Sunday, September 25, 2011

“ဈေးစကားနားထောင်ကြည့်ရာက ရသည့်အတွေး”(မျိုးမြင့်ချို)

0 comments
“ဈေးစကားနားထောင်ကြည့်ရာက ရသည့်အတွေး”
လူချင်း အနှစ် ၂ဝ ခန့်ကွဲနေသည့်မိတ်ဆွေတဦးနှင့် အွန်လိုင်းပေါ်တွင် ရံဖန်ရံခါတွေ့ဖြစ် သည်။ တွေ့လျှင် စနှုတ်ဆက်တတ်ကြသည့်စကားက “ဘာထူးသေးလဲ”ဖြစ်၏။ ထူးခြား တာလေးတွေနှင့်စပြီးပြောရင်း အမြင်တူညီမှုဖြင့်လက်စသတ်သည့်အခါရှိသလို သောင် မတင်ရေမကျနှင့် ဖြတ်လိုက်ကြသည်လည်းရှိ၏။ ဘယ်လိုပဲဖြစ်ဖြစ် မတူကြ၍သာအမြင် ချင်းဖလှယ်ကြခြင်းဖြစ်၏။ အမြင်ချင်းဖလှယ်ကြည့်မှ တူတာမတူတာတွေထွက်၏။ အမြင် ချင်းဖလှယ်ဖို့ လူချင်းတွေ့ကြည့်စကားပြောကြည့်ရမည်ဖြစ်၏။ သို့မှသာ ဘာတွေတူ၍ ဘာတွေကွဲသိရမည်။ “တူတာတွေထားပြီး မတူတာတွေအပေါ်” ဆက်ဆွေးနွေးကြ
ပြောဆိုကြရတာဖြစ်၏။ နောက်တဆင့်မှာမှ တူသရွေ့အမြင်တွေကို  ဘယ်လိုပုံဖော်မလဲဆိုသည့် လုပ်ဟန်နှင့်နည်းနာကိစ္စကို ဆက်ဆွေးနွေးရန်ရှိ၏။ အခုဟာက “မတူတာတွေဘေးထားပြီး ဆွေးနွေးကြရအောင်” ဆိုတော့ ဒါဆိုရင် ဘာလုပ်ဖို့တွေ့ကြတာပါလိမ့်ဆိုပြီး ကြောင်တက်တက်ဖြစ်ရ၏။ မတူတာတွေဆွေးနွေးဖို့လူချင်းတွေ့ကြတာမဟုတ်ဘူးလားဟုလည်း ကိုယ့်ဘာသာပြန်မေးရပြန်၏။ နားမရှင်း စိတ်မလင်း။ ထားတော့။ တွေ့တော့တွေ့ကြ၏။ တွေ့ဆုံခြင်းနှင့်တွေ့ဆုံဆွေးနွေးခြင်းသည် စကားလုံးအရာကွာခြားခြင်း သက်သက်မျှမဟုတ်ဟုဆိုသည်ကို လူတိုင်းလို ကျနော်လည်းသဘောပေါက်နားလည်ထား၏။

အရင် အမြင်ဖလှယ်ဖို့လူချင်းတွေ့ကြည့်ခြင်း။ ပြီးတော့ တူရာအမြင်စုခြင်း။ နောက် တူသည့်အမြင်ကို အကောင်အထည်ဖော်မည့် လုပ်ဟန်နှင့် နည်းနာရှာကြံခြင်း။ အပြီးသတ်ကျမှ လူအများလက်ခံပြီး ရလာဒ်ကောင်းထွက်လာခြင်းနှင့်အောင်မြင်ခြင်း။ 
ထိုအဆင့်တိုင်းတွင် ဘက်သဘောရှိ၏။ အပေးအယူအလျှော့အတင်းရှိ၏။ နိုင်ငံရေးဈေးကစားရ၏။ သေချာတာက ကစားပွဲတိုင်းတွင် တထိုင်တည်းနှင့် ၂ ဘက်စလုံး ဘယ်တော့မှလက်ကုန်မလျှော့။ လျှော့လို့မရ။  “နောက်တော့ဖြည်းဖြည်း”တွေ ချန်ထားရ၏။ မချန်လို့မရ။ ကီးပလေးယာမကလို့  သိကြားမင်းဖြစ်ဖြစ်  နောက်အားကိုကျားကန်ချိန်ဆပြီးမှ ပလေးကြရခြင်းဖြစ်၏။ နောက်အားမရှိသူ ကီးပလေယာမဖြစ်။ ကီးပလေယာတွေ ခွာလိပ်ပြီဆိုလျှင် နောက်အားဖြင့်ကျားကန်ဖို့ခက်ကာ စကားဝိုင်းအညွန့်ချိုးခံကြရသည်လည်းရှိ၏။

အခု ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်၊ ဦးသိန်းစိန်တို့တွေ့ဆုံကြ၏။ တွေ့သည့်အခါ အမြင်ခြင်းဖလှယ်ကြတာသေချာ၏။ ထို့ကြောင့် “သူ့အပေါ်ကိုယ်ဘယ်လိုမြင်တွေ” ထွက်လာခြင်းဖြစ်၏။ ၂ ဦး ၂ ဘက်တွေ့ဆုံပြီး အမြင်ဖလှယ်နေသည့်
အဆင့်တွင်ရောက်နေပြီဟု တထစ်ချပြောနိုင်သော်လည်း တွေ့ဆုံဆွေးနွေးနေကြပြီဟု ယတိပြတ်မည်သူမျှပြောလို့မရ။ ဒါကိုတချို့က “အပြည့်အဝထောက်ခံ” တချို့က “သတိနှင့်စောင့်ကြည့်” တချို့က “သို့လော သို့လော”။ သံခင်းတမန်ခင်းတွေ၊ ရွှေလမ်းငွေလမ်းတွေ၊ တက်ထောင်တာတွေ၊ မိကျောင်းမင်းရေခင်းပြတွေ၊ နွားရှေ့ထွန်ကျူးတွေ၊ ဘုန်းကြီးစာချတွေ၊ အစကငါမပြောလားတွေ၊ ကျား ကျား မီးယပ်တွေ၊ လက်ပန်းပေါင်းခတ်တာတွေနှင့် အုတ်အော်သောင်းတင်း ဖြစ်လာသည်ကိုးကားငြင်းမရ။ ဂယက်မျှမဟုတ်။ ထို့ထက် ပို၏။ လှိုင်းဆန်ဆန်လှုပ်ခြင်းလားဟု တွေးမိနေ၏။

တဆက်တည်း “အပြောင်းလဲ” ဆိုသည့်စကားလည်း ခုတလော တာအလွန်စား၏။ လှည့်ပြောင်းလို၍၊ ပေးချင်ယူချင်တာရှိ၍သာ တွေ့မယ်ဟုလုပ်လာခြင်းဖြစ်မည်ဆိုသည်ကိုမူ မျက်ခြေတော့မပြတ်။ တဘက်က “မရောင်းပါဘူးဆိုသူအား ချိန်သာချိန်ပါ” ပြော ရသည့် အခြေအနေမှလွတ်လာပြီး၊ အခြားတဘက်တွင်လည်း “ရောင်းတော့ရောင်းမယ်”ဆိုသည့် လေသံပစ်လို့ရသည့် 
အနေအထားဖြစ်လာလို့ဟုမြင်၏။ ဘာပဲဖြစ်ဖြစ် မတွေ့ရပဲ၊ မတွေ့ကြပဲနေသည်နှင့်စာသော် တွေ့ကြသည်က ကောင်း၏။ တွေ့လျှင် ရောင်းသူဘက်ကဖွင့်ဈေးပြော၊ ကြိုက်ဈေးခေါ်မည်လည်းဖြစ်၏။ သူလိုချင်သလောက်ရမရနှင့် ပေးနိုင်မပေးနိုင်ကိုမူ ဝယ်သူဘက်ကချိန်ဆရမည်ဖြစ်သည်။ ဝယ်သူပေးနိုင်သည့်ဈေးသည် ပေါက်ဈေးဖြစ်လိမ့်မည်။ ရောင်းသူဘက်ကလည်း ပေါက်ဈေးထက်တော့ပိုလိုချင်လို့မရ။ ရောင်းသူဝယ်သူအသံတူမှလည်း အရောင်းအဝယ် ဖြစ်ရမည်။

ရောင်းသူဘက် ကျားကန်ထားသည့်နောက်အားသည် လွှတ်တော်မဟုတ်။  အစိုးရအဖွဲ့မဟုတ်။ စစ်အုပ်စုအကျိုးစီးပွားဖြစ်၏။ ထို အကျိုးစီးပွားအား  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(အကလ)နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကာပေးထား၏။  (အကလ)နှင့် ၂ဝဝ၈ ကို အစိုးရနှင့်လွှတ်တော်က သစ္စာခံရ၏။ ထိုအကျိုးစီးပွားနောက်ခံအားကိုကျားကန်ပြီး ဈေးဖွင့်မည်သေချာ၏။ ထိုအကျိုးစီးပွားကို မထိရ။ ထိလို့မရ။ သွားထိလို့မရအောင် အစီအမံလုပ်ပြီးသားဖြစ်၏။

ဝယ်သူဘက်က ကျားကန်ထားသည့်နောက်အားသည် လူထု(လက်နက်ကိုင်/လက်နက်မကိုင်၊ ပြည်တွင်း/ပြည်ပ)နှင့် 
တိုင်းပြည်အကျိုးစီးပွား။ ထိုအကျိုးစီးပွားသည် ၂ဝဝ၈နှင့် ဖြောင့်ဖြောင့်ကြီးသွားဆန့်ကျင်နေ၏။ (အကလ)နှင့် ထိပ်တိုက်ကြီးတိုးနေ၏။ တိုးပင်တိုးငြားလည်း ဈေးစကားပြောလျှင် ထိုအကျိုးစီးပွားလက်ဆုပ်လက်ကိုင်နှင့်ပြောရတော့မည်။ လက်လွှတ်လို့မရ။ လက်အလွှတ်ခံလို့ မရ။

၂ ဘက်စလုံး ကိုယ့်အထိုင်ပေါ်မှ အပေးအယူ၊ အလျှော့အတင်း၊ အတိုးအဆုတ်တွေနှင့်စခန်းသွားကြတော့မည်။ ရောင်းသူဝယ်သူ အသံတူပြီး ပေါက်ဈေးအတိုင်းဖြစ်သော်ကောင်း၏။ ဖြစ်မှလည်းကောင်း၏။ ဖြစ်မည်မဖြစ်မည်ကိုကား ကံသေကံမ ပြောမရ။မပြောတတ်။ မျိုးမြင့်ချို ၉၊၂၄၊၁၁

0 comments:

Post a Comment