Monday, July 27, 2015

၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၄ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၄ (မျိုးမြင့်ချို)

(ရဲ စားတဲ့ဘိန်းမှာ သဒ္ဒတွေပါတယ်)
တနေ့လောက်တော့ ကျနော် စစ်သားဘဝတုန်းက မိုးမိတ်က ဘိန်းခန်းမှာ ဘိန်းသွားစမ်းရှူဖူးတဲ့အကြောင်း ပြောပြဦးမယ်။ တယောက်တည်းတော့မဟုတ်ဘူး။ ရဲကင်းက ရဲတပ်ကြပ်အိုကြီးတယောက်နဲ့အတူပေါ့။ သူက ရဲ။ ရဲမှ (သူ့ကိုယ်သူပြောတာ) ပြည်သူ့ရဲတဲ့။ ပြည်သူတွေ စေတနာရှိလို့ပေးရင်ကျွေးရင် ယူတယ်စားတယ်တဲ့။ “တာကော...ဆရာကြီးက ရဲနော်။ ရဲမှပြည်သူ့ရဲ့။ ပြည်သူ မသဒ္ဓါရင် ရေတခွက်တောင် တောင်းမသောက်ဘူး။ ခုလည်း ဘိန်းရှူဖို့သာလာတာ တာကော မသဒ္ဓါရင် တလုံးတောင်မရှူဘူး။ သဒ္ဓါရော သဒ္ဓါရဲ့လား။ သဒ္ဓါမှလုပ်နော်”ဆိုတာက ညနေတိုင်း ဘိန်းခန်းသွားတိုင်း သူပြောနေကြစကား။
ဘိန်းခန်းရှင် တာကောကြီးကလည်း “ရပါတယ် ဆရာကြီးရဲ့ သဒ္ဓါပါတယ်”ဆိုရင် “အေး..ဒါဆို နောက်တပြောင်း နောက်တပြောင်း”နဲ့ အစွပ်မပါ ဂျီးဝပြီးပြောင်နေတဲ့ခေါင်းအုံးလေးပေါ်မှာ မျက်စေ့တွေစင်းသွားတဲ့အထိမှိန်းရင်း၊ အခန်းထောင့်ကြမ်းပြင်ပေါ်က အသေကောင်တွေလို အပုံလိုက်အပုံလိုက် အိမ်မြောင်တွေအကုန်လှုပ်ရွလာကြပြီး မျက်နှာကျက်ပေါ်တက်ကပ်ကာ ဆရာကြီးပြောင်းကထွက်လာတဲ့ ဘိန်းငွေ့တွေကြား ယစ်မူးငြိမ့်ငြောင်းပြန်ငြိမ်သက်ကုန်တဲ့အထိ စည်းဇိမ်ကျရင်းနဲ့ပေါ့။
ကျနော်ကတော့ ပြည်သူ့ရဲမဟုတ်တော့ ဘိန်းတလုံး(ရွေးစေ့ ၃ စေ့စာလောက်ကို) ၅ ကျပ် ၅ ကျပ်နဲ့ တနေ့တနေ့ နှစ်ဆယ်အစိတ်ကုန်တာပါပဲ။ ၆ ရက်လောက်ရှိတော့ မသွားတော့ဖို့ ယတိပြတ်ဆုံးဖြတ်လိုက်ရတယ်။ ငွေကြောင့်တော့ မဟုတ်ပါ။ ကောင်းလွန်းလို့ အတောမသတ်နိုင်မှာစိုးတာပါပဲ။ တော်သေးတယ် စိတ်အလိုကို အနိုင်မပေးခဲ့လို့။ နို့မို့ဆို ဟိုပြည်သူ့ရဲ့အကြပ်အိုကြီးလို ဘိန်းစားဘဝနဲ့ နိဌိတံမှာ။ သူ ဘိန်းကြောင့်ပဲ အရစ်ပြုတ် ထောင်ကျ ဘဝပျက် ထောင်ထဲတင်ဆုံးသွားရှာတယ်။ ဇွန် ၁၈ ၂ဝ၁၅



(လူအိုရုံပို့တာ)
ဟိုနေ့ကလည်း ဗမာပြည်သားမိတ်ဆွေတယောက်နဲ့ သူ့မဖိဘများကို လူအိုရုံ (ဒီမှာခေါ်တော့ Nursing Home) သွားရေးကိစ္စဆွေးနွေးကြတယ်။ သူ့စိတ်ထဲ အဖေအမေကို လူအိုရုံသွားနေခိုင်းရမှာ တကယ့်အရင်းခံ ခံစားမှုနဲ့ လိပ်ပြာပဲမသန့်သလိုလိ စိတ်မလုံသလိုလို၊ ပတ်ဝန်းကျင်ကဲ့ရဲ့ခံရမှာကိုပဲ တွေးကြောက်နေသလိုလိုနဲ့ ဆုံးဖြတ်ချက်ချရေးမှာ နှောင့်နှေးနေတယ်။
သူလည်း ကျနော့်နည်းတူပဲ မိဘဝတ်တို့ သားသမီးဝတ်တို့ ဘာဝတ်တို့ညာဝတ်တို့ ပဒေသရာဇ်စနစ်ရဲ့ မြှောက်ထိုးပင့်ကော်လောကနီတိတွေနဲ့အသားကြလာတဲ့ လူ့အဖွဲ့အစည်းမှာ မွေးဖွားကြီးပြင်းခဲ့သူမဟုတ်လား။ သုဝဏ္ဏသျှံကို အထွဋ်အတင်းတပ်တဲ့လူ့အသိုင်းမှာ ခေါင်းအကိုင်ခံရသူမဟုတ်လား။ နောက်တချက်က မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ခံစားချက်ထက် ပတ်ဝန်းကျင်အကဲဖြတ်ချက်ကို ပိုအလေးထားတတ်တဲ့ဉာဉ်မျိုး မပေါက်ပေါက်အောင် သင်ကြားခြင်းခံခဲ့ရသူတွေ မဟုတ်လား။ အရေးအကြီးဆုံးက အခွန်သာကောက်ပြီး လူအိုလူမင်းတွေအပေါ် ဘာတာဝန်ယူမှုမှ မရှိတဲ့အခါ မိဘမေတ္တာကို ပိုကြီးကြီးပေးရတဲ့နိုင်ငံတွေက လာခဲ့ကြသူကိုး။
ဒါနဲ့ပြောလိုက်တယ် "ဗမာပြည်ရဲ့ပြဿနာက အမိအဖ လူအိုလူမင်းတွေကိုပို့စရာ လူအိုရုံမရှိတာဗျ။ သက်ကြီးရွယ်အိုတွေကို အစိုးရတာဝန်ယူမှ ဘာမှမရှိတာဗျ။ အမေရိကန်ရောက် ဗမာတွေရဲ့ပြဿနာက အမိအဖလူအိုလူမင်းတွေကို တာဝန်ယူမှုရှိတဲ့ ကျေပွန်တဲ့လူအိုရုံပို့တာကို ပြဿနာလုပ်နေကြတာဗျ။ ဒီမှာ လူအိုလူမင်းတွေအတွက် တိုင်းပြည်က တာဝန်ယူနေတာလေဗျာ။ ခင်ဗျားအိုတဲ့အခါလည်း အဲ့သလိုပဲပေါ့ဗျ။ ခင်ဗျားကိုပြောနေသူတွေကို ပြန်ကြည့်ဗျာ။ ဘဝရဲ့နောက်ဆုံးအချိန်တွေမှာ သူတို့လည်း ခုခင်ဗျားမိဘများလိုပဲ နိဌိတံရမှာပဲလေ။ ဒါ ဝမ်းနည်းစရာမဟုတ်သလို သားသမီးဝတ် မကျေပွန်ဘူးလို့ယိုးစွပ်စရာ ဘာအကြောင်းမှ မရှိဘူးဗျ။ ခင်ဗျား မိဘတွေကို ခင်ဗျားအတူနေ ခြေဆုပ်လက်နယ်ပြု အချိန်ပြည့်ဂရုစိုက် ဆေးတိုက်ချိန်စက္ကန့်မလွတ်၊ ဆေးထုတ်ချိန် ဆေးခန်းပြချိန် ဆေးရုံခေါ်ချိန်တွေ နောက်မကျစေရ၊ ထမင်းဟင်းခွံ့ကျွေး ကျင်ကြီးကျင်ငယ်စွန့် သန့်ရှင်းရေးလုပ်၊ ရေမိုးချိုး အဝတ်အစားလဲ ပြောရရင်အများကြီးဗျာ အသေးစိတ်တွေ။ အဲ့ဒါတွေအကုန် ခင်ဗျားမှာ လုပ်ပေးချင်လို့သေပေ့စေ ခင်ဗျားလုပ်ပေးလို့ မရဘူးဗျ။ ဘယ်သူမှလည်း လာလုပ်မပေးနိုင်ဘူး။ ဒါ အမေရိကန်ဗျ။ ခင်ဗျားအိမ်လခ မီးခ တယ်လီဖုန်း ကားပေးမင်န့် ဟိုပေးမင်န့်ဒီပေးမင်န့်တွေ လစဉ်ပေးရမှာလေ။ အဲ့ဒါတွေအတွက် ဘယ်သူက လာပူမှာတုန်း။ လာပေးမှာတုန်း။ ခင်ဗျား အလုပ် လုပ်ရမှာပဲ၊ ဝင်ငွေရှာရမှာပဲ။ ခင်ဗျားမိဘတွေကို ခင်ဗျား ၂၄ နာရီ ထိုင်ပြုစုနေချိန်မှာ တယောက်ယောက်က (အထူးသဖြင့် ခင်ဗျားကို ကဲ့ရဲ့တင်းဖျင်းစကား ဆိုနေသူတွေထဲက) တယောက်ယောက်က အဲ့ဒီပေးမင်န့်တွေ ပေးပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။
ဆိုတော့ သူတို့လည်း လာလုပ်မပေးနိုင်၊ ကိုယ်လည်း လုပ်ပေးချင်ရဲ့နဲ့လုပ်ပေးလို့မရ၊ လူအိုရုံမှာကမှ ဆေးချိန်တန်ဆေး အစားချိန်အစား အိပ်ချိန်တန်အိပ်နဲ့ ပိုအနေအစား မှန်မှာလေ။ နောက်တချက်က ခင်ဗျားကို အဲ့လို ကဲ့ရဲ့တင်းဖျင်းစကားဆိုနေသူက ခင်ဗျားကိုပြစ်တင်လိုတာထက် သူတို့ဟာ သားသမီးဝတ်ကျေပွန်သူတွေပါလို့ ပတ်ဝန်းကျင်ရဲ့အထင်ခံချင်စိတ် ပိုကဲနေတတ်တဲ့သဘာဝကိုလည်း ခင်ဗျား နားလည်စာနာပေးလိုက်ပါဗျ။ ဆိုတော့ ခင်ဗျားအဖေကို သေချာပြောပြရှင်းပြပါ အခြေအနေတွေကို။ လုပ်စရာရှိလည်း လုပ်ပါဗျာ။ တချိန်ကြ ခင်ဗျားလည်း အဲ့ဒီကိုသွားပြီး အဲ့ဒီမှာသေမှာပါဗျ။ ခင်ဗျားကိုပြောနေကြသူတွေလည်း ခင်ဗျားအဖေလိုကံကြမ္မာမျိုး အနည်းနဲ့အများကြုံရမှာပါဗျ။ လုပ်စရာရှိတာ စိတ်သန့်သန့် လိပ်ပြာလုံလုံနဲ့ လုပ်ပါဗျ။ ပြောပေ့စေ့ဗျာ လူပဲဟာာ။ ခင်ဗျားလည်း သူများအကြောင်းပြောနေတာပဲမဟုတ်လား။ သူများလည်း ခင်ဗျားအကြောင်း ပြောပေ့စေပေါ့ဗျာ။ လွှတ်သာထားလိုက်။ လူပဲဟာ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းပြောတတ်သမို့လား။ တခုပဲ တတ်နိုင်သမျှတော့ ခင်ဗျားမိဖများကို သွားသွားတွေ့ လိုအပ်တာရှိလုပ်ပေး။ အနည်းဆုံးသူနဲ့ မကြာမကြာ စကားသွားသွားပြောဗျာ။ မပြောချင်တောင် သူပြောချင်ရာပြောနေတာတွေ သွားနားထောင်ဗျ။ တခုပဲ စိတ်ပါလက်ပါသာ နားထောင်ဗျာ။ လူဟာ ဘဝရဲ့နောက်ဆုံးအချိန်တွေမှာ ပြောစရာပိုများတတ်ကြတယ်မဟုတ်လား။ အသက်ကြီးသူတွေဆို ပြောစရာများလှတယ်ဗျ"ဆိုတော့
သူ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
"ဟုတ်ကဲ့ ဟုတ်ကဲ့"တဲ့။
မခက်ဘူးလား။ ဇွန် ၁၇ ၂ဝ၁၅

(ကိုယ့်ကြတော့လိုချင်ပြီး)
ခုနက ဗမာပြည်သားမိတ်ဆွေတယောက်ရဲ့ အလုပ်ကိစ္စအတွက်လိုက်သွားပေးရင်း ကိစ္စပြီးတော့ အလ္လာပသလ္လာပပြောရင်း သူက "ဗမာပြည်ဖွားမိဘတွေလည်း ပြဿနာနော်အကို။ အမေရိကန်မွေး အမေရိကန်မှာလူဖြစ်ရတဲ့သူတို့သားသမီးတွေကို ဇွတ်အတင်း ဗမာဇာတ်သွင်းတာမရတော့ စိတ်နောက်ဗျာပွေနဲ့ ယဉ်ကျေးမှုသွေးပျက်ရင်း ယူကြုံးမရ အပူလုံးကြွဖြစ်နေကြတယ်"တဲ့။
ကျနော်ကတော့ အဲ့သလိုမတွေးတဲ့ကျနော့်အမြင်ကို ခုလိုပြန်ပြောဖြစ်တယ်။ "ခင်ဗျားတို့ကျနော်တို့ အမေရိကန်လိုလူ့အခွင့်အရေးလိုချင်လွန်းလို့ တောင်းရင်းတိုက်ရင်း ဒီအထိရောက်လာကြပြီဗျာ။ ကိုယ်လိုချင်တဲ့လူ့အခွင့်အရေးကို ကိုယ့်သားသမီးကို မပေးချင်တာက ပြဿနာရဲ့သော့ချက်ဗျ။ ကိုယ့်ကလေးကို ဘယ်လိုကြီးစေ့ချင်သလဲဆိုတာထက် ကိုယ်က ဘယ်လူ့အစုအစည်းမှာဖြစ်တည်နေသလဲကို အရင်တွေးရမှာဗျ။ ဒီလာပြီး ဗမာ့ယဉ်ကျေးမှု ဗမာ့ယဉ်ကျေးမှုနဲ့ပါးစပ်က အမြှုတ်ထွက်အောင်ကြုံးဝါးနေဦးတောင် ကိုယ့်သားသမီးလေးတွေက အခမ်းအနားအထိမ်းအမှတ်နဲ့ ဘုန်းကြီးကျောင်းလိုဟာမျိုး သွားတဲ့အခါလောက် ထမိန်လေးပုဆိုးလေး ပုံမကျပန်းမကျဝတ်ပေးတယ်ဆိုရင်ပဲ ကလေးတွေကို ကျေးဇူးတင်စရာကောင်းလှပြီ။ ဝမ်းသာဖို့သင့်လှပြီ။ မဝတ်လို့လည်း ခင်ဗျား ဘာမှ သွားမပြောသင့်ဘူးလေ။ ဖြစ်နေတဲ့ကိစ္စက ကိုယ်လိုချင်တဲ့လူ့အခွင့်အရေးကို ကိုယ့်သားသမီးကိုမပေးချင်တာမှာ အခြေခံတာဗျ။ ဘာ ယဉ်ကျေးမှု မယဉ်ကျေးမှုပြဿနာလည်းမဟုတ်သလို ဘာစိတ်နောက်ဗျာပွေမှလည်း ဖြစ်နေစရာမလိုဘူးထင်တယ်ဗျ"လို့ပြောမိတော့ သူပါ "ဟင်"နဲဖြစ်သွားခဲ့။ ဇွန် ၁၇ ၂ဝ၁၅

(ကျေးဇူးကလည်း တော်နိုင်လွန်းလှ)
ကျနော်တို့ အမေရိကန်ရောက် နိုင်ငံတကာဒုက္ခသည်များ တပတ်လောက်ကြာတဲ့တွေ့ဆုံပွဲတွေလုပ်ကြတော့ ပြည်နယ် ၅ဝ ထဲက တပြည်နယ်ရဲ့ကိုယ်စားလှယ် ဗမာပြည်သားကောင်မလေးတယောက် ပါလာတယ်။
အင်္ဂလိပ်စကားတတ်လို့ ပြည်နယ်ဒုက္ခသည်ကိုယ်စားလှယ်ဆိုပေမယ့် ဒုက္ခသည်ဘဝဆိုတာ ဘာမှန်းမှမသိပဲ ဒုက္ခသည်လူဝင်မှုအနေအထားနဲ့ ဒီရောက်လာသူပဲ။
မနက်တိုင်း မနက်စာဆောင်မှာ စကားပြောကြရင်"ဘုရားသခင်ကျေးဇူးတော်ကြောင့်" လို့ပြောပြီး စကားတွေဖေါင်ဖွဲ့တယ်။
နေ့လည်စာ စားချိန်ကြတော့လည်း "ဘုရားခင်ကျေးဇူးတော်ကြောင့်" လို့ဆိုပြီး အားပါးတရ စားတယ်။
ညစာစားချိန်ကြတော့လည်း "ဘုရားသခင်ကျေးဇူးတော်ကြာင့်" ဆိုပြီး ဝိုင်တွေပါ မူးအောင်သောက်တယ်။
ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းတိုင်း ချီးမွမ်းတိုင်း ရင်ဘတ်ဘယ်ညာအစုံနဲ့ နဖူးကိုလည်း တလေးတစားထိတာပဲ။ ခေါင်းလေးတောင် ညွှတ်လို့။
မနက်ဖြန်ပြန်ရမယ့်ည နှုတ်ဆက်ကြတော့ ယစ်ကလေးထွေထွေနဲ့ အမေရိကားကို အာဖရိကနိုင်ငံတနိုင်ငံက ဒုက္ခသည်အဖြစ်ရောက်လာတဲ့ လူမည်းအမျိုးသားတယောက်နဲ့ ခွဲရမှာ သည်းမြညှာရယ်တွေ ဖြစ်တော့တာပဲ။
အမှန်က ဘာမှ မဆန်းဘူး။ သူလည်း သာယာချင်သာယာမှာပါ။ လူပဲလေ။ သူ့လောက် အူရိုင်းမပြောနဲ့ အမေရိကန်အမှိုက်ဖြူ White Trash တချို့တောင် အမည်းဆီတခါသွား တသက်လုံးပြန်မလာပေါင် Once go to black never come back လို့တောင် ဆိုရိုးရှိသမို့ မဟုတ်လား။
ဒါပေမယ့်သူကတော့ ဘာသာတရားကိုင်းရှိုင်းသူမို့ထင်တယ် "ဘုရားသခင့် ကျေးဇူးတော်ကြောင့်"လို့ ချီးမွမ်းရှာတယ်။ ဇွန် ၁၅ ၂ဝ၁၅

(ငြိမ်းချမ်းရေး ၂ သီးစား)
စစ်အုပ်စုဆီသွားပြီး သေနတ်နဲ့ ဟိုဟာဒီဟာနဲ့လဲတာကို တချို့ကတော့ အပစ်အခတ်ရပ်စဲရေးလို့ပြောပြီး တချို့ကကြ ငြိမ်းချမ်းရေးဆိုတဲ့အထိတောင်ပြောတာပါပဲ။ ထားပါတော့ ငြိမ်းချမ်းရေးလို့ပဲ။
အဲ့ဒီ ငြိမ်းချမ်းရေးဆိုတာကိုပဲ နှစ်သီးစား သုံးသီးစား စားနေသူတွေလည်း မြင်နေရတာပါပဲ။ ဗမာပြည်မှာ ကျန်တဲ့ကောက်ပဲသီးနှံတွေသာ ဘယ်နှသီးစားစိုက်ရမရနဲ့ အောင်မြင်မမြင်သာမပြောနိုင်တာ။
ငြိမ်းချမ်းရေး နှစ်သီးစားသုံးသီးစားတွေကတော့ ကားတဝီဝီ အနီရောင်ပါသောအရက်များနဲ့ ဘောလုံးတောင်ပါသေး။
အေးလေ သူတို့က ငြိမ်းချမ်းရေးအရသာ သိနေကြမင့်ကိုး။ ဇွန် ၁၅ ၂ဝ၁၅

(မျိုးချစ်ဘောလောင်းပွဲ)
ကျနော့်မိတ်ဆွေ အာအိုင်တီ အိုဗာစီယာ အရပ်ထောင်ထွက် သူဌေးစာရင်းဝင် ဘွဲ့ရည်မည်ရည်များရှင်လုပ်ငန်းရှင် သာကီဇာနည်မျိုးချစ် သူကြွယ်ကြီးကတော့ ခုလောက်ဆို အောင်ပွဲခံလောက်ပြီ။
ငွေတွေ သောက်သောက်လဲပြီ။
ငွေထုပ်ကြီးပိုက်လောက်ပြီ။
ညနေလောက်ဆို အောင်ပွဲနဲ့မူးပြီ။
မျိုးချစ်တာချစ်တာပဲ ပိုက်ဆံကပိုက်ဆံပဲ။
ငါ ထိုင်းဘက်က အောထားတာ..တဲ့။
သူတို့မျိုးချစ်ပုံများ အားတောင်ကျချင့်စရာ။  ဇွန် ၁၅ ၂ဝ၁၅

(ဗုဒ္ဓခြင်းတော့မတူပါလေ)
ဗမာပြည်ကနေ အမေရိကန်လာရင်း ဖို့တ်ဝိန်းရောက်နေတဲ့ စာရေးဆရာကို မနေ့က ဟိုဟိုဒီဒီလိုက်ပို့လိုက်ပြရင်း အလန်ကောင်တီ ဗဟိုစာကြည့်တိုက်ကြီးကို ခေါ်သွားတယ်။ စင်ချစာအုပ်တွေ တအုပ် တမတ်၊ ၅ အုပ် တဒေါ်လာဆိုတော့ ဆရာသမား မင်သက်ပြီး သူ့မြေးလေးဖတ်ဖို့ ၅ အုပ်ဝယ်တယ်။ ကျနော်လည်း City of Joy ကို ပြားနှစ်ဆယ်နဲ့ ဝယ်ခဲ့တယ်။ ဗမာစာအုပ်တွေထားတဲ့နေရာရောက်တော့ ကျနော်လည်း ပါလာတဲ့စာအုပ်တချို့ လာလှူခဲ့ဦးမဗျာလို့ပြောတယ်။ ကျနော့်ဇနီးက ဆရာဦးဘကြည်သရုပ်ဖော်တဲ့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ကောက်ကိုင်တော့ သူက ကောင်းတယ်ကောင်းတယ် ဖတ်ဖတ်..တဲ့။ ဇနီးက ကျနော့်ကို ဘယ့်နှယ်လဲ ငှားခဲ့ရမလားဆိုတဲ့အမေးပါတဲ့မျက်လုံးနဲ့ကြည့်တယ်။ ကျနော်လည်း အမေရိကန်တွေ တွန့်နည်းကား ပခုန်းပဲတွန့်ပြလိုက်မိတယ်။ အင်း..ကိုယ့်ဆရာကလည်း မြှောက်ပေး။ ကိုယ့်ဇနီးကလည်း ဗမာစာဗမာစကားမှာ ဘာမှသာမဟုတ်တာ တခါတခါပြောလိုက်ရင် ကမ္မဝါပဲ ခု ထဖတ်တော့မှာလိုလိုနဲ့။ အိမ်တောင်မရောက်သေးဘူး "တေဇသုနေမဘူစန်နာဝိဝေ ဆိုတာဘာလဲ"တဲ့။ ကျနော်ပြောတဲ့မြတ်ဗုဒ္ဓရယ်၊ သူလေ့လာသိရှိထားတဲ့မြတ်ဗုဒ္ဓရယ်၊ ဒီစာအုပ်ထဲကမြတ်ဗုဒ္ဓရယ်တော့ တွေ့ကြတော့မယ်ထင်တာပဲ။ ရင်လေးတယ်။ ဇွန် ၁၅ ၂ဝ၁၅

(ဆယ်တန်းအောင်ဖို့မလိုဘူး အလိုက်သိဖို့ပဲလိုတာ)
သူငယ်ချင်းတယောက်က ဆယ်တန်းအောင်တော့ ဘာတက္ကသိုလ်မှမလျှောက်ပဲ ဂျီတီအိုင်သွားတယ်။ ဂျီတီအိုင်ပြီးတော့ ဂျီးအီးတပ်ထဲဝင်တယ်။ အိုဗာစီယာလို့ခေါ်တဲ့ သုံးရစ်အကြပ်ကြီးဖြစ်တယ်။ တပ်သစ်တည်တာ တပ်ဟောင်းပြင်တာတွေမှာ သူက မီး/ရေ ကိုင်ရတယ်။ ဆီကိုင်တဲ့လက်ဆီပေတယ်ဆိုတဲ့ မဆလခေတ် ငို့ဘဆင်ခြေအောက်မှာ သူလည်း တကိုယ်လုံးဆီတွေရွှဲနစ်နေတာပါပဲ။ အဲ့ဒီအချိန်မှာ ကျနော်က ဘီအီးတပ်မှာ တပ်သား။ နေ့ပြတ်မလား ညပြတ်မလားနဲ့ မိုင်းကွင်းတွေထဲ ဆူးထိုးမိုင်းရှာ။ တနေ့တော့ ၂ ယောက်သား အညာက မြို့နီးချုပ်စပ်မှာ ဆုံတယ်။ ဆုံတဲ့အချိန်မှာ သူက ပြဿနာတွေ တပုံတခေါင်းကြီးနဲ့။ သူ့မိန်းမကလည်း သားဦးလေးနေ့စေ့လစေ့ မပေါ့မပါးကြီးနဲ့။ သူ့အနေအထားက မလျော်နိုင်ရင် ထောင်ကျတော့မတဲ့။ ထောင်မှ အရပ်ထောင်တဲ့။ ၂ နှစ် တောင်တဲ့။ ကျနော်လည်း စိတ်ထဲမကောင်းဘူး။ သူ့ကြည့်ရတာတော့ စားစရာမရှိလျော်စရာရှိနဲ့ပြောင်းပြန် “မလျော်တော့ဘူးကွာ ထောင်ကျလည်း ခံလိုက်ရုံပဲ”လို့ပြောပြီး မထေမဲ့မြင်ဟန်ပြုတယ်။ မတရားအလုပ်ခံရလို့ မဖြေရှင်းနိုင်မယ့်အတူတူ အရွဲ့တိုက်ပြီး ဖြစ်ချင်ရာဖြစ်မောင်ဘချစ်မူနဲ့ သွားတော့မယ့်ပုံပဲ။ သူ့ဇနီးကလည်း “မောင်သာ ကျန်းမာရေးဂရုစိုက်။ ဘယ်ထောင်ရောက်ရောက် ညီမ လာတွေ့မယ်။ ညီမအတွက် မပူနဲ့။ ကလေးကို မြစ်သားတို့၊ ကျောက်ဆည်တို့၊ မြစ်ငယ်တို့မှာ မမွေးဘူး။ အမေတို့ဆီ ရန်ကုန်ပြန်မွေးမယ်”နဲ့ ကျနော့်ရှေ့တင် လင်တော်မောင်ကို အားပေးစကားပြောတယ်။ အားငယ်နေဟန်တော့မပေါက်ဘူး။
တိုတိုပြောရရင် အဲ့ကောင် ထောင် ၂ နှစ်ကျသွားတယ်။ ထောင်ထဲမှာ လိုင်းဝင်ပြီး အပ်ထည်လုပ်နေတယ်။ ရဲဘက်မပါဘူး။ ထောင်လျှော့ရက် ၃ ပုံတပုံနဲ့ ၈၇ လောက်မှာ ပြန်လွတ်လာတယ်။ ကျနော်က ခြေလက်ပြတ်ပြီးတပ်ကထွက်လာတယ်။ ရတဲ့လျော်ကြေးငွေလေးနဲ့ စာအုပ်အငှားဆိုင်လေးဖွင့်ဖို့လုပ်တယ်။ စာရေးကိရိယာလေးတွေလည်း တွဲရောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့။ နောက်တော့ စတိုင်းဆိုင်ပေါက်စလေး ဖွင့်ဖြစ်သွားတယ်။ ခုန သူငယ်ချင်းက ထောင်က လွတ်လွတ်ချင်း ရန်ကုန်ဆင်ခြေဖုံးမှာ ခြံတွေဝယ်ပြီး ဘာပင်တွေဆိုလားစိုက်တယ်။ နောက်တော့ နို့ဆီချက်စက်ရုံတည်တယ်။ နောက်လည်း တခြား ဘာတွေလည်းမသိဘူး လုပ်တယ်။ အဆင်တော့ အတော်ပြေပုံပဲ။ တနေ့လူချင်းဆုံတော့ “ဟေ့ကောင် မင်းက အရပ်ထောင်ကျပြီးသာထွက်တယ် အဆင်ပြေလှချည်လား”ဆိုတော့ “ဒီလိုပေါ့ကွာ ကြံဖန်လုပ်ရတာပဲ”လို့ပြောတယ်။ “ဒါနဲ့ နေပါဦး မင်း ကွိုင်တက်တုန်းက ငွေက ဘယ်လောက်တောင်ကွာလို့ မင်းကို အရပ်ထောင် ၂ နှစ်တောင် ချရတာလဲကွ”ဆိုတော့ “တခြားသူတွေဆီက ဆွဲစားထားတာတွေအပါဆိုရင်တော့ သိန်း ၂ဝ နီးပါးပဲကွ။ ငါ့ ဂွင်ကတော့ အဲ့လောက်မကြီးပါဘူး။ သူများဟာတွေပါ ခံပေးလိုက်တာပါ၊ ကော်မရှင်သဘော သူတို့ပြန်စုပေးတာလေးက ထောင်ထဲမှာ ၂ နှစ်စာ ဖြတ်သွားလို့ ကုန်တာပါပဲကွာ။ ကိုယ့်ဟာလေးပဲကျန်တာပါ”လို့ပြောတယ်။ “ကိုယ့်ဟာလေးက ဘယ်လောက်လဲကွ”ဆိုတော့ “ဆယ့်နှစ်လောက်ပါ”တဲ့။ ၁၂ သိန်းကိုပြောတာပဲ။ အဲ့တုန်းက ရွှေတကျပ်သားမှ ၃ ထောင် မပြည့်တတ်ပြည့်တတ်ခေတ်လေ။
၈၈ ပြီးတော့ သူလည်း “လုပ်ငန်းရှင်”ဖြစ်လာတယ်။ ငွေလည်း သောက်သောက်လဲ ဝင်လာတယ်။ ဘာဘွဲ့တွေဆိုလားရတယ်။ ဘုရားတွေကျောင်းတွေလည်း ဆောက်တယ်။ တိုင်းပြည်နဲ့လူမျိုးကိုလည်း အတော်ချစ်လာတယ်။ အမျိုးသားရေးလည်း နိုးကြားလာတယ်။ ခုတော့ မျိုးချစ်စိတ်အပြည့်နဲ့ သူဌေးကြီးစာရင်းပေါက်နေတယ်။
မနက်က ကျနော်ရေးတဲ့ ဘောလုံးစတေးတပ်စ်လေးဖတ်ပြီး “မင်းလည်း ခုထိ မိုက်လုံးကြီးတုန်းပဲ။ ဒါ့ကြောင့် လူ မဖြစ်တာ”လို့ပြောတယ်။ ဒါနဲ့ ကျနော်က “ငါပြောတာ မှားနေလို့လားကွ”ဆိုတော့ “မမှားလို့ပေါ့ကွ။ မှားမှတော့ ပြောနေပါ့မလား”တဲ့။ ကျနော် မျက်စေ့လည်သွားတယ်။ “ဟေ့ကောင် ငါက ဗမာကို ထိုင်းကို နိုင်စေရှူံးစေလိုစိတ်နဲ့ပြောနေတာ မဟုတ်ဘူးကွ” လို့ပြောတော့ “မင်းရေးတဲ့အထဲမှာ မြန်မာနိုင်စေ့ချင်ကြောင်းလေး အရိပ်အမြွက်လောက်ဖြစ်ဖြစ်လေးထည့်ရေးရင် ခုလောက် ဘယ်အဆဲခံရပါ့မလဲကွ။ ပြီးမှ မင်းပြောချင်တာလေး ဖေါ့ဖေါ့လေးပြောပေါ့၊ မင်းက နပ်မှ မနပ်ပဲ။ စောက်ရမ်းတွေလျှောက်ပြောနေတာပဲ”တဲ့။ ကျနော်လည်း စကားဆက်ပြောချင်စိတ် ကုန်သွားတယ်။ ဒါနဲ့ စကားဖြတ်မလို့လုပ်နေတုန်း သူက “ငါတို့လည်း မျိုးချစ်စိတ်အပြည့်နဲ့ မြန်မာအသင်းကို အားပေးတာပဲကွ။ ဒါပေမယ့် ပေးတာကပေးတာပဲ။ ငွေက ငွေပဲကွ”တဲ့။ ကျနော် မျက်စေ့ နှစ်ခါပြန်လည်ပြန်တယ်။ “ဘာလဲကွ မင်းဟာ ငွေကငွေ မျိုးချစ်စိတ်က မျိုးချစ်စိတ်”ဆိုတော့ “ငါ ထိုင်းဘက်က အောထားတယ်”တဲ့။
ကျနော့်ပါးစပ်က “သြော်”လို့ပဲ ထွက်သွားတယ်။ ဇွန် ၁၄ ၂ဝ၁၅

(ငယ်ငယ်တုန်းက မခင်နှင်းဆီ)
အမေ အထည်ဆိုင်ဖွင့်ချိန်က ကျနော် လူပျိုပေါက်။ မျက်နှာချင်းဆိုင် ဆိုင်ပိုင်ရှင်မှာက တူမလေးတယောက်ရှိတယ် မနှင်းဆီ..တဲ့။ ပိန်ပိန်ပါးပါး ညိုညိုဖျော့ဖျော့လေး။ ဆံပင်တွေကတော့ ဒူးကောက်ခွက်ရောက်လုနီးပါး ရှည်လျားသန်စွမ်းတာပဲ။ ပါးချိုင့်လေးခွက်ဝင်သွားအောင်များ ပြုံးလိုက်ရင် သွားတက်လေးတွေ လက်ကနဲလက်ကနဲပေါ်လာတာကလား။ မျက်နှာကျက ကာတွန်းမောင်ရှိန် ဇာတ်ကောင်တွေထဲက ဟို ပိန်ပိန်ပါးပါးမလေးလိုပဲ။ ခုနေပြန်တွေးတော့ စိတ်ထဲ သိတ်လှတယ်လို့ မထင်တော့ဘူး။ ဟိုတုန်းကတော့ သူကလွဲ ဖွဲနဲ့ဆန်ကွဲ။ သူသာလျှင် လှထိပ်ထား xxx ဇမ္ဗူတခွင်မှာ အလှမန်ကြွား xxxx ရွှေစင်မြသားနှယ် တင့်တယ်စိုပြေသား xxx မြင်သူတကာ နှလုံးဘဝင်ပြုံးရွှင် မျက်နှာထား xxxx တိတ်တိတ်လေး ချစ်စိတ်ပွားရတာ မောင့်အသည်းကြား xxx နတ်ပန်းချီတနှုံး ရှူံးလောက်အောင် ထင်ဝိုးဝါး xxxx ဆိုတဲ့သီချင်းကို မနက်တိုင်း အမေ့ဆိုင် သွားခင်းကူရင်း တိုးတိုးညည်းရတာလည်း အမော။
ကိုယ်နဲ့ရွယ်တူကောင်တချို့က ရည်းစားနဲ့ဘာနဲ့ ဟန်ကျနေချိန်မှာ ကိုယ်က အချစ်ဝတ္ထုတွေ အချစ်ကဗျာတွေဖတ်ပြီး စကားလုံးအနုအရွတွေနဲ့ ချစ်သွေးသာကြွနေတာ ရည်းစားတော့ မရှိ၊ ရည်းစားစာမရေးတတ်၊ ရည်စားစကားပြောဖို့ သေမလောက်ကြောက်တတ်တုန်း။
ဒါပေမယ့် ဘယ်ရမလဲ အုံ့ပုန်းချစ်ဆိုတာ ကြာကြာခံနိုင်ရိုးလား။ ကိုယ့်ချစ်သူကို ဘယ်သူ ကြာကြာ ခိုးခိုးကြည့်နေချင်ပါ့မလဲ။ ဝတ္ထုတွေထဲက ညွန့်ပေ့တွေချည်းရွေးပြီး ဗလာစာရွက် တမျက်နှာစာ ချစ်တေးတွေသီချစ်စာတွေစီပြီး သူမရောက်ခင် သူဆိုင်ခင်းတဲ့အခါ မြင်သာမယ့်နေရာမှာ အသာလေးသွားချထားလိုက်တယ်။ အဲ့ဒီခေတ်က ရည်းစားစာခေါက်နည်းအတိုင်း တရိုတသေလေးခေါက်လို့ပေါ့။
ကံကဆိုးချင်တော့ ခါတိုင်း သူဆိုင်ခင်းပြီးမှရောက်တတ်တဲ့ သူ့အဒေါ်က အဲ့နေ့က အရင်ပေါက်ချလာတယ်။ ရန်ကုန်သွားဈေးဝယ်ဖို့တဲ့။ ပုဆိုးတွေအခေါက်လိုက် ဆင့်ဆင့်တင်တဲ့ လှေကားထစ်လို နိမ်မြင့်စီနေရာမှာတင်ထားတဲ့ကိုယ့်စာတွေ့တော့ ကောက်ယူဖြည်ကြည့်ပြီး ဖတ်တယ်။ သဘောပေါက်လိုက်ပြီ “သွားပြီ”ဆိုပြီး။ သူ စာဖတ်မဆုံးခင်ပဲ ကိုယ်လည်း ခင်းလက်စဆိုင်ကိုထားခဲ့ပြီး လစ်တော့တာပေါ့။ ကိုယ့်လက်ချက်မှန်း သိတော့မှာကိုး။ စာဆုံးရင် အောက်မှာ “ထာဝရ ချစ်နေမယ့် မျိုးမြင့်”တို့ဘာတို့ပါတယ်လေ။
အဲ့မနက်ပဲ စာက ကိုယ့်ဆီပြန် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။ အမကြီးက “မင်း မနှင်းဆီကို ရည်းစားစာသွားပေးတာ သူ့အဒေါ်က လာတိုင်တယ်။ ရော့ ဒီမှာ မင်းစာ”တဲ့။ ကိုယ်လည်း ရှက်လိုက်တာ နေရာတင်လဲသာသေလိုက်ချင်တယ်။ အပြစ်တခုခု ကျူးလွန်မိတဲ့လူလို စိတ်ကမလုံဘူး။ ရှက်လည်းရှက် မွှန်လည်းမွှန် သူ့အဒေါ်ကိုလည်း “ရန်ကုန်သွားရင်း လမ်းမှာ ကားမှောက်သေပါစေ”တွေဘာတွေ ကျိန်ဆဲတာပေါ့။
အဲ့ဒီကိစ္စက နေ့မကူးဘူး တလမ်းလုံး တဈေးလုံးသိကုန်ပလားမှတ်ရတယ် သတင်းအပြန့်မြန်ပုံများ ခုခေတ်ဖေ့စ်ဘွတ်ခ်ထက်တောင်မြန်သေး။ ထားပါတော့လေ။ ဒါနဲ့ ကိုယ်လည်း ရှက်ရှက်နဲ့ အဲဒီနေ့က အမေ့ကို ဆိုင်တောင်ပြန်ကူသိမ်းမပေးရဲတော့ဘူး။ မျက်နှာတွေလည်းပူ လူလည်း ဘယ်နေလို့နေရမှန်းမသိတာနဲ့ ဘားလားချောင်းဘေးသွား ငါးမျှားနေလိုက်တာပဲ။ မိုးချုပ်ချိန်မှ အမှောင်အားကိုးနဲ့ အိမ်ကို တိတ်တိတ်ပြန်လာတယ်။ ဒါပေမယ့် မရပါဘူး မလွတ်ပါဘူး။ အကိုကြီးက မျက်နှာထားတင်းတင်းနဲ့“မင်း ရည်းစားထားရမယ့် အရွယ်လား”ဆိုပြီး ဆူတယ်။ အကိုကြီးတော့ ကြောက်တော့ဘာမှပြန်မပြောရဲဘူး အသာပဲ ငြိမ်ခံလိုက်ရတယ်။
နောက်နေ့မနက်လည်းကြရော အမလတ်က အဲ့ကိစ္စ အစပြန်ဖော်ပြီး ပြောပြန်တယ်။ အမလတ်ကိုတော့ အကိုကြီးလိုမကြောက်သလို အမကြီးလောက်လည်း သိတ်မလန့်ဘူး။ ဒါနဲ့ ပြန်ခံပက်တာပေါ့ ဘယ်ရမလဲ။ ဒီတင် အမလတ်က “ဟဲ့ အကောင် နင် လူကြီးတွေ မျက်နှာပျက်အောင်လုပ်လို့ ငါပြောနေတာ။ နင့်ဟာနင် တခြားဘာလုပ်လုပ်ကိစ္စမရှိဘူး”ဆိုပြီး စကားလက်စသတ်မလို့လုပ်နေတာကိုတောင် ကြက်ခေါင်းဆိတ်မခံအထာနဲ့ “ဘာဖြစ်လဲ ကိုယ့်ဟာကိုယ် ရည်းစားစာပေးပေး မပေးပေး။ ဘယ်သူ့အပူမှ မပါဘူး။ မကြေနပ် လဲသေ။ မျက်နှာပူ ရေဖျန်း“ ဘာညာတွေနဲ့ အပြတ်ကောထည့်လိုက်တော့ အမလတ်လည်း ထောင်းကနဲဖြစ်သွားတယ်ထင်တယ်။ “ဟဲ့ ငါ အကောင်းပြောနေတာ။ နင့်ဟာနင် ရည်းစားမွှန်တာက အရေးမကြီးဘူး။ ငါတို့ပါ အရှက်ခွဲခံရသလိုဖြစ်တာ၊ ဟိုကောင်မလေးက သူတို့တူမသာဆိုတယ် အိမ်စေလိုနေရ လုပ်ရစားရတာ။ အိမ်စေလိုထားတာ လူတိုင်းသိတယ်။ သူတို့ဘာသာသူတို့လည်း အဲ့ဒါကို မလုံမလဲဖြစ်နေတာ။ ခုနင်က ရည်းစားစာ သွားပေးတော့မှ အကွက်ရသွားပြီး သူတို့တူမကို “လာစော်ကားတာ၊ ဒို့မှာ ဒီတူမလေးကို အသက်လိုချစ်နေရတာ၊ လာတော့ မထိနဲ့”တွေဘာတွေပြောပြီး ကောင်မလေးကို တပင်တိုင်မင်းသမီးလို လုပ်ပြောနေလို့ဟေ့”တဲ့။ အမလတ်စကား မမှားတာသိပေမယ့် “အိမ်စေ”လို့ပြောလိုက်တာကို စိတ်ထဲသိတ်မခံချင်ဘူး။ ရင့်သီးတယ် တဖက်သားကိုနှိမ်တယ်လို့လည်း ထင်တယ်။ ထားပါတော့လေ။ သူနဲ့ကိုယ် ဘာဆိုဘာမှ မဖြစ်ခဲ့ကြပါဘူး။ အချစ်ဦးက မချစ်ရခင်ကတည်းက လွဲခဲ့တာကိုး။
အသက် ၅ဝ လောက်ရောက်တော့မှ အဲ့ဒီကိစ္စ ကျကျနနပြန်တွေးမိတယ်။ ဟုတ်တယ်။ ကိုယ် အဲ့ဒီအချိန်က မစိတ်တွေမွှန်နေခဲ့တယ်။ တကယ်လို့သာ အကိုကြီး အမကြီး အမလတ်တွေ ကိုယ့်ကို ပိုးစိုးပက်စက်ပြောခဲ့ရင် တခုခု ထလုပ်ဖို့တောင် ဝန်လေးနေမိမယ်မထင်ဘူး။ ချစ်သူထိ ဓားကြည့်တွေဘာတွေပေါ့။
နောက်တခုက ကိုယ်သူ့ကို ဘာလို့ ရည်းစားဖြစ်ချင်တာလဲကိုလည်း ခုမှ ပြန်စေ့ငုကြည့်တယ်။ အဲ့ဒီ “အိမ်စေ”အဖြစ်အနေသဘောကြောင့်ပဲ။ ဆိုင်မှာ သူထမင်းစားတဲ့အခါ သူ့အဒေါ်စားပြီးမှ လက်ကျန်ထမင်းနဲ့ဟင်းကို ပန်းကန်နဲ့ခွက်နဲ့မဟုတ်ပဲ ထမင်းချိုင့်ထဲလက်နှိုက်ပြီး စားရတာမျိုး၊ သူ့ကိုယ်ပေါ်ဆင်သမျှဟာ သူ့အဒေါ်လက်ကျ အဝတ်တွေချည်း ဖြစ်နေတာမျိုး၊ အဒေါ့်သားသမီး (သူ့မောင်နှဝမ်းကွဲတွေ)ကို သခင်လိုကြောက်ပြီး ပြုစုပေးရတာမျိုးတွေ ကိုယ့်မျက်စေ့ရှေ့မှာ နိစ္စဓူဝတွေ့နေရတာကလား။ ဒီတင် ကိုယ့်ချစ်စိတ်က “အိမ်စေ”မလေးဘက် တည့်တည့်ကို ကျသွားခဲ့တာပါလားလို့ပြန်မြင်တယ်။
ထိုင်း-ဗမာဘောလုံးအကြောင်း ကျနော့်စတေးတပ်စ်အောက်မှာ ရေးကြတဲ့ကွန်မန့်တချို့ကို ဖတ်မိပြီး ငယ်ငယ်တုန်းက မနှင်းဆီကိုပြန်သတိရတယ်။ ဇွန် ၁၄ ၂ဝ၁၅

(ဆရာငပြတ်ကိုပေးဖို့စာ)
ကျနော့်ကို "ဒုက္ခိတကောင်၊ ခြေပြတ်၊ ငကျိုး"စသည်ဖြင့်ခေါ်ရင် နာလိမ့်မယ်လို့ထင်ပြီးခေါ်တဲ့သူတွေကို ပြောပြချင်တာလေးရှိလို့ဗျ။
ကျနော် ဒီရောက်ပြီး ၅ လအတွင်းမှာ အင်ဒီယားနားပါရ်ဒျူးယူနီဗားစတီးက ဘာသာဗေဒပါမောက္ခတယောက်ပို့ချတဲ့ အင်္ဂလိပ်စကားကို ဒုတိယဘာသာစကား English for Second Language အဖြစ်သင်ကြားခွင့် အောင်လက်မှတ်ပေးတဲ့ အတန်းတတန်း တက်တယ်ဗျ။ ဗမာပြည်သားက ကျနော်အပါ ၃ ယောက်။ ကျန်တာတွေက နိုင်ငံစုံက လူမျိုးပေါင်းစုံ။ စုစုပေါင်း အတန်းသား ၃ဝ လောက် ရှိမယ်မှတ်တယ်။ ကျနော် သင်တန်းကို အဆင့်မီမီအောင်မြင်ပါတယ်။ (ဆရာဖြစ်အောင်လက်မှတ်ပဲ)ဆိုပါတော့ဗျာ ရတယ်။ အဲ့ဒီကစ အေဘီစီဒီဝေလာဝေး ကကြီးရေကတောင်မသိတဲ့ ဗမာပြည်သားလူကြီးတွေကို အခမဲ့ စာသင်ပေးတယ်။ ၄ နှစ်နီးပါးပဲ။ ခုတော့ နားထားပါတယ်။ လုပ်အားပေး အမေရိကန်ဆရာတွေလည်း ပါတာပေါ့။
သင်တော့ တချို့ လူကြီးတွေက မှတ်ဉာဏ်သိတ်မကောင်းရှာကြဘူး။ ဒီနေ့သင် မနက်ဖြန်မေ့။ မနက်သင် ညနေမေ့။ ခုသင် ခုမေ့တွေလည်း ပါသပေါ့။ ပြီးတော့ ဘဝတွေကလည်း ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းခဲ့ရလေတော့ စိတ်တွေလည်း တခါတလေ ခက်ခက်ထန်ထန်၊ နှုတ်တွေလည်း တချက်တချက်ပါးဖဲ့နားဖဲ့ပြောတာတွေလည်း ရှိတတ်ကြတာပါပဲ။ တယောက်ဆို မှတ်ဉာဏ်ကမကောင်းရတဲ့အထဲ အသက် ၈ဝ ကျော်မှ စီအေတီ ကက်တ် ကြောင်၊ အေပီပီအယ်လ်အီး အော့ပ်ပယ်လ်ပြန်လုပ်ရတာ။
မှတ်ဉာဏ်မကောင်းကြရှာတော့ စေတနာ့ဝန်ထမ်း အမေရိကန်ဆရာ(အဖြူ/အမည်း)တွေရဲ့ နံမည်တွေကို ဘယ့်နှယ်လို့ မှတ်မိနိုင်ပါ့မလဲ။ ဆိုတော့ သူတို့နည်းနဲ့ သူတို့ဘာသာ ဆရာဆရာမတွေကို သညာပြုကြတယ်။ ဇေဗီးယားကို ဆရာဇီးပြား၊ ကက်သီပိင်းဂ်ကို ဆရာမကေသီပန်၊ ပိတီကို ဆရာတွတ်ပီ၊ ကယ်ရိုလိုင်းကို ဆရာမ ကလနားစသည်ဖြင့်ပေါ့။ အင်္ဂလိပ်နံမည်တွေမို့ မှတ်ရခက်လို့ အဲ့သလိုခေါ်တယ်မထင်နဲ့ဗျ။ ကျနော့်နံမည် မျိုးမြင့်ကိုလည်း သူတို့ တခါတလေ မေ့တယ်။ တချက်တချက် မမှတ်မိဘူး။
တရက် ကျနော်စာသင်နေတုန်း အသက် ၇ဝ လောက်လောက်ရှိတဲ့ အဖွားတယောက်က "လူလေး မနေ့က ဆရာမ ကလနား က စာတစောင်ပေးတယ် လူလေးကိုပေးဖို့တဲ့။ အဲ့ဒါ အဖွားအိမ်မှာမေ့ကျန်ခဲ့တယ်။ ဒီနေ့ကျောင်းပြီးရင် အဖွားမြေး လာခေါ်လိမ့်မယ် အဲ့ဒါ သူ့ဆီခု ဖုန်းဆက်ပြောချင်တယ်။ လာရင် စာယူလာပေးဖို့၊ ဖုန်းခေါ်ပေးပါ"လို့ပြောတာနဲ့ ခေါ်ပေးပြီး ဟိုဘက်က ဟဲလိုအသံထွက်တော့ သူ့လက်ထဲဖုန်းပေးလိုက်တယ်။ သူက "ဟဲ့ အကြီးကောင်လား၊ နင်လာခေါ်ရင် မနေ့က အဖွားပြတဲ့ ဆရာငပြတ်ကိုပေးဖို့စာ ယူလာခဲ့ဦး၊ ရေခဲ့သေတ္တာမှာ ကပ်ထားတယ်"တဲ့။
ကဲ..ဘာပြောဦးမလဲ။ ဇွန် ၁၃ ၂ဝ၁၅


0 comments:

Post a Comment