Tuesday, January 3, 2012

ကျွန်တော်လူကက်ဆက်(ဇာတ်သိမ်း) ပန်းချီထိန်လင်း

0 comments

ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”
လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”
တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟားသောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ဖြတ်လျောက်သွားတော့ ဌာနာအုပ်ကမေးတယ် ဘယ်သွားမလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ ရေနံဆီဝယ် သွားမလို့ပါ။ (၀ါးဟားဟားဟား)”
ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့သူတွေကတော့ ရင်းရင်းနှီးနှီးမှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။
 ဒီပြက်လုံးတွေကို ရွေးချယ်တင်ဆက်ရတာက ကျွန်တော်တို့ ရဲဘော်အကျဉ်းစံတွေအားလုံးဟာ မျက်နှာတွေကို အ၀တ်တွေစည်းထားလို့ဗျ။ ခင်ဗျားတို့ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့်နေရာရောက် တိုင်း မျက်လုံးတွေကို သွေးညှီနံ့လွှမ်းနေတဲ့ပိတ်စတွေစည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ်ဖြတ်တဲ့နေရာက ပတ်တီးတွေစည်း ထားသူတွေ၊ ပတ်တီးတွေစည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ခတ်ထား ခံရသူတွေ၊ ခေါင်းတွေမှာပတ်တီးတွေဖွေးနေသူတွေပါသဗျ။ 
ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့အခြေအနေထဲမှာတောင် ဒီလူတွေအားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ပွဲကျအောင် အသံတု () မျိုး၊ () မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျွန်တော်ဟာ နိုင်ငံတော်အဆင့်စည်သူ နေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေ တယ်လို့ စာရှူသူတွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာပြက်သမျှ ပရိတ်သတ်ကရီကြတယ် ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နံမည်ကြီးတဲ့လူပြက်ပဲဖြစ်ဖြစ်၊ ပရိတ်သက်က မသိလိုက်ရ လို့ရှော်သွားတဲ့အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိတ်သတ်ကရာခိုင်နှုန်းပြည့် အူလှိုက် သည်းလှိုက်ရီကြသဗျ။ တခါတလေဆို မရီရမယ့်နေရာတွေမှာပါလိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။
           ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှူးဆိုတဲ့ ယမမင်းလက်သစ်က ဗီအိုင်ပီဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ် လူရွှင်တော်ဘောကြီးရဲ့ပြက်လုံးမှာ ရီရမယ့်နေရာရောက်ရင်ရီရ မယ်ဆိုတာ ကြိုအမိန့်ကထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံးတခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင်မရီပဲ အူကြောင်ကြောင်ဖြစ်နေတဲ့တယောက်ကို မင်းက ဘာလို့မရီတာလဲဆိုပြီးဂွမ်းကနဲ ခေါင်းကို တချက်ကျွေးလိုက်တဲ့အသံကို အားလုံး ကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့ဝါးကနဲ၊ ၀ါးကနဲရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံရှေ့က ပြက်လုံးပြက်နေတဲ့ ကျွန်တော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။
           ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ခွန်နှစ်ဘ၀၊ အနောက် ခွန်နှစ်ဘ၀ အနုပညာ မရတဲ့ ကောင်တွေအတွက်ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ပြောရပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ သူတို့နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့တခါက မြန်မာပြည်ကိုအုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ခံတောင်မရှုစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့်ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေအ၀တ်စည်း၊ ငုပ်တုပ်ခစားရင်းက ပြက်လုံးအလိုက်နဲ့ တ၀ါးဝါးတဟားဟား အော်ရီပေးနေရရှာတဲ့သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန်လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှကြီးကျယ်ခမ်းနားတဲ့စည်းစိမ်ကို မြိန်ရည်ရှက်ရည် ခံစားနေကြသဗျ။
           တခါတခါကျတော့လည်း ကျွန်တော်တို့ကိုဖမ်းဆီးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေးရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီးတက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ တရားခံတွေ ထကြစမ်း ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှဉ်းဆဲထားလို့ တုတ်တုတ်မှမလှုပ်နိုင်တော့ တဲ့လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက်လှိုင်ခေါင်းထဲမှာ တုံလုံးပက်လက်လဲနေတဲ့လူတွေကိုဆွဲထားတဲ့ ပန်းချီကား ထဲကလိုပေါ့ဗျာ။
           အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ ရှပ်တိုက်ရွေ့လျှားနေသံတွေဆူနေတဲ့ ကြားမှာခွမ်း” “ခွမ်းဆိုတဲ့အသံကြီးဟာ ထိုင်နေတဲ့ ကျွန်တော်တို့လူတန်းတဖက်ထိပ်ကနေ တရွေ့ရွေ့နီး လာနေသလို အဲဒီနောက်ကနေဟိုတယောက်ကွဲသွားပြီစတဲ့ ခပ်အုပ်အုပ် အချင်းချင်းပြောသံတွေလည်း ကြားနေရတာမို့ မိမိခေါင်းကို ရိုက်လာမယ့်တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ချိန်ပြီး စောင့်နေ လိုက်သဗျ။ အဓိကရည်မှန်းချက်ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ်တုတ်ကျပြီး ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲဝင်းကနဲတချက်ဖြစ်ပြီးလဲအကျဘောကြီးခေါင်းကွဲသွားပြီလို့ နောက်ကလိုက်ကြည့်နေတဲ့လူရဲ့ မှတ်ချက်အပြီးမှာ ကျွန်တော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာနည်းနည်းပေါ့သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့်သူနာပြုတွေ မကြာခင်တော့ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြောနောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေးဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက် အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစောစီးစီးတချက်တည်းနဲ့ကွဲသွားတဲ့ ကိုယ့်ခေါင်းရဲ့ထိ လွယ်၊ ကွဲလွယ်မှုအပေါ် တော်တော်ဂုဏ်ယူသွားသဗျ။
           ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်းအနုပညာလို့ ခေါ်မယ်ဆိုခေါ်လို့ရတဲ့အကြောင်းမယ် ကျွန်တော် တို့ အကျဉ်းကျနေတဲ့ဒုက္ခိတတွေကို အရက်မူးပြီးတက်ရိုက်တဲ့အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန် ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှုသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှူး၊ ထောက် လှမ်းရေးမှူး၊ တခါတလေ အထူးဧည့်သည်တွေရောပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြုရဲမေတွေကိုပါ တခါတည်းခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလိုပေါ့ဗျာ။
           ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာအလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။
မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငဲ့ကွက်ပဲ ပေးလှူထားသော တော်လှန်ရေးခေါင်းဆောင်ကြီး များပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ်ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်းအလို့ငှါ အရက်သေ စာတို့ကို သောက်ကြစားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါနေ သူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက်ကခုန်ခွင့် မျိုးစိုးစဉ်းမှ မရနိုင်သောဘ၀မျိုးတွင်နေရရှာသော တော်လှန်ရေးခေါင်းဆောင်များခမျာ မိမိတို့ဖမ်းဆီး ထားသောတရားခံများအား သွားရောက်ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်လို့လေ။
           အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက်ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းကတင်ပြခဲ့သလို ကျွန်မကတော့ ရန်ကုန်မြို့  ဒေါ်ကြင် ဒေါ်ကြင်နဲ့အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ လို့ ကျွန်တော်ရှေ့ကပြောသွားတဲ့နောက်မှာ ၀ါးဟားဟား လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားက လာပြီး ဒါသက်သက် လူအချင်းချင်းခြေနဲ့နင်းတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကြီးပဲ ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။
 ဒါကြောင့်ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျွန်တော်တို့ရဲ့ လူသားဘ၀ ကိုပန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှဘ၀တွေကိုး။
 ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ခတ္တာသီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက် ကတော့ ကသာမြို့ကနေတောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘိုဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင်ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျွန်တော်တို့ ပြဿနာ တွေဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံလိုက်ရဘူးပေါ့ဗျာ။ ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျွန်တော်တို့နဲ့ အတူ ထွက်ပြေးလွတ်မြောက်လာတဲ့အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျွန်တော်တို့ ပြန်လွတ်လာတဲ့အထဲမှာ ဒဏ်ရာအများဆုံးပေါ့။
 သူ့ကို ဘယ်လောက်ရိုက်ရိုက် ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး လို့ပဲ ထွက်ဆိုသ တဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကိုရင်ပေါင်ကြမ်းလို့ခေါ်တဲ့ တရုတ်ပြည် ဘက်ကလာတဲ့ အိမ်မိုးကတ္တရာပြားတွေကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျွန်တ်ာနဲ့ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့်ဆိုသလို တောထဲကပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။
           သူ့လိုပဲ ရင်ပေါင်ကြမ်း ဒဏ်ကြောင့် NIP က ထောက်လှမ်းရေးဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူ က ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေ ထောက်ကိုပါတုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ ရင်ပေါင်ကြမ်း စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှမ်းရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကိုလာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကိုမီးတို့ပြီး ရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက်လုပ် လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။
           ကျွန်တော်တို့နဲ့အတူချုပ်ထားစဉ်တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထား တဲ့ ဒဏ်ရာ၊ ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင်ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက် ရတဲ့အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာဆိုရတယ်၊ အဆဲအဆို အကန်အကြောက်လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့သီချင်းကတော့ တိမ်တမာန် သီချင်းပါ။
 "မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ တောင်ပြန်လေ” 
         သီချင်းစာသားတွေအတိုင်း သူ လွမ်းလွမ်းဆွေးဆွေးသီဆိုတိုင်း ကျွန်တော်တို့ဟာ သူနဲ့အတူလွင့်ပါ ခံစားခဲ့ကြရပါတယ်။
           ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ထောင်လုံခြုံရေးက ဘယ်သူ သီချင်းဆိုပြမလဲ လို့ မေးရင်ကို တခါတရံမှာ သူ့ သဘောနဲ့သူကို ထထိုင်ပြီး  ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီးရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေသစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများရှိခဲ့လေသလားလို့တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။
 တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့်ရခဲ့သဗျ။ သူက ပတ်ဝန်းကျင် ကို အသာလေးခိုးကြည့်ပြီး ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ် လို့များ ခင်ဗျား ဆက်ပြီးအသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင်ဖေါ်ထုတ်ပေးပါဗျာ။ လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကိုမြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာခံလိုက်ရတာမို့ စိတ်ချပါလို့ ကမန်းကတန်း သူ့ကိုအဖြေပေးပြီးနောက်မှာ စကားပြောခွင့်မသာတော့ပါဘူး။
           ကိုထွန်းအောင်ကျော်ရဲ့သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ပုံက တကယ့်အဆိုတော်တယောက်လိုဆိုနိုင်သလို တလုံးတလေယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ကီးဘုတ် () မျိုးကို ကျွမ်းကျွမ်းကျင်ကျင်တီးနိုင်သလို အနောက်တိုင်းဂီတသင်္ကေတကို လည်း ကျွမ်းကျွမ်းကျင်ကျင်တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်ကလိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီး တယောက်လို ချစ်ကြတာပါ။
          ကျွန်တော် အံ့သြတာကတော့ အင်မတန်စရိုက်ကြမ်းတဲ့ တာတီးဆိုတဲ့လုံခြုံရေးတာဝန်ကျတဲ့လူက တခြားလူတွေလစ်ရင် သူ့ဆီကို ဂစ်တာကိုဝှက်ယူလာပြီး အကိုကြီးတပုဒ်လောက်တီးပြပါလို့ ယဉ်ယဉ်ကျေးကျေးတောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကိုစိတ်ကြိုက်ကြိုးညှိပြီး တာတီးအတွက် စိုင်းထီးဆိုင်ရဲ့ နံမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံသီချင်းကို တီးပြတဲ့နေ့ကိုတော့ မေ့မရနိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆိုအကန်အကြောက်နံမည်ကြီးတဲ့ တာတီးတယောက် စကားမပြောနိုင်ဘဲငြိမ်နေပြီး တော်တော်ကြာမှ ကျေးဇူးပါပဲ အကိုကြီးရာ လို့ ပြောသွား တာကြားရတော့ တကယ့်ကိုအံ့သြမိပါတယ်။
           နောက်ပိုင်း ကျွန်တော် အစိုးရရဲ့အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာစံမြန်းရင်း မန္တလေးနိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့နီးနီစပ်စပ်နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ဆွေမျိုးအသိုင်းအ၀ိုင်း တော်တော်တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာ တို့နဲ့ ဆွေရိပ်မျိုးရိပ်မကင်းဘူးဆိုတာသိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာ အိမ်မှာ အပျော် တမ်းတီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။
           ကိုထွန်းအောင်ကျော်ရဲ့ယုဇနပင်နဲ့ ဖဲကြိုးဝါသီချင်းကို ဂစ်တာနဲ့တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့်ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံရမှီ ရက်ပိုင်းအလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာ နဲ့ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့တောင်းဆိုတဲ့သူက ဥက္ကဋ္ဌလုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများပြန်ပြောလိုက်လေမလား နားကို အသားကုန်စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာလက်ခတ်သံ ညက်ညက်လေးထွက်လာပါ တယ် တိုးလျသော်လည်းခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။ 
အိုး......ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။
           ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာကျွမ်းကျင်သူကတော့ ကျွန်တော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာသီချင်းဆိုရင် ဂစ်တာကိုကိုယ်တိုင်တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။ မငယ်တယောက် NIP က လွတ်လိုက်တဲ့အရာရှိပါလို့ ကိုယ့်ကိုကိုယ်ထွက်ချက်ပေးလာအောင် ဘယ်လို ညှဉ်းဆဲခံခဲ့ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှအဆက်အသွယ်မလုပ်ဘဲ နှစ်ပေါင်း (၂၀) နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ တောင်ပြာတန်းက မောင့်အချစ်ကို ဆိုတဲသီချင်း အမြဲ ဆိုလေ့ရှိသဗျ။
           မငယ်ရဲ့ ထူးခြားမှုနောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ထူးခြားတဲ့အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါ ရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော်မူးလာကြသဗျ။ သူတို့ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာ လည်း တရိပ်ရိပ်တက်လာကြပုံရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက်တွေ ထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်းချောတော့ တက်လာတဲ့ခေါင်းဆောင်ကြီးများလည်း တော်တော်လေးမျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှူးဦးအောင်သန်းဆိုတဲ့ပုဂ္ဂိုလ်က အလယ်မှာဖိုထားတဲ့မီးပုံကြီးထဲက ထင်းစကြီးတခုကိုကောက်ယူပြီး သီချင်းဆိုနေတဲ့မငယ်ရဲ့မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တအနတ္တတွေပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ် ထောက်လှမ်းရေးမဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ်ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါမီးလောင်ရာကြီး ပါပါရောလားဗျာ။
         ဒီနေရာမှာ ဖြတ်ပြီးပြောလိုတာက လူကက်ဆက်အပိုင်းတစ်ကိုဖတ်ပြီး ပြည်တွင်းမှာရှိတဲ့လူကက်ဆက် ဟောင်းတွေဆီက ကွန်ပလိန်းတက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ဆောင်းပါးမှာ ကက်ဆက်ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက်အဖွင့်နဲ့အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံအတိုးအကျယ်စနစ်ကို ဘယ်လို လုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့ လိုတဲ့အတိုင်း လိုက်သီဆိုရပါသဗျ။ နားသယ်မွှေးတိုတဲ့လူကျတော့ နားရွက်ပေါ့ဗျာ။
           မန်းလေးက အေဘီ ယူဂျီတာဝန်ခံ ကိုချိုကြီးက မန်းသားပီပီပန်းပုသူဇာသီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံကခပ်သြသြဗျ။ ကျွန်တော် အဖမ်းမခံရသေးခင်တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာအတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက်မျက်နှာ ပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ်ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကိုသံရိုက်ဖေါက်ပြီး ကားရားကြီးဖြစ်နေတာ မျက်စိနဲ့တွေ့ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူ ခေါင်းဖြတ်အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။
 မန္တလေးမှာနေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန်နှိပ်စက်တာကိုခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီးလက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့နောက်မှာတော့ ကိုချိုကြီးရဲ့သွင်ပြင်ကိုကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်းချလိုက်ဟန် တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေ့ရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကိုမြင်တွေ့ဘူးတဲ့သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်း တရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။
           သူ့ကိုယ်သူ သေလူလို့သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေကိုက်ခဲ တဲ့ ညတွေကလွဲရင် ညဘက်လူကက်ဆက်ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ငှက်တေလေသီချင်းကိုပဲ ဆိုပါတော့ တယ်။ ကျွန်တော့်အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦးသီဆိုတာကို မကြာခဏကြားဖူးပေမယ့် တကယ့် သီချင်းရဲ့ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန် ပဲဖြစ်ဖြစ် ဒီသီချင်းကိုကြားရင် ကိုချိုကြီးကိုသတိရပြီး ကျေးဇူးတင်မိရပါတယ်။
              အထူးသဖြင့်လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလားငှက်ငယ်၊ ဆိုတဲ့နေရာနဲ့ ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်းချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊ ဆိုတဲ့နေရာရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာပြေးထွက်သွားခဲ့တဲ့ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။
           ကိုထွန်းအောင်ကျော်တို့ အရင် အသတ်ခံရသူကိုကျော်ဝေက ကိုနေ၀င်းရဲ့မောင့်လပြည့်ဝန်းသီချင်း တပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေလို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေးဘွဲ့ရကျောင်းသားများဒီမိုကရက်တစ်ပါတီက လို့ သိရပါတယ်။ ကိုကျော်ဝေနဲ့ကျွန်တ်ာတို့အား လုံးကြားကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ခြေသန်းပြတ်လေးကို အမြဲဆွဲထားရ ပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာဆွဲထားရတဲ့ ဒီခြေသန်းကိုမြင်ရတိုင်း ကျွန်တ်ာတို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေ ဟာ ညှဉ်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခ့ရပေမယ့် နောက်ဆုံး သတ်ကာ နီးမှာတော့
 "ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ
 လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။
           ခုဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ  ကိုထွန်းအောင်ကျော်နဲ့ တနေ့ တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦးအကြောင်းကို ဖတ်ရသူတိုင်းအလန့်တကြားဖြစ်ကြရတာမို့ ကျွန်တော် ထပ်မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့မမျှတဲ့လောကဒဏ်ကို ရင်ဆိုင်သွားခဲ့ရသဗျ။ ကျွန်တော်တို့ထဲမှ မိန်းကလေးအကျဉ်းသားတွေက အကျဉ်းသားအားလုံးအတွက် ထမင်းချက်ကျွေးရပါတယ်။ ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့နေရာမှာ ခေါင်းငုံ့ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစထဲ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း..လား။ ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာကပ်နေတဲ့ ချိုးလေးတွေကိုခွါပြီး ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေး တတ်ပါတယ်။ မချိုကိုကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်းဆိုဖူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့ အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ မပြီးသေးသော ပန်းချီကား သီချင်းပါ။
           နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ တန်း ကျောင်းသူ ဘ၀ပဲရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံ ရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်/မဟုတ်မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီးနောက်ပိုင်း မှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။
          ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့နောက်ကွယ် ကနေ ပံ့ပိုးမှုတွေလုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက် ဆုံးတော့ နန်းစောကိုမတွေ့တဲ့အဆုံး သူတည်းနေတဲ့အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကိုဖမ်းပြီး နန်းစောဘယ်မှာလဲမေးကာရိုက်တဲ့သတင်း မီဒီယာမှာပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့သီချင်း က ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ပန်းခရမ်းပြာသီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာနေခဲ့တဲ့ ကိုရဲတို့ ဘ၀ကိုဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လိုဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံးရပုံပေါက်ပါတယ်။
           မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌလုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းကသက်ဆိုင်သူသို့သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင်အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ရသဗျ။ တညမှာ သီချင်း ဆိုနေရင် တပ်ရင်းမှူးအောင်သန်းရဲ့တုတ်ချက် တော်တော်ပြင်းပြင်းထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ထားရာက () ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တော့ () ပတ်လောက် ဘာမှမေးလို့မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာချစ်သူ ကျောင်းဆရာမလေးတယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့်ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန် တော့ ထောင်တွင်းမှာဆက်ပြီးသက်ဆိုင်သူသို့ပို့မေတ္တာ တေးမဏ္ဏာချွေရပြန်ပါတယ်။ သူ့ မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ () နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိစောင့်နေတာပါပဲ။
           ထူးထူးခြားခြား ခင်မောင်တိုးရဲ့လောကတလင်းပြင်ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီးဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက်မျိုးမို့ ဓါတ်ရှင်မင်းသားဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက် ဆိုရပါတယ်။ သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှုတလျောက်လုံးမှာ အမှန်အတိုင်းပဲထွက်ဆိုခဲ့ရင်း ကနေ မီးဖုတ်ထားတဲ့ဓါးမြောင်နဲ့ သူ့ခြေသလုံးကိုကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးကလွှတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာထွက်ဆိုခဲ့တယ်ဆိုပါတယ်။ ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာ တဦးအဖြစ်ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာမင်းသားကြီးဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျွန်တော် လည်း ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး ၀ဏ္ဏသူငယ်ချင်းပါ။ တောထဲမှာဆုံဘူးတယ်လို့ပြောတော့ မင်းသားကြီးက တအံ့တသြမျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ် ဗျာ။ ဆိုတာကိုပဲ ခဏခဏပြောပြီး ခေါင်းပဲခါနေတာ မှတ်မိနေသဗျ။
           ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီ ကလည်း မကြာခဏအဖွင့်ခံရတဲ့ လူကက်ဆက်ပဲခင်ဗျ။ အေဘီအတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာနေပြီးလုပ်ပေးရင်းက ဗဟိုကိုခဏတက်လာရင်း ငှက်သင့်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်း လေးဖွင့် အသက်မွေးတယ်ဆိုသဗျ။ ဒါကြောင့် အီးဂဲလ်ရဲ့ ဟော်တယ်ကယ်လီ ဖိုးနီးယားသီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ်သီချင်းတွေကိုဆိုတတ် တာမို့ အထူးသဖြင့် ဘိုသီချင်းတွေနားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့တက်လာပြီဆိုရင်တော့ ထောင်မှူး လက်ဝါးက ကိုညီညီဆိုတဲ့ ကုလားရဲ့ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင်တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင်ဝင်နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီ ချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့မိတ်ဆွေတယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ်ပန်း ချီကျော်ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆိုခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့မြားဘုရင် သီချင်းတပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။
           သေရေးရှင်ရေးဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ဖြစ်လာတဲ့ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှမညည်းဘူးတဲ့ ကိုကြောင် () ကျော်နိုင်ဦးလိုလူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲက ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့လူ ရှိကိုမရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေးအကျဉ်းသားတွေကိုကူညီတဲ့အလုပ်ကို ကိုယ့်အသိစိတ်နဲ့ ကိုယ် သတ္တိရှိရှိလုပ်ခဲ့တဲ့ သာယာဝတီ အင်န်အယ်လ်ဒီပါတီဝင် ဦးကျားကြီးလိုလူမျိုး မြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကိုမသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် () ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော်အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင်ဆူစေတော့ ပါးပူတော့မခံတော့ဘူးလို့ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံးကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။
 “ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြားပါ။
           ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှမ်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ ကို လိုက်ခဲ့တုန်းကထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်းတယောက် သာယာဝတီထောင် ရောက်လာတယ်ဆိုတာ ကိုကြောင်ကပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေတတ်သလောက် ကူညီပေးသင့်တယ်လို့ပြောတဲ့အခါ ကျွန်တော်တို့ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှသဘောထားပေး မလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ကံက သူ့အကျိုးသူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့်အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ်ထပ်မလည်ကြဘို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို ကျားဆရာ၊ ကြောင် လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက်လုပ်ခဲ့တဲ့ကောင်တွေပဲ ထောင်ထဲမှာ အခု ခံစမ်း လို့ ပစ်မထားတဲ့ ဦးကျားကြီး ရဲ့စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။
           ပြောတော့ ရန်ကုန်သား၊ ဆိုတော့ အမေနဲ့ရွာကိုလွမ်းတယ် လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် () ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့သီချင်းတွေကို တွံတေးသိန်းတန်လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေး ရဲ့အသီးတရာ၊ အညှာတခု ကို ပိုင်ပိုင်နိုင်နိုင်ချွဲချွဲနွဲ့နွဲ့ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသားအတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြားထိုး ရပ်လိုက်သလို ကျွန်တော်တို့လည်း သူနဲ့အတူလိုက်ပါနေရာက ရယ်ရမလိုငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်း..ရေ..လေ တပ်မတော်တွင်းက သူငယ်ချင်းတွေဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာမဖြစ်တာ။
           တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ပုဂ္ဂိုလ်က တော်တော့်ကိုမူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ်ယူနေရာ မန္တလေးတက္ကသိုလ်က မြန်မာစာတတိယနှစ်ကျောင်းသား ကိုအောင်မင်း () ထိန်လင်း အလှည့်ရောက်လာပါသဗျ။ ကိုအောင်မင်းက တခါမှ သီချင်းဆိုဘို့ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာကနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ ကိုယ် အတန်တန်တားရက်နဲ့ သွားတော့မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့သီချင်းစာသားတွေအတိုင်း စီးမျောပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။
           ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့တယောက်တုဖက်ပြောရင်၊  အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး
 သီချင်းရဲ့ စာသားရောသံစဉ်ပါ အားအကောင်းဆုံးအလှဆုံးနေရာ အရောက်မှာဖုန်း” “ဖုန်းဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်းသီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ရိုက်သံတွေပဲ ထွက်လာပါ တယ်။
မင်းက အများနဲ့တယောက်မို့ ခံရသလေးဘာလေးနဲ့မင်းတို့ကို ငါတို့က မတရားစွပ်စွဲဖမ်းထားတယ် လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူအစွမ်း ပြရသေးတပေါ့ကွာ။ မင်းတို့ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံငြီးငြူသံ ဆဲဆိုသံတွေ ဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ်လာပါတော့တယ်။
           ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူတဦးတယောက်ကမှလည်း လာမတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက်တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေ နဲ့တောထဲထွက်ခဲ့ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီ လူတယောက် မတရားသဖြင့်ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်နေတဲ့လူလို့ မူးမူးနဲ့ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ဘ၀ဟာ ကိုအောင်မင်းအတွက်သာမက ကျွန်တော်တို့အတွက်လည်း ငရဲညပါပဲ။
            တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင်အပြင်ကိုထွက် တန်းမစီနိုင် တော့ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်း ခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေသိမ်းလို့ ထောင်ပြန် ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက်တာဝန်နဲ့ကျန်ခဲ့တဲ့ နန်းစောတို့ပြောပြလို့သိရတာက ထောင်မှူးက ညက သူရိုက်ထားလို့မထနိုင်တဲ့ ကိုအောင်မင်းကို ပဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့်အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူအသစ်ကို လမိုင်းတင်ရ မယ်လို့ပြောပြီး တနေ့ခင်းလုံးဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကိုခွင့်တောင်းပြီး ကိုညီညီနဲ့ဘိုဘိုတို့က မှာစရာရှိတာမှာဘို့မေးတော့ သွေးတွေပဲ ပါးစပ်ကဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။
           ၂၀၀၅ ခု ထောင်ကလွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်းသီချင်းစာသားတွေသီဆိုရင်း လူ့လောကကိုကျောခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သားတဦးရှိခဲ့ဘူးတယ်ဆိုတာများ ကိုနေ၀င်းသိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲကတွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့်သူလို့ ယုံကြည်ပါရစေ။
           ဒါဖြင့် ရိုက်သတ်လိုက်တဲ့ကိစ္စအတွက် ထောင်လုံခြုံရေးတာဝန်ခံ ဘယ်သူကမှလည်းလာပြီး မေးမြန်း တာ အရေးယူတာမလုပ်ခဲ့ပါဘူး။ ကိုအောင်မင်းရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင်ထုတ်ထားလိုက် ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ အရက်တလုံးနဲ့ စကားဝါတစည်းရ မယ် ဘယ်သူတွေတာဝန်ယူချင်လဲ လို့ အော်မေးတာလဲ အတိုင်းသားကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင် မြုပ်တဲ့အဖွဲ့က အရက်တလုံးနဲ့ စကားဝါဆေးပေါ့လိပ်တစည်းရပါတယ်။
             ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့်သူတွေအတွက်လည်း တခါ တည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကိုသတ်ခဲ့တဲ့ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀သောက်ခွင့်တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီတပ် သားရဲဘော်တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်းအပါအ၀င် ခေါင်းဆောင်များကခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင်ခမျာ တပ်ဖွဲ့ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့်ရသွားရှာတယ်လို့ သိရပါတယ်။
            ဟုတ်ကဲ့။ ဒါ ဖြစ်ခဲ့ပါတယ်။ ဆိုးဝါးလှတဲ့အဖြစ်တွေ ကျွန်တော်တို့သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှာ တာဝန်မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကိုမျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ်နေခဲ့ရတာလောက် ပြန်တွေးတိုင်းရှက်စရာကောင်းတာ မရှိတော့ပါဘူး။ စာကို ဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့နီးစပ်သူများရှိခဲ့ရင် ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။
            တခါတခါကျတော့လည်း  ဘ၀မှာ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ကြိုးစားရတာ သူများကို ခွင့်လွတ်နိုင် ဘို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။
 (ရေးတာက) ပန်းချီထိန်လင်း
(ယူတာက) http://www.kaungkin.com/index.php?option=com_content&view=article&id=683:2012-01-02-20-40-58&catid=37:2009-04-17-01-30-25&Itemid=64
(ပုံစာ) ၁၉၉၂ ဖေဖဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့်ဓါတ်ပုံ (ဝဲ မှ ယာကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)

0 comments:

Post a Comment