Monday, July 27, 2015

၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ  ၂ (မျိုးမြင့်ချို)
(သရဲခြောက်တာများ အဆန်းလုပ်လို့)
ကျနော် သရဲအခြောက်ခံရဖူးတဲ့အကြောင်း လံကြုပ်ဇာတ်လမ်းဆင်ပြီး လူ ဆယ်ယောက်လောက်ကိုပြောကြည့်တာ သရဲရှိတာလုံးဝမယုံဘူးဆိုတဲ့လူတောင် “ခင်ဗျားဟာက ဟုတ်ရော ဟုတ်ရဲ့လားဗျာ”လို့ သူ့ကိုယ်သူ သံသယပြန်ဝင်တဲ့အထိပဲ။
ဗုဒ္ဓမြတ်စွာကို God ကို ယုံသလိုယုံသူ မဟုတ်ဘူးလို့ကြွေးကြော်သူတယောက်ကတော့ မနက်ဖြန် စီရင်ချက်ချတော့မယ်လည်းဆိုရော သူ့လက်နဲ့သူကိုယ်တိုင်ထုထားတဲ့ ရွှေဝါဆပ်ပြာ ဆင်းတုတော်လေးရှေ့မှာ ပုဆစ်တုပ်ထိုင်ပြီး တတွတ်တွတ်တွေ လုပ်တာတွေ့တော့ မေးကြည့်မိတယ် “ခင်ဗျား ဘာဆု့တွေတောင်းနေတာလဲဗျ”ဆိုတော့ “ဆုတောင်းတာ မဟုတ်ပါဘူး၊ ဘုရားရှေ့မှာ သစ္စာပြုတာပါ။ ကျနော်ဟာ တသက်လုံး အရက်သေစာ မသောက်စားခဲ့ဖူးပါဘူး ဤသစ္စာမှန်သောကြောင့် မနက်ဖြန်စီရင်ချက်ချတာမှာ ကွင်းလုံးကျွတ်လွတ်ပါရစေလို့ သစ္စာဆိုတာ”လို့ပြောတယ်။
ဘာမှမဟုတ်ပါဘူး နတ်မြင်းပျံဆိုလည်း ပျံလိုက်
နဂါးဆိုလည်း ဂါးလိုက်တွေ များသထက်များများလာတာတွေ့လို့ပါ။
နောက်မှပြောဦးမယ်ဗျာ။

(ရိုဟင်ဂျာမလေး နစီမာ)
ဖို့တ်ဝိန်းကို ဒုက္ခသည်လူဝင်မှုအဆင့်အတန်းနဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာမိသားစုတိုင်းမှာ ရင်နာစရာအဖြစ်ဆိုးတွေ နာကျင်ကြေကွဲစိတ်ထိခိုက်စရာတွေ ကိုယ်စီပါလာကြတယ်။ (ကျနော်တို့လည်း ထို့နည်းတူပါပဲ) လွန်ခဲ့တဲ့ ၅ လကျော်လောက်က ၈ လသမီးအရွယ် ကလေးလေးတယောက်ကို ခါးထစ်ခွင်ချီလို့၊ အရောင်လွင့်အဆင်မပေါ်တော့တဲ့ ပါတိတ်ထမိန်ဟောင်းလေးကို ကျစ်ကျစ်ပါအောင်စည်းလို့၊ ကြွပ်ကြွပ်အိပ်လေးတလုံးကို လက်တဖက်ကလျော့တိလျောရဲဆွဲလို့၊ အားငယ်စိုးရွံ့မျက်လုံးအစုံနဲ့ လောကကိုကျီးကြည့်ကြောင်ကြည့် ကြည့်ရင်း လေဆိပ်ရိုးရိုးလှေကားပေါ်ကဆင်းချလာတဲ့ ရွက်ကြမ်းရည်ကျိုရုပ်ရည်နဲ့ ပိန်ပိန်ပါးပါးအသားညိုညို အသက် ၃ဝ ဝန်းကျင် မိခင်ငယ်တယောက်ကို ကျနော်တို့ဇနီးမောင်နှံ သွားကြိုခေါ်လာပြီး ပြန်လည်နေရာချထားရေးပရိုဂရမ်က လုပ်ပေးရမယ့်ကိစ္စမှန်သမျှ တခုမှအလစ်ဟင်းမရှိရအောင် လုပ်ပေးခဲ့ကြတယ်။ (ကျနော်က စေတနာ့ဝန်ထမ်းအနေနဲ့ဖြစ်ပါတယ်၊ အဲ့သလို လုပ်ခဲ့တဲ့စေတနာ့ဝန်ထမ်းအကြိမ်ပေါင်းဟာ ရာဂဏန်းနဲ့ချီနေပါပြီ။)
ခုတော့ အဲ့ဒီ ရိုဟင်ဂျာမလေးမှာ အားမန်နဲ့ခွန်အားသစ်တွေ၊ မျှော်လင့်ချက်နဲ့စိတ်ကူးတွေ၊ သူ့သမီးငယ်အတွက် အနာဂတ်ရောင်ခြည်တွေ လင်းလက်ယှက်သန်းနေပါပြီ။ သူ အလုပ် လုပ်နေပါပြီ။ သူ့ဝင်ငွေနဲ့သူ့ခြေထောက်ပေါ် သူရပ်တည်နေနိုင်ပါပြီ။ ဘယ်သူ့အမှီအခိုမှ မလိုတော့ပါ။ သိတ်မကြာခင်မှာ သူ့ခင်ပွန်းသည်လည်း ရောက်လာတော့မယ့်အကြောင်း မနေ့က သတင်းကောင်းသွားပါးတော့ သူ့မျက်ဝန်းအစုံမှာ မျက်ရည်တွေပြည့်လို့။ အကြိမ်ပေါင်းများစွာ မျက်တောင်ခပ်ရင်း ကျမလာအောင် မနည်းအားတင်းထိန်းနေတဲ့ကြားကပဲ မျက်ရည်ကြည်တွေ ပေါက်ကနဲပေါက်ကနဲကျလာတာမြင်တော့ ကျနော့်ဇနီး အသံတွေတုန်ပြီ။ သူပါ ရော မျက်ရည်လည်ပြီ။
ခနတဖြုတ်ထိုင် အားပေးစကားပြောပြီး ပြန်မယ်လုပ်တော့ ကျနော့်ဇနီးကို “ယောင်းမကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး”လို့ပြောတော့ ဇနီးက “ရဘာဒယ်”လို့ အမေရိကန်အသံထွက်ဗမာစကားနဲ့ ပြန်ပြောတယ်။ သူရောက်ပြီး နောက်နေ့ 24 hours home visit သွားကတည်းက သူက ကျနော့်ကို “အကိုကြီး”တဲ့ ကျနော့်ဇနီးကိုကြ “ယောင်းမ” တဲ့။
အခုလာမယ့် ဇွန်လ ၂ဝ ရက်နေ့ ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugee Day ကို Catholic Charities Refugee Department က ကျင်းပတဲ့အခါ ဒီရိုဟင်ဂျာမလေးတက်ပြီး သူ့ဘဝဇာတ်လမ်းအကျဉ်းချုပ်လေး ဗမာလိုပြောလိမ့်မယ်။ အင်္ဂလိပ်လို တယောက်ယောက်က ဘာသာပြန်ပေးရမယ်။ မိတ်ဆွေတို့လည်း စိတ်ဝင်စားရင်လာပြီးနားထောင်ကြည့်စေချင်ပါတယ်။ ထုံးစံအတိုင်း ဗမာ၊ အာဖရိကန်နဲ့ လက်တီနို.အကတွေ အတီးအမှုတ်တွေအပြင် အမေရိကန်စာ ဗမာစာနဲ့အာဖရိကန်စာတချို့လည်း အခမဲ့စားကြမြည်းကြတာပေါ့။
အဲ့ဒါပြီးတော့မှ သူ့ဘဝအကြောင်း သူ့ခွင့်ပြုချက်တောင်းပြီး ရေးမယ်လို့စိတ်ကူးထားပါတယ်။ ဇွန် ၉ ၂ဝ၁၅

(ဖိတ်တာလား တောက်တာလား)
အင်န်အယ်လ်ဒီဟာ ဒီမိုကရေစီရေးတပ်ဦးက အလံကိုင်အဖွဲ့အစည်းကြီးဖြစ်နေသေးတယ်ဆိုရင်
ဒေါ်စုဟာ
လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဖြစ်နေသေးတယ်ဆိုရင်
ခုလို တွေ့ချင်တယ်ဆိုပြီး လူကြုံပါးတဆင့်ခံနှုတ်နဲ့ဖိတ်တာမျိုးမပြောနဲ့ ကိုယ့်ဘက်ကတောင် တွေ့ပါရစေလို့ မရမကတောင်းဆိုပြီးတွေ့ရမှာပဲ။
တွေ့လည်းတွေ့ခဲ့တာ အထင်အရှားရှိခဲ့တာပဲ။
ခုက အင်န်အယ်လ်ဒီဟာ နိုင်ငံရေးပါတီတခုပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီပါတီရဲ့ဥက္ကဌပဲ။
နိုင်ငံရေးပါတီတခုခုက ခုလိုမျိုး ဖိတ်တာမျိုးမပြောနဲ့ စာနဲ့ပေနဲ့တရားဝင်ထုတ်ပြီး ဖိတ်တယ်ဆိုရင်တောင် ဗကသလို လွတ်လပ်တဲ့ကျောင်းသားအဖွဲ့အစည်းမှာ သွားတက်ဖို့အခက်အခဲရှိတာ
သွားတက်ဖို့မဖြစ်နိုင်တာတွေရှိတယ်။
ဗကသအနေနဲ့မဟုတ်ပဲ ဗကသကိုကိုယ်စားပြုမှုမပါပဲ
ဗကသဝင်တွေ ကိုယ့်ဆန္ဒအလျှောက်သွားတွေ့တာကတော့ တပိုင်းပဲ။
ခု(ဖိတ်တယ်ပဲထားပါဦး) ကျနော့်အမြင်ပြောရင် လုပ်တဲ့ပုံစံက
ဖိတ်တယ်ဆိုတာထက် ဘာသံထွက်လာမလဲလို့ တောက်ကြည့်တဲ့သဘော တို့ကြည့်တဲ့သဘောပဲ။ ဇွန် ၇ ၂ဝ၁၅

(ငါးပိသံနဲ့ ဘိုလိုမှုတ်)
ကျနော်တို့ စကားပြန်တို့ ဘာသာပြန်တို့သာလုပ်နေတာ ကျနော်တို့ပြောတဲ့ အမေရိကန်အသံထွက်အင်္ဂလိပ်စကားက ဘယ့်နှယ်လို့ နေးတစ်ဗ်တွေလို ပီပါ့မလဲ။ ငါးပိသံဆားသံတွေ ကဲနေတာပေါ့။ ဝဲနေတာပေါ့။ ဒီကို ငယ်ငယ်ကလေးနဲ့ရောက်လာတဲ့ ဒါမှမဟုတ် ဒီမှာမွေးတဲ့ဗမာကလေးတွေပြောတဲ့အင်္ဂလိပ်စကားက လူသာမမြင်ရလို့ကတော့ တကယ့် အမေရိကန်တွေပြောတဲ့အတိုင်းပါပဲ။ လေယူလေသိမ်းရော ဝေါဟာရရွေးချယ်တာရော အစစအရာရာဆိုပါတော့။ ကျနော်တို့အင်္ဂလိပ်လိုပြောရင် သူတို့နားထဲ သိတ်အစပ်မတည့်လှသလို တခါတလေ သိတ်လည်း နားလည်ပုံမပေါ်ပါဘူး။
နားလည်တာမလည်တာ အစပ်တည့်တာမတည့်တာက ပြဿနာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့ဗမာစကားကလည်း ကျနော်တို့ပြောတဲ့ အင်္ဂလိပ်စကားလိုပဲမဟုတ်လား။ ဒါပေမယ့် လူတဖက်သားရဲ့အားနည်းချက်ကို လှောင်တာပြောင်တာသရော်တာဟာ မယဉ်ကျေးတဲ့အပြုအမူမှန်း က ကညစ်ပေမှာခြစ် အရွယ်ကတည်းက ခေါင်းထဲရိုက်သွင်းခံရတဲ့လူ့အဖွဲ့အစည်းမှာ ကျနော်တို့ရဲ့ ငါးပိသံဆားသံကို လှောင်မိသရော်မိတဲ့ ဗမာမိဘများကမွေးတဲ့ကလေး ၂ ယောက်အဖို့ အပြစ်ထက် အဖြစ်ပိုကြီးသွားတာလေး ပြောမယ်တွေးထားပါတယ်။
ပရိုက်ဗေစီလို့ဆိုတဲ့ တပါးသူ့အတွင်းရေး အပြင်မပေါက်ကြားအောင် ထိန်းသိမ်းပေးရမယ့်အခြေခံကနေ ပြောပါမယ်။ မနက်ဖြန်လောက်ပေါ့။
ဇွန် ၃ ၂ဝ၁၅

(ရိုဟင်ဂျာတွေနေတဲ့တိုင်းပြည်)
ဗမာပြည်ဘယ်နားမှန်းမသိပေမယ့် အောင်ဆန်းစုကြည်နေတဲ့တိုင်းပြည်လို့ပြောရင် “သြော်...သိပြီ သိပြီ” ဆိုတဲ့ခေတ်တခေတ် အမေရိကားမှာဖြစ်ခဲ့ဖူးတယ်။
ခုများမှာတော့ “ရိုဟင်ဂျာတွေနေတဲ့တိုင်းပြည်”လို့ပြောပြော “ဘာသာရေးအစွန်းရောက် အကြမ်းဖက်ဘုန်းကြီးတွေနေတဲ့တိုင်းပြည်” လို့ဆိုဆို သိသူများတဲ့ခေတ်ဖြစ်လာတယ်။
ရိုဟင်ဂျာကိစ္စကို ကျနော်တို့က စကားလုပ်ပြောရုံတင်မကဘူး အသံကျယ်နိုင်သမျှကျယ်အောင် ပြောရမှာပဲ။ ဒါဟာ လူတဦးတယောက်အပေါ်ကျူးလွန်တဲ့ သာမန်ရာဇဝတ်မှုမျှမဟုတ်ပဲ လူမျိုးတမျိုးပေါ် နှစ် ဆယ်နဲ့ချီပြီး စနစ်တကျသုတ်သင်သတ်ဖြတ်နေတဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုကြီးဖြစ်နေလို့ပဲ။
လက်သည်ဟာ အစွန်းရောက်အမျိုးသားရေးအတွေးအခေါ်နဲ့ ဗမာလူမျိုးကြီးဝါဒကို ဘုံအကျိုးစီးပွားအဖြစ်အလံတင်ထားတဲ့ စစ်အာဏာရှင်စနစ်ဖြစ်နေလို့ပဲ။ ဒါဟာ အစွယ်အပွားပြဿနာမျှမဟုတ်ဘူး။
ကျနော်တို့ အချိန်ကုန်ခံသင့်တဲ့ကိစ္စဖြစ်တယ်။ လက်သည်ကို မျက်ချေမပြတ်ဖို့ သတိပြုရမယ်။ ဇွန် ၃ ၂ဝ၁၅

(လက်နဲ့ကန်တဲ့ဘော)
အသက် ၂ဝ အောက် ဘောလုံးကန်ပွဲမှာ ဗမာအသင်းကရှူံးပြီး အမေရိကန်အသင်းက နိုင်သွားတယ်လို့ ဇနီးကိုပြောတော့ ဘယ်တုန်းက ဘယ်မှာကန်တာလဲလို့မေးတယ်။ နူးဇီလန်မှာ ဟိုနေ့ကလို့ပြောတော့ သြော်..တဲ့။ ခနနေတော့ "ခြေထောက်နဲ့ချည်းပဲကန်တဲ့ Soccer မှာတောင် နိုင်တယ်ဆိုတော့ လက်ရောခြေရော တကိုယ်လုံးရောပါတဲ့ American Football သာဆို အမေရိကန်တွေ ဘယ်လောက် ဗိုလ်လုပ်လိုက်မလဲမသိဘူးနော်"တဲ့။ ဒီတခါ မ အင်းဘဲ "သြော်"လိုက်ရတာက ကျနော်။ မေ ၂ဝ၁၅

(ပူဒီနာနဲ့ဒီပဲယင်း)
ဒီပဲယင်း နိုင်ငံတော်နိုင်ငံရေးလုပ်ကြံမှု ၁၂ နှစ်မြောက် အကျဉ်းရုံးပွဲလေးသွားတော့ မိုးကစရွာပြီ။ ရာသီပဲအေးလို့လား နိုင်ငံရေးပဲသွေးမနွေးကြတော့လို့လားမပြောတတ် လာတဲ့လူက လက်ဆယ်ချောင်း မပြည့်တတ်ပြည့်တတ်။ ဒီပဲယင်းကိစ္စ လောလောလတ်လတ် ဦးတင်ဦးပြောတဲ့အကြောင်းလေး ပြန်ပြောပြတော့ ဒေါ်ညွန်ွှညွန့်က ကျမနားမထောင်ရသေးဘူးလို့ အစချီပြောရင်း ဒီပဲယင်းကိစ္စ နောက်ကြောင်းနည်းနည်းပြန် လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်က အကြမ်းဖက်မှုမှန်သမျှ ရာဇဝတ်မှုမှန်သမျှ ဇွတ်အတင်း တဘက်သတ်သင်ပုန်းချေပြနေရတဲ့ မျက်ရည်ရည်ခံထိုး နိုင်ငံရေးဘဝတွေအကြောင်းပြောဖြစ်ကြတယ်။ "အထဲမှာလည်း ဒီမှာလိုနေမှာပါပဲ ကိုမျိုးမြင့်ရယ်"ဆိုတဲ့ သူ့စကားက ရင်ဝကို လှံသွားမြမြနဲ့ ဇွပ်ကနဲဇွပ်ကနဲ ထိုးထိုးချခံနေရသူရဲ့ နာကျင်ကြေကွဲသံတွေစွက်ဖက်နေလေရဲ့။
အတွေးတွေ အနာအကျင်တွေနဲ့ အိမ်ပြန်ရောက်တော့ မိုးကတော့တိတ်ပြီ။ မြေတင်ရေနဲ့ မြက်ခင်းကစိုစိစိ။ ဒါနဲ့ အိမ်ရှေ့က သပျစ်ပင်တွေဘက် ပြူတင်းကနေလျမ်းကြည့်တော့ အသိုက်အမြုံလေးထဲက မွေးချင်းငှက်ပေါက်စတွေ တတီတီတတျာတျာနဲ့ အမေမျှော်နေကြလေရဲ့။ ခနနေတော့ အမေလာပြီး နှုတ်သီးနဲ့ကိုက်ချီရုံမက လည်ဇလုပ်ထဲမြိုထားတဲ့ အင်းဆက်ပိုးမွှားလေးတွေ အန်အန်ချပြီး တကောင်ချင်းစီကို အလှည့်မကျန်ရလေအောင် အစာခွံ့နေလေရဲ့။ ကြည့်ကောင်းကောင်းကြည့်နေတုန်း ဇနီးက "ဦးဦးဖျားဖျား စထရော်ဘယ်ရီမှည့်နေတာလေးတွေ သွားခူးလိုက်မယ် ပူဒီနာတွေလည်း နည်းနည်းညှပ်ဦးမှ"ဆိုပြီး အနားလာ လော တယ်။ သူ စထရော်ဘယ်ရီ သွားဆွတ်နေတုန်း ကျနော်က ပူဒီနာလေးတွေညှပ်တယ်။
ပူဒီနာဆိုလို့ ရီစရာပြောချင်လာတယ်။ တကယ်ဖြစ်ခဲ့တာပါ။ ကျနော်တို့ အတူနေစက တနေ့ သူက စမူဆာလုပ်နည်း ကျနော့်ညီမဆီကသင်လာပြီး လက်စွမ်းပြချင်တယ်။ အာလူး၊ မဆလာ ဘာညာတွေစပ်နေတုန်း ကျနော်က "ပူစီနံလေးနည်းနည်းထည့်ရင် ပိုမွှေးတယ်"လို့ပြောတော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ပြောရင်း"ဘာ..ပူစီနံ..."ဆိုပြီး စကားတန်းလန်းနဲ့ အူကြောင်ကြောင်ဖြစ်သွားတယ်။ ဒီတော့မှ ကျနော် သဘောပေါက်သွားပြီး"မဟုတ်ပါဘူး
ဒို့ဗမာပြည်သားတွေက ပူဒီနာကို ကိုယ့်အသံထွက်နဲ့ကိုယ် ပူစီနံလို့ခေါ်တာပါ"လို့ရှင်းပြတော့မှ "တော်သေးတာပေါ့"ဆိုပြီး မချိုမချဉ်မျက်နှာပေးနဲ့ စပ်ဖြဲဖြဲလုပ်နေတယ်။ တော်ပါသေးရဲ့ ကျနော်လည်း အချိန်မီလေး အလျှောက်ကောင်းလို့ နို့မို့ဆို "နင်က အစားအသောက်အကြောင်း အကောင်းပြောလည်း ညစ်တီးညစ်ပတ်တွေကပါသေး"ဆိုပြီး အကလိခံရဦးမှာ။
အဲ့ဒီကစ ကျနော်လည်း ဗမာဗမာချင်းပြောတောင် ပူစီနံလို့မပြောတော့ဘူး။ မေ ၃၁ ၂ဝ၁၅

(ဘာသာဖျက်တဲ့ကောင်)
ဟိုနေ့က မင်္ဂလာဆောင်တခုသွားရင်း အမေရိကန်မွေး/ကြီးတဲ့ အာဂျင်တီးနားတယောက်နဲ့ စကားလက်ဆုံတယ်။
သူ့အဖေက အာဂျင်တီးနားအာဏာရှင်ဆန့်ကျင်ရေးလုပ် ထောင် ၈ နှစ်ကျ၊ ထောင်ကလွတ်တော့ အိမ်နီးခြင်းနိုင်ငံကို ထွက်ပြေး။ ပြည်ပနိုင်ငံရေးကို ပြည်ပြေးဘဝနဲ့အကြာကြီးလုပ်။ ဟိုနိုင်ငံဒီနိုင်ငံတွေမှာ နိုင်ငံမဲ့ဘဝတလည်လည်နဲ့ နှစ်တွေအတန်ကြာပြီးမှ အမေရိကန်ကို နိုင်ငံရေးခိုလှုံခွင့်နဲ့ရောက်လာ။ ဒီရောက်တော့ ဘဝတူ ယုံကြည်ချက်တူ အာဂျင်တီးနားမလေးတယောက်နဲ့ အိမ်ထောင်ကျ။ သူ့ကိုမွေး။
သူက ဒီမှာ ဘွဲ့ရပြီးကတည်းက ကျောင်းဆရာလုပ် ခုတော့အထက်တန်းပြဆရာ။ စာဖတ်တယ်။
ပြောရင်း ဗမာပြည်က ဘာသာရေးအစွန်းရောက် အကြမ်းဖက်သတ်ဖြတ် လုယက်မှုတွေဆီရောက်လာတော့ ဂျပန်က ဥုံရှင်ကျူရီ၊ ဗမာပြည်က ၉၆၉ ဂိုဏ်း၊ မဘသဂိုဏ်း၊ သီရိလင်္ကာက Bodu Bala Sena (BBS or Buddhist Force Militia)တို့လို ဂိုဏ်းတွေကိုထောက်ပြပြီး “ကမ္ဘာပေါ်မှာ ခုဆို ဗုဒ္ဓဝါဒီအကြမ်းဖက်သမားတွေလည်း မနည်းတော့ဘူးနော်"လို့ မှတ်ချက်ချလေရဲ့။ မေ ၃၁ ၂ဝ၁


0 comments:

Post a Comment