Thursday, September 8, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၂၇) (မျိုးမြင့်ချို)

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၂၇) (မျိုးမြင့်ချို)
စက်တင်ဘာ ၇ ရက် ၂ဝ၁၁ နေ့က အာရ်အက်ဖ်ကနေထုတ်လွှင့်ပြီးဖြစ်ပါတယ်

            ဓမ္မနဲ့အဓမ္မတိုက်ပွဲအတွက်စစ်ထွက်မယ်ဆိုတော့ ကျနော့်လည်း စစ်ပြင်ရတာတွေရှိလာပါပြီ။ ကိုယ်နဲ့တိုက်ရမယ့်သူက လက်နက် အာဏာအပြည့်အစုံနဲ့။ ကျနော့်မှာက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ချင်တဲ့စိတ်ဓါတ်တခုတည်းနဲ့။ ပြည်တွင်းစစ်ရပ်စဲချင်တဲ့ ယုံကြည် ချက်တခုတည်းနဲ့။ လူထုဘက်က ဘက်လိုက်မယ်ဆိုတဲ့ အတွေးအခေါ်တခုတည်းနဲ့။ စစ်မြေပြင်ကို ထွက်ခဲ့ရတာပါ။

            ရှေးမြန်မာကြီးတွေရဲ့ ဆိုရိုးမှာ “တိုင်းပြည်ကို မင်းကောင်းမင်းမြတ်တွေအုပ်ချုပ်ချိန်ဆို အကျဉ်းထောင်၊ တရားရုံး၊ ဆေးရုံနဲ့ သင်္ချိုင်း တွေမှာ လူမစည်ကားဘူး”တဲ့။ နောက်ပြီး ဒီအရပ်တွေဟာလည်း လူမစည်ကားအပ်တဲ့အရပ်တွေဖြစ်သတဲ့။ ကျနော်တို့ခေတ်လည်း ကျရော ဒီနေရာတွေ လူစည်လိုက်သမှကြက်ပျံမကျပါပဲ။ ချက်ကိုစလိုဗက်က ကဗျာဆရာ ဂျူးလိယက်ဖူးချစ်ပြောသလို “ထောင်ဆိုတာ အမှောင် ခေတ်မှာ သူရဲကောင်းတို့ရဲ့ပြတိုက်၊ အာဏာရှင်တို့ရဲ့ယာဇ်ပုလ္လင်” လို့တောင် ဖြစ်လာပါတယ်။ သူရဲကောင်းဖြစ်ချင်တာမဟုတ်ပေမယ့် ကျနော့်မှာ အရံရွေးလမ်းကမရှိတော့ဘူးမဟုတ်လား။  ကျနော်သွားမယ့်လမ်းမှာ ထောင်နံရံကြီးကာဆီးထားပြီးသားဆိုတာလည်း မြင်နေရပါ တယ်။ “မျက်ကန်းတစ္ဆေမကြောက်” ဆိုတာလို မဟုတ်ပေမယ့် ကျနော့်မျက်စိကိုယာယီအနေနဲ့ ကန်းကိုကန်းထားရတော့မယ်လို့လည်း ဆုံး ဖြတ်လိုက်ပါတယ်။

            “လုပ်ရဲရင်ခံရဲရမယ်”ဆိုတာနဲ့ “လုပ်ရဲတာသတ္တိမဟုတ်၊ခံရဲတာမှသတ္တိ” ဆိုတဲ့ အဆိုနှစ်ရပ်ကြားက အတွေးအခေါ်အရ ရှုပ်ထွေးမှုကို လည်း ဖြည်ချရပြန်ပါတယ်။ လုပ်ရဲတဲ့သတ္တိလည်းမွေးနေပြီ။  ခံရဲတဲ့သတ္တိ လည်းမွေးနေပြီ။ ဆိုတော့ ရဲရဲလုပ်မယ်။ ရဲရဲခံဆိုတဲ့ စိတ်ဓါတ်ကို တဖြည်းဖြည်းတည်ဆောက်ယူရပါတယ်။

            စိတ်ဓါတ်အရ၊ အတွေးအခေါ်အရ တည်ဆောက်ပြီးတာတော့ ဟုတ်ပါပြီ။ ဘယ်သူတွေနဲ့တွဲလုပ်မှာလဲ။ ကျနော်လုပ်ချင်တဲ့အလုပ်ကို ဘယ်သူတွေလုပ်နေသလဲ။ လုပ်နေသူတွေနဲ့ ဘယ်လိုအဆက်အသွယ်ရအောင်လုပ်ရမလဲ။ စတာတွေကို စဉ်းစားလာရပါပြီ။ ကျနော့်သဘော ထားကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လုပ်နေသူ ဘယ်သူနဲ့မဆိုဘယ်အဖွဲ့အစည်းနဲ့မဆို တွဲလုပ်ရေးပါပဲ။ သူတို့ဝါဒ အယူအဆအတွေး အခေါ်တွေကို ကျနော်မကြိုက်ဦးတောင်မှ ဒီကိစ္စမှာတော့တွဲလုပ်မှာပါပဲ။  နောက်ဆုံး ကုန်ကုန်ပြောရရင် မဆလ က ဒီကိစ္စကို အမှန်တကယ် လုပ်နေတယ်ဆိုရင်၊ လုပ်နေတယ်လို့ ကျနော်ယုံကြည်ယူဆရင်တွဲလုပ်မှာပါ။ ဒါကို ဘုံရည်မှန်းချက်ထားပြီး ဘယ်သူနဲ့မဆို အတူလုပ်သွား မယ်။ ကျန်တာတွေကတော့ သူတို့သမိုင်းနဲ့သူတို့အပိုင်းပေါ့ ဆိုတဲ့ သဘောထားမျိုးကျနော့်မှာရှိပါတယ်။

            ဒီလိုနဲ့ တပ်ကနေ အငြိမ်းစားဆေးပင်စင်နဲ့ထွက်ကျနော်ထွက်လာပါတယ်။ မဖြစ်စလောက်တသက်တာပင်စင်လေးရသလို ခြေလက်အင်္ဂါ တွေဆုံးရှူံးရတာအတွက် တလုံးတခဲတည်းလျော်ကြေးငွေ ကျပ် ၆ဝဝဝ ရပါတယ်။ ဒီတုန်းက ရွှေတကျပ်သားကို ၃၅ဝဝ ဝန်းကျင်လောက်ရှိပါတယ်။ ကျနော်ရတဲ့လျော်ကြေးငွေလေးနဲ့ စာရေးကိရိယာလေးတွေပါတွဲရောင်းတဲ့ စာအုပ်အငှားဆိုင်လေးဖွင့်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ လက်တွေ့မှာ “စာအုပ်အငှားဆိုင်လေးဆိုတဲ့အိပ်မက်”ပျက်သွားပါတယ်။ ဒါနဲ့ရပ်ကွက်ကောင်စီဝင်တွေကိုတိုင်ပင်ပြီး ရပ်ကွက်စာကြည့်တိုက်ကလေးတခု လုပ်ချင်တဲ့အကြောင်းပြောပြတော့ သူတို့လည်းဝမ်းသာပြီး လိုတာတွေလုပ်ပေးမယ်လို့ပြောလာပါတယ်။ ကျနော်တို့ရပ်ကွက်ကောင်စီရုံးဟာ ဖဆပလလူထုပညာရေးခေတ်က စာကြည့်တိုက်ဟောင်းကြီး ဖြစ်ပါတယ်။ အခန်းလွတ်တွေလည်းရှိနေသလို လူထုပညာရေးမှူးဟောင်း ပင်စင်စားဆရာကြီး တယောက်ကလည်း “မင်းတို့လုပ်မယ်ဆိုရင်ငါ့ဆီမှာ သိမ်းထားရတဲ့စာအုပ်တွေလာယူကွာ”တဲ့။

            ဒါနဲ့ အားတက်ပြီး ပြင်ဆင်နေတုန်းမှာပဲ ရပ်ကွက်ကောင်စီဥက္ကဋ္ဌက တနေ့ကျနော်တို့ကိုသူ့အိမ်ခေါ်ပြီး စိတ်မကောင်းဖြစ်နေတဲ့ပုံနဲ့ “မင်းတို့ လုပ်ချင်တာလေး မြို့နယ်ကောင်စီကိုတင်တော့ မြို့နယ်ကပြောတယ်ကွာ။ ရပ်ကွက်စာကြည့်တိုက်မလုပ်ပါနဲ့..တဲ့။ မင်းတို့လုပ်ချင်ရင် မြို့နယ် စာပေလုပ်သားအဖွဲ့နဲ့တိုင်ပင်ပြီး မြို့နယ်စာကြည့်တိုက်မှာပဲလုပ်ပါ..တဲ့။ ဒါမှမဟုတ်လည်း မင်းတို့စာအုပ်တွေ ကို စာပေလုပ်သားအဖွဲ့ကိုလှူပါ”တဲ့။ ဒီစကားလည်းကြားလိုက်ရော ကျနော်တို့အားလုံး စိတ်ဓါတ်ကျသွားပြီး ရပ်ကွက်စာကြည့်တိုက်လုပ်ရေးကို နောက်ဆုတ်လိုက်ရပါတယ်။ သူတို့နဲ့လည်းတွဲမလုပ်ချင်ဘူး။ ကျနော်တို့ကိုယ်ပိုင်စာအုပ်တွေကိုလည်း မပေးနိုင်ဘူး။ ပိုအရေးကြီးတဲ့အချက်က ကျနော်တို့စာအုပ်တွေ အဆုံးရှူံးမခံနိုင်ဘူး။ ကျနော်တို့စာအုပ်တွေထဲမှာ ဖဆပလခေတ်ကရော မဆလခေတ်ကပါ ပိတ်ထားတဲ့စာအုပ်တွေ ရှိနေလို့ပါပဲ။

            စာတအုပ်ကြောင့်၊ ကဗျာတပုဒ်ကြောင့်၊ ဆောင်းပါးတစောင်ကြောင့် ထောင်ကျသွားတဲ့စာရေးသူတွေ။ ပိတ်ထားတဲ့စာအုပ်ရောင်းမိ၊ ဝယ်မိဖတ်မိလို့ ဝန်ထမ်းအဖြစ်ကပြုတ်ပြီး ဘဝပါပျက်သွားခဲ့ရသူတွေလည်း ကျနော်တို့မျက်စေ့ရှေ့တင် မြင်နေရတယ်မဟုတ်လား။ ကျောင်းသင်ရိုးညွှန်းတမ်းမှာမပါတဲ့၊ အစိုးရခွင့်ပြုချက်ရပြီးမှ ထုတ်ရတဲ့ အဲသလိုစာအုပ်တွေထဲမှာမဖေါ်ပြတဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေ၊ အဖြစ် အပျက်တွေဆိုတာ အဲသလို စာအုပ်တွေထဲမှာမှ တွေ့ရတာမဟုတ်လား။ ဒီစာအုပ်တွေကို ကျနော်တို့ဖတ်သလို အခြားသူတွေကိုလည်း ဖတ်စေ့ချင်လို့ ကိုယ့်လက်ကိုယ့်ခြေ စာကြည့်တိုက်လေးလုပ်မယ်ဆိုတဲ့ အိပ်မက်ကလေးလည်းထပ်ပျက်ရပြန်ပါတယ်။

ဒါပေမယ်လို့ ကျနော်တို့ဖြစ်ချင်လုပ်ချင်ကိုတော့ လက်မလျှော့ခဲ့ကြပါဘူး။ နောက်ဆုံး သူ့စာအုပ်ကိုယ့်စာအုပ်တွေယူလာခဲ့။ တယောက်က ထိန်းထားပေး။ အချင်းချင်းကြားမှာ လှည့်ဖတ်မယ်။ တလကိုတယောက်တအုပ်နှုန်း စာအုပ်သစ်တွေဝယ်ထဲ့မယ်။ အခြားဝင် ဖတ်ချင်သူတွေရှိလည်း ဖတ်ပေ့စေ။ ကဒ်ပြားမလုပ်ဘူး။ ဝင်ကြေးလစဉ်ကြေးမထားဘူး။ နံမည်မပေးဘူး။ တပတ်တကြိမ်လူစုံပြီး စကား ပြောကြမယ်။ ပြောကြတာမှာလည်း ခေါင်းစဉ်ကန့်မထားဘူး လွတ်လွတ်လပ်လပ်ပဲဆိုတဲ့ သဘောတူညီမှုနဲ့ “စာစုရာလူစုရာရပ်ဝန်းလေး” တခု သန္ဓေတည်လာခဲ့ပါတယ်။ အဲဒီ စာစုလူစုရာလေးဟာ ၁၉၈၈ ခု လူထုအုံကြွမှုကြီးအပြီးမှာ ဆရာတင်မိုးကိုယ်တိုင်ရဲ့ နှုတ်နဲ့ခွင့်ပြုချက်ပေးလို့ “ဖန်မီးအိမ်”ဆိုတဲ့အမည်နဲ့ တင့်တောင်းတင့်တယ်ဖြစ်လာတဲ့ စာဖတ်ဝိုင်းလေးပဲဖြစ်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

0 comments:

Post a Comment