Saturday, September 17, 2011

လူ့အခွင့်အရေးချိုးဖေါက်မှုအတွက် အာဏာရှင်တွေကိုတရားစွဲသင့်/မစွဲသင့်

0 comments

လူ့အခွင့်အရေးချိုးဖေါက်မှုအတွက် အာဏာရှင်တွေကိုတရားစွဲသင့်/မစွဲသင့်
SATURDAY, 17 SEPTEMBER 2011 03:35 ကက်သရင်း ဆခ်ခင်းခ် (ဘာသာပြန် ဝင့်ထန်း) မောက္ခာပညာရေးမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။
လူသတ်မှု၊ မျိုးတုံးသတ်ဖြတ်မှုနဲ့လူသားထုအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေအတွက် ယနေ့ ပြေးစရာမြေမရှိ အချိန်မရှိတော့ပါဘူး။
ပြီးခဲ့တဲ့လတွေမှာ ဆာဘီးယားက စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံပြေးတွေကို 'သဟိတ်ဂ်' ခုံရုံးကို လွှဲပေးခဲ့ပါတယ်။ ကိုင်ရိုမှာ အီဂျစ်သမ္မတဟောင်း ဟို့စနီမူဘာ ရက်ခ်ကို ရုံးထုတ်နေပါတယ်။ ကင်ညာ နိုင်ငံရဲ့ ၂၀၀၇-၀၈ ခုနှစ် ရွေးကောက်ပွဲအပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံးက ကြားနာစစ်ဆေးလျက် ရှိပါတယ်။
ဒါပေမယ့် ဒီလို ခုံရုံးတင်ဖို့ကြိုးစားတာတွေကို မလိုလားသူတွေလည်းရှိပါတယ်။ စစ်ရာဇ၀တ်မှုကျူးလွန် တဲ့ အာဏာရှင်တွေအပေါ် တရားစွဲဖို့ကြိုးစားခြင်းဟာ ဒီမိုကရေစီကိုပိုချည့်နဲ့စေမယ်၊ ပဋိပက္ခတွေပိုများ လာမယ်၊ လူအခွင့်အရေးချိုးဖောက်ဖို့ ပိုတွန်းပေးသလိုဖြစ်မယ်လို့ မြင်ကြသူတွေလည်းရှိပါတယ်။
ဝေဖန်သူတွေရဲ့အမြင်ကတော့ လစ်ဗျားက ကာနလ် ကဒါဖီနဲ့ ဆူဒန်က အိုမာ အယ်လ်ဘာရှား တို့လို အာဏာရှင်တွေကို နိုင်ငံတကာခုံရုံးတင်ဖို့ပြောဆိုခြင်းဟာ သူတို့အာဏာလက်မလွှတ်ရဲအောင် လုပ်ထား သလိုဖြစ်မယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပေါ်ဖို့ ပိုကြန့် ကြာမယ်လို့ ဆိုကြပါတယ်။
သူတို့ ထောက်ပြတဲ့နိုင်ငံတခုက အယ်လ်ဆာဗာဒိုး ပါပဲ။ အဲဒီမှာ လွန်ခဲ့တဲ့ ၂၂ နှစ်က ဘရင်ဂျီ ဘုန်းကြီး တွေကိုသတ်ဖြတ်ခဲ့တဲ့ အစိုးရခေါင်းဆောင်တွေကို တရားစွဲဆိုမှုတွေလုပ်တော့ အခုထိပြည်တွင်း မတည် ငြိမ်မှုနဲ့ အချုပ်အခြာ(အာဏာ)မခိုင်မြဲမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
နို့ပေမယ့် ကျမတို့မသိတာက ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာခုံရုံးလွှဲပြောင်းပေးလိုက်တာကြောင့် အယ်လ် ဆာဗာဒိုးကို ပိုပြီးမတည်မငြိမ် ဖြစ်စေတာလား။ ကဒါဖီကို I.C.C က စွဲချက်မတင်ဘူးဆိုရင် လစ်ဗျားဟာ ဒီကနေ့အခြေအနေထက် ပိုကောင်းလာမှာလား ဆိုတာပါပဲ။
တကယ်တော့ ဒီထင်မြင်ချက်တွေဟာ တကယ်မရှိသေးတဲ့ အခြေအနေအပေါ် သဘောတူသလား မတူ ဘူးလားဆိုတာအငြင်းပွားနေတာ ဖြစ်ပါတယ်။ I.C.C က ကဒါဖီကို နိုင်ငံတကာခုံရုံးတင် တရားစွဲဆိုဖို့ လုပ်တာဟာ သူအာဏာလက်မဲ့ဖြစ်သွားတာနဲ့ ထွက်ပြေးပုန်းအောင်းဖို့တွန်းပေးလိုက်တာလား။ အဲဒီလို စွဲချက်တင်တာက သူ့ရဲ့ အာဏာနောက်ဆုံးနေ့ရက်တွေကို တိုတောင်းစေမှာလား၊ ပိုကြာရှည်စေမှာလား။
လူ့အခွင့်အရေးဆိုင်ရာ တရားစွဲဆိုမှုအပေါ် ဝေဖန်သူတွေကို၊ ကျမတို့က သမိုင်းကြောင်းဆိုင်ရာ အချက် အလက် အထောက်အထားတွေနဲ့ ပြန်မေးခွန်းထုတ်စရာ ရှိလာပါတယ်။
ဒီနေရာမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုအသွင်ကူးပြောင်းနေတဲ့တိုင်းပြည်တွေ သို့မဟုတ် ပြည်တွင်းစစ်ကနေ ငြိမ်းချမ်းရေးကိုအသွင်ကူးပြောင်းနေတဲ့တိုင်းပြည်တွေအပေါ် ကျမရဲ့ သုတေသန တွေ့ရှိချက်ကို ပြောပါရစေ။ အဲဒီလို အသွင်ကူးပြောင်းဆဲကာလမှာ၊ လူ့အခွင့်အရေးကျူးလွန်ခဲ့သူတွေ အပေါ် တရားစွဲဆိုမှုမရှိတဲ့တိုင်းပြည်ထက်၊ တရားစွဲဆိုမှုရှိတဲ့တိုင်းပြည်မှာ နောက်ထပ် ဖိနှိပ်မှုတွေပိုပြီး လျော့ပါးကျဆင်းစေတယ် ဆိုတာပါပဲ။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရုံးတင်တရားစွဲမှုလုပ်နိုင်ခဲ့တဲ့အာဂျင်တီးနားနဲ့ တရားစွဲဆိုခြင်းမရှိတဲ့ ဘရာဇီးကို နှိုင်းယှဉ်ကြည့်ရင်၊ ကျမတွေ့တာက တရားစွဲရုံးတင်နိုင်ခြင်းက လူ့အခွင့်အရေးချိုးဖောက် မှုတွေ ကျဆင်းစေတယ်၊ အကြမ်းဖက်မှုလျော့ပါးစေတယ်၊ ဒီမိုကရေစီကိုကြံ့ခိုင်စေပါတယ်။
၁၉၈၀ ကနေ ၂၀၀၄ ခုနှစ်အတွင်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့နိုင်ငံ ၁၀၀ အနက်၊ ၄၈ နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံးတစ်မှုကို ရုံးတင်တရားစွဲနိုင်ခဲ့ပါတယ်။ ၃၃ နိုင်ငံမှာက နှစ်မှု သို့မဟုတ် နှစ်မှုထက်ပိုပြီး တရားစွဲဆိုနိုင်ခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခဲ့တဲ့ ယခင် အစိုးရအရာရှိဟောင်းတွေအပေါ် ရုံးတင်တရားစွဲဆိုနိုင်ခဲ့ တဲ့တိုင်းပြည်တွေမှာ မတရားနှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှု၊ နိုင်ငံရေးအရအကျဉ်းချမှုတွေ အများကြီး လျော့ပါးကျဆင်းတာကို တွေ့ရပါတယ်။ ပြည်တွင်းစစ်က ဖိနှိပ်မှုတွေကိုပိုများစေတယ်ဆိုဦးတော့၊ ပြည် တွင်းစစ်နဲ့ပတ်သက်တဲ့ရုံးတင်စစ်ဆေးမှုတွေဟာ ဝေဖန်သူတွေပြောသလောက် အခြေအနေတွေကို ပိုမဆိုးရွားစေပါဘူး။
လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်ခဲ့သူတွေအပေါ် အပြစ်ပေးအရေးယူခြင်းက အနာဂတ်ခေါင်းဆောင် တွေ နောက်ထပ် ဒါမျိုးတွေမကျူးလွန်နိုင်အောင် ဟန့်တားပေးနိုင်ပါတယ်။
၁၉၄၉ ခုနှစ်ကနေ ၁၉၇၀ ပြည့်နှစ်တွေအထိ နူရင်ဘတ် ခုံရုံးတင်စစ်ဆေးမှုတွေကိုကြည့်ရင်၊ ဒုတိယ ကမ္ဘာစစ်အတွင်း လူ့အခွင့်အရေးကျူးလွန်ခဲ့ကြတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရအရာရှိတွေဟာ သူတို့ရဲ့ ဆိုးရွားတဲ့ပြစ်မှုတွေအတွက် သက်ညှာခွင့်မရခဲ့ကြပါဘူး။
ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ဒီလို အပြစ်ပေးအရေးယူနိုင်မှုတွေ ပြန်ပေါ်လာခဲ့ပါတယ်။ အကျိုးဆက် အဖြစ် အစိုးရအရာရှိတွေဟာ လူသတ်ဖို့နဲ့သူတို့ရဲ့နိုင်ငံရေးပြိုင်ဖက်ကို နှိပ်စက်ညှဉ်းပမ်းဖို့မလုပ်ခင်မှာ၊ သတိကြီးကြီးထားလာကြတာ တွေ့ရပါတယ်။
နောက် လူ့အခွင့်အရေးချိုးဖောက်သူတွေကို ရုံးတင်စစ်ဆေးနိုင်ခြင်းဟာ နယ်နမိတ်ဖြတ်ဟန့်တားနိုင်မှု တွေ ရရှိစေပါတယ်။ ဒေသတခုက နိုင်ငံအချို့ရဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေကို တရားစွဲဆိုနိုင်ခဲ့ရင်၊ သူတို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖိနှိပ်သတ်ဖြတ်မှုတွေ အလိုလိုကျဆင်းသွားစေပါတယ်။
အာဂျင်တီးနားမှာ လူ့အခွင့်အရေးကျူးလွန်သူ ၈၁ ဦးကို တရားစွဲခဲ့ပါတယ်။ ချီလီမှာ ၆၆ ဦးကို တရားစွဲခဲ့ ပါတယ်။ အဲဒီ စစ်အာဏာရှင်ဟောင်းတွေရဲ့ရာဇတ်ဝတ်မှုတွေနဲ့ သူတို့အပေါ် အပြစ်ပေးမှုတွေကိုကြည့်ပြီး၊ လာတင်အမေရိကရဲ့ နောက်ပေါက်စစ်အရာရှိတွေဟာ သင်ခန်းစာယူလာနိုင်ကြပါလိမ့်မယ်။
အပြစ်ပေးအရေးယူမှုတွေဟာ အတိတ်ကထက်၊ ယနေ့အခါ ဖြစ်နိုင်ချေပိုများနေတယ်ဆိုတာ သဘော ပေါက်လာကြပါလိမ့်မယ်။ ဒီအချက်က ကနေ့အခါ လာတင်အမေရိကနိုင်ငံတွေမှာ စစ်အာဏာသိမ်းပွဲတွေ ဘာကြောင့်ရှားပါးသွားရသလဲဆိုတာကို ရှင်းပြနေပါတယ်။
အလားတူပါပဲ။ ကိုင်ရို တရားရုံးဝက်ခြံထဲက ဟို့စနီ မူဘာရက်ခ်ရဲ့မြင်ကွင်းဟာ အဲဒီဒေသက အစိုးရအရာ ရှိတွေ နောက်နောင် သူတို့လူထုအပေါ် ဖိနှိပ်မှုတွေ မလုပ်နိုင်အောင်ဟန့်တားမှုကို ဖြစ်စေပါတယ်။
သို့သော် မူဘာရက်ခ်ရဲ့ဖြစ်ရပ်က၊ လက်ရှိ အကြမ်းဖက်နှိပ်စက်မှုတွေ အများကြီးကျူးလွန်နေတဲ့ဆူဒန်က မစ္စတာဘာရှားနဲ့ ဆီးရီးယားက သမ္မတ ဘာရှာ အယ်လ်အာဆဒ်တို့ကို နောင်တရမှုနဲ့ဟန့်တားနိုင်မှု ဖြစ် ချင်မှ ဖြစ်ပါလိမ့်မယ်။
အာဏာရှင်တွေရဲ့သမိုင်းကိုပြန်ကြည့်ရင်၊ အာဏာအတွက် ဘာဖြစ်ဖြစ်ရူးရူးမိုက်မိုက် ဆုပ်ကိုင်ထားချင်သူ တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို အာဏာကိုအသေဆုပ်ကိုင်ထားမှုတွေဟာ သူတို့ကိုရုံးတင်ဖို့ ခြိမ်းခြောက်တာကြောင့် ဖြစ်လာတယ်လို့တော့ ပြောလို့မရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လူထုအပေါ် ပြစ်မှုကျူးလွန်ခဲ့တဲ့ အစိုးရအားလုံးကို ရုံးတင်တရားစွဲရမှာပဲ ဖြစ်ပါတယ်။ ဒါမှ ကိုယ့်နိုင်ငံမှာ တရားမျှတမှုပေါ်ထွန်းလိုတဲ့ဆန္ဒတွေ အမြဲရှိနေမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူး ပြောင်းဆဲကာလမှာ တရားစွဲဆိုနိုင်ဖို့ နိုင်ငံရေးအခြေအနေတွေမရှိသေးရင်တောင်မှ၊ နောက်ပိုင်းမှာ ရုံးတင် တရားစွဲဆိုမှုတွေလုပ်ကြရမှာပဲ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ကြောက်မက်ဖွယ်လူသတ်ကွင်းအတွက်၊ မနှစ်က ပထမဆုံး အကြိမ် စစ်ရာဇ၀တ်ကောင်တွေကို ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ ဥရုဂွေး ပြည်တွင်းတရားရုံးကလည်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွားကျူးလွန်ခဲ့တဲ့အာဏာရှင် သမ္မတဟောင်း ဟွန် မာရီယာ ဘော်ဒါဘာရီ ကို တရားစွဲ ဆိုဖို့ နှစ် ၂၀ ကြာ အချိန်ယူခဲ့ရပါတယ်။ အတိုက်အခံနိုင်ငံရေးမားတွေကို သတ်ဖြတ်ဖို့အမိန့်ပေး မှုနဲ့ နောက်ဆုံး ဘော်ဒါဘာရီ ဟာ နှစ် ၃၀ ထောင်ကျသွားပါတယ်။
အတိတ်ကို ပြန်ရင်ဆိုဖို့ဆိုတာ ဘယ်တိုင်းပြည်အတွက်မှ မလွယ်ကူပါဘူး။ အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားတွေကို မျက်နှာချင်းဆိုင်တာဝန်ယူဖို့ တောင်းဆိုလာတဲ့အခါ၊ ခေါင်းဆောင်အားလုံးနီးပါးက အတိတ်စာမျက်နှာတွေလှန်ပစ်ပြီး၊ အနာဂတ်ကိုပဲ မျက်နှာမူချင်ကြပါတယ်။
သို့ပေမယ့် ကနေ့အချိန်မှာ တရားမျှတမှုပေါ်ထွန်းဖို့ တောင်းဆိုမှုတွေ ပိုအားကောင်းလာနေပါတယ်။ ယခင် အာဏာရှင်ဟောင်းတွေကို သူတို့ပြစ်မှုတွေအတွက်တာဝန်ယူဖို့ တရားစွဲဆိုနိုင်တဲ့တိုင်းပြည်တွေ ဟာ ရေရှည်မှာ ဒီမိုကရေစီကြံ့ခိုင်သန်စွမ်းမှု ပိုရှိလာကြပါတယ်။
(Kathryn Sikkink မှာ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး၊ "The Justice Cascade: How Human Rights Prosecutions Are Changing World Politics" နာမည်ကျော် စာအုပ်ရေးသူ ဖြစ်ပါတယ်။)
ဝင့်ထန်း
Source: NY Times

0 comments:

Post a Comment