Monday, July 27, 2015

၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၆(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၆(မျိုးမြင့်ချို)
(သေ ပျော်ခြင်း)
စစ်ဗိုလ်တွေ
ရှေ့တန်းမှာ သောက်သောက်လဲသေပွဲဝင်တော့လည်း ပျော်လိုက်ရတာ..
စောင်မန်ခုတ်ရင်း အချင်းချင်းဖြုတ်ကြတော့လည်း ပျော်လိုက်ရတာ...
ကျန်းမာရေးဆိုးလို့ မျိုးပြုတ်တော့လည်း ပျော်လိုက်ရတာ...
အကြောင်းအမျိုးမျိုးနဲ့ မျိုးကန်းတော့လည်း ပျော်လိုက်ရတာ...
ကိုယ့်လက်နဲ့မှ
တရားမစီရင်နိုင်သေးတာ
ဒီအပျော်တွေကို
ဒဏ်ရာနဲ့လူတွေကလွဲလို့
ဘယ်သူခံစားနိုင်မလဲ
ဇူလိုင် ၉ ၂ဝ၁၅

(ဆုံးရှူံးဖို့ကျန်သေးတယ်)
တနေ့က မိုးနည်းနည်းစင် လေနည်းနည်းကင်းတာနဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူတွေအကုန် အချိန်မကျသေးပဲ နှုတ်လိုက်ရတယ်။ မနှုတ်လို့မဖြစ်တော့ဘူး။ မိုးများပြီးမြေကျစ် ရေပါဝပ်တော့ ဥတွေ ဆက်မကြီးနိုင်တော့အပြင် ရေလောင်ပြီး ရိကုန်တာတွေလည်း မနည်းလှဘူး။ အကောင်းအတိုင်းရလိုက်တာက ၃ ပုံတပုံလောက်ပဲရှိတယ်။
အာလူးခင်းလေးဘက်ကြည့်တော့လည်း မိုးများလို့ အမြစ်ရင်းတွေ ရေဝပ်ပြီး အရွက်မှန်သမျှ ဝါကျင်ကျင် ကိုင်းမှန်သမျှ ပျော့အိတွဲရရွဲနဲ့ အားပြတ်သွားတဲ့လူမမာကြီးတွေ မြေပြင်ပေါ် အတုံးအရုံး ပစ်စလက်ခတ် ချထားတဲ့အတိုင်းပဲ မြင်ကွင်းကြီးက။ အလဲလဲအပြိုအပြို ကယိမ်းကယိုင် ခနော်ခနဲ့အာလူးခင်းလေးကြည့်ရင်း တပ်ထဲနေတုန်းက ရှေ့တန်းမှာမြင်ခဲ့ကြုံခဲ့တဲ့ တိုက်ပွဲပြီးစ ရွာပျက်ကြီးတွေကို ပြန်မြင်တယ်။ ထိုင်ချလိုက်ပြီး တခြမ်းပေါ်နေတဲ့ အာလူးတလုံးကို လက်နဲ့ အသာထိုးဖိကြည့်တော့ လက်ချောင်းက ဇွိကနဲကျွံဝင်သွားတယ်။ အာလူးပုတ်နံ့ ထောင်းကနဲ ထွက်လာတယ်။ သွားပြီ ဒါဆို အာလူးတွေလည်း ဒီနေ့ ဖော်ရတော့မှာပဲ။ ရွှေပစ္စုန်အမ္ဗုန်ရှင်က မကြေနပ်နိုင်သေးဘူးလား မပြောတတ် ညကလည်း ၂ လက်မလောက် ထပ်ရွာပြန်တယ်။
ပြောရရင် ဒီခြံလေး ဒီယာလေးနဲ့ ဒီဘဝလေးကို ၂ ယောက်သား ခြေသုံးချောင်း လက် ၃ ချောင်း မပြည့်တပြည့်နဲ့ စခဲ့ကြတာပဲ။ ဘာစက်ကိရိယာမှမဝယ်နိုင်တာမို့ ကိုယ့်ခြေကိုယ့်လက်နဲ့ ထွန်ယက်ကြဲဖြန့်ခဲ့တာပါပဲ။ မိမိကြဲဖြန့်သမျှ စိုက်ပျိုးသမျှ ပြန်ရိပ်သိမ်းမခဲ့ရတာအတွက်တော့ ရင်ထဲသိတ်မချိလှဘူး။ မှန်းချက်နဲ့ရလာဒ်ထွက်မကိုက်တော့ အချိန် လုပ်အား ငွေကြေးနဲ့ မျှော်လင့်ခြင်းပါ ကြက်သွန်ပေါင်တွေထဲ ပဲ့ပါသွားသလို ခံစားမိလိုက်သေးတယ်။ ဒါပေမယ့် “ဘဝမှာ မျှော်လင့်ချက်ကအစ ဆုံးရှူံးစရာဘာမှမကျန်အောင် ဆုံးရှူံးသွားရသူတွေနဲ့စာရင် ကျနော့်မှာ ဆုံးရှူံးစရာတွေကျန်သေးတယ်။ ထပ်ကြိုးစားရဦးမှာပဲ”ဆိုတဲ့အတွေးနဲ့ “မသေသေးရင်တော့ ရှေ့နှစ်တွေမှာ ထပ် ထွန်ယက်ကြဲဖြန့် စိုက်ပျိုးမယ်”လို့ အားခဲမိလိုက်တယ်။
ဇာတိဇရာဗျာဓိမရဏာကို ဆင်းရဲခြင်း(ဒုက္ခ)လို့မမြင်ပဲ သဘာဝတရားရဲ့အရွေ့သဘောအဖြစ်မျှသာ သိမြင်နားလည်ခံစားတတ်ဖို့ ဖတ်ခဲ့ရစာတွေ ဖြတ်ခဲ့ရတဲ့ဘဝတွေအတွက် ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးအခါခါတင်ရတယ်။
အသက်ရှင်နေရတာကိုကောင်းတယ်ဆိုတဲ့စိတ်အခံနဲ့ မိမိဘဝနည်းတူ အခြားဘဝတွေကိုလည်း တွယ်တာစွာချစ်တတ်ဖို့သွန်သင်တဲ့အမေ့ကိုလည်း တိုးလို့သာမြတ်နိုးရတာပါပဲ။
ကျနော် ရှေ့နှစ်လည်း ထွန်ယက်ကြဲဖြန့်စိုက်ပျိုးဦးမှာပါ။
ဇူလိုင် ၉ ၂ဝ၁၅

(ပွဲလုပ်နဲ့လုပ်ပွဲ)
ဆဲဗင်န်ဂျူလိုင်ပွဲကို ဇေယျာလွင်ထွက်လာတယ်။ စည်သူမောင်က ဗီဒီယိုရိုက်တယ်။ အပြန်မှာ အဖမ်းခံရတယ်။ ခု အဲ့ဒီဗီယိုအပိုင်းအစတချို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့ရတယ်။ ဇေယျာလွင်ကို ကုန်ပစ္စည်းကြော်ငြာသလို အပြောနဲ့ပြကွက်တွေ ခင်းကျင်းတဲ့သဘောတွေလည်းတွေ့ရတယ်။
စစ်တမတ်သားလွှတ်တော်ထဲကထွက်သွားနဲ့ ဖွဲ့စည်းပုံအမြန်ပြင်ရပ်ခံချက်က သူ့မူမို့ အကြိုက်မညီတောင် ဘာမှပြောစရာမရှိပါ။ ထူးတော့ ထူးဆန်းနေသလိုပဲ။ ဟိုတပတ်က ထွက်လာတယ် ပြောတယ်ပြတယ် ပြန်ပျောက်သွားတယ်။ ဖမ်းဝရမ်း အထုတ်ခံရတယ်။ဝရမ်းပြေးနေရသူ ခုပြန်ထွက်လာတယ်။ ဗီဒိုတွေဘာတွေရိုက်ဖို့တောင် ကြိုညှိချိန်ရသလား မှတ်ရတယ်။ အချက်အလက်အခိုင်အမာတော့ ကျနော့်မှာလည်းမရှိသေးပါ။ သိုးသိုးသန့်သန့်တွေ နားစွန်နားဖျားတွေကတော့ နားလျှံအောင်အာင်ကြားရပါတယ်။ မိမိအတ္တနောမတိနဲ့ တောရမ်းမယ်ဖွဲ့လည်း မပြောအပ်ပါ။ သံသယအတွေးအခံနဲ့ မသင်္ကာစိတ်ကို ဘေးချိတ်ထားပါတယ်။
သူ့နိုင်ငံရေးနဲ့ကိုယ့်နိုင်ငံရေးသီလတွေစာရိတ္တတွေလည်း စောင့်ထိန်းရမှာပါ။ အချိန်နဲ့အချက်အလက် စောင့်ရဦးမှာပါ။ အချိန်တန်တော့လည်း အချက်အလက်တွေက ထွက်လာမှာပါ။
ဇူလိုင် ၇ ၂ဝ၁၅
(ဖက်ဆစ်ကောင်းကြီးတွေ)
စစ်ဗိုလ်စစ်ဗိုလ်ချင်း အာဏာနဲ့ဓန ခွက်စောင်းခုတ်ရင်း လက်ဦးတဲ့ကောင် စားကြတာပါ။
ဗိုလ်အောင်ရွှေတို့အုပ် အောင်ကြီး တင်ဖေတို့အုပ် သိန်းစိန် ထွန်းလင်း တင်ဝင်းညိုတို့အုပ် ဗိုလ်နေဝင်းနဲ့အပေါင်းအပါများ ဗိုလ်စောမောင် ဗိုလ်ခင်ညွန့်မှသည် ဗိုလ်လွန်းမောင်အထိ လူထုအတွက်တိုင်းပြည်အတွက် ချအနင်းခံရတဲ့ကောင် တကောင်တမြီးမှမပါပါ။ ဒါကို ဘယ့်နှယ် စစ်ဗိုလ်ကောင်းကြီးများသဖွယ် အမွှမ်းတင်ချီးပနေကြသူများအနက် "စစ်အာဏာရှင်စနစ် ဆန့်ကျင်တယ်" ဆိုသူတွေပါ ပါနေပါရောလား။
အဆိုးထဲကအကောင်းရှာကြည့်တာတို့ အကောက်ထဲက အကွေးထုတ်ကြည့်တာတို့ဆိုတဲ့ ဆင်ခြေနဲ့ကန်ပြီး အကိုင်ခံလိုက်ရတဲ့စစ်ဗိုလ်ဆိုးတွေကို သွားမြှူချင်တာဆိုရင်တော့ မှားမှာပဲ။ နေဝင်းမကောင်းဘူး စောမောင်မကောင်းဘူး သန်းရွှေမကောင်းဘူး မင်းအောင်လှိုင် မကောင်းဘူး ဘယ့်လောက်ပြောနေပြောနေ စစ်အာဏာရှင်စနစ်မကောင်းဘူးတို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တယ်လို့ ဘယ်သကောင့်သားပါးစပ်ကမှ မထွက်သလို နှလုံးသားထဲမှာ အကျိုးစီးပွားနဲ့ယှဉ်ပြီးကို နှစ်ခြိုက်တတ်ကြတာကလား။ ကြိတ်ထောက်ခံတဲ့ကောင်နဲ့ ဗြောင်ထွက်မိုက်ဂုဏ်ပြတဲ့ကောင်ပဲကွာတယ်။
ခင်ညွန့်ဟာ ဗြောင်ထွက် မိုက်ဂုဏ်ပြတဲ့ကောင်တွေထဲက တကောင်ဖြစ်တယ်။
စစ်တပ်ကိုစိတ်နဲ့တောင်မပြစ်မှားနဲ့ဆိုလေသူကိုတောင် ကယောင်ကတမ်းနဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး တင်တော့ ဘာတွေဖြစ်ခဲကြသလဲလည်း မမေ့ကြစေချင်ပါ။
အီလျာအာရင်ဘတ်ပြောသလို "'ဒီအချိန်ဟာ ဖက်ဆစ်တွေထဲက ဖက်ဆစ်ကောင်းတယောက် ရှာနေရမယ့်အချိန်မဟုတ်ဘူး"ဆိုတာအပြင် ဖက်ဆစ်မှာ ဖက်ဆစ်ကောင်းရယ်လို့ ရှိရိုးထုံးစံလားဗျာ။
ဇူလိုင် ၇ ၂ဝ၁၅

(ကြက်ဘသ)
ဒီနေရာမှာတော့ ကင်န်တပ်ကီကြက်ကြော်က အော်ရီဒူးထက် ထူတယ်။ မဘသ ဘုန်းကြီးဆိုးဘုန်းမိုက်တွေကို ကြက်ကြော်ဆွမ်းကပ်လိုက်။ ကပ်တဲ့အခါ ဒီလိုတော့လျှောက် “ဒီကြက်တွေက အမျိုး ဘာသာ သာသနာအတွက် အသက်စွန့်သွားတဲ့ ကြက်အာဇာနည်တွေပါဖျာ့”ဆိုပြီး။
ဇူလိုင် ၆ ၂ဝ၁၅

(ဘုန်းကြီးသမ္မတ တို့ကစ)
ကျနော်ကတော့ ဘုန်းကြီးတွေရော သင်္ကန်းဝတ်တွေရော သင်္ကန်းခြုံတွေပါမကျန် နိုင်ငံရေးထဲဝင်ပါတာ ပိုကြိုက်တယ်။ ဖြစ်နိုင်ရင် သူတို့ကို ပါတီထောင် ရွေးကောက်ပွဲပါ ဝင်စေ့ချင်တယ်။ လူချင်းအတူတူ နိုင်ငံသားချင်းအတူတူ ဆံပင်လေးမထားရုံ အရောင်မတူ ဒီဇိုင်းမတူတဲ့အဝတ်အစားလေးဝတ်ရုံနဲ့ မဲပေးခွင့်လေးတောင်မပေးတာမျိုး ပင်မနိုင်ငံရေးစီးကြောင်းတွေထဲကနေ ဖယ်ထုတ်ထားတဲ့သဘောမျိုးကို မနှစ်မြို့ဘူး။ ထောင်ကျနေသူတွေ စိတ်ပေါ့သွမ်းရုးနှမ်းနေသူတွေနဲ့ တဂိုဏ်းတည်းထားတာကိုလည်း ဘဝင်မကျဘူး။ သူတို့ မခံချင်ဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲ။ တွေးကြည့်လေ အကန်တော့ခံတွေကို အရူးတွေနဲ့တတန်းတည်းအထားခံရတာ စိတ်နာစရာ မကောင်းပေဘူးလား။
တခုပဲ နိုင်ငံရေးထဲပါနေတဲ့ အရွေးခံနေတဲ့ ရွေးခွင့်ရှိနေတဲ့အခြားလူတွေလို သူတို့လည်း ကိုယ့်ထမင်းကိုယ်ရှာစား အလုပ်လုပ် ဝင်ငွေရှာ အခွန်ဆောင် (အိမ်ယာထူထောင်တာ မထူထောင်တာကတော့ သူတို့စိတ်ကြိုက်ထားပါ) နိုင်ငံ့ကုန်ထုတ်စွမ်းအားစုထဲတော့ ဝင်ပါပေါ့။
အဲ့ဒါတွေတော့မလုပ်ပါရစေနဲ့ဆို စားပြီးအိပ်နေဘိက္ခဝေက ပိုမကောင်းဘူးလား။
ဇူလိုင် ၆ ၂ဝ၁၅

(သမ္မတ မေမေ)
“အမေ့”ကို သမ္မတထက်ကြီးတာရှိတောင် ဖြစ်စေ့ချင်သူတွေထဲ ကျနော်လည်း ထိပ်ဆုံးကပါပါတယ်။ အမေနိုင်ငံရေး “စန်း”က ဘယ်သူမှတုနှိုင်းမသာအောင် ပွင့်လန်းလွန်းလှတာလည်း အရှိတရားပါ။ အမေ သမ္မတဖြစ်မဖြစ်နဲ့ (အနိမ့်ဆုံး) သံအမတ်လောက်ဖြစ်မဖြစ်ကိုတောင် အတပ်မဟောဝံ့ပါ။ အမေ့နိုင်ငံရေးကံဇာတာကို စံဇာဏီဘိုလိုလည်း မပြောချင်ပါ။ ဗေဒင်ဆရာတိုင်းမှာ အမှားဖြည်စရာ နက္ခတ်တွေ ဂြိုလ်တွေ ဇာတာဂွင်တွေရှိပါတယ်။ မှားသွားလည်း လူလိမ်လို့ အသမုတ်ခံ အယိုးစွပ်ခံ တရားအစွဲခံအဖြစ်က ကင်းလွတ်ခွင့်ရနေတာ ဗေဒင်ဆရာပါ။ ကျနော်ကတော့ အစိတ်သားရှိရှိ မရှိရှိ၊ ၄၃၆ ပြင်ပြင် မပြင်ပြင်၊ ၅၉(စ) ဖျက်ဖျက်မဖျက်ဖျက် ဒီတချီတော့ စံဇာဏီဘို မှန်သွားစေချင်ပါတယ်။ အမေ့ကိုလည်း “သမ္မတမေမေ”လို့ အားပါးတရ ခေါ်ချင်စမ်းလှပါတယ်။
တပြိုင်တည်းမှာပဲ စိတ်ဒွိဟတွေလည်း ဖြစ်ရပါတယ်။ အမေ့ကို အဲ့သလို ဘာတက်လမ်းမှမရှိတဲ့အလုပ်တွေလည်း မလုပ်စေချင်ပါ။ ဒါပေမယ့် အမေကိုယ်တိုင်က အဲ့ဒီအလုပ်ကို လုပ်ချင်နေတော့ မခက်ပါလားဗျာ။ တွေးကြည့်ပါ သမ္မတထက်ကြီးတဲ့အလုပ် ဗမာပြည်မှာ ရှိသေးသလားဗျာ။ သမ္မတဆိုတာ ဘာမှ ထပ် တက်လမ်းမရှိတော့တဲ့ တက်လမ်းကုန်တဲ့အလုပ် မဟုတ်လားဗျာ။ နောက်တချက်ထပ်တွေးစရာက အဲ့ဒီ တက်လမ်းမရှိတဲ့အလုပ်ကိုခန့်ပိုင်ခွင့်က ပြည်သူတွေလက်ထဲမှာပါ။ အမေက အလုပ်ရှင်ဆီ အလုပ်မတောင်းပဲ ဘယ်သူ့ဆီများ သွားတောင်းနေပါလိမ့်။ ခက်တယ်အမေရယ် ခက်တယ်။
ဇူလိုင် ၆ ၂ဝ၁၅

(ဒေါက်တိုင်ကြီးများ)
စစ်အာဏာရှင်ကို စစ်အာဏာရှင်မှန်းသိပြီး
အဦးဆုံးဆန့်ကျင်တိုက်ပွဲဝင်ခဲ့တာ ဗကသ ပဲ။
ဗကသကို ဦးတည်ရန်သူအဖြစ်
အငြှိုးအာဃာတနဲ့ သတ်မှတ်ချေမှုန်းနေတာ စစ်အာဏာရှင်ပဲ။
စစ်အာဏာရှင်ကို မျက်နှာလိုမျက်နှာရလုပ်တဲ့
သခင်အားရကျွန်ပါးဝတွေလည်း ခေတ်တိုင်းမှာရှိတာပဲ။
စစ်အာဏာရှင်နဲ့တကွ သခင်အားရကျွန်ပါးဝမှန်သမျှကို
ဗကသနဲ့အတူဆန့်ကျင်တယ်။
ဇူလိုင် ၆ ၂ဝ၁၅


(သစ်ပင်လည်း Stress ရှိဆိုပဲ)
ဟိုတလောက ဥတုံးကြက်မကြီးတွေနဲ့ ကြက်ဖတချို့ထုတ်ရောင်းလိုက်ဖြစ်တယ်။ လာဖမ်းတာက ညဘက်ကြီးပါ။ လက်နှိပ်ဓာတ်မီးထိုးပြီး တတ်နိုင်သမျှ တိုးတိုးညင်သာ ဖမ်းကြတာဆိုပေမယ့် အဖမ်းမခံရတဲ့ကောင်တွေက သိပါတယ်။ မနက်ကြတော့ နေ့စဉ်ဥနေကြ ကြက်မဒန်းတွေ ဥ အအု ကျသွားတာသိသိသာသာပဲ။ နောက်တရက်ကျော်မှ ပုံမှန်ပြန်ဥကြတယ်။ ဒါကို ဇနီးက ကြက်တွေ Stress ရသွားလို့ လို့ပြောတော့ ရုတ်တရက် ရယ်မိတော့မလို့ဖြစ်သွားတယ်။ နောက်တော့မှ သူပြောတာ ဟုတ်သားပဲ။ ကြက်ဆိုတာလည်း သက်ရှိပဲ။ ညက ဖမ်းသံဆီးသံတွေကြားပြီး မနက်လည်းကြရော သူတို့အဖော်တချို့ ပျောက်ချင်းမလှပျောက်သွားတော့ စိတ်ဖိစီးမှုဖြစ်နိုင်တာပဲလို့ လူ့စိတ်နဲ့ယှဉ်ပြီးတွေးမိတယ်။ “တိရိစ္ဆာန်တွေမို့ Stress အစား တခြားတခုခုသုံးရင်ရော မရဘူးလား”လို့ မေးကြည့်တော့ “ရရင်တော့ရမှာပေါ့လေ။ ဒါပေမယ့် ဒီအခြေအနေဟာ စိတ်ဖိစီးမှုဒဏ် ခံရနိုင်တဲ့အနေအထား မဟုတ်လား”လို့ပြန်ဖြေတယ်။ ပြီးတော့ “ဗမာလိုကြတော့ အဲ့လိုဖြစ်တာကို ဘယ်လိုပြောရသလဲ” လို့မေးတယ်။ “တို့ ဗမာမှာတော့ ကြက်တွေလန့်သွားလို့ ဥနှုန်းကျသွားတာလို့ဆိုရင် ရပါတယ်”လို့ပြန်ဖြေတော့ “သြော်”တဲ့။ ဒါကတခု။
မနက်က ခြံဘေးနဲ့နောက်ဖက် မြေနည်းနည်းပြန်သွေ့လာတာနဲ့ ၂ ယောက်သား ပန်းပင်လေးတွေ သီးနှံပင်လေးတွေ လျှောက်ကြည့်ကြတယ်။ တနေရာရောက်တော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က တပင်လုံးရှိသမျှအရွက်တွေကြွေ အပင်လည်း ငိုက်ကျညှိုးယော်ပြီး အစိမ်းရောင်ပြယ်သွားတဲ့ ပန်းပင်လေးတပင်ကို ကျနော်ကသေပြီပြောပြီး ဆွဲနှုတ်မလို့ လုပ်နေတုန်း “မနှုတ်နဲ့ မနှုတ်နဲ့၊ ထားလိုက် ထားလိုက်။ သုံးလေးရက်လောက် ကြည့်ပြီးမှ သေတယ်ဆို နှုတ်တာပေါ့”ဆိုလို့ ထားခဲ့တဲ့အပင်လေးနားရောက်တော့ “ဒီမှာလာကြည့် တွေ့လား ရွက်နုသစ်ဖြစ်လာမယ့် အဖုလေးတွေ”လို့ပြတာနဲ့ အနီးကပ်ကြည့်တော့ ဟုတ်သားပဲ။ တပင်လုံးရိုးတံပြိုင်းပြိုင်းနဲ့ အပင်တဝိုက်မလည်း ရွက်ကြွေခြောက်တွေနဲ့အပင်လေးက နဂိုနေအတိုင်း ပြန်လန်းလန်းဆန်းဆန်းအပြည့် ဖြစ်မလာသေးပေမယ့် နည်းနည်းတော့ ထူထူထောင်ထောင်ဖြစ်လာမှန်း သိသာတယ်။ “ဟိုတပတ်က တပတ်လုံးလုံး အပင်ခြေမှာ ရေဝပ်တယ်မဟုတ်လား။ ပြီးလည်းပြီးရော ၂ ရက်ဆက်တိုက် နေလည်းအရမ်းပူ ရေငွေံပြန်ဆလည်း မြင့်တက်သွားတယ်မဟုတ်လား။ ဒါ့ကြောင့်ဖြစ်တာ။ သစ်ပင်တွေလည်း ရာသီဥတုရုတ်ချည်းပြောင်းရင် Stress ဖြစ်တာပဲ။ အဲ့သလိုဖြစ်ရင် အရွက်တွေကြွေ အပင်ချုံးကျပြီး သေသလိုကြီးဖြစ်သွားတာ။ တချို့ ခံနိုင်ရည်ရှိလောက်အောင်မရင့်သေးတဲ့ အပင်နုတွေက သေသွားတတ်ပေမယ့် အပင်ရင့်သွားရင်တော့ Stress ကုန်တာနဲ့ ပြန် နလန်ထလာတာပဲ”လို့ပြောတော့ ကျနော်ပြုံးမိတယ်။ “ဘာလဲ မယုံလို့လား။ ငါ သစ်ပင်ပန်းပင် ပျိုးပင်ပေါက်အလုပ်မှာ ၇ နှစ်လောက် လုပ်ဖူးတယ်လေ။ Landscaping အလုပ်လည်း လုပ်ဖူးတာပဲ၊ ပြီးတော့ ကိုယ်တိုင်လည်း ခုထိ စိုက်နေပျိုးနေတုန်း”ဆိုပြီး မကြေမချမ်းဟန် လေသံနဲ့ပြောတယ်။ ကျနော်လည်း မျက်နှာပြန်တည်လိုက်ပြီး ဘာမှ ဆက်မပြောဖြစ်တော့ဘူး။
၂ ယောက်သား ရေမိုးချိုး နေ့လည်စာစားပြီးထိုင်တော့ သစ်ပင်တွေမှာ အနာအကျင်ဝေဒနာကို ခံစားနိုင်စွမ်းရှိမရှိနဲ့သိမသိကို သိပ္ဗံဆရာတယောက်က လက်တွေ့ စမ်းသပ်ပြတဲ့ဗီဒီယိုလေး ကြည့်ဖြစ်ကြတယ်။ ဗီဒီယိုထဲမှာ ထိကရုန်းပင်လေးတွေကို ထိလိုက်ပုတ်လိုက်တဲ့အခါ အိပ်သွားတာကို လေးငါးကြိမ်ပြတယ်။ အပင်လေးတွေ ပြန်နိုးလာတဲ့အထိစောင့်ပြီးမှ ဆရာသမားက ထုံဆေးကို ဆေးထိုးအပ်သေးသေးလေးနဲ့ အပင်ရင်းတွေကနေ ဖြည်းဖြည်းခြင်းထိုးသွင်းတယ်။ အပင်တွေ လုံးဝမလှုပ်စေရဘူး။ ထုံဆေးထိုးပြီး ခနနေတော့ အပင်လေးတွေကို ပထမတုန်းကအတိုင်း ထိလိုက်ပုတ်လိုက် လုပ်ပြတယ်။ အပင်တွေက အိပ်မသွားဘူး။ ခတ်ကြမ်းကြမ်းလေး ထိလိုက်ရင်တော့ နည်းနည်းပါးပါး ရမ်းခါသွားတယ်။ တပင်မှတရွက်မှတော့ အိပ်မသွားဘူး။
ဆက်ကြည့်နေကြတယ်။ (တနာရီကြာပြီးနောက်လို့ စာတမ်းဝင်လာတယ်) ဆရာသမားက အပင်တွေ ထုံဆေးပြယ်ပြီလို့ပြောပြီး လိုက်လည်းထိပြပုတ်ပြရော ထိကရုန်းပင်လေးတွေ အိပ်ကုန်ကြတာတွေ့ရတယ်။ “တွေ့လား အပင်တိုင်းမဟုတ်တောင် အပင်တချို့တတွေမှာ နာကျင်ခံစားမှုရှိတယ်ဆိုတာ၊ အပင်တွေမှာ ရာသီဥတုဒဏ်ကြောင့်အဖိစီးခံရတာမျိုးလည်း ရှိတာပဲ။ အပင်အနုအရင့် ခံရတဲ့အတိုင်းအဆ ခံနိုင်ရည်တွေကွဲပြီး သေတာသေ ပြန်ရှင်တာရှင်ဖြစ်ကြတာ” လို့ ဆရာမကြီးအိုက်တင်ဖမ်းပြီး လက်ချာပေးတော့တာပါပဲ။ ပြီးတော့ “ဗမာလိုကြတော့ ဘယ်လိုပြောရသလဲ”တဲ့။ ကျနော်က “အပင် နာသွားတာလို့ပြောရင် ရပါတယ်”လို့ဆိုတော့ “အင်း မှတ်ထားရမယ်”တဲ့။
ကျနော်သူ့ကို ဘာမှပြန်မပြောဖြစ်ပေမယ့် မြတ်ဗုဒ္ဓက သူ့နောက်လိုက်ဘိက္ခူတွေကို သစ်ပင်တွေမသတ်ရ အညွန့်အဖူးတွေကို မချိုးရမဖဲ့ရ စတဲ့ပညတ်တော်ထားခဲ့တဲ့ အကြောင်းဆီ စိတ်အတွေးကရောက်သွားပါတယ်။ ဒီ ပညတ်ပုဒ်ကို တိုတိုပြောရင် သစ်သီးလိုဟာမျိုး ဘိက္ခူကဘုဉ်းပေးမယ်ဆိုတောင် လူကအရင် ကပ္ဗိပေးရတာ ရှိတယ်မဟုတ်လား။ ဆန်းထွန်း(မန်းတက္ကသိုလ်)ရေးခဲ့တာထဲမတော့ မြတ်ဗုဒ္ဓက ဒီပညတ်ပုဒ်ထားခဲ့ရတာဟာ သစ်ပင်တွေမှာ အသက်ရှိခြင်းမရှိခြင်းကို အလေးအနက်ပြုလိုလို့ ဆိုတာထက် သူ့ခေတ်မတိုင်မီ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုက လောကဥတ္တရလမ်းကြောင်း လျှောက်လှမ်းနေကြတဲ့ သူတော်သူမြတ်ရသေ့ရဟန်းတွေက ဗုဒ္ဓနောက်လိုက်ရဟန်းတွေ အညွန့်ချိုးအပင်ဆိတ် လုပ်နေတာတွေကိုတွေ့ပြီး ကဲ့ရဲ့ကြလွန်းလို့ လိုက်လျောညီထွေဖြစ်အောင် လူအကဲ့ရဲ့လွတ်အောင်လို့ ပညတ်ခဲ့တာလို့ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ဇနီးနဲ့ စကားပြောရင်း တခါတခါတွေးစရာတွေတော့ ရတာအမှန်ပါပဲ။ အဲ့လိုပြောဖြစ်လို့လည်း ဝမ်းသာရတာပါပဲ။
ဇူလိုင် ၄ ၂ဝ၁၅


0 comments:

Post a Comment