Tuesday, September 27, 2011

ကမ္ဘာမြေရွေ့နေပါသည်။(မျိုးမြင့်ချို) --/၁၁/၂ဝ၁၀

0 comments
ကမ္ဘာမြေရွေ့နေပါသည်။
“ကျနော်   ညတုန်းကဖျားလို့ဗျာ၊ အဲဒါဆေးမှူးက ထမင်းမစားနဲ့ဦး၊ ကော် ဖီလေးနို့လေးသောက်ဆိုလို့၊ အကိုတို့ဝိုင်းမှာများ နို့မှုန့်ရှိမလားလို့” ကျနော် စာခိုးဖတ်နေ ရင်း အသံကြားလို့မော့ကြည့်လိုက်တော့ ကိုညီညီ။ “ရှိတယ်၊ ကိုညီ ခဏလေး” ပြောပြီး ဟိုနှိုက်သည်နှိုက် လုပ်ရတော့သည်။ အနားတွင်ပုတီးစိတ်နေသည့် ကိုအောင်ခိုင်က အစအဆုံးကြားပုံရ၏။ စိတ်လက်စပုတီးကိုရပ်ပြီး ထလာ၏။ “ရော့ တဝက်လောက် ရှိသေးတယ်၊ ယူသာသွားတော့” “ဟာ..အများကြီးပဲ၊ နည်းနည်းခွဲယူသွားမယ်” “ရတယ် ကိစ္စမရှိဘူး၊ ယူသာသွား၊  ထောင်ဝင်စာနီးပြီ၊ လိုရမယ်ရဆောင်ထားတာပဲဟာ”
            ကျနော့် နို့မုန့်ထုတ်ကိုကြည့်ရင်း ကိုအောင်ခိုင်က “မှန်းစမ်း” ဟုဆိုကာ အထုတ်အောက်ခြေပိုင်းကိုကပ်ပြီး သေသေချာချာကြည့်၏။ “အင်း..သက်တမ်းတော့ မကုန်သေးဘူး၊ ကောင်းတော့ကောင်းဦးမယ် ထင်တာပဲ၊ မသေချာဘူး၊ ကျနော့်မှာအသစ်ရှိတယ် ကိုညီ၊ လတ်လည်းလတ်တယ်၊ အမျိုးအစားလည်းပိုကောင်းတယ် ကာနေရှင်း ပဲ၊ ရော့ ဒါယူသွား၊ အဲဒါ ပြန်ပေးလိုက်”ဟုဆိုတော့ ကျနော့်စိတ်ထဲ ခုတုတုဖြစ်သွားသည်ကို ကိုညီရောသူပါ ရိပ်မိပုံရသည်။ ကိုညီက အားတုံ့အားနာဖြင့် “ရပါတယ် ကိုအောင်ခိုင်၊ နေပါ့စေ၊ ကျေးဇူးပဲ၊ ကျနော် ဒါပဲယူသွားမယ်” “မဟုတ်တာ ကိုညီရယ် ကျနော်က စေ တနာနဲ့ပြောတာပါ၊ အဲဒါက တရုပ်လုပ်ကြီးဗျာ၊ ဖေါက်လည်း ဖေါက်ထားပြီးသားကြီး၊ သာမန်အချိန်သောက်ရင်တောင် အာဟာရ မပြည့်ပါဘူး၊ အခုဟာက ဖျားလည်းဖျားနေတာ၊ အားရှိဖို့လိုတယ်လေ၊ မတော် ဝမ်းတွေဘာတွေပျက်ရင် ဖျားနေရတဲ့အထဲ ပိုဆိုး မယ်၊ ရော့ ယူသာသွား အားမနာနဲ့” ပြောလည်းပြော ပေးလည်းပေးလိုက်သည်။ ကိုညီလည်း ယူသာသွားရသည် ကျနော့်ကို အားနာနေသယောင်။ ကာနေးရှင်းဘယ်လောက်ကောင်းမှန်း ကျနော်အသေအချာမပြောနိုင်သော်လည်း တရုပ်ထုတ် လိပ်ပြာနို့မှုန့် ကား ကျနော်တို့ငယ်ငယ်ကသောက်ခဲ့သည့် လူရည်ချွန်နို့မှုန့်လောက်မကောင်းကြောင်းသိပါသည်။ ယခု လူရည်ချွန်လည်း မရှိတော့။ ဈေးသက်သာပြီးအများသုံးလိပ်ပြာများ မြန်မာပြည်နေရာအတော်များများတွင် ပျံဝဲနေကြလေပြီ။
             ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဘုရားဖူးမှပြန်လာသည့် အမေ့နားတွင် ဆွေမျိုး၊ မိတ်ဆွေများဝိုင်းဝိုင်းလည်။ တချို့က အမေ့ကို နိုင်ငံခြားဆိုတာ ဘာနဲ့တူကြောင်း။ တချို့ ရာသီဥတုအကြောင်း၊ တချို့က အစားအသောက်အကြောင်း၊ တချို့ လေယဉ်စီးတဲ့ အကြောင်း၊ တချို့က မက္ကာမဒီနာအကြောင်း စုံနေသည်။ ဘေးကနားထောင်နေသည့်ကျနော်ကသာ မောနေသော်လည်း အမေ ကတော့မမောတမ်းပြန်ဖြေ၏။ နည်းနည်းလေးအချိန်လင့်လာတော့မှ အမေက ဆော်ဒီမှ သူဝယ်လာသည့် လက်ဆောင်ပစ္စည်းထုတ် ကို ထုတ်ခိုင်းပြီးဖြည်၏။ တော်တော်လေးစုံသည်။ ဒါတွေအားလုံးကို သူဆော်ဒီအာရေဗျက ဝယ်လာမှန်းကျနော်သိသည်။ အာရဗစ် စာများ ထွင်းထုရေးသားထားသည့် ဖန်တုံးဖန်ပြားလေးများ၊ ဘာသာရေးသမိုင်းဝင်နေရာများကို ရုပ်ကြွပုံသွင်းထားသည့်ဖန်ထည် များ၊ ပရောဖက်မိုဟာမက်ဝတ်ပြုခဲ့ရာ ကျောင်းတော်ပုံစံငယ်၊ အစ္စလာမ်ဘုရားဖူးအမျိုးသမီးဝတ်စုံ၊ ခြုံထည်များပုဝါများ၊ အစ္စလာမ် ဘာသာဝင်တိုင်း အထွဋ်အမြတ်တန်ဖိုးထားကြသည့် အမှတ်တရအောက်မေ့ဖွယ်များ စုံနေသည်။ ဒါက ဘယ်သူ့အတွက် ဒါက ဘယ်ဝါ့အတွက်ပြောပြီး ခွဲတမ်းချနေသည့်အမေ့ဘေးတွင်ထိုင်ကာ ကျနော်က ထိုပစ္စည်းများကို ကြည့်နေမိ၏။ လက်ရာလေးတွေက ဖန်စီဆန်ပြီးလှနေသည်။ သိပ်အခန့်ကြီးတွေမဟုတ်ကြ။ ဈေးကလည်း အလွန်သက်သာသည်။ လိုချင် သိမ်းချင်စရာလေးတွေ။ “ဟယ်..တရုပ်လုပ်တွေတော့” ဟုဆိုသည့် တအံ့တသြ အသံကြားတော့မှ သေချာကြည့်မိတော့၏။ ဟုတ်သည်။ ဘုရားဖူးပြန် အထွဋ်မြတ်အမှတ်တရပစ္စည်းတိုင်းတွင် နဂါးကြီးခံတွင်းမှ မှုတ်ထုတ်လိုက်သည့်မီးလျှံများ ဟပ်နေပြီကော။
            ကျနော်ထိုင်းရောက်တော့ ကွန်ပြူတာနှင် စတွေ့ရသည်။ ဒီ့အရင်က ကွန်ပြူတာဆိုတာ လက်နှိပ်စက်နဲ့တယ်လီဗေးရှင်းစပ် ထားတဲ့ ဟာလို့သာထင်၏။ နောက်တော့ အခန့်သင့်ပြီး ကွန်ပြူတာတလုံးဝယ်ဖြစ်ရန် ဖန်လာ၏။ နားလည်သည့်သူငယ်ချင်းတဦးက အကြံပေးသည်။ “ဒီမှာတော့ အိပ်ခ်ျပီနဲ့ ဒဲလ် လူသုံးများတယ်။ ခင်ဗျား သုံးမယ့်အနေအထားနဲ့ဆို အိပ်ခ်ျပီဝယ်တာပိုကောင်းတယ်..” ဆိုသောကြောင့် ကျနော် သူပြောတာပဲဝယ်မည်ဟု ဆုံးဖြတ်လိုက်သည်။ အိမ်ပြန်ရောက်တော့ သူကပဲ ဆင်ပေးသည်။ ကျနော် ဘေးထိုင်ကြည့်ငေးသူသက်သက်။ “ခင်ဗျား ဆော့ဖ်ဝဲအသစ်တချို့ ဝယ်ရမယ်။ ကျနော့်ရှိတာတော့ တခါတည်း အင်စတောလ်လုပ်ပေးသွားမယ်။” “ အင်းလေ၊ ခင်ဗျားပဲကြည့်ကျက် လုပ်ပေးပါ၊ ကျနော် နားလည်တာမဟုတ်တော့” “ရပါတယ် မနက်ဖြန်လောက်ပေါ့ဗျာ”။ “ဒါပေမယ့် တခုတော့ရှိတယ်နော် ကျနော် တရုပ်ပစ္စည်းတွေတော့ မလိုချင်ဘူး” “ဘာဖြစ်လို့လဲဗျ” “သူများတွေပြောတာပဲ တရုပ်ပစ္စည်းတွေက ညံ့တယ်တဲ့” “အင်းလေ၊ အမေရိကန်လုပ် ဂျပန်လုပ် အစစ်တွေလောက်တော့ မကောင်းဘူး၊ အမှန်ပဲ၊ ဒါပေမယ့် အခုခင်ဗျားရှိတဲ့ပိုက်ဆံနဲ့လည်း အဲဒါမျိုးတွေမဝယ်နိုင်ဘူးဗျ။ အခု ခင်ဗျားကွန်ပြူတာကိုယ်တိုင်က တရုပ်လုပ်လေဗျာ။ အလုပ်ဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေဆိုလည်း အပြင်က ကော်ပီတွေဝယ်တာ ဈေးပိုသက်သာတယ်၊ သုံးတော့လည်း မထူးဘူး၊ အတူတူပါပဲ” “အေးဗျာ..ကျနော်က မသိပါဘူး သူများတွေပြောလို့”  မိတ်ဆွေက “ကျနော်လည်း အကောင်းစားသုံးချင် တာပေါ့ဗျ၊ ဒါပေမယ့် ဒါနဲ့လည်းအလုပ်ဖြစ်နေတာပဲဟာ။ ငွေပိုကုန်လည်း ကိုယ်ကသုံးမှာဒီလောက်ပဲဆိုတော့ ဒါနဲ့ပဲကိုက်တယ်ဗျ”  “ အေးလေ.. ဒါဆိုလည်းပြီးတာပဲ”  သည်လိုနှင့် အနုထည်အကြမ်းထည် နည်းပညာနယ်ပယ်၏ အစိတ်အပိုင်းတချို့ကို ဂရိတ်ဝေါ တံတိုင်းကြီးနောက်ခံတွင် မြင်လာရ၏။
            ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို တောင်အာဖရိကတွင် လုပ်သွားသည်။ ကျနော်က ဘောလုံးပွဲကို ဝါသနာမပါလှ။ သို့သော် လူပြောများသော အကြောင်းအရာ ၃ ခုကိုတော့နားစွင့်မိ၏။  ဂျာမနီ ရေဘဝဲ၊ စင်္ကာပူ ကြက်တူရွေးနှင့် ဗူဗူဇီလာ။ ထိုရေဘဝဲ က ပွဲမစမီ ဘယ်အသင်းနိုင်မည် ရှူံးမည်ကိုကြိုဟော၏။ သူ ဟောသလို အမှန်များသည်ဟုလည်းပြောကြသည်။ တချို့က ရွှေရေဘဝဲလေးဆိုပြီး အချစ်ပိုကြသလို  တချို့က ရေဘဝဲစုတ်အသုတ်စာဖြစ်ချင်လို့ ဆိုပြီးကြိမ်း၏။ စင်္ကာပူကြက်တူရွေး ကတော့ ရေဘဝဲလောက်လူချစ်လူမုန်းမများသလို လူသိလည်းနည်း၏။ နောက်တခုက ဗူဗူဇီလာ။ အာဖရိကန်ရိုးရာ လေမှုတ်တူရိယာ။ ပွဲကြည့်စင်တွေကနေ  ဗူဗူဇီလာမှုတ်ကြတာ နားကွဲမတတ်။ ဒိုင်တွေလည်း စိတ်ညစ်၏။ ကွင်းထဲမှာ ဘောလုံးသမားအချင်းချင်းရော ဒိုင်တွေပါ တယောက်ကိုတယောက်မကြားရတော့။ နောက်ပိုင်းပွဲတွေမှာ ဗူဗူဇီလာမှုတ် တာတွေကိုတားပေးဖို့ ဘောလုံးအဖွဲ့ချုပ်ကို ဒိုင်တွေ၊ ဘောလုံးသမားတွေ၊ အသင်းနည်းပြတွေကတိုင်သည်။ အဖွဲ့ချုပ်က သူတို့ရိုးရာ တူရိယာဖြစ်သည်။ တားခွင့်မရှိ။ မတားစကောင်း ဟု အကြောင်းပြန်၏။  ပူညံပူညံနှင့်ပွဲသာပြီးသွားသည် ဗူဗူဇီလာသံတွေ ကွင်းထဲမှာ ညံတုန်း။ ကမ္ဘာ့ဖလားမှာ ဗူဗူဇီလာတွေ သန်းချီရောင်းလိုက်ရ၏။ ထုတ်လုပ်သူ၊ တင်ပို့ရောင်းချသူတွေ တော်တော်လေးပွသွားကြ သည်ဆို၏။  ဗူဗူဇီလာကား ရှေးတုန်းက စစ်ပွဲ၊ ဘာသာရေးနှင့်ရိုးရာအခမ်းအနားတွေမှာ  အာဖရိကတိုက်သားတွေသုံးသည့် ရိုးရာတူရိယာ။ သူက အာဖရိကမှာမွေးပြီး လူလားမြောက်သည့် အာဖရိကားသားအစစ်။ အခု ထိုအာဖရိကသွေးအစစ်သည် ယန်စီမြစ်ထဲကနေရေကူးပြီး သူ့ဇာတိမြေကဘောလုံးပွဲကို ဘယ်ကဘယ်လိုရောက်လာသည်မသိ။
            ကျနော့်နားလည်ထားချက်အရ တိုင်းပြည်တခု၏ အလံနှင့်နိုင်ငံတော်အမှတ်တံဆိပ်ဆိုသည်မှာ ထိုတိုင်းပြည်၏သင်္ကေတ။ အထွဋ် အမြတ်ပြုရာ။ အလံပေါ်တင်ထားသည့် သင်္ကေတရုပ်တို့ အမျိုးမျိုးဖြစ်နိုင်မည်။ အသေမဟုတ်။ ပြင်လို့ရ သည်။ ပြင်လည်းပြင်ကြသည်။  လက်ရှိသင်္ကေတကို လက်ရှိလူတွေက ကြိုက်လို့သုံးနေတာဖြစ်ဖြစ်၊ ကြောက်လို့လက်ခံနေရ တာဖြစ်ဖြစ် ကိစ္စမရှိ။ အကြိုက်နှင့်အကြောက်ပြောင်းလျှင် သင်္ကေတရုပ်လည်းပြောင်း၏။ တိုင်းပြည်တပြည်ကို သိမ်းပိုက်ပြီးပြီးခြင်း အရင်ဆုံးလုပ်သည်မှာ အလံလဲခြင်းဖြစ်သည်။ အလံဟောင်းနှင့်အတူ အလံဟောင်း၏အတိတ်ကို၊ မျိုးချစ်စိတ်ကိုချိုးပြခြင်းဖြစ်၏။  တချို့နိုင်ငံများ၏ အလံအပေါ်အလေးအမြတ်ပြုမှုက တချို့ နိုင်ငံတွေထက်ပို၏။ ဘယ်လောက်ပိုပို ဘယ်လောက်လျော့လျော့ သူတို့အလံကိုမီးရှို့လျှင် ဇောက်ထိုးလွှင့်လျှင် တိုင်းပြည်ကိုထိပါးခြင်းဟု ခံယူ ကြသည်။ အမေရိကန်အလံကို အတွင်းခံဘောင်းဘီ လုပ်ဝတ်လို့ရသော်လည်း မည်သူမျှမီးရှို့ခွင့်မရှိ။ ၉/၁၁ အမွှာမျှော်စင်ကြီးများနှင့် ပင်တာဂွန်ကို အစ္စလာမ်အစွန်းရောက်အချို့တိုက် ခိုက်ပြီးနောက်ပိုင်း အမေရိကန်မှာအလံထူတာတွေ ပိုများလာသည်ဟု ပြောသံကြားဖူးသည်။ ခပ်လှမ်းလှမ်းမှပင် မြင်နိုင်လောက်အောင်လွှင့်ထားသည့်ဧရာမအလံကြီးများ ကျနော်နေသည့်မြို့ကလေးတွင် အမြောက်အများရှိ သည်။ တခြား မြို့များတွင်လည်းထိုအတိုင်း။ “အရင်က အဲဒီအလံကြီးတွေမရှိ” ဟု မြို့ခံတွေကပြောပြသည်။ ၉/၁၁ အပြီးမှာ အမေရိကန်တွေ သူတို့အလံကိုပိုပြီး ချစ်လာကြတာများလား ဟု ကျနော်တွေးမိသည်။ အလံသည် တိုင်းပြည်၏သင်္ကေတ။ အလံကိုချစ်ခြင်းသည် တိုင်းပြည်ကိုချစ်ခြင်း။ အလံကို ဘီကီနီချုပ်ဝတ်ထားသည့် အမေရိကန်မတဦးကို “ဘာလို့ဝတ်လာလဲ” ဟု မေးကြည့်တော့ “ငါတို့အလံကိုမြတ်နိုးလို့ပေါ့” ဟု ဆို၏။ ချစ်ပုံချစ်နည်းများကွာသလောဟုတွေးစရာကောင်းသည်။
            ကျနော် ပြီးခဲ့သည့်အပတ်က ကိစ္စတခုဖြင့်မြို့ပြင်ဘက်ရောက်သည်။ အပြန်ကျတော့ လိုက်ပို့ပေးသူက အလာတုန်း ကနဲ့ မြင်ကွင်းမတူအောင် အခြားလမ်းကမောင်းပြီးပြန်မည်ဆိုသည်။ အလာတုန်းကလမ်းမှာ စက်ရုံအလုပ်ရုံတွေ မတွေ့ရသလောက် အပြန်လမ်းကြတော့ ပေါလိုက်သည့်စက်ရုံများ။ ကားအသွားအလာကလည်းထူသည်။ မီးပွိုင့်ခနခနမိပြီး ခရီးသိပ်မတွင်လှ။ ဘေးဘီ ကိုကြာကြာကြည့်ရသဖြင့် ကျနော်ကကြိုက်သည်။ ဖတ်လို့မီသမျှ ကြော်ငြာဆိုင်းဘုတ်တွေကိုဖတ်ရင်း မရှင်းတာတွေ သူ့ကိုမေးရ သည်။ စက်ရုံကြီးတခုနားရောက်တော့ မီးပွိုင့်အကြာကြီးမိသည်။ စက်ရုံကြီးဘေးမှာ စက်ရုံငယ်လေးတွေလည်းမြင်ရသည်။ သည်မှာ ကျနော် ဆိုင်းဘုတ်တခုဆီမျက်စေ့ရောက်သွား သည်။ Here!!! American Flags, Made in America, Buy one, Get one Free. သဘောကတော့ “ဟောဒီမှာ အမေရိကန်လုပ် အမေရိကန်အလံတွေနော်၊ တခုဝယ်ရင်တခုအလကားရမယ်” ဆိုခြင်းပင်။ ဖတ်ပြီး သူ့ကိုလှည့်မေးမယ်အလုပ်မှာပဲ သူက ရယ်ပြီး “ဘာလဲ.. မျိုး.. မင်း အံ့သြသွားလား..”တဲ့။ ကျနော်က “အင်း..” ဆိုတော့။ “အမေရိကန်အလံအများစုက တရုပ်လုပ်လေ၊ ဒီမှာလုပ်တာနဲ့ ဟိုကလာတာနဲ့ ဈေးကတော်တော်ကွာတယ်ကွ။ အရည် အသွေးကတော့ သိတ်မထူးပါဘူး.. ငါတို့လည်း တရုပ်လုပ်အမေရိကန်အလံတွေပဲ အသုံးများတယ် Made in China, of America ပေါ့ကွ” တဲ့။ ပြောပြနေသည့် သူ့အမူအရာနှင့်လေသံတွင် ထူးထူးခြားခြားမရှိ။ ပြောရိုးပြောစဉ်ကိစ္စတခုလို။ ကျနော် ကသာ တွေးနေမိသည်။ “မင်းကလည်းကွာ..တခြားပစ္စည်းတွေကတော့ထားပါတော့..အခုဟာက အလံလေကွာ”ဟု ကျနော့်စကား ကို သူက “ အလံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်လေ.. ကုန်ပစ္စည်းပဲမဟုတ်လား.. အရည်အသွေးတူပြီးဈေးသက်သာရင် သက်သာတာကိုပဲ ဝယ်မှာပေါ့၊ စီးပွားရေးအခြေအနေကလည်း မင်းသိတဲ့အတိုင်းပဲ.. မင်းဆိုရင်ကော..”တဲ့။ ကျနော် ဘာမှပြန်မပြောဖြစ်ခဲ့။
            စက်မှုလုပ်ငန်းများတဟုန်ထိုးတက်လာပြီး စက်မှုအရင်းရှင်ကြီးများ ကမ္ဘာပတ်အမြတ်ရှာနေချိန်။ အိမ်တွင်းမှုနှင့်အမျိုးသား ပိုင် တနိုင်လုပ်ငန်းလေးများ နေညိုစ။ စက်ယက္ကန်းများက လက်ယက္ကန်းများကို တွန်းတိုက်ဖယ်ချစ။ လက်လှည့်ဗိုင်းငင်စက်ကလေး တလုံးနှင့် မဟတ္တမဂန္ဓီကြီး။ ပြည်တွင်းဖြစ်ကိုအားပေးပါ ကြွေးကြော်သံနှင့်ပွဲဝင်ခဲ့သည့် ဗမာပြည်ဝံသာနုခေတ်အမျိုးသားရေး လှုပ်ရှားမှု။ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဘုံဝါဒတည်ဆောက်ခြင်း၊ တံခါးဖွင့်ဝါဒ၊  ဈေးကွက်စီးပွားရေး၊ ဂလိုဘယ်လ်လိုက်ဇေး ရှင်း၊ စီးပွားရေးအကျပ်အတည်းများ၊ ငွေကြေးဈေးကွက်ပြိုလဲခြင်း၊ ငွေတန်ဖိုးအနိမ့်အမြင့်၊ ပါဝါအပျော့အမာ စသည့် ကျနော် နားမလည်သည့် ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ရွေ့နေသည့်ကမ္ဘာမြေကား ကျနော်တို့ကားလေးနှင့်အတူ ကျနော့်အတွေးများနှင့်အတူ လိုက်ရွေ့နေပါပကော။

မျိုးမြင့်ချို (၂ဝ၁၀)

0 comments:

Post a Comment