ကမ္ဘာကြီးပေါ်မှာငါတို့ဟာ(အပိုင်း၂)ရည်မွန်
(ကောင်းကင်နိုင်ငံပြုအနုပညာမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်)
(၁)
ကမ္ဘာကြီးဟာ
ရန်သူမရှိရင် မနေတတ်တော့တဲ့ ကမ္ဘာကြီးဖြစ်ခဲ့ပြီလား။
ပြောရင်းဆိုရင်း ကဗျာဆရာ ကျောထဲကယားလာတယ်။
ကမ္ဘာဆုံးအောင် မုန်းမယ်လို့
ငါတို့
သီချင်းဖွဲ့ဆိုကြ
ကျောက်ပေါ်စာရေးထားခဲ့ကြ။
ဘယ်လောက်တောင် မုန်းသလဲဆိုရင်
ငါတို့သွေးတွေ နီရဲနေတာကိုပဲကြည့်။
(၂)
ကမ္ဘာကြီးဟာ
အိပ်ယာနိုးတာနဲ့
ရန်သူကို စပြီးသတိရတယ်။
(၃)
ငါတို့ဟာ
ငယ်ငယ်ကတည်းက
သေနတ်တွေကို ချစ်ခဲ့ကြတယ်။
သေနတ်ဝယ်ပေးဖို့
ငါ့အမေကို
ငါတို့
ပူဆာခဲ့ကြတယ် မဟုတ်လား။
ငါတို့အဖို့
သေနတ်ဟာ
တကယ့်ကို လက်ရာမြောက်
တိကျ
ဆွဲဆောင်မှုရှိ
အနုပညာလည်း ရှိပေရဲ့။
သေနတ်ဟာ
ကလေးကြိုက်
ကစားစရာပစ္စည်းတစ်ခုအဖြစ်က
“စ” ခဲ့တယ်ပေါ့။
သေနတ်ဟာ
ငါတို့နဲ့အပြိုင်
ကြီးပျင်းလာခဲ့တယ်ပေါ့။
သေနတ်ဟာ လူသားရဲ့
အံ့ဖွယ်တီထွင်ချက်ပေပဲ။
(၄)
ကမ္ဘာကြီးဟာ
မနက်လင်းတာနဲ့ ရန်သူလိုက်ရှာတယ်။
(၅)
တချို့အိမ်တွေမှာ
ပန်းအိုးတဖြစ်လဲ
ကြေးအမြှောက်ဆံတွေဟာ
ပြောင်လို့၊ ဝင်းလို့။
ပန်းအိုး မဖြစ်ခင်က
သူဟာ
လူ ဘယ်နှစ်ယောက်အပေါ်
အိမ် ဘယ်နှစ်လုံးအပေါ်
ကျရောက်ခဲ့ပါသလဲ။
အမှတ်သည်းခြေ
နည်းနည်းမှမရှိသော ကမ္ဘာကြီးပေါ့။
(၆)
“မြတ်သော မြေပေါ်
သွေးတို့သည်
ရေဆိုးမြောင်းနှယ် စီးကုန်၏။”
(၇)
ဘယ်လောက်တောင် မုန်းသလဲဆိုရင်
တစ်ယောက်ကို တစ်ယောက်
တစ်ခေတ်ကို တစ်ခေတ်
တစ်ဘဝကို တစ်ဘဝ
လက်ဆင့်ကမ်းပြီး မုန်းခဲ့ကြ။
အမုန်းမရှိရင်
စားမဝင် အိပ်မပျော်သော ကမ္ဘာကြီးဖြစ်ခဲ့ပြီ။
နောက်ဆုံး ငှက်ကလေးတွေကိုပဲဖြစ်ဖြစ်
ပစ်နေ၊ ခတ်နေ
လက်တည့်စမ်းချင်နေတဲ့ ကမ္ဘာကြီးဖြစ်ခဲ့ပြီ။
(၈)
ကမ္ဘာကြီးပေါ်မှာ
ကလေးတွေဟာ
သေနတ်ပစ်တမ်း ကစားနေဆဲ
မိမိကိုယ်ကို အတည်ပြုဖို့
ငါတို့ဟာရန်သူလိုအပ်တယ်။
ငါတို့မှာ ရန်သူရှိခြင်းအားဖြင့်
ငါတို့ရှိတာ သေချာခဲ့တယ်။
ရည်မွန်
နိုဝင်ဘာ ၃၀၊ ၂၀၀၂
0 comments:
Post a Comment