်တွေပြတ်ခဲ့ပါတယ်။ ဒဏ်ရာရပြီးနာလန်ထ ကာလမှာ သူ့မှာ နောက်ကြောင်းကိုပြန်စဉ်းစားသုံးသပ်ဖို့ အချိန်တွေအများကြီးရခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်တွေမှာ သူ တပ်ထဲနေတုန်း က ရှေ့တန်းမှာ စစ်သားတွေလုပ်ခဲ့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပြန်မြင်လာတယ်။ အစိုးရရဲ့ အယုံသွင်းမှိုင်းတိုက်တာတွေကိုလည်း ပြန်တွေး တတ်မြင်လာတယ်လို့ဆိုပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ခဲ့ကြတယ်လို့ပြောပါတယ်။ အဲဒီအချိန်မှာ  ဒေါ်အောင် ဆန်းစုကြည်ဟာ သက်တမ်းနုနယ်ပြီးအားကောင်းမောင်းသန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထူးချွန်ထက်မြက်ရဲရင့်တဲ့ခေါင်းဆောင် ဖြစ်နေ ပါပြီ။ သူ့ကိုထောက်ခံသူတွေသူ ထောင်ပေါင်းများစွာကို စတင်ပြီးဆွဲဆောင်သိမ်းသွင်းနေစပြုနေပါပြီ။ မျိုးမြင့်လည်း အဖွဲ့ချုပ်ထဲဝင်ပြီး အဖွဲ့ ချုပ်လူငယ်ခေါင်းဆောင်တွေထဲက တယောက်ဖြစ်လာပါတယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ(တကယ်က ဂျူလိုင်လဖြစ်ပါတယ်) ထဲမှာ မျိုးမြင့် အဖမ်းခံရပြီး အင်းစိန်ထောင်ရောက်သွားပါတယ်။

နောက်တနှစ်ကြာတော့ ထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေက သူတို့ကိုလွှတ်ပေးဖို့ အစာအငတ်ခံတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး နှိပ်စက်ညှဉ်းပမ်းတာတွေ ပြင်းပြင်းထန်ထန်လုပ်ပါတော့တယ်။ သူ့ကို မြေကြီးပေါ်အားလျားမှောက်ခိုင်းထားပြီး ကျန် သေးတဲ့သူ့ခြေတွေလက်တွေကို စစ်ဖိနပ်နဲ့နင်းပြီး ၇ နာရီလောက်ကြာအောင် နံပတ်တုတ်တွေနဲ့ ဆက်တိုက်ရိုက်တာခံခဲ့ရပါတယ်။ နောက်တ ကြိမ်မှာတော့ ခေါင်းကိုအစွပ်စွပ်ထားပြီး ခြေတဖက်နဲ့ တနေ့ကို ၄ နာရီကြာအောင် မတ်တပ်ရပ်ခိုင်းပြန်ပါတယ်။ စစ်ခွေးတိုက်လို့ဆိုရင် အင်း စိန်ထောင်ရောက်ဖူးသူတိုင်း သိကြပါတယ်။ မှောင်မဲနေတဲ့ တိုက်ခန်းကျဉ်းလေးပါ။ (ဒီနေရာမှာ ကျနော်ပြောတာက စစ်ခွေးတိုက်နဲ့ ၆ တိုက် ကိုခွဲပြီးပြောပေမယ့် သတင်းထောက်က သိတ်သဘောပေါက်ဟန် မရှိဘူးထင်ပါတယ်)

ထိုင်းဘက်အခြမ်းက မဲဆောက်ဆိုတဲ့မြို့ကလေးမှာ အင်တာဗျူးလုပ်နေတုန်း သူ့ကို စစ်ခွေးတိုက်ခေါ်သွားပြီးတလတိတိတိုက်ပိတ်ထားတဲ့ အကြောင်းပြန်ပြောပြပါတယ်။ တိုက်ပိတ်ထားတုန်းမှာ အခန်းထဲကိုမလွယ်ပေါက်ကလေးကနေ တနေ့၂ကြိမ် ထောင်ပုံစံလုံးတီးထမင်းနဲ့ ငါးပိ ပုတ်လာလာထိုးထည့်ပေးတဲ့ အကျဉ်းသားတယောက်ရဲ့ လက်ဖျားလေးတွေကလွဲလို့ ဘာမှကိုမမြင်ရတာလို့ဆိုပါတယ်။ နေ့လားညလားဆိုတာ လည်း မသိနိုင်တော့ဘူးလို့ဆိုပါတယ်။ နောက်တကြိမ်မှာ သူ့ကို ကိုယ်လုံးတီးချွတ်၊ ခေါင်းစွပ်စွပ်၊ လက်ထိတ်နောက်ပြန်ခတ်ပြီး ၄ ပေလောက် မြင့်တဲ့ ခွေးခြေအမြင့်ပေါ် ထိုင်ခိုင်းထားပြီး အချိန်တော်တော်ကြာတော့ တယောက်က ထိုင်နေတဲ့ခုံကို နောက်ကနေ ဆောင့်ကန်ထည့်လိုက်ပါ တယ်။ အောက်ကိုပြုတ်ကျသွားချိန်မှာတော့ တုတ်တွေနဲ့ဝိုင်းရိုက်၊ ဝိုင်းပြီးထိုးကြကြိတ်ကြတော့တာပါပဲ လို့ဆိုပါတယ်။

၃ ကြိမ်တိုင်အဖမ်းခံရပြီး ထောင်သက် ၁၅ နှစ်နီးပါးကို ဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းခဲ့သလဲဆိုတော့ သူက (ဒီလိုအဖြစ်ဆိုးတွေ တနေ့တော့ နိဋ္ဌိတံရမှာပဲ၊ လူတွေဟာ သူတို့ဘဝတွေကို စတေးနေရတယ်၊ ကျနော်လည်း ခြေလက်အင်္ဂါတွေ စတေးခဲ့ရသလို မိဘတွေက သားသမီး တွေကို သားသမီးတွေကမိဘတွေကို စတေးနေကြရတာပဲလေ၊ တိုင်းပြည်အေးချမ်းပြီး ဒီမိုကရေစီအစိုးရတရပ်ရပ်အောက် ရောက်သွားရင် ပေါ့လေ၊ ကျနော်လိုချင်တာကလည်း ဒါပါပဲ) လို့ပြောပြပါတယ်။ ၁၉၉၇ ခုနှစ်မှာ တကြိမ်သူထောင်ကပြန်လွတ်တော့ ထောင်ထဲမှာကျန်နေခဲ့တဲ့ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့တာတွေလုပ်မယ်လို့ ပိုင်းဖြတ်ချက်ချလိုက်ပါတယ်။ ထောင်ထဲနဲ့ထောင်ပြင် ချိတ်ဆက်ပြီး သတင်းတွေ အစားအစာတွေ ခိုးသွင်းပေးခဲ့ပါတယ်။ တလလောက်အတွင်းမှာပဲ အဲဒါအတွက် သူ ပြန်အဖမ်းခံရပြီး စစ်ကြောရေးစခန်းနဲ့အင်း စိန်ထောင်ကို ပြန်အပို့ခံရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ သူ့ကို အစာရေစာအငတ်ထားပြီး နှိပ်စက်ရုံတင်မကပဲ စအိုထဲကနေသွေးစိမ့်ထွက်တဲ့ အထိ ရိုက်တာနှက်တာတွေကိုပါ ခံရပြန်ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ထောင်ကနေသူပြန်လွတ်လာပါတယ်။ ပေါ်ပေါ်တင်တင် နိုင်ငံရေးလုပ်မရတာနဲ့ မြေအောက်နိုင်ငံရေးလှုပ်ရှားမှု ဆက်လုပ်နေခဲ့ပါတယ်။ ဒါပေမယ့်လို့ စစ်ထောက်လှမ်းရေးက ၂ ရက်တကြိမ်အိမ်လာ လာပြီး မေးလားမြန်းလားတွေလုပ်ပြီး သူလက်ရှိလုပ်နေတာတွေကို ရပ်တန်းကရပ်ဖို့၊ မရပ်ရင်ပြန်အဖမ်းခံရမယ်ဆိုပြီး ခြိမ်းခြောက်တာခံရပါ တယ်။ တနေ့မှာ သူ့ကို စစ်ကြောရေးစခန်းခေါ်သွားပြီး တနေကုန်စစ်ကြောရေးလုပ်ပြန်ပါတယ်။ ဒီတော့မှ သူက ဒီအချိန်ငါအပြင်ထွက်မှဖြစ် တော့မယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သူ ထွက်လာတော့ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ သူ့တပ်ထွက်လက်မှတ်ကိုပြပြ ပြီး ထိုင်းနယ်စပ်အထိ ဖြတ်လာနိုင်ခဲ့ပါတယ်။

အခုတော့ သူ မဲဆောက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) မှာ အလုပ်လုပ်နေပါပြီ။ အဲဒီအသင်းက ထောင်ထဲမှာရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့တာ၊ သူတို့နဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေစုဆောင်းမှတ်တမ်း တင်တာ၊ ထုတ်ပြန်တာတွေလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့အပတ်ကပဲ အဲဒီအသင်းက ကိုမင်းကိုနိုင်တို့ မျိုးမြင့်တို့လို ထောင်ကျခံခဲ့ရဖူးတဲ့ နိုင်ငံ ရေးအကျဉ်းသားဟောင်း ၂၄ ဦးရဲ့ အတွေ့အကြုံတွေ ဖြစ်ရပ်တွေကိုစုပြီး အစီရင်ခံစာတစောင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ စစ်အစိုးရဟာ ပြည်သူတွေကြားမှာ အကြောက်တရားတွေ ဝင်နေအောင်လို့၊ နိုင်ငံရေးလှုပ်ရှားနေသူတွေရဲ့ စိတ်ဓါတ်ကို ရိုက်ချိုးဖို့ရည်ရွယ်ပြီး နှိပ်စက်ညှဉ်းပမ်းမှုကို နိုင်ငံတော်မူတခုအနေနဲ့ကို သုံးနေတာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အခုဆို ညညတွေမှာ ခြောက်အိပ်မက်တွေနဲ့ တကိုယ်လုံးချွေးပြန်တုန်လှုပ်ပြီး ဂယောင်ခြောက်ခြားနိုးရတဲ့အဖြစ်တွေ ဖြစ်နေပြီလို့ မျိုးမြင့်က ပြောပြပါတယ်။ အိပ်မက်ထဲမှာ ခွေးဆိုးကြီးတွေနဲ့ ရှူးတိုက်တာခံရသလိုမျိုး ခွေးအူသံတွေ ခွေးဟောင်သံတွေ ခွေးမန်ဖီသံတွေကြားနေရသလိုပဲ လို့ဆိုပါတယ်။ ဒါတွေဟာ စစ်ကြောရေးနဲ့ထောင်ထဲက အနှိပ်စက်ခံခဲ့ရတာတွေရဲ့ နိမိတ်ပုံတွေဖြစ်နိုင်ပါတယ်။ (ထောင်ထဲက နိုင်ငံရေးအကျဉ်း သားတွေ ဘယ်လိုခံစားနေရမယ်။ ဘယ်လိုဒုက္ခတွေ ခါးစည်းခံနေရမယ်ဆိုတာ ကျနော် ကောင်းကောင်းသိတာပေါ့ဗျာ။ ထောင်ထဲမှာ သူတို့ တွေရှိနေသရွေ့ ကျနော် သူတို့ကို ဥပေက္ခာမပြုရက်ဘူး၊ ဒါ့ကြောင့်လည်း အခု ကျနော် သူတို့အတွက်အလုပ်လုပ်နေတာပေါ့) လို့ ပြောပြခဲ့ပါတယ်။
(ဘာသာပြန်သူ မျိုးမြင့်ချို)

0 comments:

Post a Comment