Wednesday, September 14, 2011

ကြွက်၊ မြွေနှင့်ဧရာဝတီကိစ္စ(မျိုးမြင့်ချို) ၉/၁၄/၂ဝ၁၁

0 comments
ကြွက်၊ မြွေနှင့်ဧရာဝတီကိစ္စ (မျိုးမြင့်ချို) ၉/၁၄/၂ဝ၁၁(ဤစာကို Save The Irrawaddy အုပ်စုအားရည်ညွှန်းရေးသားပါသည်)
ကြွက်ကင်လတ်လတ်ဆတ်ဆတ်သည် မွှေးပြီးအလွန်လည်းအရသာရှိကာ စားကောင်း၏။ အထူး သဖြင့် အညာမြေပဲခင်းထဲကကြွက်ကြီးများသည် အောက်ပြည်စပါးခင်းထဲက လယ်ကြွက်များထက် ပိုပြီးဆူဖြိုးသည်ဟုဆိုရမည်ထင်သည်။ ထနောင်းရိပ်အောက်က ထန်းဖိုဦးနှင့်မြည်းဖူး သည့်ကြွက်ကင်က အာရုံထဲစူးနေဆဲ။ လယ်တဲလေးက ထမင်းကြမ်းခဲနှင့်ခြောက်စပ်ကြွက်ကြော် လွေးခဲ့ဖူးသည်လည်း လွမ်းစရာကောင်းနေဆဲ။ စပါးခင်းများရင့်မှည့်ရိတ်သိမ်းချိန်သည် လယ်ကြွက်တို့ပွဲတော်ချိန်ဟု ဆိုရမည်။ လယ်ကြွက်က စပါးကိုစားရုံသက်သက်မက ဖျက်လိုဖျက်ဆီးလုပ်သလို သိုမှီးလည်းထားပြန်သေး၏။ လယ်ကြွက်တို့က လည်၏။ အဝစားပြီး အားမရသေး။ ကြွက်ကျီများတွင် ရိက္ခာလှောင်၏။  တူးကြည့်လျှင် အနှံပြည့်အဆန်အောင် စပါးခက်များချည်းသာတွေ့ရမည်။ လယ်သမားတို့ကလည်း ဟင်းစားအတွက်ကြွက်တူးရင်း ကိုယ့်စပါးကိုယ်ပြန်ယူကြ၏။ လယ်တွင်ကြွက်နှင့်ဖါးအပြင်အခြားဝေနေယျတွေလည်းနေ၏။ ကြွက်နှင့်ဖါးကား မြွေတို့အာဟာရ။ ကြွက်ကစပါးကိုစား၏။ မြွေနှင့်လူက ကြွက်ကိုစား၏။ လယ်တွင် ကြွက်သည် လူနှင့်မြွေ၏အစားခံသက်သက်။ ထို့ကြောင့် ကြွက်ဦးရေသိတ်မတက်။ စပါးလည်းသိတ်မပျက်။ မြွေကားအစားမခံရသေး။ ထို့အတွက် ကြွက်ဦးရေလျော့ကျလာသလောက် မြွေဦးရေသိသိသာသာ တက်လာ၏။ သို့ဖြင့် မြွေကိုက်ခံရသည့် လယ်သမားအရေအတွက်လည်း တက်လာ၏။ မြွေအန္တရာယ်ကာကွယ်ရေး တောစီးလည်ရှည်ဖိနပ်လည်း အလုံအလောက်မရှိ။ မြွေဆိပ်ဖြေဆေးလည်း ပေါပေါလောလောမသုံးနိုင်သည့်ဗမာပြည်တွင် တနှစ်တနှစ် ပိုးထိပြီးသေရသည့် လယ်သမားစာရင်းလည်း ရှည်ရှည်လာ၏။ ဤတွင် မြွေနှိမ်နင်းရေးများလည်း လုပ်ရပြန်၏။ အစကတော့ မြွေတွေ့ရင်သတ်နှင့်စခဲ့ပြီး နောက်တော့ ရှာသတ် သတ်ရ၏။ ထိုအဆင့်လောက် အထိ ဘာပြဿနာမှ မပေါ်သေး။ မြွေဆိုးတို့ ကြမ္မမဆိုးသေးဟုဆိုရမည်။

မြန်မာပြည်တွင် မြွေသားစားသူဘယ်လောက်ရှိသလဲတော့ ကျနော်လည်းမသိ။ စားတော့စားကြ၏။ စားသည့်နေရာတွင်လည်း အဆိပ်မရှိသည့် လင်းမြွေလို မြွေပတုတ်လိုမြွေမျိုးသာစားလေ့ရှိကြ၏။ နောက်တော့ ဘယ်သူကစတင်တွေ့ရှိသည်မပြောတတ်။ မြွေတွင် မြွေပွေးသား စားအကောင်းဆုံးဆိုပြီး ဖြစ်လာ၏။     ဤတွင် မြွေဆိုးတို့ဘေးဆိုးဝင်ကာ ကြမ္မာငင်တော့၏။ စားသူများလာသည့်အလျှောက် ဝယ်လိုအားနှင့်ဈေးကွက်ရှိလာပြီး ကြက်သားထက်ပင် ဈေးကောင်းလာတော့၏။ မူလက ကြွက်ရန်ကိုလူနှင့်အတူကူတိုက်ရာက တစတစအင်အားကြီးထွားလာပြီး လူကိုရန်မူတာများတော့ တိုက်ဖော်တိုက်ဘက်အဖြစ်မှ ရန်ဘက်ဖြစ်ခဲ့သည့်မြွေသည် ယခုတော့ လူ၏အစားခံဘဝ။ ဈေးကွက်၏ရောင်းကုန်အဖြစ် မျိုးကန်းရမည့်အခြေသို့ဆိုက်ရတော့၏။ ထွန်ရေးငင်ချိန်မှ တလင်းသိမ်းချိန်တိုင်မကတော့ အချိန်ရှိသမျှမြွေမုဆိုးတို့ တောတိုးကာမြွေလည်ကြ၏။ မြွေပွေးဆိုလျှင်တွေ့ရာသင်္ဂျီုင်းဓါးမဆိုင်းတွေဖြစ်လာ၏။ မြွေပွေးအပေါဆုံးနှင့် အစားအခံရဆုံးနယ်များတွင် မင်းလှမိုးညိုလည်းပါမည်ထင်၏။

ကျနော်မိုးညိုကိုရောက်သည့်နှစ်က လယ်တွေကြွက်ဖျက်လိုဆိုကာ လယ်သမားတွေအကြီးအကျယ် ညည်းသံကိုကြားရ၏။ ကျနော်က ကြွက် နှိမ်နင်းရေးမလုပ်ကြဘူးလားဟု မေးကြည့်တော့ လုပ်တာပေါ့..မလုပ်ပဲနေမလား၊ လုပ်လည်း လုပ်လုပ်ပဲရှိတာလေ၊ ဒီကောင်တွေက လူမနိုင် နှိုင်လောက်အောင်ကို ပေါက်အားကောင်းပြီး အပွားမြန်တဲ့ကောင်တွေကွ၊ အရင်က မြွေပေါသေးတော့ နည်းနည်းတော့ တော်သေးတာပေါ့။ အခုဟာက မြွေကလည်းမရှိတော့သလောက်ဆိုတော့ ဒီကောင်တွေပြန်ခေါင်းထောင်ထလာတာပဲ ဟုဆို၏။ သို့ဖြင့် ကြွက်ဖျက်စပါးခင်းတွေ များလာ၏။ နောက်တော့ စပါးခင်းကနေ ကိုင်းတွေ ကျွန်းတွေတောင်ယာတွေအထိ ကြွက်တို့နယ်ချဲ့လာကြ၏။ လူ့ စားနပ်ရိက္ခာတို့ကို လုယူဖျက်ဆီးကြ၏။ ရောဂါဘယတို့ သယ်ဆောင်လာကြ၏။ သဘာဝတရားကြီးတွင် ဟန်ချက်ရှိ၏။ လူ၊ ကြွက်နှင့်မြွေတို့တွင်လည်း သဘာဝတရား၏ဟန်ချက်ရှိ၏။ ထိုဟန်ချက်တနေရာရာမှ စပျက်လျှင်တစုံလုံးပျက်ကာ အဆိုးသံသရာတွင်လည်ကြ၏။ ထို့ကြောင့် သဘာဝတရား၏ ဟန်ချက်သည်မဖျက်စကောင်း။ ဖျက်လို့မရ။ မဖျက်အပ်ဟုဆိုကာ သဘာဝဝါဒီတို့က ကမ္ဘာတဝှမ်းလှုံ့ဆော်မှုတွေလုပ်ကာ ရှေ့ထွက်လာကြ ခြင်းဖြစ်၏။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကလည်း သိတ်ဘဝင်မခွေ့ကြ။ တလောကဖြစ်ခဲ့သည့် မက္ကဆီကိုပင်လယ်ကွေ့ ရေနံတူးစင်ကပိုက်ပေါက်ကာ ရေနေသတ္တဝါတွေသေရုံမက ပတ်ဝန်းကျင်သဘာဝကြီးပါထိခိုက်ပြီး နိုင်ငံရေးကိစ္စအထိပြဿနာတွေတက်ခဲ့ရ၏။

ရေနံသည်ခေတ်၏ လူ့ဘောင်၏လိုအပ်ချက်ဖြစ်၏။ ရေနံလိုချင်လျှင် ကမ္ဘာမြေ၏ရင်ဝကိုမဖေါက်ပဲမရ။ ဓါတ်သတ္ထုလိုလျှင် ကမ္ဘာမြေ့ရင်ကို မခွဲလို့မရ။ ရေအားလျှပ်စစ်လိုလျှင် ချောင်းမြစ်တို့မနာမကျင်ပဲမရ။ ဒါဆို ပေါက်ပေါက်၊ ပြဲပြဲ၊ နာနာမတတ်နိုင်ဘူး။ ဖေါက်စရာရှိဖေါက်မှာပဲ ခွဲစရာရှိခွဲမှာပဲဆိုပြီး တဇောက်ကန်းစိတ်ဖြင့် ရမ်းလို့တော့မဖြစ်။ ချင့်ချိန်ရမည်။ အချုပ်အခြာအာဏာနယ်ကမြေသည် နိုင်ငံသားတို့၏အမိမြေဖြစ်၏။ မြေကမ္ဘာသည် လူသားတိုင်း၏ အမိမြေဖြစ်၏။ အမိမြေများ ဖျက်ဆီးခံရလျှင် ရင်နာဖွယ်ဖြစ်ရ၏။  လူသားဆန်သည့်လူသည် ဘယ်အမိမြေကိုမှနာကျင်အောင် ရင်နာအောင်မလုပ်အပ်။ လူ့ဘောင်ကောင်းကျိုးနှင့်လိုအပ်ချက်အတွက် ကမ္ဘာမြေကိုမဖြစ်မနေ နာကျင်အောင်လုပ်မှရတော့မည်ဆိုလျှင်လည်း အတတ်နိုင်ဆုံး အနာအကျင်သက်သာအောင် သက်သက်ညှာညှာလုပ်ရမည်ဖြစ်၏။ ဒါက ကမ္ဘာမြေကိစ္စ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ။

နောက်တခုက အမွေကိစ္စနှင့်လူကိစ္စ။ လူသားတို့ထိန်းသိမ်းစောင့်ရှောက်အပ်သည့်အရာများတွင် ယဉ်ကျေးမှုပါသလို ထိုယဉ်ကျေးမှုများ ထွန်းကားစည်ပင်ရာနှင့်ဆက်နွယ်သည့် တနည်းပြောရလျှင် လူ့ယဉ်ကျေးမှုသမိုင်းနှင့်နွယ်သည့် အရာများလည်းပါ၏။ လူ့သမိုင်း၏အရိုင်းဆန်သည့်အဖြစ်အနေမှ ယဉ်ကျေးရာအရုံဦးတို့သည် လွင်ပြင်ကျယ်မြေနိမ့်မြစ်ဝှမ်းများတွင် လာဖူးကြပွင့်ကြဝေခဲ့ကြရ၏။ ယူဖရေးတီးစ်နှင့်တိုက်ဂရစ်၊ နိုင်းလ်မြစ်နှင့်ဂင်္ဂါ၊ မြစ်ဝါနှင့်ဧရာဝတီတို့သည် လူသား၏သမိုင်း။ လူသား၏ယဉ်ကျေးမှု။ လူသား၏ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်။ ယဉ်ကျေးပြီးယဉ်ကျေးမှုကို ထိန်းရကောင်းမှန်းသိသူသည် ယဉ်ကျေးမှုအမွေအနှစ်နှင့် ယင်း၏တန်ဖိုးကိုသေချာစွာနားလည်၏။ ထိုသို့နားလည်မှလည်း ထိုသူအားလူယဉ်ကျေးဟုဆိုအပ်၏။ ယဉ်ကျေးမှုရှိ၍သာ လူသည်ယဉ်ကျေးရခြင်းဖြစ်၏။ ယဉ်ကျေးသူသည်အမွေအနှစ်ကိုချစ်၏။ မိမိချစ်ရာအမွေအနှစ်ကို မည်သူမျှမစွန့်လွှတ်ချင်။ မိမိချစ်သည့်အမွေအနှစ်တွင် ဘိုးစဉ်ဘောင်ဆက် ဓါးမဦးချထွန်ယက်စိုက်ပျိုးခဲ့သည့်မြေ၊ ချက်မြုတ် ရာနှင့်ခေါင်းချရာမြေလည်းပါ၏။  သည်မြေကိုဘယ်သူမှမမေ့ရက်။ လူ့ဘောင်၏လိုအပ်ချက်အတွက် ယဉ်ကျေးမှုကိုဖျက်ခြင်း၊ ချစ်မြတ်နိုးရာ အမွေအနှစ်ကိုဖျက်ခြင်း၊ အဓမ္မစွန့်လွှတ်ခိုင်းခြင်းကား မလုပ်အပ်။ မလုပ်ထိုက်သည့်ကိစ္စဖြစ်၏။ ယဉ်ကျေးမှုအမွေနှင့် ချစ်အပ်သောအရာကို မြတ်နိုးသူတို့အား ထိခိုက်ပျက်စီးစေလိုစိတ်သည် လောကဖျက်တတ်သူတို့အတွေးမှလာသည့် အကုသိုလ်စိတ်သာဖြစ်၏။

နောက်တခု အခွင့်အရေးကိစ္စ။ လူသည်မမွေးခင်ကပင် အုပ်ချုပ်မည့်သူရှိနေပြီးသားဆိုသည်မှာ မှန်သော်လည်း လူသားတိုင်းတွင် မွေးရာပါ အခွင့်အရေးသည်တန်းတူရှိ၏။ ထိုအခွင့်အရေးသည် သူတပါးပေးမှရသည့်ကိစ္စမဟုတ်။ ရအောင်လုပ်ပြီးယူရသည့်ကိစ္စဖြစ်၏။ ထို့အတူ လူချင်းအတူတူ လူတယောက်က အခြားတယောက်၏အခွင့်အရေးကို ချိုးဖေါက်ခွင့်ဘယ်သူ့တွင်မှမရှိ။ ချိုးဖေါက်လာလျှင်ချိုးဖေါက်သူအား အာခံတိုက်လှန်ပိုင်ခွင့်လည်းရှိ၏။ တိုက်လှန်ရာတွင်လည်း ကြိုက်သည့်နည်းသုံးခွင့်ရှိ၏။ ကြိုက်သည့်နည်းသုံးခြင်းအတွက် ဘယ်သူ့ဘယ်သူမှ အပြစ်ဖို့နေစရာမလို။ မိမိ၏၊ မိမိတို့၏မွေးရာပါအခွင့်အရေးဖြစ်သည့် ဓါးမဦးချမြေ၊ ချက်မြုတ်ရာနှင့်ခေါင်းချရာမြေတွင် လွတ်လပ်စွာအခြေချနေထိုင်ခွင့် လူတိုင်းတွင်ရှိ၏။ လူသည် လူပီသစွာလူ့ဂုဏ်သိက္ခာနှင့်အညီနေနိုင်ရန် လူ့အခွင့်အရေးရှိကိုရှိရမည်။  ထိုအခွင့်ကိုထိပါးသူအား တိုက်လှန်ခြင်းသည်တရား၏။ မျှတ၏။ မတရားသဖြင့်တောင်းဆိုမှုမဟုတ်။ အဓမ္မမှုမဟုတ်။

ယခု ဧရာဝတီကို လူ့ဘောင်၏လိုအပ်ချက်ဟုဆိုကာ အညှာအတာမဖက် ရက်စက်ကြတော့မည်။ အမိမြေကို၊ ကမ္ဘာမြေကိုနာကျင် အောင်ပြုကြတော့မည်။ သဘာဝတရားကို၊ သဘာဝတရား၏ဟန်ချက်ကိုဖျက်ကြတော့မည်။ ယဉ်ကျေးမှုကို၊ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ကြတော့မည်။ လူသားကို၊ လူသားမွေးရာပါအခွင့်အရေးကို ထပ်ပြန်တလဲလဲချိုးဖေါက်ကြဦးတော့မည်။ လောက၊ မြေကမ္ဘာ၊ ယဉ်ကျေးမှု အမွေ၊ လူ့တန်ဖိုးဂုဏ်သိက္ခာကို ရစရာမရှိအောင်ဖျက်ကြတော့မည်။

ကြွက်နှင့်မြွေ၏ သဘာဝဟန်ချက်ကိုဖျက်မိသဖြင့် လူ့အကျိုးစီးပွားပျက်ရ၏။ လောက၏ သဘာဝ၏ဒဏ်ခတ်ခြင်းဖြစ်ရ၏။  ထိုဒဏ်ကို ဖျက်သူလောက်သာ ကွက်ခံရသည်မဟုတ် ဝင်မဖျက်သူလည်းခံရ၏။ ဖျက်သူတို့ဖျက်ခြင်းကြောင့် မဖျက်သူများလည်းပျက်ကြရပြန်၏။ သူတို့ဖျက်သည့်ဒဏ်ကို ကိုယ်ပါရောခံဝင်ခံပေးရတော့မည်။ ဆိတ်ဆိတ်မနေခြင်းဖြင့် ထိုဒဏ်ကိုကာကွယ်နိုင်၏။ ထို့ကြောင့် လောကကို၊ သဘာဝတရားကို၊ ယဉ်ကျေးမှုကို၊ လူ့တန်ဖိုးနှင့်ဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးပြုသူများအား ရောက်သည့်နေရာမှ ရသည့်နည်းဖြင့်တိုက်လှန်ခြင်းသည် လောကကို၊ သဘာဝတရားကို၊ ယဉ်ကျေးမှုကို၊ လူ့တန်ဖိုးနှင့်ဂုဏ်သိက္ခာကို ကာကွယ်ခြင်းသာဖြစ်ရ၏။
မျိုးမြင့်ချို

0 comments:

Post a Comment