Thursday, September 15, 2011

ဒဲရစ်မစ်ချယ်လ်၏ သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်(မျိုးမြင့်ချို ဘာသာပြန်)

0 comments

(မိတ်ဆွေများခင်ဗျား အင်္ဂလိပ်စာမှာ ကျနော့်ထက်အားနည်းတဲ့၊ အင်တာနက်ဝက်ဘ်ဆိုက်တွေကို ကျနော့်လောက်လက်လှမ်းမီဖို့ ခက်တဲ့သူတွေအတွက် အဓိကရည်ရွယ်ပါတယ်) ဗမာပြည် ဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးနှင့်အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်လ်၏ သတင်းစာရှင်း လင်းပွဲကောက်နှုတ်ချက်၊ ရန်ကုန်မြို့ ဗမာနိုင်ငံ။
မင်္ဂလာပါခင်ဗျား၊ ကောင်းသောမနက်ခင်းပါ။  ကျနော်အကျဉ်းချုပ်ရေးလာခဲ့တဲ့ကြေညာချက်ကို အရင်ဖတ်ပြပါရစေ။ အမေရိ ကန်ပြည်ထောင်စုရဲ့ ဗမာပြည်ဆိုင်ရာမူဝါဒညှိနှိုင်းရေးမှူးနဲ့ အထူးကိုယ်စားလှယ်အဖြစ် ဗမာပြည်ကိုလာခဲ့တဲ့ ကျနော့်ပထမဆုံးခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်ကသက်ဆိုင်ရာ အဖွဲ့အစည်းတွေကလူစုံတက်စုံနဲ့ ဒီမှာရှိနေတဲ့ အခြေအနေတွေ ကို ၅ ရက်တိုင်တိုင် ထောင့်ပေါင်းစုံကနေအကြိတ်အနယ် ဆွေးနွေးပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ အားလုံးရဲ့ဘုံ အကျိုးစီးပွားဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ရာမှာနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စတာတွေကို အမေရိကန်ပြည်ထောင်စုကနေ မြှင့်တင်ပေးနိုင်၊ ပံ့ပိုးပေးနိုင်မယ့်နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
အရင်ဦးဆုံး အစိုးရရဲ့အင်မတန်ကောင်းမွန်တဲ့ လှိုက်လှဲပျူငှာရှိမှုရယ်၊ ဒီခရီးစဉ်အတွင်းမှာ စီစဉ်စရာတာတွေကို မြန်မြန်ထက် ထက်ဆောင်ရွက်ပေးခဲ့တဲ့ ရန်ကုန်မြိုအမေရိကန်သံရုံးက သံရုံးယာယီတာဝန်ခံ မစ်ခ်ျယ်လ်သာ့စ်တန်နဲ့သူရဲ့ဝိုင်းတော်သားတွေရယ်၊ တွေ့ဆုံကြချိန်တွေမှာ အချိန်ပေးပြီး ဆွေးနွေးသမှုပြုခဲ့ကြသူတွေရယ်၊ သူတို့အမြင်တွေကို ရိုးသားပွင့်လင်းစွာပြောခဲ့ကြမှုတွေအတွက် အားလုံးကို အသိအမှတ်ပြုကြောင်းပြောကြားလိုပါတယ်။
ဒီခရီးစဉ်ဟာ ကျနော့်ရဲ့ကနဦးခရီးစဉ်ဖြစ်တဲ့အလျှောက် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့ရယ်၊  ဒေသခံတွေရဲ့သဘောထားအမြင်တွေကို နားထောင်ကြည့်ဖို့ရယ်၊ အမေရိကန်-ဗမာ မူဝါဒစီမံခန့်ခွဲရေးဆိုင်ရာ ကျနော့်တာဝန်ရှိမှုတွေနဲ့  ကျနော့်လုပ်ပိုင်ခွင့်တွေကို ဆက် လက်ဖြည့်ဆည်းသွားရေးအတွက် ဆက်ဆံရေးတရပ်ထူထောင်ဖို့က အဓိကဖြစ်ပါတယ်။ ကျနော် နေပြည်တော်မှာ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ ခင်မောင်ညွန့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ အလုပ်သမားနဲ့လူမှုဝန် ထမ်းဝန်ကြီး အောင်ကြည်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဋ္ဌေး၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၊ ကြံ့/ဖွံ့ အထွေထွေ အတွင်းရေးမှူးဋ္ဌေးဦး စသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး လူမျိုးစုဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အတိုက် အခံလွှတ်တော်အမတ်များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ကျနော်နဲ့တွေ့ဆုံခဲ့သူတိုင်း အပြန်အလှန်ပြောဆိုကြရာမှာ ပွင့်ပွင့်လင်းလင်းပြောနိုင်တာတွေ၊ အပြုသဘောဆောင်တဲ့အမြင်တွေ၊ တဘက်နဲ့တဘက် တလေးတစားပြောဆိုဆက်ဆံတာတွေကြောင့် အားရကျေနပ်မိပါတယ်။ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့တိုင်းမှာ  အရပ်သားတွေခေါင်းဆောင်တဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့ ကဏ္ဍသစ်တခုကိုဖွင့်လှစ်နိုင်ခဲ့ပြီဆိုတာကိုတော့ ထပ်ခါတလဲ လဲပြောကြပါတယ်။ နောက်ပြီး သူတို့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးစတဲ့ ကိစ္စရပ်တွေမှာ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ရိုးရိုးသားသားနဲ့သံဓိဋ္ဌာန်ချပြီး လုပ်နေတာလို့လည်း ဖွင့်ပြောကြတာရှိပါတယ်။
ကျနော့်ဘက်ကလည်း သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တာကို၊ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းတာကို၊ အမျိုး သားပြန်လည်သင့်မြတ်ရေးကိစ္စအတွက် လူမျိုးစုတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လူသိရှင်ကြားပြောလာတာတွေကို၊ သတင်းမီဒီယာ စိစစ်ရေးလျှော့ချပေးတာကို စတဲ့ နေပြည်တော်က လတ်တလောလုပ်ပြနေတာတွေကို အမေရိကန်ကအသိအမှတ်ပြုကြိုဆိုကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။  ကျနော့်ခရီးစဉ်ကနေ  မျှော်လင့်ချက်တွေမြင့်တက်လာစေလိမ့်မယ်၊ (အပြောင်းအလဲ) တကယ်စစ်မှန်တဲ့ အပြောင်းအလဲကို ဖြစ်ထွန်းလာစေလိမ့်မယ်ဆိုတဲ့ နိုင်ငံတကာနဲ့ဗမာပြည်သားတွေကြားက တွေးဆမျှော်လင့်ချက်တွေကတော့ ဟိုး မိုးကုပ်စက်ဝိုင်းမှာပဲ ဖြစ်ချင်ဖြစ်နေဦးမှာပါ။
တပြိုင်တည်းမှာပဲ အမေရိကန်နဲ့အခြားနိုင်ငံတွေရဲ့ သိချင်တာတွေကိုလည်း ဗြောင်မေးခဲ့ပါတယ်။ ပြီးတော့ သူတို့ပြောတဲ့အတိုင်း တသဝေမတိမ်းလုပ်ဖို့ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့လည်းပြောခဲ့ပါတယ်။ ခင်ဗျားလုပ်နေတာတွေက တကယ့်အစစ်အ မှန်ပြောင်းလဲရေးမှ ဟုတ်ပါလေစဆိုပြီး နိုင်ငံတကာအဝန်းအဝိုင်းမှာ သို့လောသို့လောဖြစ်နေတာတွေရှိတယ်။ အဲဒီအထင်တွေ မမှန်ဘူးမှားနေတယ်ဆိုတာ ခင်ဗျားတို့ဘက်က သက်သေထူနိုင်အောင် လုပ်ပြပါလို့လည်း သူတို့ကို တိုက်တွန်းခဲ့ပါတယ်။
ချုပ်ပြောရရင်တော့ဗျာ မြောက်ကိုရီးနဲ့ဗမာအစိုးရရဲ့ဆက်ဆံရေးဟာ ပွင့်လင်းမြင်သာမှုမရှိသလောက်ဖြစ်နေတဲ့အကြောင်း၊ လူမျိုးစုဒေသတွေမှာ အစိုးရရဲ့ရန်စွယ်ငေါငေါ နိုင့်ထက်စီးနင်းလုပ်နေတယ်ဆိုတာနဲ့တွဲပြီး အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကိုပါ အကြီးအကျယ် လူ့အခွင့်အရေးချိုးဖေါက်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေအကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထာင်လောက်ထောင် ထဲမှာရှိနေသေးတယ်ဆိုတဲ့အကြောင်း စတာတွေနဲ့စပ်လို့ ကျနော်တို့ရဲ့စိုးရိမ်သောကတွေ မြင့်နေတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။
လူမျိုးစုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကိုလုပ်မယ့်အစား တွေ့ဆုံဆွေးနွေးဖို့၊ အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံနိုင်ငံရေး သမားတွေကို အဓိပ္ပါယ်ရှိတဲ့လက်ကမ်းကြိုဆိုမှုလုပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့အပါအဝင် အစိုးရက သူလုပ်ပါမယ်လို့ပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အချိန်မီရိုးရိုးသားသားနဲ့စစ်စစ်မှန်မှန် အခိုင်အမာလုပ်ဆောင်ပြဖို့သင့်ပြီလို့ ကျနော်တလေးတစားနဲ့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ အများယုံကြည်မယ့်အခြေအနေကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုတွန်းတင်နေပြီ၊ လူထုရဲ့ယုံကြည်ကိုးစားမှုကိုရှေးရှူနေပါပြီဆိုတာကို တည်ဆောက်ပြဖို့ရာ ပထမဆုံးခြေလှမ်းအနေနဲ့ လူမျိုးစုဒေသတွေက နိုင့်ထက်စီးနင်းမှုသတင်းတွေကိုဖော်ထုတ်ဖို့ လူလက်ခံမယ့်၊ ဥပဒေနဲ့ညီတဲ့  စုံစမ်းရေးခုံတခုဖွဲ့စည်းဖို့အရေးကြီးကြောင်း ကျနော် သူတို့ကို အတိအလင်းပြောခဲ့ပါတယ်။ ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာရမယ့်ဝတ္တရား၊ အစိုးရရဲ့တာဝန်ရှိမှု စတာတွေနဲ့မကင်းမကွာရှိနေဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အခုကျနော်တို့ ဒီခေါင်းစဉ်တွေနဲ့လုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေဟာ လေးစားသမှုနဲ့ပွင့်ပွင့်လင်းလင်းဖြစ်ခဲ့တယ်၊ အဲဒါကိုလည်း ကျနော် တကယ့်ကိုတန်ဖိုးထားပါတယ်ဆိုတာကို ကျနော်အလေးအနက်ပြောချင်ပါတယ်။ ဒီအရေးအရာတွေရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေဟာ ၂ နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်ဆိုတာရယ်၊ အစိုးရဘက်ကသာ စစ်မှန်ခိုင်မာတဲ့လုပ်ဆောင်ချက်တွေလုပ် ကျနော်တို့ဘက်ကလည်း လုပ်ရင်လုပ်တဲ့အလျှောက် လိုက်တုန့်ပြန်သွားမှာပါဆိုတာကို ကျနော် မှတ်ချက်ပေးပြောခဲ့ပါတယ်။
ကျနော် ရန်ကုန်မှာရှိတုန်း တိုင်းပြည်တနံအလျားမှာရှိနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့အခြေအနေ၊ လားရာ၊ လတ်တလောဖြစ်စဉ် စတာတွေကိုလည်း ဆက်ပြီးပြောဖြစ်ဆိုဖြစ်ပါတယ်။ လုပ်ငန်းရှင်နဲ့သံတမန်အဝန်းအဝိုင်းကလူတွေ၊ ပြည်တွင်း နဲ့ပြည်ပက အင်န်ဂျီအိုတွေနဲ့လည်း နှီးနှောတိုင်ပင်တာတွေလုပ်ခဲ့ပါတယ်။ အဲဒီသူတွေထဲမှာ အိပ်ခ်ျအိုင်ဗီအေအိုင်ဒီစက်ဝေဒနာ ရှင်တွေကိုပြုစုနေတဲ့၊ မရှိဆင်းရဲသားတွေကို အခမဲ့နာရေးကူညီမှုပေးနေတဲ့ သူရဲကောင်းပီပီ၊ သတ္တိရှိရှိတဲ့မြန်မာနိုင်ငံသားတွေလည်း ပါပါတယ်။
တိုင်းပြည်ရဲ့ အခုလတ်တလောဖြစ်ထွန်းလာမှုတွေအပေါ် သူတို့ဘယ်လိုမြင်သလဲဆိုတာဆွေးနွေးဖို့၊ သူတို့ပါတီရဲ့အနာဂတ်ကို ဘယ်လိုရှိမလဲ ဆိုတာသိဖို့၊ အမေရိကန်ရဲ့ဗမာပြည်ဆိုင်ရာမူဝါဒအဆက်အစပ်ကိုသိဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဒေါ်စုဟာ ဗမာပြည်အတွက်၊ ဗမာပြည်သားတွေအတွက်၊ ဗမာလူမျိုးနဲ့ လူမျိုးစုတွေအတွက် အခရာကျတဲ့သူဖြစ်နေဆဲပဲ ဆိုတာနဲ့၊ လူလက်ခံမယ့်အပြောင်းအလဲဖြစ်ရေးကြိုးပမ်းရာမှာ သူပါကိုပါမှဖြစ်မယ် ဆိုတာကို ဒီခရီးစဉ်က ကျနော့်ကို မပြတ်နှိုးဆော်နေပါတယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးရေးကတဆင့်  ငြိမ်းချမ်းတဲ့အပြောင်း အလဲဖြစ်လာရေးမှာ သူဟာ အပြည့်အဝတာဝန်ယူနေသူ ဆိုတာလည်းထင်ရှားပါတယ်။
လေးငါးရက်လောက်လေး နေခဲ့တာဆိုတော့ ဒီလောက်လှပတဲ့တိုင်းပြည်ရဲ့ အလှည့်အပြောင်းကိုပြည့်ပြည့်ဝဝ မတွေ့ခဲ့ရတာ၊ တနံတလျား မသွားနိုင်ခဲ့တာကတော့ ကံဆိုးတာပေါ့ဗျာ။ ဒါပေမယ်လို့ ကျနော်တွေ့ခဲ့သူတွေရဲ့ တာဝန်ယူလိုစိတ်နဲ့သတ္တိရှိမှုက တိုင်းပြည်အနာဂတ်မှာ စစ်မှန်တဲ့အပြောင်းအလဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆက်ဖြစ်ထွန်းရမယ်ဆိုတဲ့ မဟာမျှော်လင့်ချက် ကျနော့်ကိုပေးခဲ့တယ်ဆိုတာတော့အမှန်ပါပဲ။ ကျနော် အဝေးကနေ ဖြစ်ပေါ်တိုးတက်မှုတိုင်းကို အနီးကပ်ကြည့်နေမယ်ပြီး၊ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးမူကိုဆက်လုပ်ဖို့ ဗမာပြည်ကိုနောက်အကြိမ်တွေ ထပ်လာလည်ဖို့မျှော်လင့်နေပါမယ်ခင်ဗျား။
ထပ်ပြောချင်တာကတော့ ကျနော့်ရဲ့ရာထူးသစ်နဲ့အတူ ကျနော့်ရဲ့ပွဲဦးထွက်ခရီးစဉ်မှာ တကယ့်ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့တဲ့ အစိုးရကိုရော၊ တန်ဖိုးရှိလှတဲ့ သူတို့ရဲ့အတွေးအမြင်တွေကို ကျနော်နဲ့ဝေမျှခဲ့တဲ့ ဆွေးနွေးဖော်ဆွေးနွေးဘက်တွေကိုရော ကျေးဇူး တင်ပါတယ်။ ဒီခရီးစဉ်ဟာ မြင့်မားတဲ့အကျိုးဖြစ်ထွန်းမှုတရပ်လို့ ကျနော် မှတ်ယူပါတယ်။ မေးစရာရှိရင်မေးပါ။ လေယဉ်ပေါ် မတက်ခင် ဖြေကြားပေးပါ့မယ်ခင်ဗျား။
မေး။            ။ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါ့မယ်လို့ တိတိကျကျပြောတာကြားခဲ့ပါသလား ခင်ဗျား။
ဖြေ။            ။ ကျနော်ရှေ့မှာ ထောက်ပြပြောဆိုခဲ့သလိုပေါ့ဗျာ။ ဒီ ကိစ္စပေါ်မှာ ကျနော်တို့ ဗြောင်ပဲပွင့်ပွင့်လင်းလင်းပြောခဲ့ကြပါတယ်။ အစိုးရက ဘယ်အပေါ်မှာ ဘယ်လောက်လုပ်မလဲဆိုတဲ့ တာဝန်ယူမှုလုံးလုံးလျားလျားမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီအရေးမှာ အကျိုးရှိတဲ့ပြောဆိုမှု လုပ်ခဲ့ပါတယ်။ ဒီ့ထက်ပိုပြီးတော့ ဘာမှမပြောနိုင်ပါ။
မေး။            ။ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးဘူးဆိုရင် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို ပြန်ရုပ်ဖို့ဖြစ်နိုင်ခြေ ရှိပါသလား။
ဖြေ။            ။ ထပ်ပြောပါမယ်။ စီးပွားရေးပိတ်ဆို့မှုဟာ ဆွေးနွေးပွဲရဲ့အဓိကသော့ချက်မဟုတ်ပါဘူး။ ဆက်ဆံရေးဆိုတဲ့ခေါင်းစဉ် နဲ့အညီ ဖြေရှင်းဖို့လိုတဲ့အရေးအရာတွေက အများကြီးပါပဲ။ စီးပွားရေးပိတ်ဆို့မှုက အဲဒါတွေထဲက အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဖြေရှင်းရမှာတွေမှာ အစိုးရနဲ့ကျနော်တို့ရဲ့ထိတွေ့ဆက်ဆံရေး၊ ကျနော်တို့ရဲ့ပါဝင်မှုရှိရေးတွေက အများစုဖြစ်ပါ တယ်။ မနေ့တုန်းက အခန့်မသင့်ပဲထွက်လာတဲ့သတင်းတပုဒ် ကျနော်တွေ့လိုက်ရတယ်ဗျ။ ပြောရမှာတော့ စိတ်မကောင်းပါဘူး။ အဲဒီသတင်းမှာ ကျနော်က စီးပွားရေးပိတ်ဆို့ ထားတာကိုရုပ်ဖို့ လမ်းပြမြေပုံလာခင်းတယ်ဆိုပြီး ညွှန်းဆိုရေးထားတာတွေ့တယ်ဗျ။ အဲဒါ ကျနော့်အနေအထားကို မှားယွင်းတဲ့သရုပ်ဖော်ချက်ဖြစ်ပါတယ်။ ကျနော်ပြောတာတွေကို အကောက်အယူလွဲတာလို့ ကျနော် ထင်ပါတယ်။ ကျနော့်အဖြေတွေကို အကောက်အယူလွဲတာပဲဗျ။ ကျနော့်မှာ အဲသလိုလမ်းပြမြေပုံဆိုတာမရှိသလို ဘယ်တုန်းကမှ လည်း တင်ပြဆွေးနွေးခဲ့တာမရှိဖူးပါဘူး။ ကျနော်အစောကပြောခဲ့တဲ့ ဆွေးနွေးခဲ့တဲ့စကားအသွားအလာတွေဟာ သူ့အမြင်ကိုယ့် အမြင်ဖလှယ်တာ၊ အပြုသဘောဆောင်တဲ့ဆက်ဆံရေးတရပ်ဖြစ်ထွန်းလာဖို့ ကျနော်တို့ တွေ့မြင်လိုတဲ့ဟာတွေနဲ့ပတ်သက်တာ၊ နှစ်ဘက်ဆက်ဆံရေးဂွင်ကိုပြောင်းလဲလိုတာ စတာတွေပဲဖြစ်ပါတယ်။
မေး။            ။ ဒီတိုင်းပြည်မှာရှိနေတဲ့အခြေအနေတွေကို အကဲဖြတ်ဖို့ အရေးအကြီးဆုံး စံကဘာပါလဲခင်ဗျ။
ဖြေ။            ။ ဒီနေရာမှာ သီးသန့်ကိစ္စတခုတည်းရယ်လို့ မရှိတာတာကတော့ ရှင်းနေတာပဲဗျာ။ စစ်မှန်ယုံကြည်လက်ခံနိုင်မယ့် အပြောင်းအလဲ တခုဖြစ်လာရေးမှာ မူလဘူတကျတယ်လို့ ကျနော်တို့ထင်မှတ်ထားတာတွေ၊ ကျနော်တို့တွေ့မြင်လိုတဲ့ကိစ္စတွေကို ကျနော်ရေးပြီးစာရင်းပေးခဲ့တာပဲဗျ။  ဒါ့ကြောင့် တခွန်းတည်းနဲ့ပြန်ဖြေဖို့မရှိပါဘူး။ အပြောင်းအလဲဖြစ်ဖို့ လူတွေမျှော်လင့်နေတဲ့ စစ်မှန်တဲ့တာဝန်ယူလုပ်ဆောင်မှုမျိုးတွေ လုပ်ပြလိမ့်မယ်လို့ကျနော်တွေးမိတာတွေကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီအပြောင်း အလဲဆိုတာကလည်း အပြင်ကလုပ်ရမှာမဟုတ်ပဲ ပြည်တွင်းကလုပ်ရမှာဖြစ်တယ်ဆိုတာလည်း ရှင်းနေတာပဲဗျာ။ တခြားသူတွေက ဘယ်လောက်ကြာမှဘာတွေဖြစ်မှာလဲ၊ အခုရော ဘယ်ခရီးကိုတည်ပြီးသွားနေတာလဲစတဲ့ သို့လောသို့လောတွေ၊ ယုံထင်ကြောင် ထင်တွေရှိနေတယ်ဆိုတာကို အစိုးရဘက်က အသိအမှတ်ပြုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အခုအတိုင်းသွားနေလို့ကတော့ သံသယတွေထွက်နေတာ၊ ရှေ့မတိုးနိုင်ပဲဖြစ်နေလိမ့်မယ်ဆိုတာလည်း အစိုးရဘက်ကအသိအမှတ်ပြုပါလိမ့်မယ်။ သူတို့ လုပ်ဆောင်ချက်တွေက ယုံကြည်စရာဖြစ်တယ်လို့ ကျနော်တို့မြင်ရင်တော့ အမေရိကန်အနေနဲ့ တခုခုတော့တုန့်ပြန်မှာဖြစ်ပါတယ်။
မေး။            ။ ခင်ဗျားခရီးစဉ်မှာ လက်ရှိအစိုးရဘက်က အပြောင်းအလဲလုပ်လိုစိတ် တခုတလေများရှိတယ်လို့ ထင်ပါသလား။
ဖြေ။            ။ အင်း..ဒါ ကျနော့် ပထမဆုံးခရီးပါ။ ဆိုတော့ အပြောင်းအလဲရှိပါတယ်/မရှိပါဘူးဆိုပြီး အရင်ခရီးစဉ်တွေနဲ့ ကျနော် ဘယ်လိုနှိုင်းပြရမလဲဗျာ။ နောက်တခေါက်လာခဲ့ရင် အခုမေးခွန်းကို ဖြေနိုင်ကောင်းပါရဲ့ဗျာ။ ကျနော်ထင်တယ်ဗျ။ နောက်တခေါက် လည်း မကြာခင်လာဖြစ်ပါလိမ့်မယ်။ ပြောရမှာတခုတော့ရှိတယ်ဗျ။ ကျနော့်ရာထူးနဲ့ပတ်သက်လို့ပါ။ ကျနော် ဒီနေရာရောက်လာတော့ စိုးရိမ်စိတ်တွေဖြစ်ကြတယ်ဆိုတာ ကျနော်သိပါတယ်။ အားလုံးသိတဲ့အတိုင်းပဲလေ။ ကျောက်စိမ်းဥပဒေအောက်ကနေမှ ကွန်ဂရက်စ် က ကျနော့်ကို ဒီရာထူးနဲ့လုပ်ပိုင်ခွင့်ကိုအပ်နှင်းတာကိုးဗျ။ အမေရိကန်မှာတော့ ကျောက်စိမ်းဥပဒေဆိုတာ စီးပွားရေးပိတ်ဆို့မှုဥပဒေ ပဲမဟုတ်လား။ ဆိုတော့ ကျနော်ဟာ ဒီဥဒေရဲ့ဖန်ရှင်တခုဖြစ်ခဲ့တယ်ဆိုပြီး စိုးရိမ်ကြတာပါ။ ကျနော်က ဒီဥပဒေအကြောင်းပဲပြော လိမ့်မယ်၊ ၂ နိုင်ငံဆက်ဆံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောမှာမဟုတ်ဘူး၊ ဒီတိုင်းပြည်မှာဘာဖြစ်နေလဲ တွေးနေမှာမဟုတ် ဘူး၊ သူ့နေရာအတွက်ပဲသူတွေးမှာလို့လည်း ထင်ကြမှာပေါ့။ ကျနော်ထပ် ပြောပါ့မယ် ဒီရာထူးလက်ခံရတဲ့အတွက် ကျနော်စိတ် အလွန်ချမ်းသာရပါတယ်။ အပြန်အလှန်ပြောရဆိုရတာတွေအတွက်လည်း ကျေနပ်မိပါတယ်။ သူတို့တတွေကျနော့်ကို အဲသလောက် ဝမ်းမြောက်ကြိုဆိုခဲ့တာကိုလည်း ကျေနပ်ရပါတယ်။ ကျနော့်ရာထူးအတွက်ရော ကျနော့်စိတ်ထဲမှာရော စိုးစဉ်းတောင်မတုန်လှုပ် မိပါဘူး။ ပွင့်လင်းရိုးစင်းတဲ့ထိတွေ့မှုကိုဆက်လုပ်နေပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတရပ်ဖြစ်ထွန်းလာဖို့ မျှော်လင့်နေပါတယ်။
မေး။            ။ မနေ့က အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ဘာသာရေးလွတ်လပ်မှုနဲ့ဆိုင်တဲ့ နှစ်စဉ်အစီရင်ခံစာထွက်လာပါတယ်။ အဲဒီမှာ ဘာသာရေးအဖိနှိပ်ဆုံး ၈ နိုင်ငံထဲမှာ ဗမာပြည်လည်းပါတယ်လို့ဆိုပါတယ်။ ခင်ဗျားခရီးစဉ်မှာ အခြားဘာသာရေးဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ရော တွေ့ဆုံဖို့အခွင့်အလမ်းရခဲ့ပါသလား။ ရခဲ့တယ်ဆိုရင်ရော သူတို့ပူပန်ကြောင့်ကြမှုက ဘာများပါလဲ။ သူတို့မှာရော စိုးရိမ်ပူပန်နေရတာတွေရှိပါသလား။ ဒီ ၈ နိုင်ငံစာရင်းထဲကနေရော ဗမာပြည်ဟာ လွတ်နိုင်ခြေဘယ်လိုရှိနိုင်ပါမလဲ။
ဖြေ။            ။ ဘာသာရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ကျနော်တွေ့ဆုံခဲ့တာမရှိပါဘူး။ ဒါကြောင့် ဒီတိုင်းပြည်မှာရှိတဲ့ အခြေအနေတွေအပေါ် သူတို့ဘယ်လိုရှုမြင်ကြသလဲဆိုတာ ကျနော်မပြောတတ်ပါဘူး။ နိုင်ငံခြားရေးဋ္ဌာနက ဒီလိုကိစ္စတွေမှာ လွတ် လွတ်လပ်လပ် ရှုမြင်သုံးသပ်ဖို့ရာ သီးသန့်ကဏ္ဍရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့ရှုမြင်ချက်ကိုကျနော် ဘာမှမှတ်ချက်ပေးလို့ မဖြစ်နိုင်ပါဘူး။
မေး။            ။ ကျနော် မရှင်းတာတခုရှိပါတယ်။ အမေရိကန်က အစိုးရဲ့ထိတွေ့ဆက်ဆံရင်း စီးပွားရေးပိတ်ဆို့မှုထားမယ်ဆိုတဲ့ ၂ လမ်းသွားမူအတိုင်း ဆက်သွားဦးမယ်လို့ဆိုလိုတာလား။ ဒါဆိုရင် ခင်ဗျားအခုပြောခဲ့တဲ့၊ ပြောနေတဲ့ လတ်တလောတိုးတက်ဖြစ် ထွန်းမှုတွေကနေ အမေရိကန်ဘက်က သံအမတ်ကြီးအဆင့်ဆက်ဆံရေး ပြန်ထားဖို့ဆီရောက်သွားစေမှာလား။ နောက်တခုက အစိုးရကနေ လူမျိုးစုတွေပါပါတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ အစပျိုးလုပ်ပါ့မယ်ဆိုတဲ့ စကားဦးသန်းတာရော ရှိပါသလား။
ဖြေ။            ။ ဒုတိယမေးခွန်းအတွက်ကတော့ ကျနော်တို့အဲဒီကိစ္စ မဆွေးနွေးခဲ့ဘူးလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအတွက် သူတို့ ဘာရည်မှန်းထားသလဲ ဘာအလားအလာတွေရှိသလဲဆိုတာ ကျနော်မသိပါဘူး။ ဒီမှာ အဲဒါနဲ့ပတ်သက်လို့ ပြောတာဆိုတာတွေ ရှိနေ တယ်ဆိုတာတော့ ကျနော်ကြားပါတယ်။ ကျနော် ဒီ မလာခင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ လွှတ်တော်ကနေ ကော်မရှင်တခုဖွဲ့မယ်ဆို တာတော့ဖတ်ခဲ့ရပါတယ်။ အခုထိတော့ လုပ်ငန်းစဉ်တွေဘာမှမရှိပါဘူး။ ဒီ သုံးပွင့်ဆိုင်ဆွေးနွေးပွဲနဲ့စပ်လို့ ကျနော့်ခရီးစဉ်အတွင်း ထူးထူးခြားခြားဘာတခုမှမကြားခဲ့ပါဘူး။ ပထမမေးခွန်းအတွက်တော့..။ ဟုတ်ပါတယ်။ ကျနော်တို့ ပေါ်လစီအပြောင်းအလဲမရှိပါဘူး။ ကျနော့်ခရီးစဉ်ကလည်း ပေါ်လစီဆိုင်ရာနဲ့အကြုံးဝင်ပါတယ်။ ပိတ်ဆို့မှုတွေ သူ့အတိုင်းရှိနေတာကိုက ကျနော်တို့ပေါ်လစီရေးရဲ့ အနှစ် သာရဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီခရီးစဉ်ဟာ အခြေခံလုပ်ဟန်တွေထဲကနေပဲ ပိုပြီးကျယ်ပြန့်တဲ့ပြဿနာတွေ ကိုဆွေးနွေးဖို့ လွန်ထွက်သွားတော့မလိုလိုပါ။ သီးခြားအနေနဲ့ပြောရရင် ၂ ဘက်ဆက်ဆံရေးဂွင်ကို ဘယ်အချိန်မှာပြောင်းကြမလဲ၊ အဲသလိုပြောင်းလဲရေးအတွက် ဘာတွေလိုအပ်မလဲ၊ ဆက်ဆံရေးကိစ္စကို ဘယ်လိုထားမလဲဆိုတာတွေကို ပြောကြဆိုကြတာဖြစ် ပါတယ်။ ပကတိတရားမှာ ဘာတွေဖြစ်နေသလဲ၊ ဖြစ်နေတာတွေကို ဘယ်လိုခံယူကြသလဲဆိုတာလည်း ပါပါတယ်။ တိုင်းပြည် တပြည်ပြည်ကို အဝေးကနေလှမ်းကြည့်ရုံနဲ့ ခင်ဗျားဘယ်လိုလုပ်ပြီးသိနိုင်မှာလဲဗျာ။ သိချင်ရင် ခင်ဗျား လာကြည့်ရမယ်။ လူတွေနဲ့ တိုက်ရိုက် ခင်ဗျားစကားပြောကြည့်ရမယ်။ မတူကွဲပြားတဲ့အမြင်တွေ ခင်ဗျားရလာမယ်။ သူတို့ပြောတာ တွေနားထောင်ရမယ်။ ကျနော် ဒီကိုလာရတဲ့ အဓိကအချက်က လူတွေပြောတာကို နားထောင်ကြည့်ဖို့လည်းဖြစ်သလို ကျနော်တို့ဘာတွေ မျှော်လင့်ထား သလဲဆိုတာ လူတွေကိုအတိအလင်းပြောပြဖို့လည်းဖြစ်ပါတယ်။ ဒါမှ ဒီကလူတွေက  ကျနော်တို့ ပေါ်လစီတွေကို အထင်မလွဲ ကြမှာမဟုတ်လား။ သေချာပေါက် ကျနော်ပြောနိုင်တာကတော့ဗျာ ထိတွေ့ဆက်ဆံခြင်းဆိုတာရဲ့အဓိပ္ပါယ်ကို၊ ကျနော်တို့ ရည်ရွယ် ချက်တွေကို၊ ဘယ်လောက် အကွာအဝေးလည်းဆိုတာတွေကို လူတွေသိတ်မရှင်းကြဘူး ဆိုတာပါပဲ။ ဒီမှာလည်း ဒီအတိုင်းဖြစ်နေ ကြမှာပါ။ ထပ်ပြောပါ့မယ်။ ဒီတိုင်းပြည်မှာလည်း ရှင်းရှင်းလင်းလင်းသိသူ သိတ်မရှိလှဘူးထင်ပါတယ်။ ရှိတယ်ဆိုလည်း ကျနော် မတွေ့ခဲ့ရလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော် တကယ့်ကိုအားကြိုးမန်တက်လုပ်နေတယ်ဆိုတာတော့ ယုံထားပါ။ ဘာတွေဖြစ်နေ သလဲဆိုတာသိဖို့၊ သူတို့အမြင်တွေ ဘယ်လိုရှိသလဲဆိုတာသိဖို့ တနေ့တနေ့ ကျနော်တွေ့နိုင်သမျှလူတွေနဲ့တွေ့ပါတယ်။ မိုးလင်းမိုးချုပ် နားရတယ်လို့ သိတ်မရှိလှပါဘူး။ ကျနော် ပြောခဲ့သလိုပေါ့ဗျ၊ လူတွေဟာ အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်နေကြတယ်ဆိုတာ ကျနော့် အာရုံထဲကကိုသိနေပါတယ်။ လူတွေဟာ ဖြစ်လာမယ့် တခုခုအတွက် စိတ်စောပြီးမျှော်လင့်နေကြပါတယ်။ သူတို့မေးနေကြတာက အပြောင်းအလဲ ဘယ်လောက်လှမ်းသေးလဲ၊ အခိုင်အမာခြေလှမ်းတွေ ဘယ်ပုံရှေ့ထွက်တက်လှမ်းလာမှာလဲ ဆိုတာပါပဲ။ ဒါ့ကြောင့် ဒီမေးခွန်းတွေအတွက် ခပ်ရှည်ရှည်အဖြေကတော့ ကျနော်တို့ပေါ်လစီ အပြောင်းအလဲမရှိခဲ့ပါဘူး။
မေး။            ။ (သဲသဲကွဲကွဲမဟုတ်သော်လည်း) ရန်ကုန်နဲ့သံအမတ်ကြီးအဆင့်ဆက်ဆံမှု ပြန်ထား/မထားကိစ္စဖြစ်ပါတယ်။
ဖြေ။            ။ သြော်..အင်း..ဒီကိစ္စ။ ဒါက အခြေအနေပေါ်တည်ပြီး ဖြစ်လာမယ့်ကိစ္စဖြစ်ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့က ဘာဆုံး ဖြတ်ချက်မှမချခဲ့ပါဘူး။ ထပ်ပြောပါ့မယ်။ အရေးကြီးအချိန်အခြေအနေတွေပေါ် ကျနော်တို့လုပ်ဆောင်ခဲ့တာတွေမှာ ဘာအပြောင်းအလဲမှ မရှိပါဘူး။
မေး။            ။ (စကားပြန်မှတဆင့်မေး) မနေ့တုန်းက ခင်ဗျား လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ခဲ့တယ်နော်။ ကော်မရှင်ကို အရင် အစိုးရဟောင်းကလူတွေနဲ့ဖွဲ့ထားလို့ မတရားမှုတွေကိုစုံစမ်းဖော်ထုတ်ရာမှာ အမှန်အကန်လုပ်လိမ့်မယ်လို့ ခင်ဗျားထင်ပါသလား။ ဘယ်လိုထင်ပါသလဲ။
ဖြေ။            ။ တွေ့ခဲ့ရတာကတော့ တကယ့်ကိုအတွေ့ကောင်းပါပဲ။ သူတို့ ရှုမြင်ချက်တွေ၊ သူတို့စိတ်ကူးအတွေးတွေ ကျနော်တို့ ကိုပြောပြပါတယ်။ ဒါပေမယ်လို့ သူတို့ဘာသာသူတို့တွေးနေတာတွေက တကယ့်ကို တွေးတောတတ်စ အဆင့်မှာရှိနေပါတယ်။ သူတို့တွေအပေါ် ကျနော်တစုံတရာ စာနားလည်မှုရှိပါတယ်။ သူတို့ဟာ အတွေးတွေထဲမှာတွေးရင်း မတ်တပ်ထကြည့်ဖို့ ထပြေးကြည့် ဖို့ကြိုးစားနေကြပါတယ်။ သူတို့ဘာတွေလုပ်မှာလဲ။ သူတို့ဘာတွေမှာ လုပ်နိုင်စွမ်းမရှိဘူးလဲဆိုတာတော့ ကြိုပြောဖို့ဘာမှမရှိပါဘူး။ ကျနော့်စိတ်ထဲ လင်းကနဲဖြစ်သွားတာတော့ ရှိပါတယ်။ သူတို့တွေဟာ သူတို့ဘာသာပဲ ရုန်းနေကြရတာပါ။ ကျနော်တော့ အဲသလို ထင်မိတာပါပဲ။ သူတို့ပြောတာမှာ သူတို့ဟာနေပြည်တော်နဲ့တွဲပြီး အလုပ်အတူလုပ်မယ်၊ နေပြည်တော်ကို သတင်းပို့မယ်၊ နေပြည်တော်ကိုအစီရင်ခံမယ် ဆိုတာတွေပါတယ်ဗျ။ ကျနော် အဲသလိုပဲလည်း မျှော်လင့်ပါတယ်။ အပြုသဘောဆောင်တဲ့ အချက်ပြမှုတခုလို့တော့ ထင်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းမယ်ဆိုတဲ့ဟာက အပြုသဘောဆောင်တဲ့အစပျိုးခြေလှမ်းတခု ဖြစ်တယ်ဆိုတာကိုတော့ ကျနော့်ကြေညာချက်မှာထည့်ရေးသလို ဆွေးနွေးဘက်တွေကိုလည်း အသေအချာ့ကိုပြောခဲ့ပါတယ်။ ဒါပေမယ့်တခြားအရာတွေလိုပေါ့လေ..ဖွဲ့စည်းတာတော့ဟုတ်ပါပြီ၊ လုပ်ပိုင်ခွင့်ဘယ်လောက်ပေးမလဲ၊ ဘယ်လို အကောင်အထည်ဖော် မှာလဲဆိုတာကို တရားဝင်ဥပဒေအဖြစ် ပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်။ အပြန်အလှန်ပြောဆိုခွင့်ရခဲ့တာကတော့ တကယ့်ကိုကောင်းတဲ့ မဟာအခွင့်အရေးတခုပေါ့ဗျာ။ သူတို့ကို စောင့်ကြည့်နေမှာဆိုတာလည်း အသေအချာပါပဲ။ ဒီလိုကိစ္စတွေမှာ သူတို့အတွေ့အကြုံ မရှိ လို့ အကူအညီလိုရင် ကျနော်တို့ကပေးမှာဖြစ်ပါတယ်။ ဒါမျိုးတွေမှာ အတွေ့အကြုံရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွဲလုပ်တာဟာ အကျိုးရှိတယ်ဆိုတာသိဖို့လိုပါတယ်။ တိုင်တန်းထားတဲ့၊ စွပ်စွဲထားတဲ့အမှုတွေကို ဒီကော်မရှင်ကတကယ်ရော စုံစမ်းဖော်ထုတ်မှာလားဆိုတဲ့ သံသယတွေလည်းရှိနေပါတယ်။ အဲဒါလည်းပြောပြခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ကနေပြီးတော့ လူမျိုးစုဒေသတွေမှာယုံကြည်စိတ်ချမှုရယူဖို့အတွက်၊ ဒါမှမဟုတ် မတရားမှုတွေစုံစမ်းရေးလုပ်ဖို့ အကူ အညီလိုရင်ပြောပါ ကျနော်တို့အကူအညီပေးဖို့ လမ်းဖွင့်ထားတယ်လို့  ပြောခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီရေးတွေထူထောင်ရာမှာလိုမယ့်၊ အပြုသဘောဆောင်ပြီး ယုံကြည်အားကိုးလို့ရမယ့် အင်စတီကျူးရှင်းတ ခုဖြစ်အောင်လုပ်ရာမှာ ကျနော်တို့အကူအပံ့လိုတာတိုင်းပေးဖို့ ကျနော်တို့ နှလုံးသားတံခါးကိုဖွင့်ထားပြီး လက်တွေကိုလည်း ကမ်း ထားပါတယ်ဆိုတာ ပြောပြခဲ့ပါတယ်။
မေး။            ။ ခင်ဗျား အမေရိကန်ပြန်ရောက်ရင် ကွန်ဂရက်စ်ကို အစီရင်ခံရမှာမဟုတ်လား။ အဲဒီအခါ ကွန်ဂရက်စ်ထဲက တယောက်ယောက်က ခင်ဗျားလုပ်ခဲ့လို့ ထူးထူးခြားခြားရလာဒ်ကဘာထွက်လဲဆိုပြီး ထမေးပြီဆိုပါတော့။ ခင်ဗျား ဘာပြန်ဖြေမလဲ။
ဖြေ။            ။ ထူးထူးခြားခြား ရလာဒ် ဟုတ်လား။ လူတွေနဲ့၊ ဒီမှာရှိနေတဲ့လူတွေကြားမှာမြင်သလို မမေ့နိုင်စရာထူးခြားတဲ့ မျှော်လင့် ချက်ဆိုတဲ့ အသိလေးတခုရှိတယ်လို့ ကျနော်ထင်ပါတယ်။  တခုခုဖြစ်နေတာတော့ ရှိနေပြီဆိုတဲ့အသိပါ။ ထူးခြားတာတခုခုတော့ ဖြစ်နေပါပြီ။ တခုခုကတော့ အပြောင်းအလဲဖြစ်နေပါပြီ။ အဲဒီအပြောင်းအလဲဟာ အခုတော့ ပါမွှားလေးပိစိကွေးလေးပဲ ဖြစ်ရင်ဖြစ်နေ ဦးမှာပါ။ ဒါပေမယ့် ကျနော် ထပ်ပြောပါ့မယ်။ အဲဒီမျှော်လင့်ခြင်းဆိုတဲ့အသိကလေးဟာ အလွန့်အလွန်ကို အရေးပါတယ်။ အရေးကြီး ပါတယ်။ ကျနော်ပြောသလိုပေါ့လေ၊ ဒီနေရာမှာ ရပ်တန့်ကုန်တာတွေ ပြန်စရတာတွေ၊ မျှော်လင့်ခြင်းတွေကို ရုတ်ချည်းတိုးမိတိုက်မိ ကုန်တာတွေ အမြောက်အများရှိနေတယ်ဆိုတာကို ဒီတိုင်းပြည်အရေးလုပ်နေသူတွေ အားလုံးသိတယ်လို့ ကျနော်ထင်ပါတယ်။ ခုချိန်ထိ ဆက်ဖြစ်နေတာတွေဟာ နောင်တော့တခါပြန် ရပ်လိုရပ်၊ ပြန်ပြောင်းလိုပြောင်းနဲ့တွေပါပဲ။ ကျနော် ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာကတော့ တပါးသူတွေရဲ့သံသယတွေမှားကြောင်း သက်သေထူပြကြဖို့ပါပဲ။ ကျနော့်ကို ခုလောက် လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးကြိုဆိုတာ၊ နောက်တခါ နေပြည်တော်က ခေါင်းဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဖြစ် ဆိုဖြစ်တာတွေကိုက ကျနော့်အတွက်တော့ အားတက်စရာဖြစ်ပါတယ်။ ထပ်ပြောပါ့မယ် သူတို့ဘက်ကတော့ လုပ်ပါ့မယ်စိတ်ချပါဆိုတဲ့ ကတိကဝတ်တော့ မရခဲ့ဘူးပေါ့။ လက်တွေ့ပြလို့ရတဲ့ အကောင်အထည်ရှိတဲ့ ရလာဒ်ဘာတခုမှမရခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ လေးစားသမှုနဲ့ပွင့်ပွင့် လင်းလင်း ပြောဆိုနိုင်ခဲ့ကြပါတယ်။ အချိန်ကာလတခုအတွင်းမှာ တစုံတရာကိုမျှော်လင့်ရုံသက်သက်မဟုတ်ပဲ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတခုလုပ်နေတာလို့ ကျနော်တို့နဲ့နိုင်ငံတကာအဝန်းအဝိုင်းက တွေ့မြင်လိုတယ်ဆိုတာကို ပြောပြနိုင်ခဲ့ပါတယ်။  ခိုင်မာတဲ့လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေလုပ်ဖို့ တိုက်တွန်းနိုင်ခဲ့တယ်။ ဒါကို ကွန်ဂရက်ထဲက ကျနော့်မိတ်ဆွေတွေနဲ့ အကွယ် အဝှက်မရှိ ပြောမှာဖြစ်ပါတယ်။ သူတို့လည်း အခြားသူတွေမြင်သလိုမြင်မှာပါပဲ။ အမေရိကားကလူတိုင်းဟာ အကောင်းဆုံးကိုလိုချင် ပါတယ်။ အမေရိကန်ကလူတွေမှာ ဒီတိုင်းပြည်အပေါ် မကောင်းစိတ်မမွေးဘူးဆိုတာ ဒီလူတွေကိုကျနော် ရှင်းပြနိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်။ ဒီတိုင်းပြည် သူ့ဘာသူကြီးပွားတိုးတက်လာဖို့ အကောင်းဆုံးဆိုတာတွေနဲ့ ကျနော်တို့ကူညီပေးချင်ပါတယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရည်မှန်းချက်၎ ခုဟာ အမေရိကန်အစိုးရရဲ့ ရည်မှန်းချက်တွေပါပဲ။ အမေရိကန်နဲ့အခြားသူတွေ မျှဝေခံစားရမယ့်အရာတွေပါပဲ။ အစိုးရဘက်က ဒါတွေကို တာဝန်သိသိ အကောင် ထည်ဖော် လုပ်ဆောင်လာမယ်ဆိုရင် အမေရိကန်နဲ့လုပ်ဘော်ကိုင်ဘက် ဒိုးတူဘောင်ဖက်ဖြစ်မှာပါပဲ။ ဒီ ရည်မှန်းချက်ပန်းတိုင်ကို ရှေးရှူဦးတည်သွားရေးမှာ ဒီအစိုးရဘာတွေဆုံးဖြတ် လုပ်ကိုင်မှာလဲဆိုတာကိုတော့ အနီးကပ်မျက်ခြေမပြတ် ကြည့်နေကြမှာဖြစ်ပါ တယ်။
မေး။            ။ ဒါ ခင်ဗျားရဲ့ ပထမဆုံးခရီးစဉ်လို့ပြောခဲ့တယ်နော်။ ဒါဆို ဘယ်အချိန် ခင်ဗျားပြန်လာဦးမှာလဲ။ နောက်တခုက ဒီမှာ တရုပ်ပြည်ရဲ့သြ ဇာလွှမ်းမိုးလာမှုအပေါ် ခင်ဗျားအမြင်လည်းသိချင်ပါတယ်။
ဖြေ။            ။ အစိုးရခေါင်းဆောင်တွေနဲ့တွေ့ပြီး ပြောကြဆိုကြတာမှာ အခု ခင်ဗျားမေးတဲ့ ခေါင်းစဉ်မပါဘူးဗျ။ တကယ်ပြောတာပါ။ ဒီမှာနေတုန်း ဗမာပြည်သားတချို့တလေနဲ့ ပြောဖြစ်ကြတော့ တရုပ်သြဇာလွှမ်းမိုးမှု၊ တရုပ်ပြည်ရဲ့တည်ရှိမှုကို သိသိသာသာသိမြင်ရ တယ်ဗျ။ သိသာတယ် ဆိုပါတော့ဗျာ။ ဒါပေမယ့်ဗျာ ကျနော် ဒီအကြောင်းအရာကို ဘာမှအများကြီးမဆွေးနွေးခဲ့ပါဘူး။ ဒီကပြည် သူတွေ ဒီကခေါင်းဆောင်တွေကပဲ သူတို့အိမ်နီးချင်းအပေါ်သူတို့ဘယ်လို ဆက်ဆံမလဲဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ပြောရ ရင်တော့ ခင်ဗျားမှာ အိမ်နီးပါးချင်းရှိရင် စိန်ခေါ်မှုတွေလည်းရှိတာပါပဲ။ အဲသလိုပဲ အခွင့်အလမ်းတွေလည်း ရှိတာပါပဲ။ ကျနော့်မှာ တရုပ်သြဇာလွှမ်းမိုးမှုနဲ့ပတ်သက်လို့ ဘာဆိုဘာမှ ပြောလိမ့်မယ်တော့မဟုတ်ပါဘူး။
ကဲ..အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျား။ ကျနော်လည်း လေယဉ်ပေါ်တက်ရတော့မယ်။ အခုလိုတွေ့ရတာကိုလည်း တန်ဖိုးထားပါတယ်။ နောက်တကြိမ်လာတော့လည်း တွေ့ကြသေးတာပေါ့လေ။
Press Conference in Rangoon,Burma
Remarks
Derek Mitchell
Special Representative and Policy Coordinator for Burma 
Rangoon, Burma
September 14, 2011

0 comments:

Post a Comment