Tuesday, September 20, 2011

ရှိတ်ကားစ်ရွာ၊ သာကီဝင်နှင့်မျိုးဖျောက်ချင်သူများအကြောင်း(၁)(မျိုးမြင့်ချို)

0 comments
ဗိုလ်ခင်ညွန့် မိုးကောင်းတုန်းက သူ့နှုတ်ထွက်မိန့်တွေ ဗျာဒိတ်လိုလိုနှင့်တမိုးလုံးဖျောက် ဆိတ်ဖြစ်ခဲ့သည်ကို ပြန်အမှတ်ရမိနေ၏။ သူက ဓါးထက်သလောက်လက်သံ လည်းပြောင်၏။ “မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေရမည်” ဆိုပြီး လုပ်တော့ ထောင်ထဲမှာကိုညွန့်ဇော်က “ဘာလဲ.. ထုတ်ဆီးတိုးနဲ့ကြက်ဖခွပ် တမ်းလား”ဟု လှမ်းထေ့ဖူး၏။ “အမျိုးပျောက်မှာစိုးကြောက်ပါသည်” ဆိုတုန်းကလည်း အပြင်ကသူငယ်ချင်းတယောက်က  “ကြောက်တော်မူရင် ပေါက်ဖော်သာယူလေ.. မမညွန့်” ဆိုပြီး အငေါ်တူးဖူး၏။ တချို့က ထိုကိစ္စကို ဒေါ်အောင်ဆန်းစုကြည်အား တဲ့(ဒဲ့)ချခြင်းသက်သက်ဟုမြင်ကြ၏။ မဖြစ်နိုင်စရာမရှိပါ။ နံမည်အရင်းတပ်ပြီးမပြောရုံ တမယ် ပုဂ္ဂိုလ်ရေးထိုးနှက်မှုများ။ ထိုခေါင်းစဉ်အောက်ကရေးသမျှစာကို နိုင်ငံခြားသားဆန့်ကျင်ရေးအကာသားနှင့်ဖုံးထားတာ ထင်ရှား၏။ စေ့စေ့တွေးလျှင်  သူတို့ တကယ်မပျောက်စေချင်တာက စစ်မျိုးစစ်နွယ်မှန်းပေါ်လွင်၏။ အာဏာနှင့်စပ်လျှင် လူမျိုး ကြီးဝါဒကိုကျင့်သုံးပြီး ဘယ်ဘာသာ ဘယ်လူမျိုးကိုမဆို ခြွင်းချက်မထား နှိပ်ကွပ်မည့်လူမျိုးကို ဆိုလိုကြောင်းပေါ်၏။

ဗမာ့တပ်မတော်တွင် စစ်ဗိုလ်စစ်သားများနိုင်ငံခြားသူနှင့်ယူလို့မဖြစ်။ မယူရဟုမပြော။ ယူလို့မရအောင်လုပ်ထား၏။ တိုင်းခြားသူ ကိုယူဖို့မဆိုနှင့် တပြည်ထဲနေလူမျိုးစုတွေထဲက ဗုဒ္ဓဘာသာမဟုတ်သည့် စစ်ဗိုလ်များစစ်ဘက်ရာထူးကြီးကြီးကို မျှော်လင့်လို့ မရတော့သည်မှာ ကြာပြီ။ ထို့ကြောင့် စစ်ဗိုလ်တချို့ အာဏာနှင့်ဘာသာလဲကြသည်လည်းရှိ၏။ ဘာမှပြောစရာမရှိ။ သူတို့ကိစ္စ။ သာသနာပြုမင်းလို့ကြွေးကြော်၊ ခံယူ၊ အပြလည်းလုပ်သည့် ထိပ်သီးတွေက ၂၀၀၇ တွင် ရတနာသုံးပါးမှတပါး လမ်းပေါ်ထွက်လာ ပြီး မေတ္တာပို့ရင်းသူတို့ကိုဆင်းခိုင်း၏။  ဒါကို  “တိုက်ရိုက်အာဏာခြိမ်းခြောက်မှု”အဖြစ်ယူပြီး “အာဏာနှင့်သံသရာ”လဲလိုက်၏။ သည်တော့ အောက်ကလူတွေ “အာဏာနှင့်ဘာသာ”လဲခြင်းအား နားလည်ရပိုလွယ်သွား၏။ ထိုသူတို့ နှုတ်ထွက် အမျိုးပျောက်မှာ စိုးကြောက်ခြင်းကိုလည်း ပိုထင်ရှားလာစေသည်ဟု ယူဆမိ၏။

စဉ်းစားရမှာတွေရှိလာ၏။ သူတို့အပြောအဆိုတွေတွင် အမျိုးပျောက်ခြင်းသည် ကြောက်စရာဖြစ်သည်။ ထို့ကြောင့် အမျိုး မပျောက်ရေးလုပ်ရမည်။ မပျောက်ရေးအတွက် လူမျိုးတူသာယူ။ လူမျိုးမတူသူကိုမယူနှင့်။ မတူသည့်လူမျိုးကို ယူလျှင်သွေးနှော ပြီး မျိုးမစစ်တွေဖြစ်လာမည်။ မျိုးမစစ်တွေသည်မျိုးမချစ်ကြ။ မျိုးစစ်မှမျိုးချစ်သည်။ ထို့ကြောင့် မျိုးချစ်ဖို့မျိုးစစ်ရမည်။ မျိုးစစ်ပြီး မျိုးချစ်ရေးအတွက် အမျိုးတူကိုသာယူဆိုသည့် လောဂျစ်တခုကို အတိအလင်းထူထောင်လိုက်၏။ ဗမာပြည်သည် နယ်ချဲ့နှင့် ဖက်ဆစ်အောက်တွင် နင်းပြားဖြစ်ဖူးခဲ့၏။ တိုင်းတပါးသားတို့၏ ချယ်လှယ်မှုကိုမချိမဆန့်ခံခဲ့ရ၏။ အမျိုးသားရေးဝါဒအခြေခံ ပဒေသရာဇ်ခေတ်လွန်ဗမာ့နိုင်ငံရေးစင်မြင့်သည် အမျိုး၊ ဘာသာ၊ သာသနာနှင့်ဖွင့်ရ၏။ နယ်ချဲ့သမား၊ အလိုတော်ရိနှင့်လူကပြား တို့၏ သစ္စာဖေါက်မှုလည်းခံခဲ့ဖူး၏။ သို့ဖြင့် တိုင်းတပါးသားအား အယုံနည်းခြင်းနှင့်အတူ ဆက်ဆံရမှာစိုးရွံ့စိတ်လည်း အထိုက် အလျှောက်အမြစ်တွယ်လာ၏။ ဂျပန်ဟုဆိုလျှင် ဖက်ဆစ်၊ အင်္ဂလိပ်ဟုဆိုလျှင် နယ်ချဲ့ဟုတွဲမြင် သူများလည်းရှိနေနိုင်သေး၏။ ဤတွင် ထိုသူတို့အကြား၌သူတို့တရား (လောဂျစ်) သည် အထိုက်အလျှောက်တာသွား၏။ တိုင်းတပါးသားနှင့် ထိမ်းမြားခြင်းသည် အပြစ်လိုလို၊ အမျိုးကိုသစ္စာဖေါက်တာလိုလို၊ အမျိုးဂုဏ်မစောင့်တာလိုလိုတွေ မြင်သူတွေမြင်လာ၏။

ဤတွင် ကျနော် ၂၀၀၉ ခု၊ ဒီဇင်ဘာထုတ် စတိုင်သစ်မဂ္ဂဇင်း အမှတ် (၁၃) မှ ဆောင်းပါးရှင်ကျော်လှိုင်-ဝိဇ္ဇာဂုဏ်ထူး၊ မဟာ ဝိဇ္ဇာ(သက္ကတ)၏ ဗုဒ္ဓ လောကသားတို့၏အားထားကိုးကွယ်ရာ (၁၂) ခေါင်းစဉ်နှင့်ဆောင်းပါးကို ပြန်အမှတ်ရမိ၏။ ဆောင်းပါး ရှင်က- ဗုဒ္ဓမြတ်စွာသည် ဗုဒ္ဓတ္ထစရိယပြီးစေကာမူ လောကတ္ထစရိယနှင့်ဉာတ္ထစရိယကိုလည်း ကျင့်တော်မူရ မြဲဖြစ်ကြောင်းပြောပြပြီး ရောဟဏီမြစ်ရေကိစ္စအပေါ် ကပိလဝတ်နှင့်ကောလိယမှသာကီဝင်တို့အချင်းချင်း စစ်ခင်းကြတော့မည့်ဆဲဆဲအခြေအနေ၌ ဗုဒ္ဓမြတ်စွာက ရန်ငြိမ်းကြောင်းတရားဟောပြီး စစ်ပွဲကိုစဲစေတော်မူကြောင်းကို အသေးစိတ်ရေးထား၏။ ထို့နောက် သာကီဝင်တို့၏အမျိုးမာန်ကြီးမှုကို- (သာကီဝင်တို့သည်အမျိုးမာန်ကြီး၏။ မိမိတို့ အမျိုးထဲမှာ အခြားအမျိုးရောမှာကိုလက်မခံ။ အမျိုးမစပ်မြတ်သောမင်းမျိုး…အသမ္ဘိန္နခတ္တိယ ဟူသောဂုဏ်ကိုထိန်းကြသည်။ ထို့ကြောင့်လည်း ဗုဒ္ဓနှင့်အမျိုးစပ်ချင်သောကောသလမင်းက သာကီဝင်မင်းသမီးတပါးပေးပါဟု တောင်းလာသောအခါ အမျိုးချင်းမတူသည့်အတွက် မဟာနာမသာကီဝင်နှင့်ကျွန်မကမွေးသော ဝါသဘခတ္တိယာကို သာကီဝင်မင်းသမီးလုပ်၍ပေးလိုက်ပါသည်။ ဤ ဝါသဘခတ္တိယာ မှာ ဝိဋဋ္နူဘကိုဖွားပါသည်။ ဝိဋဋ္နူဘအရွယ်ရောက်သောအခါ သာကီဝင်အဘိုးအဘွားတို့ထံ အလည်သွားသည်။ သူ့ကို ကန်တော့ မည့်သူတဦးမျှမရှိ။ သူကသာ သာကီဝင်တို့ကို ကန်တော့ခဲ့ရသည်။ သာဝတ္ထိသို့အပြန်တွင် သူထိုင်သွားရာနေရာကို “ကျွန်မသား ထိုင်သွားသောနေရာ” ဟု ကျွန်မတယောက်က နို့ရည်နှင့်ဆေးနေသည်ကို အကြောင်းအားလျော်စွာသိလိုက်ရသည်။ ဤတွင် သာကီဝင်တို့၏သွေးဖြင့် သူထိုင်သောနေရာကိုဆေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ထို့ကြောင့် သူမင်းဖြစ်သောအခါ သာကီဝင်တို့ကိုသတ်အံ့ဟု ကပိလဝတ်ပြည်သို့ စစ်ချီလေတော့သည်။ ဗုဒ္ဓလည်း ကပိလဝတ် သာကီဝင်တို့ကိုကာကွယ်ရန်အလို့ငှာ ကပိလဝတ်ပြည်တော်သို့ကြွတော်မူ၍ ကပိလဝတ်ပြည်အနီးအရိပ် ကျဲသောသစ်ပင်အောက် ၌ ထိုင်နေတော်မူ၏။ ထိုအပင်နှင့်မနီးမဝေးသောအရပ် ဝိဋဋ္နူဘ၏နယ်စပ်၌ အရိပ်ကောင်းသောညောင်ပင်တပင်ရှိ၏။ ဝိဋဋ္နူဘသည် ဗုဒ္ဓကိုမြင်လျှင် လာရောက်၍ရိုသေမြတ်နိုးရှိခိုးပူဇော်ပြီး-“အရှင်ဘုရား အဘယ်ကြောင့် ဤအရပ်သို့ ကြွလာတော် မူပါသနည်း။ တပည့်တော်၏နယ်စပ်၌ အရိပ်ကောင်းသော ညောင်ပင်ရှိပါသည်။ ထိုညောင်ပင်အောက်၌ထိုင်တော်မူပါ” ဟုလျှောက်၏။ ဗုဒ္ဓက “ရှိပါစေ မဟာရာဇ..ဆွေမျိုးတို့၏အရိပ်မည်သည်ကား အေးမြလှပါ၏။” ဟု မိန့်တော်မူ၏။ ဝိဋဋ္နူဘက “ဆွေမျိုးတို့ကိုစောင့်ရှောက်ရန် ဗုဒ္ဓကြွလာတော်မူခြင်းဖြစ်ပေလိမ့်မည်” ဟုသိ၍ ဗုဒ္ဓကိုရိုသေစွာရှိခိုးပြီး မိမိ၏စစ်တပ် ကို ပြန်လည်ရုပ်သိမ်းသွားလေ၏။
ဝိဋဋ္နူဘသည် ကပိလဝတ်သို့ ၃ ကြိမ်တိုင်စစ်ချီ၏။ ဗုဒ္ဓကလည်း ၃ ကြိမ်တိုင်တိုင် ကာကွယ်စောင့်ရှောက်တော်မူ၏။ သာကီဝင်တို့ အပေါ်အငြိုးကြီးလှသော ဝိဋဋ္နူဘသည် သာကီဝင်တို့ကိုမျိုးဖြုတ်ရန်အတွက် စတုတ္ထအကြိမ်စစ်ချီပြန်၏။ ဤ တကြိမ်တွင်မူကား ဗုဒ္ဓကြွတော်မူ၍ မတားတော့ချေ။ သာကီဝင်တို့ မလွဲမသွေပျက်စီးရတော့မည့်ကိန်း ဆိုက်ချေပြီဖြစ်ရကား ဗုဒ္ဓကြွသွားကာတား၍ ရတော့မည်မဟုတ်ချေ။ သာကီဝင်တို့သည် ဝိဋဋ္နူဘစစ်တပ်နှင့်ရင်ဆိုင်ရသောအခါ လေးအတတ်၌တဘက်ကမ်းခတ် တတ်သူများဖြစ်လင့်ကစား လူမသတ်သည့်မင်းများဖြစ်၍ ခြောက်ရုံလှန့်ရုံမျှသာ မြားကိုပစ်ပါသည်။ ဝိဋဋ္နူဘစစ်သည် တဦးတယောက်မျှ မြားမခချေ။ သို့သော် သာကီဝင်အမျိုးဇာတ်ကို ဝိဋဋ္နူဘသည် သာကီဝင်မှန်က နို့စို့ကိုမျှမကျန်ရစ်စေရဘဲ သတ်ဖြတ်ပါတော့သည်။ ဤနည်းဖြင့်သာကီဝင်တို့ ပြုတ်ပြုတ်ပြန်း၍အမျိုးဇာတ်ပါ ဆိတ်သုဉ်းခဲ့ရပါတော့သည်။
ယနေ့ မျက်မှောက်ကာလ၌ ဗုဒ္ဓဆွေတော်မျိုးတော်သာကီဝင်ကား ဤသူဤသူပင်တည်းဟု လက်ညှိုးထိုး၍ပြစရာတဦးတလေမျှ မကျန်တော့ချေ။ တဦးတလေကျန်သေးသည်ဆိုစေ၊ အချိန်တိုအတွင်းမှာ လုံးဝပျောက်ကွယ်ရချေတော့သည်။ အဘယ်ကြောင့် ဆိုသော် တပါးအမျိုးနှင့်မနှောသော အသမ္ဘိန္နခတ္တိယဂုဏ်ကိုထိန်းသည်ဖြစ်ရာ အဘယ်မှာ မျိုးပွားနိုင်အံ့နည်း။ သိပ္ပံသဘော အရလည်း ဆွေမျိုးရင်းချာချင်း အိမ်ထောင်ပြုသည်ဖြစ်ရာ အမျိုးဇာတ်ပျက်သုဉ်းဖို့ရာ ပို၍သေချာပါသည်။ အမျိုးပျောက်မှာ စိုးကြောက်စရာဟုတွေးကာ အမျိုးမပျောက်အောင် မည်မျှပင်ထိန်းထိန်း အမျိုးကတော့ပျောက်မှသေချာသည်။ ဗုဒ္ဓ၏သာကီဝင် အနွယ်တော်တို့ ဘယ်ရောက်ကုန်ပါသနည်း။ သံဝေဂရစရာပင်ဖြစ်သည်။ ငါတို့မြန်မာရှေးဟောင်းပျူလူမျိုးတွေကော ဘယ်ရောက် ကုန်ပါသနည်း။ လောကတွင်အမြတ်ဆုံး တန်ခိုးအကြီးဆုံး လူသားစွမ်းအားရှင်ဗုဒ္ဓကိုယ်တော်တိုင်ပင် မိမိ၏ အသမ္ဘိန္နခတ္တိယနွယ် ရိုး သာကီဝင်မင်းမျိုးတို့ အမျိုးဇာတ်မပျက်သုဉ်းရေးကို လုံ့လကြိုးကုတ်အားထုတ်၍ ရတော်မမူပါ။ ထို့ ကြောင့် လောကတံထွာဓမ္မတာအရ အမျိုးကတော့ပျောက်ကိုပျောက်ရမည်။ သို့သော် ထိုအမျိုးတို့ ရာဇဝင်တွင်ထင်ရှားရှိခဲ့ စဉ်ကဖြစ်ထွန်းခဲ့သည့် ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်ဖို့ကသာ အရေးကြီးပါသည်။
လောက၌ သာကိယဇာတ် ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗန်စံတော်မူသွားခဲ့ချေပြီ။ သို့သော် ဗုဒ္ဓဟောကြားတော်မူခဲ့သော ဒေသနာများ ထင်ရှားရှိနေရကား လောကမှာ ဗုဒ္ဓပေါ်ထွန်းနေဆဲပင် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့လူသားအားလုံးသည် ဗုဒ္ဓ၏ဓမ္မရိပ်၌ ခိုလှုံရင်း လောကီလောကုတ္တရာအကျိုးတရားများကို ခံစားနေကြရခြင်းဖြစ်ပါသည်။ ငါတို့မြန်မာနိုင်ငံ၌လည်း ငါတို့၏ရှေးဟောင်း ပျူလူမျိုးတို့သည် ရာဇဝင်တွင် အထင်အရှားရှိခဲ့လင့်စကား ယခုအခါ ပျူဟူ၍ တလူတယောက်မျှမရှိတော့ချေ။ သို့သော် ပျူစာပေ၊ ပျူယဉ်ကျေးမှုအမွေအနှစ်များကား မြန်မာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ကျန်ရစ်နေပေသေးသည်။ ထို့ကြောင့် ရှေးဟောင်းပျူလူတို့ ပျောက်သုဉ်းခဲ့ရလင့်စကား ပျူယဉ်ကျေးမှုများကိုကား တွေ့နေရဆဲပင်ဖြစ်ပါသည်။
အမျိုးပျောက်မှာစိုးကြောက်ပါသည်ဟူသော ဉာတတ္ထစရိယကို ဗုဒ္ဓတို့သော်မှလက်မှိုင်ချရသည်ဖြစ်ရာ ယဉ်ကျေးမှုမပျောက်အောင်သာ ကြိုးပမ်းကြရမှာဖြစ်ပါသည်)

ကျနော်ထိုစာကိုဖတ်၍ ဆင်ခြင်တွေးဆစရာတွေ တိုးလာ၏။ တကယ့်လူမျိုးကြီးတမျိုးလုံး ပျောက်ကွယ်သွားခဲ့ရသည့်လူမျိုးတွေ အကြောင်း ဖတ်ဖူးမှတ်ဖူး၏။ သူတို့ချန်ခဲ့သည့် ယဉ်ကျေးမှုလက်စလက်နများကိုထောက်၍သာ ဤသူတွေ ဤနေရာမှာ ဤသို့ကြီးကျယ်ခဲ့ဖူးပါလားဟု ယုံရ၏။ ယုံချင်စရာပင်မရှိ။  ထိုအတိုင်းပင် ယုံချင်စရာမကောင်းဘဲ ယုံလိုက်ရသည့်အဖြစ်တခုကို အမေရိကန်ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ်မှ မောင့်ပလဲဆင်န့်ဆိုသည့်အရပ်က Shakers Village ရွာရောက်တော့ ထပ်ကြုံပြန်၏။ သူတို့အဖြစ်က လူမျိုးတမျိုး၏အမျိုးဇာတ် ပျက်သုဉ်းသွားခြင်းမဟုတ်။ ဖျက်ဆီးခံရ၍ ပျက်ရသည့်အဖြစ်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် မျိုးဆက်ပြုတ်အောင်နေပြီး ရာချီသည့်လူတွေ ကမ္ဘာမြေပေါ်မှ တစတစပျောက်ကွယ်သွားကြခြင်းဖြစ်၏။
မျိုးမြင့်ချို (ဆက်ရေးပါဦးမယ်) ၂၀/၉/၂ဝ၁၁

0 comments:

Post a Comment