Monday, July 27, 2015

“ကျန်တဲ့ဟာတွေကို အန်တီတို့ ကြည့်လုပ်ပါ့မယ်” ဆိုတာထက် ပိုမိုလေးနက်တဲ့ တာဝန်ယူမှု

0 comments
“ကျန်တဲ့ဟာတွေကို အန်တီတို့ ကြည့်လုပ်ပါ့မယ်” ဆိုတာထက် ပိုမိုလေးနက်တဲ့ တာဝန်ယူမှု(တူမောင်ညို)
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)
ယခုတလော သတင်းစာ၊ ဂျာနယ်တွေရဲ့ အာဘော်တွေနဲ့ အာဘော်ဆောင်းပါးတွေကိုပဲ ဖတ်နေမိပါတယ်။ လက်လှမ်းမီသမျှ ဖတ်ရတဲ့အထဲက တချို့သော အာဘော်တွေ၊ အာဘော်ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြောချင်တာတွေရှိလာပါတယ်။ ပြောပါရစေ။

            ဒီလှိုင်းစာစောင်အာဘော်ကို ဒီမိုကရေစီအာဘော်တွေထဲက အဓိကကျတဲ့အာဘော်တစ်ခုလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဒီလှိုင်း စာစောင်ဆိုတာ တိုင်းသိကမ္ဘာသိ အတိုက်အခံဒီမိုကရေစီပါတီကြီးတစ်ခုရဲ့ စာစောင်လည်းဖြစ်နေတယ် မဟုတ်ပါလား။ (ပါတီအာဘော် မဟုတ်၊ တာဝန်ခံအယ်ဒီတာရဲ့အာဘော်သာဖြစ်တယ်ဆိုရင်တော့ တမျိုးပေါ့)

            ၁၃ ဇူလိုင် ၂၀၁၅ ရက်နေ့မှာ ထုတ်ဝေတဲ့ အတွဲ ၄၊ အမှတ် ၂၆ ၊ ဒီလှိုင်းစာစောင်ရဲ့အာဘော်နိဂုံးမှာ အခုလို ရေးထားပါတယ်။ “မည်သို့ပင်ဆိုစေ ယခုအကြိမ်တွင်လည်း ဒီမိုကရေစီလှိုင်းလုံးများက အာဏာရှင်ကမ်းခြေကို ဆေးကြောသုတ်သင် ရှင်းလင်းပစ်လိမ့်ဦး မည်ဖြစ်ပေသည်” ဟု ပုဒ်မ ချကာ အဆုံးသတ်ထားပါတယ်။

            ထိုအဆုံးသတ်နိဂုံးကိုဖတ်ရတဲ့အခါ “ဒီမိုကရေစီရေစီးသည်အာဏာရှင်ကမ်းပါးနှစ်ဖက်အကြားစီးဆင်းနေရရှာသော ရေအလျဉ် ပင်ဖြစ်နေပါကလား” ဟူသောအချက်ကို မြင်လာမိစေပါတယ်။

            အာဘော်ရှင်က ဘယ်လိုရည်ရွယ်ချက်နဲ့ရေးသလဲတော့ မသိပါ။ သူရဲ့အနုပညာဖြင့် ညွန့်လိုက်၊ကွန့်လိုက်ခြင်း သက်သက် လော၊သို့မဟုတ် ဒီကနေ့ စစ်တပိုင်းအစိုးရရဲ့ “စည်းကမ်းပြည့်ဝဒီမိုကရေစီ”သရုပ်သကန်ကိုပဲ ဖော်ညွန်းလိုတဲ့ သဘောလားမသိနိုင်ပါ။ သေချာတာတစ်ခုကတော့ ဒီကနေ့ ပြောနေကြတဲ့ “၂၀၀၈ အခြေခံဥပဒေ” ပါ ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ “စစ်တပ်” ဆိုသော ကမ်းပါးနှင့် “အစိုးရ/လွှတ်တော်” ဟူသော ကမ်းပါးနှစ်ဖက်အကြား ဆင်းဆင်းရဲရဲ တိုးဝှေ့စီးဆင်းနေရရှာသော နွေရာသီ ချောင်းချောက် ကလေးတစ်ခုရဲ့ ရေအလျဉ် မျှသာဖြစ်ပါတယ်။

            ကျနော်တို့တိုင်းပြည်နဲ့လူထုဟာ “အခြေခံဥပဒေမရှိတဲ့ စစ်အာဏာရှင်စနစ်” ကိုလည်း ကြုံခဲ့ရဖူးသလို “အခြေခံဥပဒေရှိတဲ့  စစ်အာဏာရှင်စနစ်”ကိုလည်း မြည်းစမ်းဖူးပါတယ်။ စစ်အာဏာရှင်စနစ်ဆိုသည်မှာ အခြေခံဥပဒေ ရှိသည်ဖြစ်စေ/ မရှိသည်ဖြစ်စေ တိုင်းပြည်နဲ့လူထုအတွက် ဘာမျှမထူးခြား၊ အခြေခံဥပဒေရှိလည်း ဖိနှိပ်ခံရပြီး၊ အခြေခံဥပဒေ မရှိပြန်တော့လည်း ဖိနှိပ်ခံနေရမြဲပင်ဖြစ် ပါတယ်။ ဒီတော့ အရင်းစစ်လိုက်ရင် အခြေခံဥပဒေရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ တိုင်းရင်းသား ပြည်သူများတွင် ဒီမိုကရေစီလုံးဝမရှိ တာတော့ အလွန်ကို သေချာသော အချက်တစ်ခုဖြစ်နေပါတယ်။

 ပြောရလျှင် အခြေခံဥပဒေ မရှိဘဲ ဖိနှိပ်တဲ့ပုံစံက စစ်ဖိနပ်နဲ့ရင်ဝကန်ပြီး အထုပ်ထမ်းခိုင်းတာနဲ့တူပြီး။ အခြေခံဥပဒေရှိတဲ့ ဖိနှိပ်မှုကတော့ ကတ္တီပါဖိနပ်နဲ့နရင်းအုပ်ပြီး အထုပ်ထမ်းရတာ အပြင် ပိုလာတဲ့ အချက်က ဒီလိုထမ်းရတာဟာ “နိုင်ငံသူနိုင်ငံသားများဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော အခွင့်အရေးနှင့်တာဝန်အရဖြစ်တယ်” ဆိုတဲ့ စကားကြီး စကားကျယ်တွေကို ဂါထာရွတ် သလို  ပြည်သူတွေ အာပေါက်အောင် ရွတ်ဆိုကြရခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် အခြေခံဥပဒေရှိနေတာက ပိုလို့တောင် ဆိုးသွမ်းနေပါသေးတယ်။ “ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် - လွှတ်တော်ကဖော်ဆောင်ရွက် ”  စတဲ့  ဆောင်ပုဒ်တွေကို လူကြားကောင်းရုံ မစားရဝခမန်း ရေးသား၊ အော်ဟစ်ပြောဆိုနေတဲ့အသံတွေဟာ နားထဲ သံရေပူလောင်းထည့်သလို ခံစားနေကြရပြီးနောက် လယ်သိမ်းမှု၊ယာသိမ်းမှု၊ မြေ သိမ်းမှု စတဲ့ ဖိနှိပ်အကြမ်းဖက်မှုပေါင်းစုံကို ငုံ့ခံနေကြရပါတယ်။

 “ရွေးကောက်ပွဲ”လို့ဆိုပြန်တော့လည်း အမှောင်တွင်းထဲကနေ ထွက်ရပ်လမ်းတစ်ခုပေပဲဆိုပြီး ပြည်သူတွေဟာ အသည်းကြား က မဲတစ်ပြားကို [၁၉၉၀ မှာထောက်ခံမဲ၊ ၂၀၁၀ မှာ ကန့်ကွက်မဲ ၂၀၁၂ မှာ ထောက်ခံမဲ] စသဖြင့် ပုံအော ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ပုံအောပေးခဲ့၊ ပေးခဲ့ ထူးခြားမလာခဲ့ပါ။ စစ်အာဏာရှင်စနစ်ဆိုတာ အခြေခံဥပဒေဘယ်လို ရှိရှိ၊ ရွေးကောက်ပွဲတွေ ဘယ် လောက်ပဲလုပ်နေနေ ဒို့အတွက် ဘာမျှမထူးခြားပါဘူးဆိုတာကို တိုင်းပြည်နဲ့လူထုဟာ များပြားလှတဲ့နာကျင်ခါးသီးစရာ အတွေ့အကြုံတွေ အရ သိမြင် နားလည်သဘောပေါက်လာခဲ့ကြပါတယ်။

အခုလည်း တနိုင်ငံလုံးအနှံ့ မီးခိုးမဆုံး မိုးမဆုံး ညစ်ပတ်မှုတွေနဲ့ လုံးထွေးထားတဲ့ မဲစာရင်းနဲ့အတူ “၂၀၁၅ ရွေးကောက်ပွဲ” ဆိုတာ လာနေပြန်ပါပြီ။
 အခြေခံမဲစာရင်းမှာတောင် ရုပ်ပျက်ဆင်းပျက် မှားယွင်းနေမှတော့ “၂၀၁၅ ရွေးကောက်ပွဲ” တရားမျှတ၊သန့်ရှင်းပါ့မယ်လို့ ဘယ်သူက အာမခံ ရဲပါသလဲ။ မဲစာရင်းနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်မဝင်စားတာ မဆန်းပါဘူး။ ပြည်သူတွေဟာ တရားတာနဲ့ မတရားတာ၊ သမာဓိရှိသူနဲ့ သူခိုးကို ခွဲခွဲခြားခြားသိမြင်တဲ့ ပြည်သူတွေဖြစ်ပါတယ်။ (ဖဆပလ)အစိုးရရဲ့ “ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ” ကိုလည်း သိခဲ့မီခဲ့တဲ့ပြည်သူတွေဖြစ်ပါတယ်။ ဘယ်သူ့ကိုမဲထည့်ရမယ်။ ဘယ်သူ့ကိုမဲမထည့်ရဘူးဆိုတာကို ရှင်းရှင်းပြတ်ပြတ် နားလည် ထားကြတဲ့ ကြီးမြတ်တဲ့ ပြည်သူတွေဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေဟာ ဇာတ်တော်ထဲက မဟောသဓါသုခမိန်နဲ့တူတဲ့ ပြည်သူတွေ လည်းဖြစ်ပါတယ်။

ဒါ့ပေမယ့်  မဲပေးပြီးနောက် ပေးလိုက်တဲ့မဲတွေဟာ သူတို့ လိုလားချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တဲ့ မဲတွေဖြစ်စေချင်တဲ့ ဆန္ဒလည်းအပြည့်အဝရှိကြပါတယ်။ အဲလိုလည်း အစဉ်သဖြင့် မျှော်လင့်ခဲ့ကြတယ်၊ အားကိုးယုံကြည်ခဲ့ကြပါတယ်။  ဒါပေမယ့် ပြည်သူတွေပြန်လည်ရရှိခဲ့တဲ့ ရလဒ်တွေက သူတို့ဆန္ဒတွေ၊ သူတို့ယုံကြည်မျှော်လင့်တာတွေနဲ့ ဗြောင်းပြန်ဖြစ်ခဲ့ရပါတယ်။  သူတို့ ပေးခဲ့တဲ့ မဲတွေ အချည်းအနှီးအလဟဿ ဖြစ်ခဲ့ရပါတယ်။ ဒါတွေကလည်း တခါမက၊  နှစ်ခါကမ မဟုတ်ပါလား။

အခုလည်း ပြည်သူ့အရေးဂျာနယ်ကြီးရဲ့ အယ်ဒီတာ့အာဘော်ကလည်း  “အာဏာရှင်စနစ်ကိုဖယ်ချ ဒီမိုကရေစီကို မဲပေးကြ” လို့ လှုံ့ဆော်ထားပါတယ်။ ပြည်သူတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီကို မဲပေးကြအုံးမှာပါ။ (စစ်) အာဏာရှင်စနစ်ကို ဖယ်ချဖို့ ပေးခဲ့တဲ့ မဲတွေကိုရယူသွားကြမယ့် “ဒီမိုကရေစီတွေ”ကလည်း အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဖယ်ချပေးဖို့အတွက် တိတိကျကျ တာဝန်ခံဖို့/တာဝန်ယူဖို့တော့ လိုပါလိမ့်မယ်။ အခုကြားနေရတဲ့ တုန့်ပြန်သံက “အဖွဲ့ချုပ်ကို မဲနိုင်အောင်သာ မဲပေးပါ၊ ကျန်တဲ့ဟာတွေ ကို အန်တီတို့ကြည့်လုပ်ပါ့မယ်” တဲ့။

 ဆရာဝင်းထွဋ်ဇော်ကတော့ သူ့ဆောင်းပါးထဲကနေ အခုလိုရေးသားပါတယ် - “တကယ်တော့ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ဖို့ဆိုတာဟာ မိမိလက်ဝယ်မှာ အာဏာရရှိမှသာ ထိရောက်အောင်ဆောင်ရွက်နိုင်ပါ့လိမ့်မယ်” တဲ့။  တစ်ချက်ပဲဖြည့်စွက် ချင်တာက ကန့်သတ်ပြီးရတဲ့အာဏာကတော့ အကန့်အသတ်နဲ့သာဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲမှာ ဘယ်လို မဲရလဒ်ပမာဏနဲ့ပဲနိုင်ပါစေ၊ “၂၀၀၈ အခြေခံဥပဒေ”တည်မြဲနေသမျှကာလပတ်လုံး ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ)ကို ပြင်လို့/ဖျက်လို့ မရနိုင် ပါဘူး။

 ဒီတော့ ဒီချုပ်ပါတီဥက္ကဋ္ဌနဲ့ ဒီချုပ်ပါတီဟာ ထက် လေးနက်တည်ကြည်တဲ့၊ တာဝန်ခံတဲ့၊ တာဝန်ယူတဲ့ ကတိမျိုး၊ စကားမျိုးကို ရှင်းရှင်းပြတ်ပြတ် ပြောစေချင်တာပါ။ “ရွေးကောက်ပွဲအောင်နိုင်ရေး အဓိကဝါဒ သက်သက်” မဖြစ်စေလိုပါ။ ရွေးကောက်ပွဲမှာ အပြတ် အသတ်နိုင်ခဲ့သော်လည်း လွှတ်တော်ထဲမှာ ၂၅% ကို အရှုံးပေးနေရတဲ့အဖြစ်ကို မလိုလားပါဘူး။

ဒီမိုကရေစီရေအလျဉ်ဟာ “စစ်တပ်” နဲ့ “အစိုးရ/လွှတ်တော်” ဆိုတဲ့ ကျဉ်းမြောင်းလှတဲ့ ကမ်းပါးနှစ်ဖက်အကြားမှာ “၂၀၀၈ အခြေခံဥပဒေ”က ခွင့်ပြုပေးသနားထားတဲ့ အရှိန်နဲ့သာ စီးဆင်းမြဲစီးဆင်းနေကြရမယ်ဆိုရင် ပြည်သူတွေ အနှစ်နှစ် အလလတောင့်တနေ ခဲ့ကြတဲ့ စစ်မှန်ပြည့်ဝတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စု မုခ်နန်းကို ဘယ်တော့မှ ရောက်ရှိနိုင်လိမ့်မယ်မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ် ဝဲဂယက်မှာ ရေစုန်မြောမြဲမြောနေရပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လွတ်မြောက်ရေး လမ်းကို ကိုယ်တိုင်ချီတက်ကြရတော့မယ်။


ညွန်း
-       ဒီလှိုင်းစာစောင်၊ အတွဲ (၄) ၊ အမှတ် (၂၆) တနင်္လာနေ့ (၁၃-၇-၂၀၁၅)
-       ပြည်သူ့အရေးဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၄၂) (၁၄-၂၀ ဇူလိုင် ၂၀၁၅)



0 comments:

Post a Comment