အခုတလော ဘာဖြစ်တယ်မပြောတတ်၊။ ရေးချင်စိတ် သိတ်မဖြစ်မိဘူး။ ပြောနေကျအတိုင်းပြောရရင် စိတ်မလာဘူး။ ဖီလ်းမလာဘူးဆိုပါ တော့။ ဒါပေမယ့် ရေးတတ်တဲ့အလေ့က စေ့ဆော်လာတဲ့ အခိုက်အတန့်လေးမှာ ဖြစ်ညှစ်ပြီး ၂ ပုဒ်တော့ရေးဖြစ်ပါတယ်။ မငြိမ်းအေးနဲ့ ယူအက်စ်ကန်ပိန်းဖေါ်ဘားမားနဲ့ဆက်စပ်ပြီး ကိုအောင်ဒင့်အကြောင်း။ ကိုယ့်ကိုယ်ကိုယ်လုပ်ကြံပြီး ရေးရသလိုဖြစ်လို့လားတော့ မသိ။ ပြန်ဖတ်ပြီး ကိုယ့်ဘာသာကိုယ် မကြိုက်သလိုမျိုးခံစားရပါတယ်။ နောက်တော့ ဘာသာပြန်ဖြစ်လိမ့်မယ်လို့ တွေးမထားမိတဲ့အကြောင်းလေး တွေထဲက ၂ ပုဒ်လောက်လည်း ဘာသာပြန်ဖြစ်သွားတယ်။ ပြန်ဖြစ်သွားတာကလည်း မလေးရှားမှာရှိနေတဲ့ ငယ်သူငယ်ချင်းက ကြပ်လို့ပါ။ ခင်ဗျား ဘာလုပ်နေတယ်ဆိုပြီး သူများတွေပြောတဲ့ ခင်ဗျားအကြောင်း ခင်ဗျားကိုယ်တိုင်ပြန်ပြောင်းပြီး အနည်းဆုံးကျနော့်တော့ပြောဗျာ ဆို လို့။ ကိုယ့်အကြောင်း ကိုယ်ကိုယ်တိုင်ပြောရတာပြဿနာမရှိပေမယ့် သူများပြောတဲ့ကိုယ့်အကြောင်းကို ပြန်ပြောပြရတာ စိတ်သိတ်မသန့်လို ဖြစ်ရပါတယ်။ ဒါပေမယ့် ပြန်ဖြစ်သွားပါတယ်။
အခုရေးတဲ့စာကလည်း ဆောင်းပါးလည်းမဟုတ် ရသစာတမ်းလည်းမဟုတ်သလို မှတ်တမ်းတင်တာလည်းမဟုတ်ပါဘူး။ ရေးတော့ထားဦးမှ မရေးဖြစ်ရင် မေ့သွားလိမ့်မယ်လို့တွေးပြီး ချရေးလိုက်ဖြစ်တာပါပဲ။ ကျနော်တို့ဆီကို ယူကေကပန်းချီဆရာ တောပြန်ထောင်ထွက် ကိုထိန်လင်း လာမယ်ဆိုပြီး ဇွန်လလောက်ကတည်းကပြောပါတယ်။ သူလာရင် ဘာတွေလုပ်ကြမယ်ဆိုပြီး ရှိနေသူတွေခေါင်းချင်းရိုက်တော့ ကျနော်က ဖို့ဝိန်းမှာ ဧည့်သည်လိုပြန်ဖြစ်နေတယ်။ အဲဒီတလောက ခရီးလည်းအတော်ထွက်ဖြစ်တယ် ဆိုရမှာပါ။ ဒါပေမယ်လို့ ခေါင်းချင်းရိုက်နေသူတွေနဲ့ တော့ အဆက်မပြတ်လှဘူးပြောရမှာပါပဲ။ နောက်တော့ ပြည်တွင်းက ကိုချိုတူးဇော်လည်း အမေရိကားကို စာပေပွဲတခုအတွက်လာလိမ့်မယ် ဆိုတာကြားရပြန်တယ်။ ကိုချိုတူးဇော်အမေရိကားကို ရောက်လာပါတယ်။ ဖို့ဝိန်းကိုတော့ မလာအားသေးလို့မလာဖြစ်လိုက်ပါ။ နောက်တနေ့ မနက်မှာ ကျနော် သူ့ဟော်တယ်လ်ကိုဖုန်းဆက်ပြီး နှုတ်ဆက်ရင်း စကားနည်းနည်းပြောဖြစ်ပါတယ်။ နောက်တခုက အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ကိုသံခဲကလည်း ဒီရောက်နေတယ်။ လာလာချင်းတုန်းက ခနလောက်ပဲတွေ့ပြီး စကားပြောချိန်မရခဲ့။ ပြန်ခါနီးတခေါက်ပြန်လာဦးမှာပါ ဆိုလို့ စောင့်နေတာ။ အတော်ဖြစ်သွားတယ်။ နောက်တခုက ရုပ်ရှင်သရုပ်ဆော် ဆွေဇင်ထိုက်လည်းကိစ္စတခုနဲ့ရောက်နေတယ်။ မစ်ရှီဂန်က ကိုအောင်ဝေး၊ ပစ်ဘာ့ဂ်ကမခက်မာတို့လည်း လာကြမယ်ဆိုတော့ အားလုံးနဲ့လည်း တွေ့ရမယ်ဆိုပြီး အားခဲထားခဲ့တယ်။ တွေ့လည်းတွေ့ရပါ တယ်။ စကားတွေလည်းပြောဖြစ် နားလည်းထောင်ဖြစ်ပါတယ်။
အရင်ဆုံး ကိုသံခဲနဲ့တွေ့တော့ စိတ်ကမဲဆောက်မှာ ခနတဖြုတ်ဆုံခဲ့တုန်းက သွားသွားလည်ဖူး ညအိပ်ဖူးခဲ့တဲ့ ဒေါင်းရင်ပြင်က အဘတဲကလေး ဆီ စိတ်ကရောက်သွားပါတယ်။ သူနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပြောဖြစ်ပါတယ်။ ကိုထိန်လင်းနဲ့တော့ သိတ်များများပြောချိန်မရခဲ့ပါ။ ဒါပေ မယ့် ပြောဖြစ်သလောက်တော့ပြောဖြစ်တယ် ဆိုရမှာပါ။ ကိုအောင်ဝေးနဲ့လည်း ဒီအတိုင်းပါပဲ။ သူလည်း ဟိုကနေတက်သုတ်ရိုက်ပြီးလာ ဒီကနေတက်သုတ်ရိုက်ပြီးပြန်ရသလို ဖြစ်ရတာကိုး။ မခက်မာနဲ့တော့ သူ့အိမ်သွားလည်တုန်းကထက်တောင် နည်းနည်းပိုပြောဖြစ်တယ်ထင် ပါတယ်။ ဒေါ်ဆွေဇင်ထိုက်နဲ့တော့ မြင်စိုင်းသားရိုက်နေတုန်းကအကြောင်းခံပြီး အမေ့ကြောင့်ကျနော် ရုပ်ရှင်လောကထဲမရောက်ဖြစ်တဲ့ အကြောင်း ရယ်ရယ်မောမောပြောဖြစ်ပါတယ်။
နောက်တနေ့မနက်မှာ ကိုသံခဲကိုလိုက်ပို့ပြီး ဇေတဝန်ကိုရောက်ပါတယ်။ ကိုထိန်လင်းက အဲဒီမှာ အကျဉ်းကျနေတဲ့အနုပညာ ခေါင်းစဉ်နဲ့ ပါဖေါမင်န့်စ်အနုပညာလုပ်မှာကိုး။ လူတော့သိတ်မများလှပေမယ့် စိတ်ဝင်တစားခံစားကြတာကိုမြင်တော့ သူ လုပ်ရကျိုးနပ်မယ်လို့ ထင်ပါ တယ်။ သူ့အနုပညာတင်ဆက်မှုပုံစံနဲ့ စိမ်းသူတွေအတွက်တော့ အသစ်ဖြစ်မှာပါပဲ။ လုံးလုံးကိုနားမလည်နိုင်သူလည်း ရှိမှာပါပဲ။ ကျနော်က သူ့ကိုသိတ်နားမလည်တာလား သူ့အနုပညာကိုသိတ်နားမလည်တာလားတော့မပြောတတ်။ သူပြချင်တာသိစေချင်တာတွေထဲက တချို့ကို လုံးလုံးနားမလည်ဖြစ်ရတယ်ဆိုတာတော့ ဝန်ခံပါတယ်။ နားလည်သလောက်ကိုတော့ ခံစားလို့ရသလို သူ့အားထုတ်မှုကိုလည်း တန်ဖိုးထားမိ ပါတယ်။ သူပြောတာတွေထဲမှာ နှစ်ခြိုက်မိတာတွေရှိပါတယ်။ အနုပညာကိုဖန်တီးသူကိုယ်တိုင်က အနုပညာပစ္စည်းပြန်ဖြစ်သွားတယ် ဆိုတာ ရယ် ဗမာပြည်မှာအနုပညာ အကျဉ်းချခံရသလို ဒီရောက်ပြီးမှ သူ့အနုပညာလည်းအကျဉ်းကျရတယ် ဆိုတဲ့စကားလေးပါ။ ကျနော်က သူ့ကို ဖြစ်တည်မှုဆရာတယောက်ပြောခဲ့ဖူးတဲ့ ဖက်ဆစ်တွေအောက်မှာနေရတာလောက် တခါမှမလွတ်လပ်ဖူးဘူး ဆိုတာလေးပြန်ပြောဖြစ်ပြီး ပြုံးမိ ကြပါသေးတယ်။
ဇေတဝန်ကအပြီး ဒေါ်မာမာအေးအိမ်ကို ဆက်ချီတက်ကြပါတယ်။ ဟိုမှာလည်းတပွဲစီစဉ်ထားတာကိုး။ ခနတဖြုတ်ထိုင်စကားပြောဖြစ်ကြပါ တယ်။ နောက်တော့ ဒေါ်မာမာအေးအိမ်နောက်မြက်ခင်းမှာ ဗမာပြည်အတွက်ကဗျာပါဖေါမင်န့် ဆိုတဲ့ခေါင်းစဉ်နဲ့ပွဲလေးတပွဲလုပ်ပါတယ်။ လျှပ်စစ်ရဲ့သတ္ထုသံတုန်ခါမှုတွေ ဘာတခုမှမပါတော့ ပိုကောင်းတယ်လို့လည်းခံစားရပါတယ်။ ဦးမြစိန်က တချို့ကဗျာရွတ်ရာမှာနဲ့ ကိုထိန်လင်း ရဲ့ ပါဖေါမင်န့်လုပ်ရာမှာ တယောနဲ့လိုက်ပေးပါတယ်။ ကျနော်က တယောဆိုရင် တယောတလက်တည်းထိုးသံကိုပဲ ကြိုက်ပါတယ်။ တခြားတူရိ ယာတွေနဲ့တွဲလိုက်တာနဲ့ တယောရဲ့အရသာပျက်သွားတယ်လို့ ထင်တတ်သူပါ။ ညနေစောင်းလေး နေချိုချိန်လူသံလည်းတိတ်ဆိတ်မှာ ကိုထိန် လင်း ပါဖေါမင်န့်နဲ့တွဲပေးလိုက်တဲ့ ဦးမြစိန်တယောသံဟာ တသက်စာမှတ်မိစရာဖြစ်မယ်လို့ထင်မိပါတယ်။ ဒေါ်ဆွေဇင်ထိုက်က အခမ်းအနား မှူးသဘောလုပ်ပေးပါတယ်။ အနုပညာသည်တယောက်ရဲ့ သမ္ဘာနဲ့ခံစားနားလည်နိုင်မှုကြောင့် ထင်ပါရဲ့ ဒေါ်ဆွေဇင်ထိုက်လုပ်တဲ့ အခမ်းအနား မှူးကိုယ်တိုင်က ကဗျာလိုရသမြောက်တယ်လို့ ထင်မိပါတယ်။ ဒေါ်မာမာအေးက အဖွင့်စကားလေးနည်းနည်းပြောပါတယ်။ ပြီးတော့ သူက မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ မလိုက်ရဲရင်လည်း အသိုက်ထဲမှာနေ အစချီတဲ့ကဗျာကို ရွတ်ပါတယ်။ ကဗျာရွတ်ပြီးတော့ အဲဒီကဗျာကို သီးချင်း လိုလုပ်ပြီး လက်တန်းဆိုပြသွားတာကြားတော့ လန့်တောင်လန့်သွားပါတယ်။ သြော်..ဒါကြောင့် သူ့ကို အဆိုနဲ့အသံမှာ အနုပညာကဝေမလို့ ပြောကြတာပါလား ဆိုတာကိုနားလည်သွားရပါတယ်။ နောက်တော့ တယောက်ပြီးတယောက် ကဗျာတွေရွတ်ကြပါတယ်။ ကိုအောင်ဝေးသား၊ မခက်မာသား၊ သစ်ကောင်းအိမ် (ဇော်ကြီး) သားတို့လည်း ကဗျာလေးတွေရွတ်ကြပါတယ်။ ဇော်ကြီးသားခမျာ သူ့အဖေရေးတဲ့ကဗျာကို ဗမာ လို ကြိုးစားပြီးရွတ်ရှာပါတယ်။ ကလေးက ဗမာပြည်အနေနည်းပြီး စင်္ကပူမှာ လူဖြစ်ချိန်ပိုများသွားရလို့ထင်ပါရဲ့ ဗမာစာသိတ်မတတ်ရှာ။ တခြား ကလေးတွေလည်း သူတို့ကိုယ်တိုင်အင်္ဂလိပ်လိုရေးတဲ့ အင်္ဂလိပ်ကဗျာလေးတွေကို အင်္ဂလိပ်လိုရွတ်ကြပါတယ်။ သူတို့ကဗျာလေးတွေကို ဗမာလိုရေးပြီး ဗမာလိုရွတ်သံကြားရရင် ဘယ်လောက်ကောင်းမလဲလို့ နားထောင်ရင်း ကျနော့်စိတ်တွေပျံ့လွင့်နေတာအမှန်ပါပဲ။ ဆောင်းယွန်းလ ကဗျာရွတ်တော့ ဦးမြစိန်ကတယောနဲ့ ပိုးပေးပါတယ်။ ပိုမြိုင်သွားလိုဖြစ်တယ်လို့ ထင်မိပါတယ်။ သစ်ကောင်းအိမ်က ကဗျာ မရွတ်ခင်မှာ သူနဲ့ကျနော် ဒုက္ခသည်စခန်းကနေ မဲဆောက်ကိုဆင်းအလာ တည်းခိုခန်းတခုမှာတည်းနေတုန်း စိတ်ဓါတ်တွေကျနေခိုက်မှာ ဒီကဗျာကိုရေးဖြစ်လိုက်တာလည်းဆိုရော ဒေါက်တာသီဟက ကျနော့်နားနားကပ်ပြီး ခင်ဗျားတို့တည်းခိုခန်းမှာ ၂ ယောက်ထဲတည်းကြတာ ဆိုတော့ မရိုးဘူးထင်တယ်လို့ဆိုပြီး နောက်ပါသေးတယ်။ ကိုဇော်ဇော်အောင်ရေးပေးလိုက်တဲ့ကဗျာကို မမင်းမင်းပြုံးကရွတ်တော့ အဲဒီ ကဗျာရဲ့အစပိုဒ်ကို ကျနော်တနေရာရာမှာ ကြားဖူးသလိုပဲဗျလို့ ဆောင်းယွန်းလပြောတာကို မှတ်မိနေပါတယ်။ ကိုထိန်လင်းကဗျာ သင်္ဘောသဘော မြစ်သဘောဆိုတာလေးကို နှစ်သက်မိပါတယ်။ ကိုသံခဲက စကားနည်းနည်းပြောပြီး ကိုးရီးယားရောက်တုန်းက ချယ်ရီတွေအစွမ်းကုန်ပွင့်နေတာမြင်ပြီး ရေးချင်တာနဲ့ရေးလိုက်တဲ့ ဟိုက္ကူကဗျာလေးတပုဒ်ရွတ်ပါတယ်။ သူ့ကဗျာက သုံးကြောင်းကဗျာ ဖြစ်ပေမယ်လို့ သူ့ဘဝရဲ့တဝက်လောက်တော့ တောထဲတောင်ထဲမှာဖြစ်ရတယ် ဆိုတာလေးလည်း ပြန်ကြားမိအမှတ်ရနေမိပါတယ်။ မောင်သုည(မင်းတာရာ)နဲ့ နေစောမေတို့လည်း ကိုယ်စီရွတ်ကြပါတယ်။ မောင်သုညကဗျာက နိုင်ငံရေးနည်းနည်းကဲတယ်လို့ ထင်မိပါတယ်။ ဘိတ်သံဝဲဝဲနဲ့ သူကဗျာရွတ်တာကို ဒေါ်ဆွေဇင်ထိုက်က မွန်သံဝဲတာလို့ထင်ပြီး မွန်သံဝဲဝဲနဲ့ကဗျာရွတ်သွားတဲ့ မောင်သုညကိုကျေးဇူးတင် ကြောင်းဆိုတော့ ကျနော်ပြုံးမိပါတယ်။ နေစောမေကဗျာလည်း ကျနော်တို့လုပ်ခဲ့တဲ့ ဖူးပွင့်ဝေမှာဖေါ်ပြခဲ့ပေမယ်လို့ အခုသူကိုယ်တိုင်အသံနဲ့ ရွတ်တော့ ပိုပြီးနှစ်လိုရပါတယ်။ သူက ကဗျာဖြစ်လာပုံလေးလည်း ပြောပြခဲ့ပါတယ်။ မခက်မာကတော့ သူ ဒီကိုရောက်စက နွေဦးအကြောင်းဖွဲ့ ထားတဲ့ ရသစာကလေးကိုဖတ်ပါတယ်။ ဖတ်ဖူးပြီးသားဆိုပေမယ့် သူ့အသံနဲ့ဖတ်ပြတာကိုကြားရတာက အရသာပိုရှိသလိုပါပဲ။ ကိုအောင်ဝေး က ကဗျာလည်းရွတ် ပွဲပြီးကာနီးမှာ ကဗျာပါဖေါမင်န့်လည်း လုပ်ပါတယ်။ ကတိုက်ကရိုက်လုပ်ရ၊ တိုက်ရတာမို့ထင်ပါတယ် စိတ်ရှိသလောက် လုပ်ပြသွားနိုင်တယ်လို့ မမြင်မိပါဘူး။ ဧရာဝတီအတွက် ဗမာပြည်အတွက်စပ်တဲ့ ကဗျာပါဖေါမန့်တခုပါပဲ။ ဦးမြစိန်ကတယောထိုးပြီး ကိုနိုင်ဝင်း(ဝင်းငယ်)၊ မောင်ချမ်းမှိုင်း၊ ကိုကျော်ဝဏ္ဍ၊ ကိုဝေလင်းတို့နဲ့အတူ နွှဲတာဖြစ်ပါတယ်။ သံစဉ်အနိမ့်အမြင့်တွေနဲ့မို့ လှိုင်းစီးရလို ငြိမ့်လိုက် ထန်လိုက် ပြေလိုက်ဖြေလိုက်နဲ့ပါပဲ။ ကိုထိန်လင်း ပါဖေါမင်န့်လုပ်တော့ ဧရာဝတီကိစ္စပါ။ သူ့ပါဖေါမင်န့်မှာပါရတဲ့ သူတွေခမျာလည်း သူ့အလိုအတိုင်းမျက်စေ့တွေစုံပိတ်လို့ ခုံတွေပေါ်ထိုင်နေတာကိုကြည့်ရင်း ကျနော်က ဆောင်းယွန်းလကို တိုးတိုးလေးကပ်ပြီး ကိုထိန်လင်းတော့လူကြီးတွေကို Torture လုပ်နေတာနဲ့တူတယ်လို့ ပြောမိပြီးပြုံးလိုက်မိပါသေးတယ်။ ကျနော်က ကိုယ်ပိုင်ကဗျာလည်း မရေးဖြစ် ကဗျာလည်းရွတ်ချင်ဆိုတော့ စစချင်း စကားနည်းနည်းပြောပြီး မြေနု(မြစ်ဝကျွန်းပေါ်)ရဲ့ကဗျာ တပိုင်းတစကိုရွတ်ဖြစ်ပါတယ်။ အစအဆုံးမဟုတ်တော့ နားထောင်သူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာပဲလို့တွေးပြီး ကိုယ့်ဘာသာလည်းရှက်မိပါတယ်။ နောက်တပုဒ်ကတော့ အဲဒီနေ့မတိုင်ခင်ညကမှ မခက်မာနဲ့စကားပြောရင်း သစ်ကောင်းအိမ်ပြလို့ ကိုလှသန်း(မောင်သီးသန့်အမည်နဲ့ရေးတဲ့) ကဗျာတပုဒ်ကိုဖတ်ဖြစ်ပါ တယ်။ ကြိုက်လည်း အတော်ကြိုက်သွားတယ်။ ငါ့ရင်ထဲကစကားကို သူပြောပြလိုက်တာများလားလို့တောင် ထင်မိလိုက်ပါသေးတယ်။ ဒါနဲ့ လက်ရေးနဲ့ကူးယူလာပြီး အခုဒီပွဲမှာရွတ်ဖြစ်သွားပါတယ်။ ရနံ့သစ်မဂ္ဂဇင်း ၂ဝ၁ဝ စက်တင်ဘာလထုတ်က ဖြစ်ပါတယ်။ ကဗျာက……………
(ဒဂုန်တာရာ၊
သုခမိန်လှိုင်ကဗျာ၊
မင်္ဂလာဈေးမီးနှင့်ဂြိုဟ်တုသတင်းများ)
ဒီမြို့မှာ
ကဗျာဆရာတွေပေါလည်း
ဘာအရေးလဲ
ဒီမြို့မှာ
ပြည့်တန်ဆာတွေပေါလည်း
ဘာအရေးလဲ
ဒီမြို့မှာ အသေခံဗုံးခွဲသမားတွေမရှိလို့
ကျနော်တို့ လက်ဖက်ရည်ဆိုင် အေးဆေးထိုင်နိုင်တယ်
တယ်လီဖုန်းတွေမှာ
ကြိုးမပါတာ အံ့သြစရာမဟုတ်တော့
ကင်မရာတွေမှာ
ဖလင်မပါတာ
အံ့သြစရာမဟုတ်တော့
စမူဆာတွေမှာ
အသားမပါတာ
နှစ် လေးဆယ်ကြာခဲ့ပြီ။
ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်မယ်ဆိုရင်
လုပ်ကြည့်လေ
ရန်သူမျိုး ၅ပါးနဲ့
လက်မထပ်ပဲအတူနေခဲ့တာ
နှစ်ပေါင်းများစွာ...။
(မောင်သီးသန့်)
စက်တင်ဘာ ၃ ရက် ၂ဝ၁၁
0 comments:
Post a Comment