Wednesday, January 4, 2012

သူကရ ဒန္တံ အဟံ ဝန္ဒာမိ (မောင်ကျပ်ခိုး)

0 comments
ကာတွန်း ဝိသကြုံ
သူကရ ဒန္တံ အဟံ ဝန္ဒာမိ
“မိုးစိပ်ပြုပွဲ၊ သန်ကျူးစဲက၊ ခ၀ဲပွင့်ဝါ၊ သို့သောခါတုံ၊ အာကာမထိုင်း၊ မြူမှိုင်းမလည်၊ အလွန်ကြည်လျက်၊ ဆီးရည်လည်းကျ၊ သရဒနှိုက်” အသျှင်မဟာသီလ၀ံသ (သျှိသျှားကန်ဘွဲ့မော်ကွန်း)
(၁)သရဒဥတု ရောက်ပြီတည့်။ တစ်ဝါတွင်းလုံး တအုန်းအုန်းတဒိုင်းဒိုင်းနှင့် ရှစ်ခွင်တိုင်းတွင်ကြီးစိုးမင်းမူ၍  ငြိုးမာန်ဖွဲ့ကာမစဲနိုင်ဘဲ သည်းထန်စွာရွာ သွန်းခဲ့သောရွှေမိုးညိုကို ကဏ္ဍကောဇလုပ်မည့် ဆီးနှင်းတို့ရောက်ရှိလာပါ ပကော။ “ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်” ဆိုသည့်အတိုင်း မိုး၏ရာဇ ပလ္လင်ကို ဆီးနှင်းကကြားဝင်လုရန်ကြံလေ၏။ မိုးကား သူ အားမတန်သည်ကိုသိသောကြောင့် အမျက်မာန် စောင်ကိုအသာချ၍ မဆုတ်ချင်ဆုတ်ချင်နှင့် တွန့်ဆုတ်တွန့်ဆုတ်လုပ်ကာ ဝေးရာသို့ပြေးရန်ပြင်လေ၏။ ထို့သို့ပြင်ခါမှ ဆီးနှင်းကမာန်ဝင့်ပြီး ထကြွသောင်းကျန်းပြန်သည်။ သို့နှင့် ဆီးနှင်းကျလိုက် မိုးရွာလိုက်နှင့် မိုး စက်နှင့်နှင်းပွင့်တို့ အားချင်းယှဉ်ပြိုင်အနိုင်လုပြီး လောကဓာတ် တစ်ခွင်လုံးကို အလှဆင်ယင်လေသတည်း။
နေ့လယ်ခင်းမှစ၍ တစိမ့်စိမ့်နှင့်ရွာသွန်းနေသော မုတ်သုန်မိုးကြွင်းသည် ညနေစောင်းနေ၀င်ဖျိုးဖျချိန် သို့ရောက်ခါမှ မစဲချင်စဲချင်နှင့်စဲသွားလေ၏။ သို့သော်လည်း ကောင်းကင်၌ တိမ်ညိုညစ်အချို့ကျန်ရှိနေသေး သဖြင့် ကောင်းကင်သည် ကြည်လင်သင့်သလောက် မကြည်လင်နိုင်။ ၀င်လုဆဲနေ၀န်းသည် တိမ်ညိုညစ်များ ကြားမှ ပြူထွက်လာလိုက် တိမ်မည်းပုပ်များကြားသို့ငုပ်လျှိုးသွားလိုက်နှင့် အလုပ်များနေလေ၏။ များစွာ မကြာမြင့်လိုက်ချေ။ ရောင်ခြည်တစ်ထောင်ကိုဆောင်သည့် ဘာဏုရာဇာနေမင်းကြီးသည် ဓနိတောအတွင်း သို့သက်ဆင်းသွားပြီး အလင်းရောင်လည်းတဖြည်းဖြည်းနှင့် မှေးမှိန်သွားလေ၏။ သို့သော် ပိန်းပိတ်မှောင် သွားသည်မဟုတ်သေး။ ဖျော့တော့တော့အလင်းရောင် အနည်းအကျဉ်းရှိနေသေးသည်။
နေ၀င်သည်ကို အဆန်းတကျယ်လုပ်၍ ကျွန်ုပ် ကြည့်ရှုနေခိုက်ဝယ် “ဟေ့ရောင် ကျပ်ခိုး ဘာ မရောင်ရာဆီ လူးနေတာတုန်း” ဟူသည့် ဘဲဥ၏ ညောင်နာနာအသံကို ရုတ်ခြည်းကြားလိုက်ရ၏။ လွမ်းမောဖွယ်ကောင်း သည့် ညချမ်းဆည်းဆာချိန်၌ ဘဲဥ၏ညောင်နာနာအသံသည် ကျွန်ုပ်၏နားဝသို့ ကျိုက်ကျိုက်ဆူသည့် သံရည်ပူလောင်းချလိုက်ဘိသကဲ့သို့ ၀င်ရောက်လာ၏။ ထို့နောက် ဘဲဥသည် အိမ်ပေါ်သို့ကဆုန်ပေါက်ပြီး တက်လာသည်။ ကျွန်ုပ်ရပ်နေသည့်ဝရန်တာသို့ ရောက်သော် “မိုးကလဲ တစ်နေကုန်ရွာနေလိုက်တာ။ ဘယ်မှ ထွက်လို့မရဘူး။ အခု မိုးတိတ်တာနဲ့ မင့်ဆီ တစ်ချိုးတည်းပြေးလာတာ” ဟု ကောက်ခါငင်ခါ ဆို လိုက်သည်။ ကျွန်ုပ်လည်း သူ့ကို ဘာမျှပြန်မပြောမိ။ ဘဲဥ ကျွဲမြီးတိုသွားဟန်တူသည်။ “ဟေ့ရောင် ကျပ်ခိုး.. မင်းကို ငါ ပြောနေတာ မကြားဘူးလား” ဟု နားဝကပ်ပြီး ကျုံးအော်သည်။ ဘဲဥ၏စိတ်ကို ဆွချင်သလိုလိုဖြစ် လာသဖြင့် စကားပြန်မပြောဘဲနေလိုက်သည်။ ဤသည်ကိုမြင်ရ၍ ဘဲဥ ဒေါသ ဆောင့်ထွက်လာပြီး ဆွေ့ဆွေ့ခုန်လုမတတ်ဖြစ်သွားကာ ကျွန်ုပ်ကို ငါနှင့် ကိုင်တုပ်လေ၏။ ထို့နောက် “ကိုင်း..လာ သူငယ်ချင်း တစ်နေကုန်အိမ်ထဲမှာ အောင်းနေရတာ ပျင်းစရာကြီး၊ ကမ်းနားဘက်ကို ခြေဆန့်လက်ဆန့်လုပ်ရင်းနဲ့ လေညင်းခံထွက်ရအောင်၊ အပျင်းပြေပေါ့ကွာ”ဟု ဆိုပြီး အိမ်ပေါ်မှ သုတ်ခနဲဆင်းသွားလေသည်။ သို့ဖြစ်၍ ကျွန်ုပ်လည်း သူ့နောက်သို့ ကမန်းကတန်း ပြေးလိုက်ရလေ၏။
ကမ်းနဖူး၌ လေတဖြူးဖြူးတိုက်နေ၏။ မှောင်စပျိုးချိန်ရောက်ပြီးဖြစ်သဖြင့် မြင်ကွင်းမှာ မသဲကွဲ။ မသဲကွဲသော မြင်ကွင်းသည် တစ်မျိုးတစ်ဖုံ ဆန်းကြယ်၍နေလေ၏။  လမ်းလျှောက်လာရင်း ကျွန်ုပ်နှင့်ဘဲဥတို့ အသက် အရွယ်တဖြည်းဖြည်းကြီးရင့်လာသည်ကိုသာ ကျွန်ုပ် တွေးတောနေမိသည်။ ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦးမှာ လူပျိုအဖြစ်မှစုတေပြီး “ဟိုင်း”ဟူသည့် ဘွဲ့ထူးထပ်တိုးကာ လူပျိုဟိုင်းကြီးဘ၀သို့ ရောက်သွားလေပြီ။ သို့စေမူ ရံဖန်ရံခါတွင် ကျွန်ုပ်တို့ နှစ်ယောက်သည် ကာလသားပေါက်စများနှင့်ပေါင်းပြီး ထင်ရာမြင်ရာလုပ်တတ်သေး သည်။ သို့သော်လည်း ပေါ်ပေါ်ထင်ထင် မလုပ်ဝံ့တော့ပေ။ ကျွန်ုပ်တို့နှစ်ဦးကို အလွန်အမင်းသဘောကျပြီး ကျွန်ုပ်တို့ခြေရာကို ထပ်ချပ်နင်းအံ့ဟုကြံစည်နေသည့် ကာလသားပေါက်စတို့က ကျွန်ုပ်တို့ကို ဥပဇစ္ဈယ်ဆရာ အဖြစ် ခယ၀ပ်တွားကြကုန်၏။ သို့ဖြစ်ရကား ဘဲဥနှင့်ကျွန်ုပ်ကလည်း ယင်းတို့ကို မိမိတို့တတ်ပွန်ထားသော ကာလသားအဌာရသများဖြစ်သည့် အိမ်ထမင်းအိမ်ဟင်းစား၍ အရပ်တကာလှည့်လည်ကျက်စားနည်း၊  ည အချိန်မတော်တွင် သံသေးသံကြောင်ဟစ်၍ ဂစ်တာတီးနည်း၊ အရက် ခွက်ပုန်းချနည်း၊ ဆေးခြောက် အတိုင် ရိုက်နည်း၊ လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်လုပ်နည်း၊ မိခင်ထံမှ ပိုက်ဆံ ညာတောင်းနည်း၊ နှမများထံမှ ပိုက်ဆံခိုးနည်း၊ ဖခင်ရန်ကို ရှောင်ရှားနည်းအစရှိသော အော့ကြောလန်နည်းနာ အဖြာဖြာကို နေ့ဝါ ည၀ါ မပြတ် တရစပ်ပို့ချရင်းနှင့် ကာလသားခေါင်းဘ၀ကို ပျော်ပိုက်စွာခံယူခဲ့လေ၏။
အတွေးကိုယ်စီနှင့် လျှောက်လာစဉ် “ကိုဘဲဥကြီးတို့ ဘယ်တုန်းဗျ”ဟု တစ်ယောက်က လှမ်းမေးလိုက်သည်ကို ကြားရ၏။ အမှောင်ထု အတန်ငယ်ဖုံးလွှမ်းနေပြီးဖြစ်သဖြင့် ထိုသူ၏မျက်နှာကို ကျွန်ုပ် ရုတ်တရက်မကျက်မိ။ သို့စေ ထို ညောင်နာနာအသံကို ကြားဖူးသလိုလိုရှိသည်။ သူကလည်း ကျွန်ုပ်တို့ သူ့မျက်နှာကိုမမှန်းမိသည် ကို ရိပ်စားမိဟန်တူသည်။ “ကျွန်တော် သံလုံးပါ”ဟု  ဆိုလာပြန်သည်။ ဘဲဥက “အေး သံလုံး … ငါတို့ကတော့ ဟိုနားဒီနား အညောင်းပြေအညာပြေ လျှောက်နေတာ။ မင်းကရော ဘယ်ကို သွားမလို့လဲ။ လက်ထဲဆွဲ ထားတာ ဘာကြီးတုန်းကွ” ဟု တရစပ် မေးလိုက်၏။ ထိုသော် အနှီ မောင်သံလုံးက ဟီးခနဲ အကြောင်းမဲ့ ရယ်လိုက်၏။ “ဟိုဒင်းဗျာ ဆတ်ချောင်ဘက်ကိုသွားရင်း တောကြောင်သားရလာလို့၊ အစ်ကိုတို့အားရင် လိုက်ခဲ့လေ” ဖိတ်မန္တကပြုသည်။ တောကြောင်သားဟူသည့် အသံကြောင့် ကျွန်ုပ်တို့ တံတွေးတပြင်ပြင်ဖြစ် သွားသည်။ “ကောင်းသားပဲ သံလုံးရဲ့ ငါတို့လဲ အားနေတာပဲ မင်း အဖော်ရအောင် လိုက်ခဲ့ပါ့မယ်” ဟု ကမန်းကတန်း ပြန်ပြောလိုက်မိသည်။ သို့ဖြင့် ဦးတည်ရာလမ်းကြောင်း ပြောင်းခဲ့လေ၏။
(၂)ကမ်းနဖူးကိုမျက်နှာမူ၍ဆောက်ထားသည့်ဘုံဆိုင်ကလေးသည်  အနုတ်စုတ်ဂုတ်စုတ် မဟုတ်သော်လည်း များစွာ မခမ်းနားလှချေ။ ဓနိကို အမိုး၊ အကာပြု၍ ကြမ်းခင်းကို တောင်ပိန္နဲသား ခြောက်ငါးမူးပျဉ်များဖြင့် ပြီးစေသည်။ ခပ်ကျဲကျဲခင်းထားသည့် ခြောက်ငါးမူး ပျဉ်ပြားများအကြားမှ အပြောကျယ်သည့်လတာပြင်ကို ရှုစားလိုက တ၀ကြီးရှုစားနိုင်သည်။ ရံဖန်ရံခါတွင် မြစ်ပြင်ကိုဖြတ်တိုက်လာသော လေပြည်သွဲ့သည် ဟင်းလင်းဖွင့်ထားသောဆိုင်ရှေ့တံခါးမှ ၀င်ရောက်လာရုံမျှသာမက ခြောက်ငါးမူး ပျဉ်ပြားများကြားမှလည်း ခိုးကြောင်ခိုးဝှက်ဝင်ရောက်ပြီး ဘုံဝါဒီများ၏ရင်ကို အေးမြစေသည်။
ဘုံဆိုင်ကလေးသည် ကုန်းတွင်းဘက်ကိုနောက်ကျောပေးပြီး မြစ်ပြင်ကိုမျက်နှာပြုကာ တည်ဆောက် ထားခြင်းကြောင့် အ၀င်အထွက်မလွယ်ကူလှပေ။ ဆိုင်တွင်းသို့ဝင်လိုလျှင် အိမ်နောက်ဖေးတံခါးကို လက်နှင့်ပုတ်ပြီး အချက်ပေးရသည်။ ထိုသော် ဘုံဆိုင်ပိုင်ရှင်ကတော် မကျင်မြက အိမ်နောက်ဖေးတံခါးကို အသာဟ၍ မည်သူမည်ဝါဖြစ်သည်ကို ဦးစွာ စစ်ဆေးကြည့်ရှုပေလိမ့်မည်။ မျက်နှာစိမ်းဆိုလျှင် လွယ်လွယ်နှင့်အ၀င်မခံ၊ မျက်နှာတန်းမိသူဆိုလျှင်လည်း ဒုက္ခပေးမည့်သူ ဟုတ်မဟုတ် စစ်ဆေးဦးမည်။ ပြီးမှ ဆိုင်အတွင်းသို့ ၀င်ခွင့်ပေးတော့သည်။ ထိုသို့ အ၀င်အထွက်ကျပ်တည်းသည်မှာ ခပ်ကောင်းကောင်းဖြစ်၏။ လူသူရှင်းသောကြောင့် ပြဿနာနည်းသည်။ အခန့်မသင့်၍ လူကြီးသူမများလိုက်ဖမ်းလျှင်လည်း ဆိုင်တွင်း သို့တော်ရုံဖြင့် မ၀င်နိုင်၊  ကျွန်ုပ်တို့အတွက် အရှောင်အတိမ်းဂျက်စီဂျိမ်းလုပ်ရန် အချိန် ကောင်းစွာရသည်။ မသကာ ဆိုင်တွင်းသို့ဝင်လာစေမူ ပူစရာမရှိ၊  ဆိုင်ရှေ့ ရေဆင်းတံတားတွင်ကပ်ချည်ထားသော လှေတစ်စင်းကိုဖြုတ်၍ လွတ်ရာကျွတ်ရာသို့ ထွက်ပြေးရန်လွယ်ကူ၏။
ဘဲဥက “မမကျင်မြရေ ကျွန်တော်ပါ ဘဲဥပါ” ဟု ကျုံးအော်ရင်း နောက်ဖေးတံခါးကို တဘုန်းဘုန်းထုသည်။ “ဟဲ့ နင့်မအေလင်အိမ်မှတ်လို့ တံခါးကိုတဘုန်းဘုန်းထုရသလား၊ ဖြည်းဖြည်းသက်သာလုပ်ပါဟဲ့၊ အိမ်ပြို ကျရင် နင် ဆောက်ပေးမှာမို့လား ဘဲဥရဲ့”ဟု မကျင်မြက တသီတစ်တန်းကြီးရေရွတ်ရင်း နောက်ဖေးတံခါးကို ဆောင်ကြီးအောင့်ကြီးလုပ်ကာ ဖွင့်ပေးသည်။ “မမကျင်မြရယ် ကျွန်တော်နဲ့အမက ပြောနေရမယ့်သူတွေ မဟုတ်ပါဘူး။ မမရဲ့ညီမလေးသာ ကျွန်တော့်ကိုပြန်ကြိုက်ခဲ့ရင် မမက ကျွန်တော့်မရီးဖြစ်နေတာ ကြာပေါ့။ မမ ဆောက်ပေးဆိုရင် ဆောက်ပေးပါ့မယ်” ဟု အာ ချောင်လိုက်သည်။ မကျင်မြက “ကဲ ဘဲဥရယ် နင့်အချိုး ကိုသိလို့ ငါ့ညီမလေးကပြန်မကြိုက်တာ။ နင့်ကို ပြန်မကြိုက်ဘူးဆိုကတည်းက ငါ့ ညီမလေး လင်ကောင်း သားကောင်းရပြီလို့ ငါ တစ်ထစ်ချတွက်ပြီးသား” ဟု ပိဿာလေးနှင့် နှက်သည်။ သို့သော်လည်း ဘဲဥကား မဖြုံ၊ မျက်နှာပိုး မသတ်၊ ရယ်ကျဲကျဲလုပ်ပြီး အိမ်ရှေ့သို့ထွက်သွားသည်။ ကျွန်ုပ်နှင့်သံလုံးလည်း လက်ထဲမှ ကြောင်သားဟင်းကို မကျင်မြလက်သို့အပ်ပြီး ဆိုင်ရှေ့သို့ထွက်ခဲ့သည်။
ယင်းနောက် မြစ်ပြင်ကိုကောင်းစွာမြင်ရသည့်နေရာရှိစားပွဲတစ်လုံးတွင် နေရာယူလိုက်ကြသည်။ “တစ်ပြား လား တစ်လုံးလား”ဟု ဆိုင်ရှင်ကိုရွှေလုံးက လှမ်းမေးသည်။ “အ၀င်အထွက်ကောင်းအောင် ဂျင်ပဲ ပေးပါ” ဟု သံလုံးက ဆိုလိုက်သည်။ “အောင်မယ် ဘယ်သူပါလိမ့်လို့ကြည့်နေတာ သံလုံးကိုး။ လူကြည့်တော့ လက်တစ် ဆစ်လောက်ပဲ ရှိသေးတယ်။ ဘဲဥတို့ကျပ်ခိုးတို့နဲ့ပေါင်းပြီး အတတ်ကောင်းတွေ တော်တော်တတ်နေ”ဟု ကိုရွှေလုံးက လှမ်းကြိမ်းလိုက်၏။
တငြိမ့်ငြိမ့်စီးသည့်ရေအယဉ်တွင် တအိအိမျောပါနေသည့် တံငါလှေများပေါ်မှထွန်းညှိထားသော ညမီးရောင် လျှံများ ရေပြင်ပေါ်သို့ဖြာကျနေသဖြင့် မြစ်ပြင်ကျယ်နေရာအနှံ့တွင် သင်္ဂီရွှေသားရောင်စဉ်တန်းတို့ ဟိုတစ်စု သည်တစ်စုနှင့် ဖျိုးခနဲဖျတ်ခနဲ ပြိုးပြက်တောက်ပနေ၏။ လှိုင်းတံပိုးတို့တဖျပ်ဖျပ်လွန့်လူးခိုက်တွင် ရွှေနဂါးရောင်စဉ်တန်းများသည် ဒီမှာဘက်ကမ်းမှ ဟိုမှာဘက်ကမ်းသို့၊ တဖန် ဟိုမှာဘက်ကမ်းမှ ဒီမှာဘက်ကမ်းသို့ ခေါက်တုံ့ခေါက်ပြန်လွန်းထိုးပြီး ပြေးလွှားပျော်မြူးနေကြလေ၏။
သံလုံးက “၀ိုင်းဖွင့်လိုက်ကြရအောင်”ဟု ဆိုပြီး ပြောပြောဆိုဆိုနှင့် ပုလင်းကိုဖွင့်ကာ အရက်ငှဲ့လိုက်သည်။ သူရာရည်ပြည့်လျှံသော ငါးကြင်းဖန်ခွက်နှင့် ကြောင်ကတိုးသားအမြည်းပန်းကန်က ကျွန်ုပ်တို့လူသိုက်ကို “ဧဟိ လာလော့”ဟု ဖိတ်မန္တကပြုနေသည့်အလား။ လေတဖြူးဖြူးတိုက်နေသောကမ်းနဖူးတွင် ဂျင် အရက်သောက်ရသည့်အရသာမှာ အတော်ပင်ထူး၏။ လေတိုးလာသည်နှင့်အမျှ ဂျင်အရက်၏တန်ခိုးက တစ်စတစ်စတိုးပြီး ဆောင့်တက်လာသည်။
ဘဲဥက “ဒါနဲ့ မင်း အခြေအနေက ဘယ်လိုတုန်း”ဟု သံလုံးကို မေးလိုက်သည်။ သံလုံးက “ဒီလိုပါပဲ အစ်ကို ရာ”ဟု ညောင်နာနာလေသံဖြင့် ပြန်ဖြေသည်။ “မင်း တယ်ညံ့သကိုး”ဟု ဘဲဥက ရေရွတ်လိုက်သည်။ သူတို့နှစ်ဦးပြောနေသည့်အကြောင်းကို ကျွန်ုပ် ဂဃနဏ မသိသော်လည်း သမီးရည်းစားကိစ္စ ပြဿနာ တက်ခြင်းဟု တပ်အပ်ပြောနိုင်သည်။ “ဒီ ကိစ္စမျိုးမှာ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေလို့ မဖြစ်ဘူး၊ တိုင်ပြည်နဲ့ လူထုရဲ့မျက်နှာကိုကြည့်ပြီး ပြတ်ပြတ်သားသားလုပ်ရမယ်ဆိုတဲ့ စကားလိုပဲ။ ပြတ်သားရမယ်။ ခိုးပြေးမယ်လို့ စိတ်ကူးရင်လဲ ငါတို့ကိုပြော။ လပွတ္တလုပ်ဘက်မှာ ငါ့ အသိတွေတစ်ပုံကြီးပဲ၊ တစ်ပတ်တန်သည်  နှစ်ပတ်တန် သည်သွားနေပြီးပြန်လာရင် ပြီးသွားတာပဲ” ဟု နည်းပေးလမ်းပြလုပ်နေလေ၏။
သံလုံးက ဘာမျှ ပြန်မပြော။ အတန်ကြာမှ “သန်ဘက်ခါကျရင် ကျုံမငေးကိုသွားမလို့”ဟု ကောက်ခါငင်ခါ ဆိုလိုက်သည်။ “ဘာ သွားလုပ်မှာတုန်းကွ၊ စပါးကိစ္စလား”ဟု ကျွန်ုပ်မေးလိုက်သော် သံလုံးက “စပါးကိစ္စ မဟုတ်ပါဘူး ကိုကျပ်ခိုးရယ်။ ဟိုဒင်း ကျုံမငေးစွယ်တော် သွားဖူးမလို့ပါ”ဟု ဖြေ၏။ သူ့ စကားကြောင့် ဘဲဥနှင့်ကျွန်ုပ် ဣနြေ္ဒမဆည်နိုင်ဘဲ အော်ရယ်မိတော့သည်။ “နေစမ်းပါဦး .. မင်းလို အိမ်ဦးဘုရားစင်က ဆင်းတုတော်ကလေးကိုတောင် တစ်နေ့တစ်ခါ မှန်မှန်မရှိခိုးတဲ့ကောင်က တစ်ရပ်တစ်ကျေးက စွယ်တော်ကို တစ်ကူတစ်ကသွားဖူးမယ်ဆိုတော့ မဟုတ်မှလွဲရော မင့် ကောင်မလေးသွားလို့ လိုက်သွားတာ မဟုတ်လား” ဟု ဘဲဥက ချက်ကောင်းကိုနှိပ်လိုက်သည်။ သံလုံးက သူ့ထုံးစံအတိုင်း ဟီးခနဲလုပ်ပြီး ခေါင်းညိတ်ပြလိုက် သည်။
မြစ်ပြင်ကို ဖြတ်တိုက်လာသည့်လေပြေသွဲ့သည် ရေစီးတွင်ဟိုသည်မျောနေသည့်ဗေဒါဖုတ်များကို ကမူးရှုးထိုး ၀င်တိုး၏။ လေတိုးသံတ၀ူးဝူး ကြားရ၏။ လေ အဟုန်ကြောင့် လှိုင်းထချေပြီ။ ရေဆင်းတံတားဦး၌ ကပ်ချည် ထားသောလှေများ လှုပ်စိလှုပ်စိဖြစ်သွား၏။ တလွန့်လွန်လူးနေသည့်လှိုင်းလုံးငယ်များသည်  ကမ်းစပ်သို့ အမှောင်ထုကိုအမှီပြုပြီး တရိပ်ရိပ် တလိပ်လိပ်နှင့်ချဉ်းကပ်လာရာ ပျော့စိစိညစ်ပုပ်ပုပ်လတာပြင်ကို အံမတုနိုင်သဖြင့် ခန္ဓာပြိုလဲလှိုင်းခေါင်းကွဲ သွားလေသတည်း။
(၃)“ကျုံမငေးစွယ်တော်သွားဖူးမယ်လို့ သံလုံးပြောလာတော့ သန့်ဇင်ကိုသတိရမိတယ်ကွာ”ဟု ဘဲဥက ပြောရင်း ရယ်လိုက်သည်။ ကျွန်ုပ်လည်း ရယ်မိသည်။ သံလုံးကလည်း ရောယောင်ပြီး လိုက်ရယ်သည်။ ပြီးမှ “ဘာဖြစ်လို့တုန်းဗျ”ဟု ဆို၏။ “ကျွန်တော့်လို မိန်းမကိစ္စနဲ့ သွားတာလား”ဟု မေးပြန်သည်။ “ မဟုတ်ပါဘူး ကွာ သန့်ဇင်နဲ့စွယ်တော်နဲ့ဘာမှ မဆိုင်ပါဘူးကွာ”ဟုဆိုရင်း ဘဲဥက ဆေးပေါ့လိပ်ကိုမီးညှိပြီး တုံဏှိဘာဝေ လုပ်နေလေ၏။
လူ့သဘာဝအရ နားဝတေ့၍  ကရားရေလွှတ်တတွတ်တွတ်ပြောလျှင် နားမထောင်ချင်၊ အစနည်းနည်းဖော်ပြီး ပြောချင်သလိုလို မပြောချင်သလိုလိုမပွင့်တပွင့်လုပ်မှ နေရာကျသည်။ ဤအချက်ကို လိမ္မာပါးနပ်စွာအသုံးချတတ်သော စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဓမ္မကထိကကိုယ်တော်တို့ စန်းပွင့် သည်မှာ အထင်အရှားပင်ဖြစ်၏။ ယခုလည်း ဘဲဥက သန့်ဇင်၏အဖြစ်သနစ်ကို မပြောချင်သလိုလို ပြောချင် သလိုလို အင်တင်တင်လုပ်လိုက်သဖြင့် သံလုံး မချင့်မရဲဖြစ်သွားသည်။ “ဟာဗျာ ကိုဘဲဥရယ်၊ အထာ မကိုင် စမ်းပါနဲ့၊ ပြောစရာရှိတာက ပြောပါဗျ။ ခင်ဗျားဟာက တိုးလို့တန်းလန်းကြီး” ဟု ဆိုရလေပြီ။ ထိုသို့ မောင်သံလုံး လျှောက်ထားတောင်းပန်သောအခါ ဘဲဥသည် လွန်လေပြီးသောအကြောင်းကို အောက်ဖော်ပြ ပါအတိုင်း ဆောင်တော်မူလေသတည်း။
“သန့်ဇင်နဲ့ ငါတို့နဲ့က ရွယ်တူပဲ။ ဆွေမျိုးစပ်လိုက်ရင် ကျပ်ခိုးနဲ့ညီအစ်ကိုဝမ်းကွဲတော်တယ်။ တို့ ခပ်ငယ်ငယ် တုန်းက နွေရာသီကျောင်းပိတ်ရင် တောရကျောင်းကိုသွားပြီး ဘဘုန်းလေးဆီမှာ လက်ရေးတိုသင်ရတယ်။ ဘဘုန်းလေးဆိုတာက တောကျောင်းကိုယ်တော်ကိုခေါ်တာ။ အသားဖြူဖြူနဲ့ တရုတ်လူမျိုး ရွှေကျင် ဘုန်းတော်ကြီး။ သူက အဲဒီလက်ရေးတိုရေးနည်းကို မန္တလေးမှာ စာဝါသွားလိုက်တုန်းကသင်ထားတာ။ နောက် လပွတ္တာကိုပြန်လာပြီး ကျောင်းထိုင်တော့ သူ တတ်ထားတဲ့ပညာ အလဟဿမဖြစ်ရအောင် မြို့ထဲ ကကျောင်းသားတွေကို ခေါ်သင်ပေးတာပဲ။ သန့်ဇင်နဲ့ငါတို့ စတွေ့တာက အဲဒီ လက်ရေးတိုကျောင်းမှာပဲ။”
ထိုလက်ရေးတိုကျောင်းမှာ ကျွန်ုပ်တို့ကလေးဘ၀၏ တစ်စိတ်တစ်ဒေသပင် ဖြစ်၏။ ကျွန်ုပ်တို့ လူ့အဖြစ်ကိုရ သည့် ခေတ်ကာလကြီးတွင် ဘုန်းတော်ကြီးကျောင်းပညာရေးစနစ်မှာ ကွယ်ပခဲ့ပြီးဖြစ်သည်။ သို့သော်လည်း တောမြို့ကလေးတွင် အသက်ငင်နေဆဲဖြစ်၏။ တောသူတောင်သားမျိုးရိုးမှ ဆင်းသက်လာသည့်မိဘတို့သည် ကလေးများကို နွေရာသီကျောင်းပိတ်ရက်တွင် ဘုန်းတော်ကြီးကျောင်းသို့စေလွှတ်ကာ လောကနီတိ၊ အဘိ ဓမ္မာ၊ လက်ရေးတိုစသည်တို့ကို သင်ယူစေ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့မှာ ဘုန်းတော်ကြီးကျောင်း ပညာရေး စနစ်နှင့် လက်ပွန်းတတီးမဟုတ်သော်လည်း ရိပ်ဖမ်းသံဖမ်း ရင်းနှီးခွင့်ရခဲ့၏။
“သန့်ဇင် လူတွင်ကျယ်လုပ်တတ်တာ ကလေးဘ၀ ကတည်းကပဲ။ ငါ မှတ်မိသေးတယ်။ သူ့ အဖေကြီးကလဲ တော  ကျောင်းထွက်ဆိုတော့ကာ လက်ရေးတိုရေးတတ်တယ်။ သန့်ဇင်က သူ့အဖေဆီကနေ လက်ရေးတို နည်းနည်းသင် ထားတယ်။ အ - က၊  အ - ခ လောက်ပေါ့ကွာ။  အ - က၊ အ - ခ  ဆိုလို့ မင်း ဇဝေဇ၀ါ ဖြစ်သွားပြီထင်တယ်။ ဘဘုန်းလေးဆီမှာ လက်ရေးတိုသင်တော့ ငါတို့ ဗျည်း (၃၃) လုံး ပြန်ပြီးအံရတယ်။ ဘဘုန်းလေးသင်တဲ့ ဗျည်း (၃၃) လုံး နဲ့ ကျောင်းမှာသင်တဲ့ဟာနဲ့မတူဘူး။ ကျောင်းမှာဆိုရင် ကကြီးရေက လို့ပဲဆိုရတယ် မဟုတ်လား။ ဘဘုန်းလေးဆီမှာတော့ စာအံရင် ကကြီးအက္ခရာရဲ့ရှေ့မှာ အ ထည့်ပြီးဆိုရ တယ်။ က ကြီးရေက မဟုတ်ဘူး။ အ - က လို့ ဆိုပြီး ရေးရတယ်။ အဲဒီနည်းနဲ့ မြန်မာလက်ရေးတိုရေးနည်းကို သင်သွားတာပဲ။ ဘာနည်းလဲ မပြောပါတတ်ဘူး။”
“သန့်ဇင်က သူ့ အဖေဆီက ကြိုသင်ထားတာဆိုတော့ကာ အ - က၊ အ - ခ လုပ်ရင် ဂျောင်းဂျောင်းပြေး ဖြစ်နေတော့တာပေါ့ကွာ။ ဒီကောင်က သူ ဒီလို သူများထက်စာပိုရတာကို သိပ်ပြီးကြွားချင်တာ။ ငါတို့ကိုလဲ နှိမ်သလိုလိုဘာလိုလို လုပ်သေးတယ်။ ဘဘုန်းလေးကတော့ ဒီကောင် ဒီလောက်တတ်နေတာ အိမ်က ကြိုသင်ထားလို့ဆိုတာရိပ်မိတယ် ထင်ပါရဲ့။ ဒီကောင့်ကို သိပ်ပြီး ပစား မပေးဘူး။ ငါတို့ကတော့ အိမ်က လူကြီးတွေလွှတ်လို့သာ တက်ရတာ။ သိပ်ပြီး တက်ချင်လှတာ မဟုတ်ဘူး။ အဲဒါကို ဘဘုန်းလေးကလဲ သိပါတယ်။ ကျောင်းပျော်အောင် မုန့်ပဲသားရည်စာတွေချကျွေးတာ ခဏခဏပဲ။”
ဘဘုန်းလေး၏ လက်ရေးတိုကျောင်းတွင် လက်ရေးတိုရေးနည်းသာမက ရှေးဘုန်းတော်ကြီးကျောင်း သင်ရိုး ညွှန်းတမ်းဖြစ်သည့် မင်္ဂလသုတ်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ ပရိတ်ကြီးစသည်တို့အနက်မှ ကောင်းနိုးရာရာတို့ကိုထုတ်နုတ်ပြီး ထည့်သွင်းပို့ချသည်။ ဘဘုန်းလေး မထေရ်မြတ်သည် ထိုမျှနှင့်အားမရနိုင်။ မြန်မာ စာ ကျမ်းအဆူဆူကိုမွှေနှောက်ပြီး ပျို့၊လင်္ကာ၊ ရတု၊ ရကန်၊ ဧချင်း၊ ဇာတ်တော် စသည်တို့ကိုလည်း ခေတ်ကာလသား၊ ကာလသမီးတို့ အကျွမ်းတ၀င်ရှိစေရန် ပို့ချပေး ခဲ့သည်။ ဆရာတော့်ကျေးဇူးကြောင့် ကျွန်ုပ်ကဲ့သို့ စာပေပါရမီနုံချာသူပင်လျှင် ကဗျာလင်္ကာနှင့် လက်ပွန်း တတီးရှိခဲ့ပြီး “မိုးကလဲသည်း၊ အမှောင်ထဲ၊ ကြောင်မဲ နှာချေပြီ” ၊ “အသားကမဲ၊ တအားဆဲ၊  -ီးပဲ နေလင်းအောင်” ၊ “မိုးသားမှောင်မှောင် ညအရောင်၊ မီးသွေးခဲလော ကျပ်ခိုးလော”စသည့် ကဗျာထူး၊ စာထူးများ စပ်ဆိုခဲ့ဖူး၏။  
“လက်ရေးတိုသင်တာနဲ့၊ ကျုံမငေးစွယ်တော်နဲ့ ကိုသန့်ဇင်နဲ့ ဘာဆိုင်လို့တုန်း”ဟု သံလုံးက စောဒက တက် သည်။ “တယ်ခက်ကပါလား”ဟု ဘဲဥက ရေရွတ်သည်။ “အကြောင်းအရာတစ်ခုဆိုတာ စုံစုံစိစိသိထားမှ ဖြစ်မှာ။ ဒါကြောင့်မို့ မင်းကို ဇာတ်စုံခင်းပြနေတာပေါ့။ နားမထောင်ချင်ရင် နေပေါ့ကွာ”ဟု ငေါက်ဆတ်ဆတ် ဆိုလိုက်သည်။ “မဟုတ်တာ ကိုဘဲဥရယ်၊ စိတ်မရှိပါနဲ့။ ကျွန်တော်လဲ ကြားချင်ဇောနဲ့မို့ စိတ်စောမိတာပါ။ ပြောစရာရှိတာ ဆက်ပြောပါ”ဟု သံလုံး တောင်းပန်တိုးလျှိုးမှ ဘဲဥ စကားစကိုပြန်ကောက်သည်။
“သန့်ဇင် ခပ်ငယ်ငယ်ကတည်းက သူ့မအေဆုံးသွားလို့ မိတဆိုးလေးဆိုပြီး သူ့ဖအေ ဦးမောင်လှက ဖူးဖူးမှုတ်ထားတာ။ အဲဒီလို ဖူးဖူးမှုတ်တာကနေ တစ်ဖက်သားကို စီးစီးပိုးပိုးလုပ်တတ်တဲ့ ဉာဉ်ဆိုး ပေါ်လာတာပဲ။ တို့ ကလေးဘ၀တုန်းက ယောင်္ကျားကလေးတွေထဲမှာ ရွှေတိုရွှေစ၀တ်နိုင်တဲ့သူဆိုလို့ သန့်ဇင်တစ်ယောက်ပဲရှိတယ်။ သူ့မှာ ဆွဲကြိုးနဲ့လက်စွပ်နဲ့။ လက်စွပ်က သူ့ မအေရဲ့သွားကိုကွင်းပြီး ၀တ်ထားတာဆိုပဲ။ ရွှေတွဲလွဲငွေတွဲလဲမိသားစုကမွေးတာဆိုတော့ သိပ်ပြီးတော့ အကျောကြီးတယ်။ ကလေးအချင်းချင်း တွန်းဟယ်ထိုးဟယ်ကစားရင်း ထိမိခိုက်မိပြီဆိုရင် မြေကြီးပေါ် ဗိုင်းခနဲပစ်လှဲပြီးတော့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအောင် အသံဗြဲကြီးနဲ့အော်ငိုတော့တာပဲ။ ထစ်ခနဲဆိုရင် သူ့အဒေါ် အပျိုကြီးတွေကို သွားတိုင်လိုတိုင်၊ အဒေါ်တွေကလဲ သည်းသည်းလှုပ်ဆိုတော့ ဒီကောင်နဲ့ အလွမ်းသင့်တဲ့သူ အင်မတန်ရှားတယ်။ ခက်တာက သူ့ခမျာမှာ သူ့အဒေါ် အပျိုကြီးတစ်သိုက်ရယ်၊ သူ့တို့အိမ်က သူရင်းငှား သားသမီးတွေရယ် ဒီလူနိုင်တွေကိုပဲ အပေါင်းအသင်းလုပ်ပြီး ကြီးလာတာကိုး။ တောကျောင်းမှာ လက်ရေးတိုလာသင်တော့လဲ သူ့ဟာနဲ့တစ်သီးတစ်ခြား နေတယ်။ တို့နဲ့ ရောရောနှောနှော မနေဘူး။”
သန့်ဇင်အကြောင်းပြောမိသည့်အခါ တောကျောင်းတွင် လက်ရေးတိုရေးနည်းသင်ခဲ့ရသည့် ငယ်ဘ၀နေ့ ရက်များကို အထူးပင်လွမ်းဆွတ်မိသည်။ တောမြို့ကလေး၏ထုံးစံအတိုင်း နံနက်လင်းလျှင် အိမ်မှာရှိသည့်ထမင်းကြမ်းနှင့် မုန့်ပဲသွားရည်စာစားပြီး တောရကျောင်းသို့ ဆွမ်းခံထွက်ချိန်မီအောင် ပြေးရသည်။ “ကျောင်းအိပ်ကျောင်းစား” ကျောင်းသားများသာ ဆွမ်းခံထွက် မဖြစ်မနေလိုက်ကြရသည်။ “အိမ်ပြန်”ကျောင်းသားများဖြစ်သည့် လက်ရေးတိုကျောင်းသားများ လိုက်စရာမလိုချေ။ သို့သော်လည်း မိဘတို့ဘာသာဘာဝ မကောင်းကျောင်းပို့ဟူသည်ကို လက်ကိုင်ထားပြီး ပြောရဆိုရမာချာသည့် ကလေးများကို မိုးလင်း၊ မျက်စိနှစ်လုံးပွင့်သည်နှင့်တပြိုက်နက် ဘုန်းကြီးကျောင်းသို့ အတင်းအကြပ် စေလွှတ်ပြီး ဆွမ်းခံထွက်လိုက်ခိုင်းသည်။
တောရကျောင်းသည် ရွှေကျင်ဂိုဏ်းဖြစ်သဖြင့် ၀ိနည်းသိက္ခာပုဒ်ကို အထူးပင်ရိုသေလိုက်နာ၏။ ဂီလာနရဟန်းမှလွဲ၍ တိုက်အုပ်၊ တိုက်ကြပ်၊ ခန်းနေကိုယ်တော် ရှိသမျှသံဃာတိုင်း ဆွမ်းခံထွက်ရသည်။ ဆွမ်းခံထွက်ရာ၌ ထုံးစံအတိုင်း ၀ါအကြီးဆုံး တိုက်အုပ် တိုက်ကြပ်တို့က ရှေ့ဆုံးမှနေရာယူရသည်။ ခေတ်ကာလယဉ်ကျေးမှုပြောင်းလဲခြင်းကြောင့် ဆွမ်းခံထွက်သည့်ဓလေ့မှာလည်း အတန်ပင်ပြောင်းလဲခဲ့လေ ပြီ။ တောကျောင်းတိုက်မှ ကြွမြန်းလာသောသံဃာတော်တို့သည် မြို့တွင်းသို့မ၀င်မီအထိသာ တန်းစီ၍ဆွမ်းခံ ထွက်သည်။ မြို့တွင်းသို့ရောက်သည်နှင့် ဆိုင်ရာဆွမ်းဒကာအိမ်များဆီသို့  အစုခွဲ၍သီးခြားကြွမြန်းရသည်။ တိုက်အုပ်၊ တိုက်ကြပ် မထေရ်တို့၏ဆွမ်းဒကာများမှာ မြို့ထဲပိုင်းမှ ဖြစ်သောကြောင့် ဝေးဝေးလံလံ ကြွစရာမလိုချေ။ ထို့ပြင် ဆွမ်းဟင်းကောင်းသည်။ ချိုချဥ၊် ခဲဖွယ်လည်း ရတတ်သည်။ စာသင်သား ကိုယ်တော်တို့မှာမူ မြို့ထဲပိုင်းတွင် ဆွမ်းဒကာရရန် မလွယ်ချေ။ သို့ကြောင့် မြို့ထဲပိုင်းကိုကျော်ပြီး မြို့စွန်ဆင်ခြေဖုံးရပ်ကွက်များအထိ ခြေတိုအောင်လျှောက်ပြီး ဆွမ်းခံထွက်ရသည်။ ရသည့်ဆွမ်းဟင်းမှာလည်း ကန်းစွန်းရွက်နှင့်ပဲပင်ပေါက်သာဖြစ်သဖြင့် ခြေထောက်ညောင်းရကျိုး မနပ်ပေ။ ရံဖန်ရံခါတွင် ဆွမ်းမကျက်သေးသဖြင့် ကျပ်တန်အသစ်ကျပ်ချွတ်လေးများ လောင်းလှူလိုက်သူလည်း ရှိသေးသည်။ ကံခေသည့်နေ့မျိုးတွင် ကန်စွန်းရွက်လည်းမရ၊ ကျပ်တန်လည်း မရဘဲ၊ ကန်တော့ဆွမ်းနှင့်ချည်း မိတတ်သေးသည်။ ထိုသို့သောနေ့မျိုးတွင် စာသင်သားကိုယ်တော်တို့မှာ ဘုံအိုးထဲမှဟင်းလေးနှင့်သာ နှစ်ပါးသွားရတော့သည်။
ဆွမ်းခံကိုယ်တော်လုခြင်းမှာ ဘုန်းကြီးကျောင်းသားတို့၏ ပြုဖွယ်တစ်ခုပင်ဖြစ်၏။ အမှီကောင်းရမှ ကြီးပွားသည်ဟူသည့် အယူအဆသည် ဤဆွမ်းခံကိုယ်တော်လုသည့်ဓလေ့မှ ဆင်းသက်လာခဲ့သလောဟု စောကြောဖွယ်ဖြစ်သည်။ အမှီကောင်းရမှ ကြီးပွားသည်ဟူသည်မှာကား အမှန်ပင်ဖြစ်၏။ အကြောင်းသော်ကား တိုက်အုပ်၊ တိုက်ကြပ်တို့နှင့် ဆွမ်းခံလိုက်ရသောကျောင်းသားသည် မျက်နှာ အလွန်ပွင့်၏။ ကိုယ်တော်တို့ကလည်း သူတို့နှင့်လိုက်ပါလာသည့် ကျောင်းသားကို ဒကာ၊ ဒကာမတို့၏ရှေ့မှောက်တွင် ပွဲထုတ်တတ်သည်။ “ဒါ ဘယ်သူ ဘယ်ဝါ့ သားကလေးပေါ့။ တန်းကျောင်း မှာတော့ ဘယ်နှစ်တန်းဖြေထားပြီးပြီ။ နွေကျောင်းပိတ်တုန်း ဦးဇင်းတို့ကျောင်းမှာ လက်ရေးတို လာသင်နေတာလေ။ အခုဆိုရင် အတော့်ကိုရေးတတ်ချွတ်တတ် နေပြီ” ဟူသည့် ချီးမွမ်းခန်းဖွင့်လိုက်လျှင် ထိုကျောင်းသားမှာ ဘ၀င်လေဟပ်တော့လေ၏။ ဦးဇင်းတို့က ထိုသို့ စကားစလိုက်လျှင် ဒါယကာ၊ ဒါယကာမတို့က ထိုကျောင်းသားကို သကြားလုံး၊ အုန်းထန်းလျက်ကြော်စသည့်တို့ဖြင့် ချီးမြှင့်မြှောက်စားတတ် သည်။
ဘဲဥနှင့် ကျွန်ုပ်ကား မြို့ထဲပိုင်းသို့ဆွမ်းခံထွက်ရသည်ကို မကြိုက်၊ ဝေးဝေးလံလံ သွားရသည်ကိုသာ သဘောခွေ့သည်။ ထို့ကြောင့် စာသင်သားကိုယ်တော်တို့နှင့်သာ လိုက်လေ့ရှိသည်။ စာသင်သားတို့နှင့် ဆွမ်းခံလိုက်ရသည်မှာ ပျော်စရာလည်းကောင်း၏။ တိုက်အုပ်၊ တိုက်ကြပ်တို့မှာ ၀ါနှင့်သိက္ခာကိုထောက်ပြီး ဣနြေ္ဒတစ်ခွဲသားလုပ်နေရသောကြောင့် ရယ်စရာမောစရာ ပြောလေ့ပြောထမရှိလှ။ စာသင်သားတို့မှာ ရဟန်း၊ သာမဏေဆိုစေမူ ကာလသားအရွယ်များသာဖြစ်သောကြောင့် အခွင့်ကြုံလျှင် တခွိခွိ၊ တဟိဟိနှင့် ပါးစပ်စေ့ရသည်ဟူ၍ မရှိရလေအောင် ဟဒယရွှင်ဆေး တိုက်ကျွေးတတ်သည်။
တစ်ခုသောနံနက်ခင်း၌ သန့်ဇင်နှင့် ကျောင်းအိပ်ကျောင်းစားတစ်ဦးတို့ တိုက်ကြပ်ကိုယ်တော်၏သပိတ်ကို လုရင်း ရန်ဖြစ်ကြလေ၏။ သံသပိတ်ဖြစ်သဖြင့် လွယ်လွယ်နှင့်မကွဲသော်လည်း သပိတ်လွယ်ကြိုးပြုတ်ထွက် သွားလေ၏။ ဆွမ်းခံထွက်ခါနီးတွင် သပိတ်လွယ်ကြိုး ပြုတ်ထွက်သွားသည်ဆိုသည်မှာ နည်းနည်းနောနောပြဿနာ မဟုတ်ချေ။ သို့သော် သပိတ်လွယ်ကြိုးထက်ကြီးသောပြဿနာ တမုဟုတ်ချင်း ပေါ်လာ၏။ သန့်ဇင်ကို ကျောင်းအိပ်ကျောင်းစားက ခေါက်လွှတ်လိုက်သည် ဆိုပါကလား။ သန့်ဇင်၏ အသံဗြဲကြီးသည် တောရကျောင်းတိုက်တစ်ခုလုံးကို ဖုံးလွှမ်းချောက်ချား လိုက်လေသတည်း။
မည်သူမည်ဝါလွန်သည်ကို ကျွန်ုပ်တို့ တပ်အပ်မပြောနိုင်။ သို့စေမူ မည်သူအရိုက်ခံရမည်ကိုကား အတပ်သိ သည်။ မကြာမီတွင် တိုက်ကြပ်ကိုယ်တော်သည် ထားဝယ်ကြိမ်ကိုဆွဲလျက်ထွက်လာပြီး ကျောင်းအိပ်ကျောင်း စား၏ ဂုတ်ကို နှိမ်ကာ “နင် က အကြီးဟဲ့၊ အကြီးက သည်းခံပါလား၊ အကြီးက အကြီးလို နေရတယ်ဟဲ့”ဟု ကြိမ်းမောင်းရေရွတ်ပြီး ကျောပြင်ကို ဗျောတင်လေ၏။
ကျွန်ုပ်တို့မှာ အရင်းရှင်ကိုဆန့်ကျင်သောခေတ်တွင် ကြီးပြင်းလာသူများဖြစ်သဖြင့် တိုက်ကြပ်ကိုယ်တော်၏ အဆုံးအဖြတ် လုံးဝမတရားဟုထင်သည်။ ဘုရားဒါယကာ၏သားကိုမူ မရိုက်ဝံ့၊ မျက်နှာကြီးရာဟင်းဖတ်ပါပြီး ငယ်မွေးခြံပေါက်၊ ကျောင်းအိပ်ကျောင်းစားကို မတရားသဖြင့်နှိပ်စက်သည်ဟု ယူဆသည်။ သန့်ဇင်ကို တစိုး တစိမျှ မသနားမိချေ။ သူ ကိုက်လွှတ်လိုက်သဖြင့် လက်တွင်သွေးတစို့စို့ဖြစ်နေသော ကျောင်းအိပ်ကျောင်း စား ကျောင်းသားကြီးကိုသာ သနားမိတော့သည်။ စာသင်သားအချို့ကလည်း ကျွန်ုပ်တို့ကဲ့သို့ပင် သဘောထားရှိကြသည်။ “ကျောင်းသားချင်း ရန်ဖြစ်တာပဲ၊ ရိုက်စရာရှိရင် နှစ်ယောက်လုံးကို ရိုက်မှပေါ့။ တိုက်ကြပ်လုပ်ပုံမဟုတ်ဘူး”ဟု ကိုယ်တော်တစ်ပါးက တီးတိုးဆိုသည်။ သို့သော်လည်း ကိုယ့်စိတ်ထင်သည် ကို ကျယ်ကျယ်လောင်လောင် မဆိုဝံ့။ အများနည်းတူ ရေငုံနှုတ်ပိတ်ပြီး ၀စီပိတ်ကျင့်နေရသည်။
ထိုသို့ဖြစ်ပြီးနောက် ကျွန်ုပ်တို့အစုသို့ သန့်ဇင်နှင့်ရန်ဖြစ်သူ ကျောင်းသားကြီးရောက်လာ၏။ ထိုကျောင်း သားကြီးမှာ အတော်ပင် အေး၏။ နုံလည်း နုံ၏။ သူ အရိုက်ခံခြင်းကို ကျွန်ုပ်တို့က မကျေနပ်ကြောင်းပြော သည့်အခါ “မဟုတ်တာကွာ၊ ဦးဇင်းက ကိုယ့် ဆရာဒကာအချင်းချင်းဆိုတော့ မျက်နှာ နာစရာမရှိဘူးဆိုပြီး ရိုက်တာပါ။ သိပ် မနာပါဘူး”ဟု လေပြည်ထိုးသည်။ ကာယကံရှင်က ဖျောင်းဖျနှစ်သိမ့်သည်တိုင် ကျွန်ုပ်တို့ မကျေနပ်နိုင်။ သန့်ဇင်ဟူသည့် လူလွန်မသားကို အကြမ်းမဖက်သောနည်းဖြင့်နှိပ်စက်မှ သင့်ပေလိမ့်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဆွမ်းခံဖက်ကိုယ်တော်တို့ကလည်း ကျွန်ုပ်နှင့်ဘဲဥတို့ကို မဟုတ်မခံစိတ်ထား ရှိပါပေသည်ဟု ချီးကျူးကြ၏။ မည်သို့မည်ပုံ တိုက်စစ်ဆင်ရမည်ကို သွန်သင်ညွှန်ပြ၏။ သို့ဖြစ်၍ ကျွန်ုပ်နှင့် ဘဲဥလည်း အခြားကျောင်းသားများကို သန့်ဇင်နှင့်ကစားခြင်းမပြုရန်သင်းခွဲရလေ၏။ စာတော်သောသန့်ဇင် ကို မနာလိုသူအတော်ပင်များသဖြင့် ကျွန်ုပ်၏ တိုက်တွန်းသည်ကို ကျောင်းသားတိုင်းလိုလို လွယ်လင့်တကူ နာယူကြသည်။
သန့်ဇင်ကလည်း သူ့ကို ကျွန်ုပ်တို့ ငြိုးနေကြောင်း ကောင်းကောင်းကြီးသိသည်။ လူရှေ့သူရှေ့ရောက်လျှင် ကျွန်ုပ်တို့ကို ဖော်ဖော်ရွေရွေဆက်ဆံ၏။ သူ့ အိမ်ကထည့်ပေးလိုက်သည့် ကရေကရာလေးများကိုပင် လောကွတ်လုပ်ပြီး ကျွေးသေးသည်။ သို့သော် ထိုသို့ ပျူပျူငှာငှာဆက်ဆံခြင်းကိုပင် ကူလီကူမာလုပ်သည်ဟု ကျွန်ုပ်တို့ အထင်ရောက်သည်။ ကျွန်ုပ်၏ဆွေမျိုးထဲတွင် သန့်ဇင်လိုလူစားမျိုးရှိခြင်းကြောင့် ဂုဏ်ပျက်ရသည် ဟု ကျွန်ုပ်ထင်မိသည်။ သူ၏ အမူအရာမှာ ဆားမပါသည့်ဟင်းနှယ် ပေါ့တီးပေါ့ပျက်။ “အစ်ကိုလေး ကျပ်ခိုး” ဟူသည့် သူ့ခေါ်သံသည် နှဲအ ကြီးမှ ထွက်လာသည့်အသံနှယ် ဆိုးရွားလှသည်။ သူ့ အပြုံးသည် အသက် မ၀င်၊ ဟန်လုပ်၍ပြုံးထားခြင်း ဖြစ်သည်။ သို့ဖြင့် သန့်ဇင်နှင့် ကျွန်ုပ်တို့၏ စစ်အေးတိုက်ပွဲမှာ တစ်စတစ်စ တင်းမာလာလေ၏။
တစ်နေ့ ဆွမ်းစားတုံးမောင်း ခေါက်ပြီးချိန် ဘဲဥနှင့်ကျွန်ုပ်တို့ ခွေးစာကျွေးနေခိုက်တွင် ကျွန်ုပ်တို့အနားသို့ သန့်ဇင် မယောင်မလည်နှင့် ရောက်လာ၏။ ဤသည်ကို ဘဲဥမြင်သော် “ဟေ့ ကျပ်ခိုး ဟို ခွေးဝဲစားလေးက ဘယ်က ရောက်လာတုန်း။ အောက်ပိုင်းကလာတဲ့ ခွေးဝဲစား ဖြစ်မယ်။ ကြည့်ရတာ မွဲတိမွဲစုပ်နဲ့။ ကျက်သရေ ယုတ်လိုက်တာ”ဟု ဆိုလိုက်၏။ ဘဲဥ ထိုသို့ဆိုလိုက်သော် ကျွန်ုပ်ကလည်း အတိုင်အဖောက်ညီညီဖြင့် “အင်း စကြောက်ကလေးပါ၊ အောက်ပိုင်း ဆိုပေမယ့် ငါးပိဆိပ် ကမ်းနားတန်းဘက်က ခွေးပါကွာ၊ ဇရှိတဲ့ခွေး မဟုတ်ပါဘူး”ဆိုလိုက်မိသည်။ ထိုသို့ ဘဲဥနှင့် ကျွန်ုပ်တို့ အတိုင်အဖောက်ညီညီဖြင့် သန့်ဇင်ကိုစောင်းမြောင်း ရန်စသည်ကို  ဘက်တော်သားသာမဏေများကလည်း ကောင်းချီးပေး၏။ ငါးပိဆိပ်ရပ်ကွက်သား သန့်ဇင် မခံမရပ်နိုင်ဖြစ်သွားလေ၏။ သို့သော် အစ်ကိုဖြစ်သူကျွန်ုပ်ကို မစော်ကားဝံ့၊ လက်သွက်သော ဘဲဥကို အံမတုဝံ့။ သို့ဖြင့် စောင်းမဲ့နရွဲ့လုပ်ပြီး ပြန်ဆုတ်သွားလေ၏။ ကျွန်ုပ်တို့ကား ဟေးလားဝါးလားလုပ်ပြီး အောင်မြင်မှုအရသာကို မြိန့်မြိန့်ကြီးခံစားကြလေ၏။ သို့သော် ကျွန်ုပ်တို့၏အောင်မြင်မှုမှာ ကြာရှည်မခံလိုက် ချေ။
ထိုနေ့ နေ့လယ် ဘဘုန်းလေးကျိန်းစက်ခိုက်ဝယ် ကျွန်ုပ်နှင့်ဘဲဥအမှူးပြုသော ကျောင်းသားတစ်သိုက်သည် တမံထဲတွင် ရေဆင်းကူးရန်တိုင်ပင်ကြ၏။ တမံမှာ တားမြစ်နယ်မြေဖြစ်၏။ လွန်ခဲ့သည့်သုံးလေးနှစ်ခန့်က တောရကျောင်းမှ ကျောင်းသားတစ်ဦး ရေနစ်ပြီးသေဖူးသည်။ တစ်နှစ်တစ်ခါလူစားတတ်သည်ဟု နာမည်ကျော်သော တမံဖြစ်၏။ ထိုတမံ သို့မဆင်းရန် ဘဘုန်းလေးက အမိန့်ထုတ်ထား၏။ စိမ်းလဲ့သောရြေ ပင်ကိုမြင်နေရပါလျက် ရေကူးခွင့်မရဆိုခြင်းမှာ မိမိနှင့်လက်ထပ်ထားသော မိန်းမချောကလေး၏ပါးပြင်မှ နံ့သာနံ့ကို ရှုရှိုက်ခွင့်မရသည်နှင့်တူချေလိမ့်မည်။ ရေကိုမြင်လျက် ကူးခွင့်မရသည်မှာ အလွန်အခံရခက်လှ သည်။ “ဘဘုန်းလေးက နှစ်ချက်တီးလောက်မှ ထတာ။ နိုးရင်လဲ သတင်းစာကြည့်ဦးမှာ။ နောက်ပြီး ဦးဇင်းတွေကလဲ စာအံနေရတာ၊ ဆိုတော့ကာ သူ့ဟာနဲ့သူ ရှုပ်ရှက်ခတ်နေမှာပဲ။ တို့ကိုလိုက်ပြီး မကြည့်နိုင် ပါဘူး။ နောက်ပြီး ဘယ်သူမှမသိအောင် တိတ်တိတ်ကလေးသွားတာပေါ့၊ ဘုန်းကြီးမနိုးခင် ပြန်ရောက်ရင် ပြီးတာပဲ”ဟု တိုင်ပင်ဆုံးဖြတ်ပြီး တမံဘက်သို့ထွက်ခဲ့လေ၏။
တမံတွင် ပျော်လိုက်သည့် ဖြစ်ခြင်း။ တမံစောင်းရှိ သရက်တောထဲသို့ဝင်၍ တုတ်သိမ်းနှင့် သရက်သီးပစ်ချပြီး ဆားနှင့်တို့စားလိုက်၊ ခွေးရူးလိုက်တမ်းကစားလိုက်နှင့် မျက်စိနီအောင် ရေကစားကြ၏။ နှုတ်ခမ်းလည်း ပြာ၊ လက်လည်း ပဲကြီးရေတွန့်၊ ကိုယ်တွင် တမံနံ့စွဲခါမှ ရေထဲကပြန်တက်ပြီး ကျောင်းသို့ပြန်ကြ၏။ ကျောင်းဝ သို့ရောက်သော် တင်းမာသောမျက်နှာထားကိုပြု၍ ဆီးကြိုနေသည့်ဘဘုန်းလေးနှင့် တည့်တည့်ကြီးတိုးလေ ၏။ “ကဲ ရေသွားကူးတဲ့ ကျောင်းသားတွေ ရှေ့ကိုတိုးခဲ့စမ်း”ဟူသည်၏အဆုံး၌ ဘဘုန်းလေး၏လက်ဆစ်ဖြူဖြူ သည် ကျွန်ုပ်တို့လူသိုက်၏နဖူးပေါ်သို့ ဒေါက်ခနဲ မြည်သောအသံကိုပြုရန် အရှိန်ပြင်းစွာသက်ဆင်းလေ သတည်း။
ဘဘုန်းလေး ခေါင်းခေါက်သည်ကို ကျွန်ုပ်တို့ မည်သို့မျှ စိတ် မရှိ၊ စိတ် မခုမိ၊ နာသည်ဟုပင် မထင်ချေ။ သို့သော် ကျွန်ုပ်တို့ ပိပိရိရိကြံစည်ခဲ့သည့်ကိစ္စကြီး ပေါက်ကြားရခြင်းအကြောင်းကို စူးစမ်းမိသည်။ သစ္စာဖောက်၊ သတင်းပေးတစ်ဦးဦးတော့ ရှိနေလိမ့်မည်။ ရှည်ရှည်ဝေးဝေး မစုံစမ်းရပါ။ ကျွန်ုပ်တို့၏ ဆွမ်းခံဘက်ကိုယ်တော်များက လက်ထောက်ချသူမှာ ဒေ၀ဒတ်သန့်ဇင် ဟု သတင်းပေးသည်။ အကြောင်း ကုန်စင်သိရသော် ဘုန်းကြီးရှေ့တွင်မခုတ်တတ်သည့်ကြောင်နှယ် ပျပ်ပျပ်ဝပ်ပြီးစာပြန်နေသည့်သန့်ဇင်ကို နားရင်းဖြတ်ရိုက်လိုစိတ် ပေါက်မိသည်။ သို့သော် သန့်ဇင်ကား ပါးရည်နပ်ရည်ရှိသည်။ ဘုန်းကြီးရှေ့မှ တစ်ဖ၀ါးမျှ မခွာ။ ကျောင်းကပြန်လျှင်လည်း ဆိုက္ကားငှားပြီး ပြန်သည်။ အကြမ်းနည်းသုံးပြီးပညာပေးရန် မလွယ်ပေ။ ဤသို့ဖြင့် သန့်ဇင်နှင့် ကျွန်ုပ်တို့ကြားတွင် ရန်မီး စတင်ပေါက်ပွားခဲ့လေ၏။
(၄)ကလေးဘ၀လွန်မြောက်ပြီး လူပျိုပေါက်အရွယ်တွင် သန့်ဇင်နှင့် တဖန်မဆုံချင်ဘဲ ဆုံရပြန်သည်။ မြို့ထုံးစံအတိုင်း မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲရှိသည်။ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုင်း ဆွမ်းဆန်စိမ်းအလှူခံထွက်လေ့ရှိသည်။ ကျွန်ုပ်နှင့်ဘဲဥတို့မှာ တောရကျောင်းမှ ဆွမ်းဆန်စိမ်းအလှူခံ လိုက်မြဲဖြစ်သည်။ ဆွမ်းဆန်စိမ်းအလှူခံရန် နွားလှည်းတပ်သူ၊ သပိတ်ဆေးသူ၊ ဆာလာအိတ်သူ အသီးသီးအသကအလုပ်များနေချိန်တွင် ကျောင်းသို့ သန့်ဇင် ရုတ်ခြည်းရောက်လာလေ၏။ သန့်ဇင် ကျောင်းသို့လာခဲလှသဖြင့် တိုက်အုပ်၊ တိုက်ကြပ်တို့က ဖက်လှဲတကင်းကြိုဆို၏။ ဘာတွေပြောနေမှန်း မကြားရ။ သန့်ဇင်ကား တိုက်ကြပ်ကိုယ်တော်နှင့်လေယူလေပေး ဖြောင့်နေလေ၏။
ဆွမ်းဆန်စိမ်းအလှူခံသို့ ဒူးနာပြီးလမ်းမလျှောက်နိုင်သည့် ဘဘုန်းလေးပင် လိုက်မည်ဟုဆိုထားသဖြင့် ကျွန်ုပ်တို့မှာ ပေါ့တီးပေါ့တန်မလုပ်ရဲ။ ဆရာတော် ဒူးနာပြီးဆက်မကြွနိုင်လျှင် ကျောင်းသို့အမြန်ဆုံးပြန်ပို့နိုင် ရန် ဆိုက္ကားဆရာကိုမှာထားရသည်။ ထိုမျှသာမက လိုအပ်သောဆေးဝါးနှင့် ဆရာဝန်ကိုလည်းတပါတည်း အကြောင်းကြားထားရသည်။ ထိုနှစ်က ကျောင်း၌ သာမဏေနည်းလှသဖြင့် ဘဲဥကို ကတုံးအမြန်ရိတ်၍ ခါတော်မီကိုရင်ကြီး ၀တ်ပေးထားရသည်။ ကိုရင်ကြီးဘဲဥက သင်္ကန်းကိုလက်ကတော့ထိုးရင် “ဟေ့ရောင် ကျပ်ခိုး ဟိုအကောင် ကျောင်းကို ဘာလာလုပ်တာလဲ သွားကြည့်စမ်း၊ ဒီကောင့် မျက်ခွက်ကိုမြင်ရတော့ ဆွဲထိုးချင်စိတ်ပေါက်လာတယ်။ သင်္ကန်းစည်းထားလို့ပေါ့ကွာ၊ နို့မဟုတ်ရင် သင်း မျက်ခွက်စုတ်နေပြီ”ဟု ကြိတ်မနိုင်ခဲမရ ဆိုလေ၏။ “နေစမ်းပါ ကိုရင်ရယ် သူ့ဟာသူဘာလုပ်လုပ် ကိုရင့်အပူ ဘယ်နှပြားဖိုးပါလို့ တုန်း။ ဆွမ်းဆန်စိမ်းလောင်းတဲ့အပျိုတွေထဲမှာ ဘယ်သူအချောဆုံးလဲဆိုတာကိုသာ သေသေချာချာကြည့် ထား”ဟု ကျွန်ုပ် စကားနည်းရန်စဲ ဆိုမိသည်။
သို့နှင့် သံဃာတော်များ ၀ါစဉ်အလိုက်တန်းစီပြီး ဆွမ်းဆန်စိမ်းအလှူခံထွက်ရန်အသင့်ဖြစ်ချိန်၌ သံဃာတန်း၏ရှေ့ဆုံးတွင် ဘဘုန်းလေး၏မြသပိတ်ကိုပိုက်၍ နံ့သာရောင်တိုက်ပုံကလေးတကြွားကြွားနှင့် အလုပ်များနေသည့်သန့်ဇင်ကို တွေ့ရလေသည်။ ထိုအခါမှ သူ ကျောင်းသို့လာရသည့်အကြောင်းကို ကျွန်ုပ်တို့ ကောင်းကောင်းကြီး သိရတော့သည်။ ကျောင်းထိုင်ကိုယ်တော်၏ မြသပိတ်ကိုပိုက်ခွင့်ရခြင်းဟူ သည်မှာ နည်းနည်းနောနော အခွင့်အရေးမဟုတ်ချေ။ သက်ကြီးဝါကြီး ကျောင်းသားကြီးများပင် သန့်ဇင် မြသပိုက်ပိုက်ပြီး ဂိုက်ထွားနေသည်ကိုမြင်သော် တက် တခေါက်ခေါက် ဖြစ်သွားလေ၏။ လောကတွင် ကိုယ်လုပ်လိုရာကိုလုပ်ခွင့်ရအောင် စွမ်းဆောင်နိုင်သူကိုလူတော်ဟုသမုတ်ကြေးဟုဆိုလျှင် သန့်ဇင်ကိုလည်း သူ အလိုရှိသည်ကိုရအောင်ယူနိုင်စွမ်းရှိသူလူတော်တစ်ဦးဟု သတ်မှတ်ရပေလိမ့်မည်။ ဤအရည် အချင်းမျိုးလည်း ဤဒွန္နယာကြီးအတွက် အတန်အသင့်လိုအပ်သည်။
ဘဲဥနှင့်ကျွန်ုပ်မှာ ဆယ်တန်းကို  တဘုတ်ဘုတ် ကျပြီးရင်းကျရင်းဖြင့် ယောင်ခြောက်ဆယ်ကြီးများ ဖြစ်ခဲ့လေ၏။ ထိုအချိန်၌ သန့်ဇင်မှာ ရူပဗေဒအထူးပြု တက္ကသိုလ်ကျောင်းသားကြီး ဖြစ်သွားလေပြီ။ သူ့ အဒေါ် အပျိုကြီးများ ကြွားမဆုံးတော့ပြီ။ ညောင်ဦးတွင် မြေပြိုခြင်းနှင့် စံမ္ပာနဂိုရ်မှ နွားမပေါင်ကျိုးခြင်း တစ်နည်းတစ်ဖုံ ဆက်စပ်နေသကဲ့သို့ အောက်ပိုင်း ငါးပိဆိပ်သားသန့်ဇင် တက္ကသိုလ်ကျောင်းသားဖြစ် သွားခြင်းနှင့် အထက်ပိုင်းသားဘဲဥနှင့်ကျွန်ုပ်တို့ ဆယ်တန်းမအောင်ခြင်းမှာ လူကြီးများဂုဏ်တုဂုဏ်ပြိုင် လုပ်ခြင်းကြောင့် တစ်မျိုးတစ်ဖုံပတ်သက်ဆက်နွယ်ခဲ့လေ၏။ “အစ်ကိုလေးမောင်လှရဲ့သား မောင်သန့်ဇင် လေးတောင် တက္ကသိုလ်တက်နေတာ ကျောင်းပြီးတော့မယ်။ နင် ဆယ်တန်းဖြေနေတာ သက္ကရာဇ်ဆွေးပြီ။ အခုထိ မအောင်သေးဘူး၊ နင့်လိုသားမျိုးမွေးရတာ ငါ ၀မ်းရေစပ်တယ်”ဟူသည့် မိခင်ကြီး၏ မြည်တွန်တောက်တီးသံကြောင့် ကျွန်ုပ် အလွန်စိတ်ဆင်းရဲမိသည်။ မိခင်ကြီး၏ဆူပူကြိမ်းမောင်းသံကို ကြားရ တိုင်း သန့်ဇင်ကို လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်မိသည်။
ကျွန်ုပ်၏ နောင်ရေးအတွက် ရတတ်မအေးဖြစ်ရှာသောမိခင်ကြီးသည် ကျွန်ုပ် ပညာအရာ၌ ပါရမီနုံချာသည် ကို ရိပ်စားမိသဖြင့် အစ်ကိုဝမ်းကွဲတော်သူ၏ ပန်းတိမ်ဖိုသို့လွှတ်ပြီး ပန်းတိမ်အတတ်သင်စေ၏။ ဘဲဥကလည်း ကျွန်ုပ်နှင့်မခွဲနိုင်။ သို့ဖြင့် ကျွန်ုပ်တို့နှစ်ဦးမှာ ပန်းတိမ်ဖိုတွင် ဖိုဆွဲ၊ ပြာကျုံး တောက်တိုမယ်ရအလုပ်သမား ဘ၀သို့ ရောက်ခဲ့ရလေ၏။
ကျွန်ုပ်တို့ ဆယ်တန်းတတိယအကြိမ်ဖြေဆိုပြီး မကြာမီတွင် သန့်ဇင်၏ဖခင် ကျွန်ုပ်၏ဘကြီးဝမ်းကွဲ ဘုရားဒါယိကာကြီးဦးမောင်လှ ကွယ်လွန်လေ၏။ သန့်ဇင်၏ဖခင် ဦးမောင်လှမှာ ကျွန်ုပ်မိခင်ကြီး၏ အစ်ကိုနှစ်ဝမ်းကွဲဖြစ်သဖြင့် မသာတွင် ဆွေမျိုးအင်အားပြရန် အမက ကျွန်ုပ်ကို အတင်းအကျပ်စေလွှတ် သည်။ အဘဦးမောင်လှကို ကျွန်ုပ် မေတ္တာမပျက်သော်လည်း သန့်ဇင်နှင့်မျက်နှာချင်းပင်မဆိုင်လိုသဖြင့် မသွားလိုကြောင်း ကလန်ကဆန်လုပ်မိသည်။ နောက်ဆုံးတွင် အမ၏ “ရွှေမှန်းမျိုးမှန်း မသိတဲ့ အကောင်၊ သွားဆို အခုချက်ချင်း သွား၊ နင် မသွားရင် ငါ့ လက်ဝါးစာ မိမယ်”ဟူသည့် ချော့မော့ဖျောင်းဖြမှုကြောင့် အသုဘကိစ္စပြင်ဆင်ရန် ဆောင့်ကြီးအောင့်ကြီးထွက်ခဲ့သည်။ သို့သော်လည်း တစ်ယောက်တည်း မသွားလို။ ဘဲဥကို အဖော်စပ်ရတော့သည်။ ဘဲဥကလည်း အင်တင်တင်။ သို့သော်လည်း ရပ်ရေးရွာရေးဖြစ်သဖြင့် ရှေ့မျက်နှာနောက်ထားပြီး မသာအိမ်သို့ရောက်ခဲ့၏။
သန့်ဇင် ပုသိမ်မှပြန်ရောက်နေလေပြီ။ ဦးမောင်လှ၏အလောင်းနံဘေးတွင် မျောက်မှိုင် မှိုင်၍ နေလေ၏။ သူ့ နံဘေးရှိ အဒေါ်များက “ငါ့ တူလေးရဲ့ … ငါတို့ မင်းကို ပုသိမ်လွှတ်ပြီး ကျောင်းထားမိလို့ မင့် အဖေရဲ့နောက်ဆုံးအချိန်မှာ မင်း ကောင်းကောင်းမွန်မွန် ပြုစုခွင့်မရလိုက်တာ ဒေါ်ဒေါ်တို့ အပြစ်ပါ။ ငါ့ တူလေးရဲ့.. အစ်ကိုလေးက သူ မဆုံးခင်ကတည်းက မင်းကို တဖွဖွမှာနေတာ ကြာလှပြီ။ ဒေါ်ဒေါ်တို့က ငါ့တူလေး ကျောင်းပျက်မှာစိုးလို့ မခေါ်မိတာပါ။ ဒေါ်ဒေါ်တို့ အပြစ်ပါကွဲ့၊ ဒေါ်ဒေါ်တို့ အပြစ်ပါ”အစချီ၍ မထူးဆန်းသည့်သေခြင်းကို တခမ်းတနားလုပ်ပြီး ချုံးပွဲချကာငိုနေကြလေ၏။ “မင်းတို့ သောက်မျိုးတွေ သည်းကိုသည်းလွန်းတယ်”ဟု ဘဲဥက လေသံအုပ်အုပ်ဖြင့် ဆို၏။ ဘဲဥ မဆိုထားဘိ တူဝမ်းကွဲတော် သူ ကျွန်ုပ်ပင်လျှင် မျက်ရည်စမ်းစမ်း သေးဖြန်းဖြန်းလုပ်နေသည့် ကြီးတော်တို့၏ငိုယိုမြည်တမ်းသံကို နားကလောမိသလိုလို ဖြစ်သွားသည်။
ဒီအလောင်းကြီး အိမ်ပေါ် ရှိနေသရွေ့ ငိုချင်းသံစဲလိမ့်မည် မဟုတ်ချေ။ လုပ်စရာရှိသည်ကိုလုပ်မှ ဖြစ်ချေတော့မည်။ သို့ဖြစ်၍ “ကိုင်း …  ဒေါ်ဒေါ်တို့ ကျွန်တော်တို့ အလောင်းကို ရေချိုးပေးဖို့သင့်ပြီ” ဟု ပရိယာယ်သုံးကာ ငိုယိုသူတို့ကို နှင်ရတော့သည်။ ဘဲဥက ရေလုံအိုး သယ်လာ၏။ ဦးမောင်လှ၏ ကြွင်းကျန်သောအတ္တဘောကြီးကို ခြေဆင်းထိုင်စေပြီး ရေလုံအိုးထဲမှ ရေဖြင့် ညာခြေဖျားမှ ညာပေါင်၊ ခါး၊ ပုခုံး၊ ဦးခေါင်း အထိ၊ တဖန် ဦးခေါင်းမှ ဘယ်ပုခုံး၊ ခါး၊ ပေါင်၊ ခြေဖျား သို့ လောင်းချရ၏။ ထိုသို့ ညာပြန်၊ ဘယ်ပြန် ခုနစ်ကြိမ် ရေလောင်းပြီးချိန်အထိ သန့်ဇင်မှာ မျောက်မှိုင် မှိုင်ကောင်း နေဆဲပင်ဖြစ်၏။ ထိုမြင်ကွင်းကိုတွေ့ရသော် ကျွန်ုပ်နှင့်ဘဲဥတို့ သန့်ဇင်အပေါ် ကရုဏာသက်မိတော့သည်။ “ကဲ သန့်ဇင် ရေ ဘကြီးကို သနပ်ခါးလိမ်းပေးရအောင် ကြီးကြီးတို့ဆီမှာ သနပ်ခါးသွားတောင်းချေ”ဟု ပရိယာယ်သုံးပြီး နှင်ရသည်။ အလောင်းကို ရေချိုး၊ သနပ်ခါးလိမ်း၊ ခြေမလက်မ ကြိုးချည်၊ အ၀တ်လွှားပြီးချိန်၌ “ခဏနေဦး။ အဖေ့သွားကို နှုတ်ပေး ဦး”ဟု သန့်ဇင်က ကောက်ခါငင်ခါ ဆိုလေ၏။ “ဘာလုပ်ဖို့တုန်း”ဟု ကျွန်ုပ် မေးမိ သည်။ ကမ္မဌာန်းကောင်ကို ရေချိုး၊ သနပ်ခါးလိမ်းပေးဝံ့သော်လည်း ပါးစပ်ကိုဖြဲပြီးသွားနှုတ်ရန် ကျွန်ုပ် ၀န်လေးမိသည်။ “အမေ့သွားကို လက်စွပ်ကွင်း ၀တ်ပြီး အဆောင်လုပ်ထားသလိုမျိုး အဖေ့သွားကိုလဲ ဆောင်ထားချင်လို့ပါ”ဟု သန့်ဇင်က လေသံပျော့ဖြင့် ဆိုရှာသည်။
ထိုသို့ ကြားရသော် ကျွန်ုပ်၏ချစ်လှစွာသောညီဝမ်းကွဲကလေး မောင်သန့်ဇင်အပေါ် လွန်စွာ ကရုဏာ သက်မိတော့သည်။ သို့သော် အလောင်းပါးစပ်ကိုဖြဲပြီး သွားနှုတ်ရန်ဆိုသည်မှာ လွယ်သည့်ကိစ္စမျိုး မဟုတ်။ ထိုသို့ လုပ်ရန် ရဲဆေးတင်ရပေလိမ့်မည်။ သို့ဖြစ်၍ ဘဲဥကိုမျက်ရိပ်ပြ၍ “အေးကွာသန့်ဇင်ရယ်၊ ခဏစောင့်ဦး။ ငါတို့ ပလာယာအသစ် သွားဝယ်လိုက်ဦးမယ်။ ပြန်လာမှ နုတ်တာပေါ့” ဟု ဆိုကာ အရက်ဆိုင်သို့ထွက်ခဲ့၏။ “ဟေ့ကောင် ကျပ်ခိုး၊ ဟိုကောင် ပြောတိုင်း မင်း လျှောက်မလုပ်နဲ့။ တော်ကြာ အရပ်ကမကြိုက်လို့ ခဲနဲ့ပေါက်လွှတ်ဦးမယ်။ လုပ်ကောင်းသလား မလုပ်ကောင်းဘူးလားဆိုတာ လူကြီးတွေကိုအရင် မေးစမ်းကြည့်မှဖြစ်မယ်”ဟု ဘဲဥက ဆိုသေးသည်။ သို့သော်လည်း ကျွန်ုပ်၏နှလုံးသားတွင် သန့်ဇင်ကိုသနားစိတ်များ မဟားတရား ယိုဖိတ်နေလေပြီ။ “ဘဲဥရယ် တို့နှစ်ယောက်လုပ်ရင် လုပ်ကောင်း တာပေါ့။ အရပ်က မကျေနပ်ရင်လဲ တောင်းပန်ရုံပေါ့” ဟု ဆိုကာ ပလာယာ အသစ်တစ်ချောင်းဝယ်ပြီး ဘကြီးမောင်လှ၏ ပါးစပ်ကိုဖြဲရလေ၏။
ပါးစပ်ကိုဖြဲလိုက်သည်နှင့် တပြိုက်နက် အပုပ်နံ့လိုလို၊ အာပုပ်နံ့လိုလို အနံ့ဆိုးက တထောင်းထောင်း ထွက်လာ၏။ အရက်မွှန်ထူနေအောင် သောက်ထားသော်လည်း မသာကောင်ပါးစပ်မှထွက်သည့် အာပုပ်နံ့ကို မခံနိုင်။ အရေးထဲအရာပေါ် ဆိုသလို ပါးစပ်ဖြဲထားသည့် ဘဲဥ၏လက်က တဆတ်ဆတ်တုန်နေသဖြင့် သွားကို လွယ်လင့်တကူ နုတ်မရပေ။ “မြန်မြန်လုပ်ကွ၊ ပါးစပ်ကိုဖြဲထားတာ လက်အံသေနေပြီ”ဟု ဘဲဥက ဆို၏။ “မင့် အမေ - ထဲမှာပဲ ပါးစပ်ကို သေသေချာချာဖြဲထားပါလား”ဟု ကျွန်ုပ် ဆဲမိသည်။ သွားကလည်း တော်တော်နှင့်နုတ်မရ။ အထက် စွယ်သွားတစ်ချောင်းကို ပလာယာဖြင့်ပိုင်ပိုင်နိုင်နိုင်ညှပ်မိရန် အတော်ပင်ကြိုးစားရသည်။ သို့နှင့် ကွမ်းတစ်ယာညက်ခန့်ကြာမှ သွားတစ်ချောင်းကျွတ်တော့သည်။ သွားနှုတ်ပြီးချိန်၌ ဘဲဥနှင့်ကျွန်ုပ်မှာ နတ်ပူးသလိုလို၊ အိမ်မြှောင်ဥကိုင်မိသလိုလို ကတုန်ကယင် ဖြစ်သွားလေ၏။
(၅)ဘကြီးဦးမောင်လှ တုံးလုံးပွဲအပြီး ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျွန်ုပ်တို့ အလုပ်သင်ဆင်းနေ သည့်ပန်းတိမ်ဖိုသို့ သန့်ဇင်နှင့် သူ့ ဒေါ်လေးတို့ရောက်လာသည်။ တစ်လောကလုံးတွင် သူတို့ထက်အရေးကြီး သူ မရှိဟူသည့် ဟန်ပန်မျိုးဖြင့် ပန်းတိမ်ဖိုအလုပ်ခန်းထဲအထိ စွတ်ရွတ်ဝင်လာပြီး “ဟဲ့ ကျပ်ခိုး နင့်ဆရာ ဘယ်သွားတုန်း”ဟု မေး၏။ ကျွန်ုပ်တို့၏ ပန်းတိမ်ဆရာမှာ ပန်းတိမ်ဖိုတွင် ဖင်ပူအောင်ထိုင်လေ့မရှိ။ ကြွေဝိုင်းတွင် တစ်နေကုန်တစ်နေခန်း ကြွေပစ်လေ့ရှိသည်။ သို့ဖြစ်၍ “ကြွေဝိုင်းမှာ ထင်တယ် ဒေါ်ဒေါ်” ဟု ဖြေလိုက်မိသည်။ “နင် ရေရေရာရာသိတာ ဘာရှိသေးလဲ။ ဒါဖြင့် နင့် ဆရာသန်းဌေးကို သွားခေါ်စမ်း။ သွား မြန်မြန် သွားချေ၊ ငါ့တို့မှာ အလုပ်တွေ ရှိသေးတယ်”ဟု စီးစီးပိုးပိုး ဆိုလေ၏။
ဒေါ်လေး ပြောပုံဆိုပေါက်ကို ကျွန်ုပ် မကြိုက်။ ကိုယ့်တူကိုယ့်သားကို ပြောနည်းဖြင့်ပြောခြင်း မဟုတ်ဘဲ၊ သိပ်ထိုးနှိပ်ထိုး ပြောလိုက်ခြင်းဟု ထင်မိသည်။ ၀မ်းလည်းနည်းမိ၏။ ဒေါသလည်း ထောင်းခနဲထွက်လာ၏။ သို့သော်လည်း ဒွေးတော်မိကြီးကို ကတ်ကတ်လန်အောင် နှုတ်လှန်ထိုးသည်ဟု အပြောခံရမည်ကိုစိုးသဖြင့် “အစ်ကိုလေးက သူ ကြွေပစ်နေတုန်းလိုက်ခေါ်ရင် မကြိုက်ဘူး”ဟု စကားနည်းရန်စဲဆိုမိသည်။ ထိုသော် နှုတ်သီးကောင်း လျှာပါးမကြီးက “ဟဲ့ ကျပ်ခိုး..နင် ငါ့ကို အတွန့် မတပ်နဲ့။ သွားခေါ်ဆို သွားခေါ်ချေ။ နင့် ဆရာကို ငါ ရောက်နေတယ်လို့သာ ပြောလိုက်”ဟု ဆိုလေ၏။
ကျွန်ုပ်၏ စရိုက်ဆိုးမှာ ကျွန်ုပ်ကို လုံးကြီးတင်သည်ကို နည်းနည်းမျှမကြိုက်၊ “လုံးကြီးတင်လျှင် ဆံခတ်လွှတ် လိုက်မည်”ဟူသည်ကို လက်တွေ့ကျင့်သုံးသူဖြစ်ရကား “ကျွန်တော် အလုပ်လုပ်နေတာ ဒေါ်လေး မမြင်ဘူး လား။ အစ်ကိုလေး သန်းဌေးနဲ့ ဒီလောက် တွေ့ချင်နေရင် အားအားလျားလျားထိုင်နေတဲ့ ဒေါ်လေးတူကို အခေါ်ခိုင်းပါလား၊ ကျွန်တော့်ကို လာမခိုင်းနဲ့” ဟု ယဉ်ယဉ်ကျေးကျေး တုံ့ပြန်မိတော့သည်။ ထို့နောက် လက်ထဲမှတံစဉ်းကိုဆောင့်ချပြီး အကျောကြီးသည့်တူဝရီးကိုကျောခိုင်းကာ ခြေနင်းဖားဖိုကို ရှုးရှုးရှဲရှဲမြည်အောင် ဆက်တိုက်ဆောင့်နင်းလိုက်သည်။ ဂေါက်တံမှ အပြာရောင်မီးလျှံများ တရဲရဲ ထွက်လာ၏။ ကျွန်ုပ်၏ ရင်အုံမှာလည်း ဒေါသစိတ်ကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ အသက်ရှုသံမှာ ရှုးရှုးရှဲ ရှုးရှုးရှဲ။
ညနေစောင်း ပန်းတိမ်ဖိုမှအပြန် အိမ်ပေါ်သို့တက်လိုက်သည်နှင့်တပြိုက်နက် “ဟဲ့ အကောင် နင် ကိုယ့်ဒွေးတော်မိကြီးကို ဘယ်လို ပြောလွှတ်လိုက်တာလဲ။ ဟင် ပြောစမ်း ပြောစမ်း။ ဒီလို အတတ်ကောင်းတွေကို နင် ဘယ် ကလေက၀ဆီက တခုတ်တရ သွားသင်ထားသလဲဆိုတာ ငါ့ကို ပြောစမ်း။ လာစမ်း လာစမ်း နင့် ငါ့အနားကို လာခဲ့စမ်း။ နှုတ်သီး သိပ် ကောင်းနေတယ်ပေါ့။ လာခဲ့စမ်း လာခဲ့စမ်း နင့်ကို အာဖဲ့မယ်။ ရွှေမှန်းမျိုးမှန်းမသိတဲ့ တစ်ဇောက်ကန်း သန္ဓေယုတ် နင့်လိုသားမျိုးမွေးရတာ ငါ ၀မ်းရေစပ် တယ်”ဟု ရေရွတ်ပြီးလျှင် အမသည် ကျွန်ုပ်၏ကျောကို သူ့လက်သေးသေး ကလေးဖြင့် တရစပ်ထုသည်။ ဤသည်မှာ လူလိမ္မာမောင်သန့်ဇင်နှင့် ပတ်သက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခုဖြစ် သည်ဟုဆိုသော် မှားမည်မထင်။
ကျွန်ုပ် အထုခံနေရသည်ကို ဘဲဥကြားလျှင် အမကိုဆွဲရန် အိမ်ပေါ်သို့ တက်လာ၏။ သို့သော်လည်း အမ၏စက်ကွင်းမှ သူလည်း မလွတ်တော့။ “ဟဲ့ ဘဲဥ ဒီကို လာစမ်း။ နင့် သူငယ်ချင်း ဒီလောက် မိုက်ရိုင်းနေတာကို နင်က ထိန်းမယ် မရှိဘူး။ နင်လဲ အလိုတူ အလိုပါပဲ။ ငါ ပြောနေတာ ကြားလား။ ဟဲ့ကောင်တွေ..နင်တို့ နှစ်ယောက်လုံး လူပုံကြည့်တော့ မထုံတတ်သေးနဲ့ လူကြီးကိုလူကြီးမှန်းမသိတဲ့ ရပ်အော့ရွာအော့တွေ” ဟူသည့် အမ၏ အာစလျှာစကြောင့် သူလည်း ကုပ်ချောင်းချောင်းလုပ်ပြီး ငြိမ်နေရတော့သည်။
နောက်တစ်နေ့ ပန်းတိမ်ဖိုသို့ရောက်သည်နှင့် ကိုသန်းဌေးက “ဟေ့ရောင် ကျပ်ခိုး မင်း မနေ့တုန်းက ဘယ်လို ဖြစ်တာလဲ။ အမျိုးအချင်းချင်း ဘယ်လို ပြောလိုက်တာတုန်း”ဟု မေး၏။ သူ့လေသံကို မကြိုက်။ ကျွန်ုပ်လည်း မှုန်ကုပ်ကုပ်လုပ်ပြီး “အစ်ကိုလေး သိပြီးပြီ မဟုတ်လား”ဟု မိုက်တိမိုက်ကန်း ဆိုလိုက်၏။ မရီးလုပ်သူက “ကိုသန်းဌေး ကျပ်ခိုးကိုချည်းပဲ မဲ မနေနဲ့။ သူ ဒီလိုပြောတာ ဟိုဘက်က လွန်လို့ နေမှာပေါ့”၀င် မဟန့်လျှင် ကျွန်ုပ်တို့ ညီအစ်ကိုချင်းရန်ဖြစ်ရန်အကြောင်းရှိသည်။ အစ်ကိုလေးက “နင်က နင့် မတ်ဘက်က ၀င်ပါနေ။ ဒီကောင် လူမှန်းသူမှန်းမသိဘဲ အော့ကြောလန် လုပ်နေလို့ပြောနေတာ။ နင် ဒီလို ကြပ်ကြပ်လုပ် ဒီကောင် ရောင့်တက်လာလိမ့်မယ်”ဟု ကိုသန်းဌေးက လှမ်းအော်သည်။
ကျွန်ုပ်လည်း ကျွန်ုပ်ဘက်ကနာဖော်မရသည့် အစ်ကိုတော်သူကို မြင်ပြင်းကတ်သဖြင့် မရီးရှိရာမီးဖိုချောင်သို့ ၀င်လိုက်သည်။ “ဘယ်လိုဖြစ်ရတာလဲကွဲ့” ဟု မမသန်းယဉ်က မေး၏။ ကျွန်ုပ်ကလည်း စစ်ကူရှိပြီဖြစ်သဖြင့် အားတက်မိသည်။ “ဒီ အမျိုးတွေ တင်စီးတာကို မမလေးလဲ အသိသားနဲ့”ဟု အစပျိုးပြီး ဖြစ်ပျက်ခဲ့သည့်ပြဿနာကို စုံစုံလင်လင် ပြောပြလိုက်သည်။ “ဒါနဲ့ နေပါဦး သူတို့ တူဝရီးက ဘာလာလုပ်တာ တုန်း။ နင့် အစ်ကိုကို မေးမကြည့်ရသေးဘူး”ဟု မမသန်းယဉ်က မေးပြန်သည်။ “ဘာလာလုပ်ရမှာတုန်း.. မမလေးရဲ့..ဘကြီးမောင်လှသေတုန်းက နှုတ်ထားတဲ့သွားနဲ့ သန့်ဇင်ဖို့ လက်စွပ်လုပ်ပေးမလို့လာတာ။ မသာပါးစပ်ထဲက နှုတ်ထားတဲ့သွားဆိုလို့ ဘယ်ပန်းတိမ်ကမှ လက်မခံတော့မှ ဒီကို ရောက်လာတာ”ဟု ဘဲဥက လှမ်းပြောလိုက်သည်။ ဘဲဥ၏ စကားကိုကြားလျှင် မမသန်းယဉ်သည် ထောင်းလက်စ ငရုတ် ကျည်ပွေ့ကို ကယောင်ကတမ်းနှင့်လွှတ်ချလိုက်ပြီး “အမလေး ဘုရား ဘုရား ငါ့မောင်တွေမပြောရင် ဒါကြီး အိမ်ပေါ် ရောက်နေမှန်း မမ သိမှာမဟုတ်ဘူး။ အမလေး ရေတစ်ခွက်လောက် ပေးစမ်းပါ”ဟု ကယောင်ခြောက်ခြား ဆိုလေ၏။ “ဒါကြောင့် ဒီမနက်ကတည်းက အိမ်မှာ ပြဿနာဖြစ်နေတာကိုး။ သွားစမ်း သွားစမ်း နင့် အစ်ကိုကို သွားခေါ်ချေ။ ဒါကြီးကို အိမ်မှာ မထားရဘူး”ဟု ဆိုလိုက်လျှင် ကျွန်ုပ်လည်း မီးဖိုချောင်မှကြွေဝိုင်းသို့ ဖုတ်ဖက်ခါပြီးထွက်ခဲ့သည်။
တစ်စိတ်၊ တစ်ဗာရာ၊ တစ်ပို၊ တစ်ခြောက် လုပ်နေသည့်အစ်ကိုသည် ကျွန်ုပ်ကိုမြင်လျှင် “ဟေ့ရောင် ကျပ်ခိုး မင်း ဘာ ဂြိုဟ်မွှေ လာပြန်ပြီတုန်း”ဟု ဆီးပြော၏။ ဂြိုဟ်ကောင်မှာ ကျွန်ုပ်မဟုတ်၊ ဟိုဟာကြီး ဖြစ်သည်။ “အစ်ကိုလေး ဘကြီးရဲ့သွားကို အိမ်ပေါ်မှာထားလို့ မမလေး လန့်နေပြီ”ဟု ဆိုလိုက်သည်။ “မင်းဟာလေ အာ အင်မတန်ချောင်တယ်။ ကိုယ့် မရီး ကြောက်တတ်မှန်းသိရက်နဲ့ ဘာလို့ သွားပြောတာတုန်း။ - ချီးထဲမှပဲ”ဟု ကျွန်ုပ်ကို ဆဲပြန်သည်။ နေနှင့်ဦး အစ်ကိုလေး။ နေနှင့်ဦး။ အိမ်ပြန်ရောက်ခါမှ ကျွန်ုပ်အကြောင်း လှလှကြီး သိစေရမည်။ “သူ့ဖာသာ သိသွားတာပဲ။ အစ်ကိုလေး အခုချက်ခြင်း ပြန်လိုက်ခဲ့လို့ မမလေး မှာလိုက်တယ်” ဟု ဆိုလိုက်လျှင် မယားကြောက်သူအစ်ကိုလေးသည် ဆုပ်ထားသည့်ကြွေစေ့များကို ပန်းကန်လုံးထဲသို့ ဆောင့်ကြီးအောင့်ကြီးနှင့်ပစ်ချလိုက်ပြီး ကျွန်ုပ်နောက်သို့ လိုက်ရတော့သည်။
အိမ်ဝိုင်းထဲသို့ ၀င်လိုက်သည်နှင့် “ကိုသန်းဌေး ရှင် ဘယ်လို လုပ်တာလဲ။ လင်ရယ်မယားရယ်လို့ တိုင်တိုင် ပင်ပင်မရှိဘူး။ မသာပါးစပ်ထဲက နှုတ်ထားတဲ့ဟာကြီးကို ရွှေငွေရတနာထားတဲ့နေရာမှာ ထားရသလား။ ပြောစမ်း ပြောစမ်း။ အဲဒီဟာကြီးကို အိမ်ပေါ်ကနေ အခုချက်ခြင်း အိမ်ပြင်ကိုထုတ်သွား။ လာဘ်တိတ်တယ်ဆို တာကို ရှင် နားမလည်ဘူးလား” ဟု မရီးက ပါးစပ်သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်လိုက်သည်။
အစ်ကိုလေးကလည်း ငြိမ်မခံ။ “နင် ဘာ ဖြစ်နေတာလဲ။ သွားက သွားပဲ။ အဲဒီ သွားက နင့်ကို ထ မကိုက်ဘူး။ ဘာပဲ ဖြစ်ဖြစ် ငါ စရံ ယူထားပြီးပြီ။ နောက်ပြီး ဘကြီး မျက်နှာရှိသေးတယ်။ မလုပ်ပေးလို့ မဖြစ်ဘူး။ လျှာ မရှည်နဲ့”ဟု ငေါက် လိုက်သည်။ မမသန်းယဉ်၏ဒေါသ ရင်ဝမှလည်မျိုသို့ ဆောင့်ထွက်လာလေပြီ။ “ကြည့်စမ်း ကြည့်စမ်း တစ်သက်လုံးပေါင်းလာတဲ့မယားကို အနိုင်ကျင့်ဖို့လုပ်နေတာ။ အဲဒီဟာကြီးရှိနေရင် ကျွန်မ ဒီအိမ်မှာ မနေဘူး။ ဒီအိမ်က ဆင်းမယ်။ အခုချက်ခြင်း ဆင်းမယ်”ဟု ဆိုကာ အိမ်ထဲသို့ဝင်သွားလေ၏။
သူတို့လင်မယားရန်ဖြစ်စက ကျွန်ုပ် ပျော်သလိုလိုဖြစ်ခဲ့သည်ကို အမှန်အတိုင်းဝန်ခံလိုပါသည်။ သို့သော် ဟို ဟာကြီးကြောင့် ဤမျှအထိ ပြဿနာတက်လိမ့်မည်ဟု မထင်မိခဲ့ပေ။ မရီး အိမ်ပေါ်မှဆင်းမည်ဟုဆိုသည်ကို ကျွန်ုပ် မကြားလို၊ မြင်လည်း မမြင်လို။ သို့နှင့် “အစ်ကိုလေးရယ် မမလေးက အဲဒီဟာကြီး အိမ်ပေါ်မှာ ရှိနေတယ်ဆိုလို့ ကြောက်နေတာ။ နောက်ပြီး အစ်ကိုလေး မသိလို့။ အဲဒီ သွားကို မသာပါးစပ်ထဲက ကျွန်တော်နဲ့ဘဲဥပဲ ချွတ်ပေးထားရတာ” ဟု ဆိုလိုက်လျှင် အစ်ကိုလေး တွေဝေသွား၏။ “ကျပ်ခိုး..ငါ့ကို သေသေချာချာ ပြောစမ်း။ သူတို့ ပြောတဲ့အထဲမှာ မသာပါးစပ်ထဲက နှုတ်ထားတာလို့ တစ်ခွန်းမှမပြောဘူး။ ဘကြီးရှိနေတုန်းက ပေးထားတဲ့သွားလိုလိုဘာလိုလို ပြောတယ်။ မင်း ပြောသလိုဆိုရင် ဘယ်ပန်းတိမ်ကမှ လက်မခံလို့ ငါ့ဆီ ရောက်လာတာ။ ငါ့ကို မလိမ့်တပတ်လုပ်ပြီး စော်ကားတာပဲ”ဟု ဒေါသတကြီး ဆိုသည်။
စရံလည်း ယူပြီးပြီ။ မလုပ်ပေး၍ မဖြစ်တော့။ မလိမ့်တပတ် လုပ်သွားသူ သန့်ဇင်တို့တူဝရီးကို ဒေါသထွက် မိသော်လည်း သွားလေသူဘကြီး၏ မျက်နှာကရှိသေးသည်။ တစ်ဖက်တွင်လည်း မယားလုပ်သူက တငိုငို တရယ်ရယ်နှင့် အိမ်ပေါ်မှဆင်းမည်တကဲကဲ လုပ်နေသည်။ ယင်းသို့သော အကြောင်းတို့ကြောင့် အစ်ကိုလေး အကြံအိုက်သွားလေ၏။ “ဟေ့ ရောင် ကျပ်ခိုးနဲ့ဘဲဥ၊ အဲဒီ သွားကြီးကို အိမ်ပေါ်မှာမထားနဲ့တော့ကွာ။ အိမ်အောက်ဖိုရုံထဲမှာ သွားထားလိုက်။ ပြီးရင် တံစဉ်းနဲ့ အနေတော် စားထားလိုက်။ လက်စွပ်မြန်မြန်ပြီး အောင် လုပ်ပေးလိုက်ကွာ။ မပြီးမချင်း ဒီပြဿနာဆုံးတော့မှာ မဟုတ်ဘူ၊ အဲဒီဟာကြီးကို တံစဉ်းနဲ့တိုက်ရင် သတင်းစာစက္ကူခံထားဦး။ ထွက်လာတဲ့အစအနတွေကို မြစ်ထဲ သွားပစ်ချေ။ ခြံထဲမှာ မပစ်နဲ့နော်။ ပြီးရင် ငါ့ကို လာခေါ်လှဲ့” ဟု အမှာတော်ခြွေပြီး ကြွေဝိုင်းသို့ထွက်သွားပြန်၏။
(၆)“သန့်ဇင်မွှေလိုက်တာ ဘယ်သူမှ အေးအေးလူလူ မနေရတော့ဘူး”ဟု ဘဲဥက ဆိုသည်။ “မင်းတို့အမျိုး ကိစ္စကို မင်းပဲလုပ်လိုက်”ဟု ဆိုပြီး လက်ဘက်ရည်ဆိုင်သို့ ထွက်သွားလေ၏။ ကြောက်စိတ်မရှိသော်လည်း ထိုအလုပ်ကို ကျွန်ုပ် တစ်ယောက်တည်းမလုပ်ချင်။ သို့ဖြစ်၍ သွားကို သတင်းစာစက္ကူနှင့်ထုပ်ပြီး ကြွက်လျှောက်တန်းပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် မမသန်းယဉ်နှင့် သန့်ဇင်တို့တူဝရီးတစ်သိုက် အကျောတင်စီးသည့်အကြောင်းကို လေပန်းနေလိုက်သည်။ နောက်နေ့တွင်လည်း ထိုကိစ္စကို မလုပ်ဖြစ်ပြန်။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။
တစ်ပတ်ခန့်ကြာပြီး သန့်ဇင်တို့တူဝရီး လက်စွပ်ရွေးရန်အလို့ငှာ ပန်းတိမ်ဖိုသို့ရောက်လာမှ ကျွန်ုပ်လည်း အစ်ကိုလေး ခိုင်းထားသည့်အလုပ်ကို သတိရမိတော့သည်။ ဖိုရုံထဲတွင်သိမ်းထားသည့်သွားကို တံစဉ်းနှင့်စား ရန် ဆင်းခဲ့၏။ ဖိုရုံတံခါးကိုဖွင့်ပြီး သွားထုပ် တင်ထားသည့် ကြွက်လျှောက်တန်းဘက်လှည့်လိုက်သော် ရင်ထဲတွင်ထိတ်ခနဲ ဖြစ်သွားသည်။ ကြွက်လျှောက်တန်းပေါ်တွင်တင်ထားသည့် သွားထုပ် မရှိတော့။ ကြမ်းပေါ်သို့ ပြုတ်ကျလေသလားဟုတွေးရင်း ကြမ်းပြင်ကို စေ့စေ့ကြည့်သည်။ သွားထုပ် မဆိုထားဘိ၊ မီးသွေးတစ်ခဲပင် မတွေ့ရ။ စိတ်ထဲတွင် ဇဝေဇ၀ါ ဖြစ်လာသည်။ အထားမှားပြီလားဟုလည်း တွေးမိပြန်သည်။ အထားလည်း မမှားနိုင်။ ဖိုရုံ ညာဘက်ခြမ်းရှိ ကြွက်လျှောက်တန်းပေါ်တွင် ပြဿနာခဲကြီးကို သတင်းစာစက္ကူနှင့်ထုပ်ပြီး တင်ထားခဲ့သည်မှာ အသေအချာဖြစ်၏။ ခက်ကပြီ။ မမသန်းယဉ် နေရာ ရွှေ့လိုက်လေသလား။ “မမသန်းယဉ် ဖိုထဲကိုဝင်မိသေးလား”ဟု မေးကြည့်မိသည်။ “ပေါက်တီးပေါက်ရှာ ငါနဲ့ ဖိုရုံနဲ့ ဘာဆိုင်တုန်း”ဟူသည့်အဖြေသာ ပြန်ရသည်။ မမသန်းယဉ် မဟုတ်ရင် ဘဲဥ ဖြစ်ပေလိမ့်မည်။ “ဟေ့ရောင် ဘဲဥ မင်း သွားထုပ်ကို ဘယ်မှာ သွားထားလိုက်တုန်း”ဟု မေးမိပြန်သည်။ သို့သော် ဘဲဥကလည်း သူ ဖိုရုံထဲသို့ မ၀င်မိကြောင်း ပြောပြန်သည်။ ဒုက္ခလှလှ တွေ့လေပြီ။ ဤအကြောင်းကို အစ်ကိုလေးသိသွားလျှင် မိုးမီးလောင်လိမ့်မည်။ ထိုမျှသာမက နှုတ်သီးကောင်းလျှာပါး တူဝရီးတစ်သိုက် ကလည်း ထဘီစွန်တောင်ဆွဲပြီး နင်ပဲငဆ ပြောလိမ့်မည်။ ကြံရာမရသည့်အဆုံး၌ ဘဲဥအား အဖြစ်မှန်ကို ဖွင့်ပြောလိုက်ရတော့သည်။ ဘဲဥလည်း ဖိုရုံထဲသို့ဆင်းပြီး ရှာသည်။ သတင်းစာစက္ကူနှင့် ထုပ်ထားသည့်သွား သည် ခြေထောက်ပေါက်ပြီး ထွက်သွားလေရော့သလား။ အချိန်အနည်းငယ်ကြာပြီးနောက် ဘဲဥက “ကျပ်ခိုး အဲဒီသွားကိုထုပ်ဖို့ သတင်းစာစက္ကူယူတုန်းက ဘယ်ကနေ ယူလာတာလဲ”ဟု မေးသည်။ သွားပျောက်၍ အခက်တွေ့နေချိန်တွင် သတင်းစာစက္ကူရရှိပုံဇစ်မြစ်ကို စစ်စစ်ပေါက်ပေါက်မေးနေသည့် ဘဲဥကို ဒေါသထွက်လာ၏။ “မသိဘူးကွာ ငါ မမှတ်မိတော့ဘူး”ဟု ဒေါသတကြီး ဆိုမိသည်။“မင်း အဲဒီနေ့တုန်းက ယူလာတဲ့သတင်းစာက မမသန်းယဉ်ဝယ်လာတဲ့ ကြံသကာတွေထုပ်ထားတဲ့စက္ကူ ဖြစ်မယ်ကွ။ အစ်ကိုလေးက သတင်းစာမှမယူတာ။ လူဝင်လူထွက်လဲ မရှိဘူး။ နောက်ပြီး ဖိုရုံထဲမှာ ပျောက်စရာ အကြောင်းမရှိဘူး။ မဟုတ်မှလွဲရော ကြံသကာအနံ့ရပြီး သွားထုပ်ကို ကြွက်ချီသွားတာဖြစ်မယ်”ဟု ဘဲဥ မောင်စံရှားလေသံဖြင့် ဆိုလာသည်။ သူ ပြောသည်မှာ ဟုတ်တုတ်တုတ် ဖြစ်၏။ ဘဲဥ၏ယူဆချက် မှန်ကောင်း မှန်နိုင်သည်။ သို့သော် စုံထောက်ဝတ္ထုထဲမှ “သဲလွန်စ ရှာတွေ့၊ အမှုကွင်းဆက်တစ်ခုပြီး တစ်ခုဖော်ထုတ်၊ နောက်ဆုံး တရားခံကိုလက်ရဖမ်းဆီး” ဟူသည့် ဇာတ်ကွက်ကဲ့သို့ တရားခံကို လွယ်လွယ်ကူနှင့် ရှာဖွေဖမ်းဆီးရန်မလွယ်ကူ။ ရာဇ၀တ်သား ကြွက်ကလဲ ဘယ်ချောင်တွင်ခိုနေသည် မသိရ။ ထို့ကြောင် ကျွန်ုပ် သက်ပြင်းကိုသာချမိသည်။ ဘဲဥက “သိပ်လဲ စိတ် မပူပါနဲ့။ ကျပ်ခိုးရယ်။ ငါ ကြည့်လုပ်ပါ့ မယ်။ အစ်ကိုလေးကို မပြောနဲ့”ဟု ဆိုရင်း ကျွန်ုပ်နံဘေးတွင်ထိုင်၍ ဉာဏ်နီဉာဏ်နက် ထုတ်နေလေ၏။ အတန်ကြာပြီးနောက် ဘဲဥက “ကျပ်ခိုး ထစမ်း မြန်မြန် ထကွာ။ ငိုင် မနေနဲ့။ ကမ်းနားဆင်းပြီး ၀က်သား တုတ်ထိုး သွား စားရအောင်”ဟု ဆိုလေ၏။ ကျွန်ုပ်လည်း ငေါင်တက်တက်နှင့် ဘဲဥ ခေါ်ရာသို့လိုက်ရတော့ သည်။
ကျွန်ုပ်မှာ လူနှင့်စိတ် မကပ်တော့။ ဘဲဥက “အူနုတစ်ပွဲ၊ အစုံတစ်ပွဲ” ဟု မှာလိုက်သည်။ ဘဲဥကား သူ့အဖို့ ၀က်သားတုတ်ထိုးစားခြင်းထက် အရေးကြီးသည့်ကိစ္စ ဤလောကတွင်မရှိတော့ပြီဟူသည့်မျက်နှာထားဖြင့် ကြက်သွန်ဖြူကို အခွံနွှာလိုက်၊ ငရုတ်သီးတောင့်ကို တစ်ကိုက် ကိုက်လိုက်နှင့် ဇိမ်ယစ်နေသည်။ ကျွန်ုပ်မှာ အယောင်ယောင်အမှားမှား ဖြစ်ပြီး ပူကျက်နေသောရေနွေးကို တရှိန်ထိုးမော့ချမိသည်။ သောက်ကျိုးနည်း ပူလိုက်သည့် ဖြစ်ခြင်း။ ဘဲဥသည် အိုးနင်းခွက်နင်းဖြစ်နေသော ကျွန်ုပ်ကို စောင်းငဲ့၍ပင် မကြည့်အား။ ၀က်သားတုတ်ထိုးသည် တရုတ်မကြီးနှင့် လေယူလေပေး ဖြောင့်နေလေ၏။ ၀က်သားတုတ်ထိုးပြုတ်ရာတွင် မီးသွေးအကုန်သက်သာအောင် မည်သို့ပြုရသည်၊ ဟင်းရည်ချိုအောင် မည်သို့ပြုရသည်စသည့် ၀က်သား တုတ်ထိုးဗေဒကို ၀က်သားတုတ်ထိုးအာဟာရသုတေသီ တရုတ်မကြီးထံမှ ဆည်းပူးနေလေ၏။ အတန် ကြာသော် ဘဲဥက “ကျပ်ခိုး မင်း ပြန်တော့။ အစ်ကိုလေး ဟိုကိစ္စမေးရင် ပြီးခါနီးပြီလို့သာ ပြောထည့်လိုက်။ လုပ်စရာရှိတာကို ဟန်မပျက်ဆက်လုပ်နေကွာ။ ငါ ကိစ္စတစ်ခုရှိလို့ တော်ကြာနေမှ ပြန်လာမယ်။ ငါ မှာတဲ့ အတိုင်းလုပ်နော်” ဟု ဆိုလေသဖြင့် ကျွန်ုပ်လည်း သို့လော၊ သို့လော တွေးတောရင်း ၀က်သားတုတ်ထိုး ဆိုင်မှ ပြန်ခဲ့သည်။
ထမင်းတစ်အိုးကျက်ခန့်ကြာပြီးနောက် ဘဲဥ ပြန်ရောက်လာသည်။ သူ့မျက်နှာမှာ စပ်ဖြဲဖြဲနှင့် မျက်နှာပိုး မသေ။ “လာကွာ ဖိုထဲ သွားမယ်”ဟု ဆိုလေ၏။ ဖိုရုံထဲသို့ရောက်သော် ဘဲဥသည် ခါးပုံစအတွင်းမှ စက္ကူထုပ် ကလေးတစ်ထုပ်ကို ထုတ်ယူလိုက်သည်။ “ကဲ ဒီမှာကြည့် မင့် ဘကြီးရဲ့ သွား အစားပြန်ရပြီ အပ်ချလောင်း”ဟု ပြောရင်း တခိခိ ရယ်သည်။ စက္ကူထုပ် ကို ဖြေလိုက်သော် အထဲတွင် သွားကလေးတစ်ချောင်း တွေ့ရ၏။ “ဟင် ဘဲဥ မင်း ဘယ်လို လုပ်လိုက်တာလဲ”ဟု ကျွန်ုပ် မေးမိသည်။ “ဘယ်လိုမှ မလုပ်ဘူး။ တရုတ်မကြီးဆီက တောင်းလာတာလေကွာ။ ငါ စောနကတုန်းက ထိုင်ပြီး အကြံထုတ်နေတာ။ လက်ဦးဆုံး စဉ်းစားမိတာက သွားစိုက်ဆိုင်ကနေ သွားတစ်ချောင်းလောက် သွားတောင်းမလို့ပဲ။ အခန့်မသင့်လို့ လူသိများသွားရင် ပြဿနာတက်မှာစိုးတာနဲ့ မလုပ်ဖြစ်တော့တာ။ ကြံရာမရတဲ့အဆုံး ၀က်သားတုတ်ထိုးဆိုင်က တရုတ်မကြီးကို မလိမ့်တပတ်လုပ်ပြီး သူ့ဆီကနေ တောင်းလာတာ”ဟု ဆိုသည်။ “နို့ … နေပါဦး အဲဒီ တရုတ်မကြီးက သွားတွေကို ဘာလုပ်ဖို့သိမ်းထားတာလဲ”ဟု ကျွန်ုပ် စူးစမ်းမိသည်။ “ဟား ဟား ဟား” ဟူသော ဘဲဥ၏ ရယ်သံသည် ဖိုရုံကလေးကိုကျော်လွန်ပြီး တစ်မြို့လုံးကို ချောက်ချားလိုက်သတည်း။
“တုံးပါ့ ကျပ်ခိုးရယ်။ အဲဒီ တရုတ်မကြီးက ၀က်သားတုတ်ထိုးနဲ့ ၀က်ခေါင်းသုပ်ရောင်းဖို့ မနက် မနက်ဆိုရင် ဈေးကနေ ၀က်ခေါင်းတွေဝယ်ပြီးပြန်လာတာ မင်း မတွေ့ဘူးလား” ဟု ဆို၏။ ကျွန်ုပ် စေ့စေ့တွေးသော်လည်း ရေးရေးမျှ မပေါ်ချေ။ “မင်း ပြောတာ မရှင်းဘူးကွ”ဟု ကျွန်ုပ် ဆိုမိတော့သည်။ ဘဲဥကား ကျွန်ုပ်ကိုကြည့်၍ တခိခိ ရယ်ပြီးလျှင် “ခက်ပါ့ကွာ မင်းနှယ်၊ ရှင်းရှင်းလေးကို ရှုပ်အောင်လုပ်နေတယ်။ အဲဒီ တရုတ်မကြီးကို စပါးရောဖွဲရောလုပ်၊ သူ ၀က်ခေါင်းကို အသားဖျက်တော့ ထွက်လာတဲ့မေးရိုးတွေကို ခွေးကျွေးဖို့ပေးပါဆိုပြီး တောင်းလိုက်တယ်။ အဲဒီ ၀က်မေးရိုးက သွားတစ်ချောင်းကိုရိုက်ဖြုတ်ပြီး ဘကြီးရဲ့သွားကို ပြန်ယူလာတာ။  ၀က်သွားကိုရိုက်ဖြုတ်ရတာ ဘကြီးမောင်လှရဲ့ သွားနှုတ်တုန်းကလောက် မခဲယဉ်းဘူး” ဟု ရှည်လျားစွာ ရှင်းလင်းလိုက်မှ အကြောင်းစုံကိုသိရတော့သည်။ ကျွန်ုပ်လည်း တခိခိ ရယ်မိသည်။ အူတက်လုမတတ် ဖြစ်သွားလေ၏။
နောက် သုံးလေးရက်ခန့်အကြာတွင် မိခင်၊ ဖခင်တို့၏သွားဖြင့် စီချယ်ထားသော သရီရလက်စွပ်ဖြင့် အသရေတင့်နေသူမောင်သန့်ဇင်နှင့် လက်ဘက်ရည်ဆိုင်တွင်ဆုံလေ၏။ သူ့ကိုမြင်သော် ကျွန်ုပ်နှင့်ဘဲဥ မပြုံးဘဲ မနေနိုင်။ သန့်ဇင်လည်း အူကြောင်ကြောင်ဖြစ်သွားပြီး ကျွန်ုပ်တို့ကို ပြန်၍ပြုံးပြသည်။ သူ ပြုံးသည် ကိုမြင်လျှင် ကျွန်ုပ်တို့ ဣနြေ္ဒမဆည်နိုင်ဘဲ အော်ရယ်မိသည်။ သန့်ဇင်က တဟီးဟီး တဟားဟားလုပ်နေသူ ကျွန်ုပ်တို့ကို ဂြိုဟ်ကြည့်ကြည့်ပြီး လက်ဘက်ရည်ဆိုင်ထဲမှ ဆောင့်ကြီးအောင့်ကြီးနှင့် ထွက်သွားလေ သတည်း။
ထိုနေ့နံနက် လက်ဘက်ရည်ဆိုင်မှ အိမ်သို့ပြန်ရောက်သော် အမသည် တင်းမာသောမျက်နှာထားကိုတမင်ပြု ၍ ကျွန်ုပ်ကိုကြိုလင့်သည်။ အိမ်ပေါ်သို့တက်လိုက်သည်နှင့် ကျွန်ုပ်၏ နားသယ်မွှေးကို ဆောင့်ဆွဲသည်။ “ဟဲ့ နင်ဟာလေ ပြောရဆိုရတယ်ပြီး မာချာတာပဲ။ ရွှေမှန်းမျိုးမှန်း မသိတတ်ဘူး။ မောင်သန့်ဇင်လေးကို ဘာဖြစ် လို့ ဟားတိုက်လွှတ်တာတုန်း။ ဟိုက ငါ့ လာတိုင်သွားတယ်။ နင်ဟာလေး အသက်ကြီးပြီး အချိန်ကိုမစီးဘူး။ ဟိုက အငယ်၊ နင်က အကြီး။ ကိုယ့်ညီကိုယ်သား မိတဆိုး၊ ဖတဆိုးလေးကို ညှာညှာတာတာ ဆက်ဆံပါကွဲ့” ဟု ပါးစပ်က တတွတ်တွတ်ရေရွတ်၏။ ကျွန်ုပ်မှာ အမ၏စကားကိုနားထောင်ရင်း ရယ်မိပြန်သည်။ အမ တကယ်ပင် စိတ်ဆိုးသွားလေ၏။ “ကြည့်စမ်း ကြည့်စမ်း။ မအေကိုတောင် ပမာမခန့်လုပ်နေတယ်။ လူကြီးက အကောင်းပြောနေတာကို ဟီလာတိုက်နေတယ်။ မျက်နှာပိုး မသေးဘူး။ မောင်သန့်ဇင်နဲ့များ ကွာပါ့။ ဟိုကလေးဆိုရင် မိဘကို ရိုသေလိုက်တာ လွန်ရော။ မိဘရဲ့သွားကို လက်စွပ်ကွင်းဝတ်ပြီး ကိုယ်နဲ့ မကွာဆောင်ထားတယ်။ နင်နဲ့များ တခြားစီ။ ဟဲ့ ဂြိုဟ်ကောင်ရဲ့နင့်ကိုမွေးရတာ ငါ ၀မ်းရေစပ်တယ်”ဟု မြည်တွန်တောက်တီး၍ ကျွန်ုပ်ကျောကို တအုန်းအုန်းမြည်အောင် ထုလေ၏။ ကျွန်ုပ်လည်း အမ စိတ်ကျေ နပ်အောင် “နောင် မလုပ်တော့ပါဘူး အမရဲ့” ဟု ကျုံးအော်လိုက်မှ ဗျောသံ တိတ်တော့သည်။
“ကိုဘဲဥတို့ နှစ်ယောက်ကတော့ စံပဲ” ဟု ဆိုရင်း သံလုံး တခိခိ ရယ်နေလေ၏။ “ဒီအကြောင်းကို အစ်ကိုလေး သန့်ဇင်သိသွားရင် အစ်ကိုတို့နှစ်ယောက်ကို စိတ်ဆိုးမှာကျိန်းသေ”ဟု ဆိုသေးသည်။ “ပြန်ပြောမနေပါနဲ့ကွာ၊ ရှင်းနေတဲ့ကိစ္စကို ရှုပ်အောင်မလုပ်တာပဲ ကောင်းပါတယ်” ဟု ဘဲဥက ရယ်ကျဲကျဲနှင့် တားသည်။ “အောင်မယ် သူများကိုလုပ်တုန်းကလုပ်ပြီးတော့ အခုမှ လေပြေထိုးနေတယ်။ မရဘူး သွားပြောမှာပဲ”ဟု သံလုံးက ကျီစယ်၏။ “သံလုံးရယ် အေးအေးဆေးဆေး နေစမ်းပါကွာ။ သွား မပြောပါနဲ့”ဟု ကျွန်ုပ် ပြောမိ သည်။ သန့်ဇင် ရန်ရှာမည်ကိုစိုးသဖြင့် ထိုသို့ပြောရခြင်း မဟုတ်ရပါ။ ကျွန်ုပ်တို့ကို သန့်ဇင် မျက်စောင်းဖြင့်ပင် မထိုးဝံ့ကြောင်း ကျွန်ုပ်တို့ ကောင်းကောင်းကြီးသိပါသည်။ ၀က်သွားကို ဖခင်၏သွားဟု တစ်ထစ်ချယုံကြည် ထားသည့် သန့်ဇင်၏ ဖြူစင်သောယုံကြည်မှုသဒ္ဓါစိတ်ကလေးကို မညစ်နွမ်းစေလိုသောဆန္ဒကြောင့်သာ ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၌ တစ်စုံတစ်ဦး၏ယုံကြည်မှုကို အဘိဓမ္မာနည်းဖြင့် ခွဲခြမ်းစိတ်ဖြာပြီး “သဒ္ဓါလော၊ မောဟလော” ဟု အတု၊ အစစ်ခွဲခြားလိုစိတ်ကုန်ခန်းသွား၍ ထိုကဲ့သို့ပြောလိုက်ရခြင်း ဖြစ်ပါသည်။

မောင်ကျပ်ခိုး
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်။
(ရေးတာက) မောင်ကျပ်ခိုး
(သရုပ်ဖော်က) ဝိသကြုံ)
(ယူတာက) http://www.kaungkin.com/index.php?option=com_content&view=article&id=685%3A2012-01-04-12-00-03&catid=36%3A2009-04-17-01-30-11&Itemid=67&showall=1

0 comments:

Post a Comment