Sunday, January 29, 2012

သော့အိမ်ကနေ့စွဲများ၊ လူများ၊ အတွေးစများ(၅) (မျိုးမြင့်ချို)

0 comments

သော့အိမ်ကနေ့စွဲများ၊ လူများ၊ အတွေးစများ(၅)
ကုလားထိုင်ကအထမှာ ဗိုလ်ကြီးထံမှ “ဟေ့ကောင်တွေ Body Search လုပ်လိုက်ဦး” ဟု အသံကြားလိုက်ရ၏။ ဤတွင် ကျနော့်တကိုယ်လုံး လက်ဖြင့်စမ်းတော့၏။ ပေါင်ချန် ကြားပါမကျန်။ တော်တော့ တော်သေး၏။ တကိုယ်လုံးတော့ မချွတ်။ နောက်တော့ အိပ်ကပ်ထဲနှိုက်၏။ အိပ်ထဲမှာ ဆေးလိပ်ဗူး၊ မီးခြစ်၊ အင်န်အယ်လ်ဒီကဒ်ပြားနှင့်ပိုက်ဆံ အနည်းငယ်။ အကုန်နှိုက်ယူထားလိုက်၏။ နောက်တော့ လက်ကလက်ပတ်နာရီကိုပါ ချွတ်ယူလိုက်၏။ နာရီချွတ်ယူတာက ဖြည်းဖြည်းသက်သာမဟုတ်။ ဆောင့်ဆွဲပြီးလူယူ သလိုယူလိုက်ခြင်း။ လက်ကောက်ဝတ်နှင့် လက်ဖမိုးတွင် ထိမိခြစ်မိသွား၏။ ဒါးပြတိုက် သလိုပါလားဟု စိတ်တွင်ထင်မိ၏။ ကျနော့်ပစ္စည်းတွေ အကုန်သာသိမ်းယူသွားသော် လည်း အထောက်အထားအဖြစ် ဘာလက်မှတ်မှမထိုးခိုင်း။ ကျနော် ပထမတော့ သိမ်းဆည်းယူထားကြောင်း အထောက်အထားလက်မှတ်ထိုးဖို့ ပြောမလားတွေးလိုက် မိသေး၏။ သို့သော်မပြောဖြစ်။ ပြောလိုက်ကာမှ ဘာမပြောညာမပြော ထပ်တီးနေရင် ခက်မယ်ဟုတွေးပြီး အသာပဲနေလိုက်ရ၏။ ပြောလို့မရ။ မလုပ်ဘူးဟု မည်သူမျှ အာမမခံနိုင်သည့် အနေအထား။

            နောက်တော့ “မောင်မြင့်ဆီကို သွားပို့လိုက်”ဟု ဗိုလ်ကြီးထံမှ အမိန့်ပေးသံ ကြား၏။ မောင်မြင့်ကဘယ်သူလဲ။ ဘယ်လဲ။ ဘာလုပ်ဖို့ ငါ့ကို မောင်မြင့်ဆီပို့ခိုင်းတာ လဲတွေ တွေးနေမိသေး၏။ အကောင်းတော့မဟုတ်တန်ရာ။ မောင်မြင့်သည် သူ့ထက်သူ လူစွမ်းကောင်းမဟုတ်ရင်သာရှိမည် လူကောင်းတော့မဟုတ်လောက်ဟု စိတ်တွင်မှတ်လိုက်မိပြန်၏။ ကျနော့်ကိုတွဲခေါ်လာသူက “မင်းကိုမေးရင် ကောင်းကောင်းမွန်မွန်နဲ့ မှန်မှန်ကန်ကန်ဖြေ၊ ကြားလား၊ မဟုတ်ရင်နာမယ်” ဆိုပြီးပြောသေး၏။ သူတို့က ဘာတွေမေးလို့ ငါကဘာကို ကောင်းကောင်းမွန်မွန် မှန်မှန်ဖြေရမှာလဲ ဆိုပြီးတွေးမိသော်လည်း နှုတ်ကမူ “ဟုတ်ကဲ့ပါ”ဟု အလိုလို ထွက်သွား၏။ ထိုသို့ထွက်သွားရခြင်းအတွက်လည်း ကိုယ့်ဘာသာပြန် စိတ်တိုသလိုလို ဘာလိုလို။

            “ငုံ့..ငုံ့”ဆိုသည့်အခါ ခေါင်းကိုငုံ့၍ “ကျော်..ကျော်”ဆိုသည့်အခါ ချိုင်းထောက်ကို ခတ်ကျဲကျဲလှမ်းချပြီး ကျော်ရပြန်၏။ ဘာမှလည်းမမြင်မတွေ့ရပဲ လမ်းလျှောက်ရသည်မှာ အတော်ဂွကျပါလားဟုတွေးမိပြီး မျက်မမြင်ဒုက္ခိတများအား စာနာစိတ်ကလေး ဖျတ်ကနဲတချက်ပေါ်သေး၏။ ဘာမှမပြောသည့်အခါ ပုံမှန်လျှောက်။ သံမံတလင်းပြင်ညီပေါ်ပုံမှန်လျှောက်ရင်း တနေရာကျတော့ အထစ်တခုနှင့်တိုက်မိပြီး ရှေ့ကိုဟပ်ထိုးလဲကျ၏။ ဒူး၊ တံတောင်ဆစ်နှင့် လေးဘက်ထောက်ကျသည်မို့ နာလိုက်သည့်ဖြစ်ခြင်း။ “ဆောရီး..ဆောရီး၊ ငါပြောဖို့ မေ့သွား လို့..ဟဲဟဲ”ဆိုသည်ကြောင့် နာကျင်နေသည့်အထဲ ဒေါသပါစွက်မိ၏။  လဲကျနေရာမှ “ခင်ဗျား ဗျာ..ပြောရောပေါ့”ဟု ပြောလည်းပြော လက်ကလည်းခေါင်းစွပ်ကိုဆွဲအချွတ်  “ဟေ့ကောင် ပြန်စွပ် ပြန်စွပ်၊ အံမယ် မအေ -ိုးက” ဆိုကာ ဘေးကိုတချက်ကန်ထဲ့လိုက်၏။ ပါးစပ်က “အွတ်” ကနဲအသံနှင့် လူလည်း တဘက်သို့စောင်းထွက်သွား၏။ ထိုအချိန်တွင် မလှမ်းမကမ်းမှ “ဘာဖြစ်တာလဲ၊ ဒီကောင်”ဟု လှမ်းမေးသံကြားရ လိုက်၏။ စောစောကဆရာကြီးအသံမှန်း ချက်ခြင်းကျက်မိ၏။ “ဘာမှမဟုတ်ပါဘူး ဆရာကြီး၊ ဒီကောင် ဂဂျိုးဂဂျောင်လုပ်နေလို့”ဟု ကျနော့်ကိုတွဲလာသူက ပြန်ဖြေတော့ “မင်းတို့ကလည်းကွာ၊ ဖြည်းဖြည်းလုပ်ပါဟ၊ သူ့ခမျာ ခြေမရှိလက်မရှိတာကို”  ဟု ခတ်ထန်ထန် ပြန်ပြောသံလည်းကြား၏။ စိတ်တွင် တော်ပါသေးရဲ့ ဒီဆရာကြီးကယ်လို့ နို့မို့ဆိုမလွယ်ပါလားဟုတွေးကာ ဆရာကြီးကြိတ်ပြီး ကျေးဇူးတင်ရပြန်၏။

            နောက်တော့ ထုံးစံအတိုင်း “ငုံ့..ငုံ့..ကျော်…ကျော်”တွေနှင့် အဆောက်အဦးတခုအတွင်းရောက်သွား၏။ နေမပူတော့သဖြင့် သာ အရိပ်အောက်၊ အဆောက်အဦးအောက်ဟုသိသော်လည်း ဘာအဆောက်အဦးမှန်းတော့ မပြောတတ်သေး။ ကျနော့်ကို ရပ်ခိုင်း ထားပြီး သူတို့အချင်းချင်းခတ်တိုးတိုးပြောနေသံ၊ စာရွက်ပွတ်နေသံ၊ သေနတ်နှင့်ကိုယ်ကသံထည်ပစ္စည်းတွေ တချက်တချက် ထိခတ်လိုက်သံတွေကြားနေရ၏။ ကျနော်လည်း ရေအတော်ငတ်နေပြန်၏။ ရေပေးဖို့လည်းမပြောရဲသဖြင့် အာခြောက်ပြေရန် တံတွေးသာကြိတ်မြိုချနေရ၏။ ခဏနေတော့ “ကဲလာ” ဆိုပြီး ကျနော့်လက်ကိုရှေ့မှဆွဲကာ ခြေလှမ်း ၂၀ဝ ခန့်လျှောက်ကြပြန်၏။ နောက်တော့ ရပ်ခိုင်းပြီး သော့ခလောက်ထဲ သော့ထိုးလှည့်ဖွင့်သံတွေကြားရ၏။ ကျနော့်အား နောက်ကျောဖက်မှ ခတ်ဖိဖိလေး တွန်းပြီး အခန်းတွင်းသို့ဝင်ခိုင်း၏။ ကျနော်လည်း အလိုက်သင့်ဝင်သွား၏။ လူတကိုယ်လုံးအထဲရောက်သွားမှ နောက်ဖက်ကနေ ခေါင်းစွပ်ကိုဆွဲချွတ်ပြီး “မင်း..ဟိုဟိုဒီဒီတွေကြည့်တာဘာညာ မလုပ်နဲ့နော်၊ နံရံမှာလည်း ဟိုခြစ်ဒီခြစ်မလုပ်နဲ့၊ ညောင်းရင်လှဲနေ၊ မင်းချိုင်းထောက်အပြင်ထုတ်ထားမယ်၊ လိုတာရှိရင် တံခါးကို ၃ ချက်ခေါက်၊ ပြီးရင် အပေါက်ကိုကျောပေးပြီးထိုင်ထား၊ လာဖွင့်ပေး မယ်” ဆိုပြီး အေးအေးဆေးဆေးပဲပြော၏။ ကျနော်က ရေငတ်နေကြောင်း၊ ရေတခွက်လောက် သောက်ချင်ကြောင်းပြောတော့ ခဏနေရင် သောက်ရေအိုးလာထည့်ပေးမယ် ဆို၏။ ပြောသူအသံက မြန်မာသံပီပီမြည်မြည်မဟုတ်။ ရခိုင်သံ။ စကားအနည်းငယ် ဝဲသော်လည်း ညင်ညင်သာသာ။

            ကျနော်လည်း နာတာရောညောင်းတာပါရောပြီး လူက လှဲချင်နေ၏။ မလှဲချခင် အခန်းကိုတချက် ဝေ့ဝိုက်ကြည့်မိ၏။ အခန်း က ၆ ပေ ပတ်လည်ခန့်ရှိပြီး မျက်နှာကျက်က လူ့လက်တဖေါင်သာသာ။ နံရံတွေက ကွန်ကရိအခံပေါ် ၄”+၂” သစ်သားတန်းတွေကို ဒေါင်လိုက် ၂ လက်မလောက်ခြားပြီး ကပ်ရိုက်ထား၏။ အခင်းက သံမံတလင်းပေါ်တွင် ၃ လက်မခန့်မြင့်သည့်ကွပ်ပျစ်တခု။ အခန်းထဲ မှာ ဘာဆိုဘာမျှမရှိ။ နောက်ကျောနံရံမှာ ပြတင်းပေါက်ရှိသော်လည်း ဂျက်ချထား၏။ မဖွင့်ရဆိုသည့်သဘော။ တံခါးပေါက်ကြီးတွင်မူ ချောင်းကြည့်ပေါက်ကလေးတခုရှိပြီး Shutter ဖြင့်ပိတ်ထား၏။ အခန်းက ကျဉ်းရုံမကနိမ့်လည်းနိမ့်သည့်အပြင် လေဝင်လေထွက် လည်းမရှိဆိုတော့ လူကမွန်းမွန်းကျပ်ကျပ်ကြီးဖြစ်လာ၏။ စိတ်ကိုအနည်းလျှော့၊ အသက်ကိုဝဝရှူပြီး အင်္ကျီကျယ်သီးတချို့ဖြုတ် လိုက်တော့မှ နည်းနည်းနေသာထိုင်သာဖြစ်ရ၏။ ကြမ်းပေါ်အသာထိုင်ချလိုက်ပြီးလှဲရန်အလုပ် မျက်စေ့ကတူရှူနံရံပေါ်ရောက်သွား၏။ လေးနှစ် သစ်သားချောင်းပေါ်တွင် တခုခုရေးထားသည်ဟုထင်ပြီး ဖင်ရွှေ့ကာအနားကပ်ဖတ်မိတော့ “ဒီကို (-)လ ၂(-)ရက်၊ ၁၉၇၄ မှာ ရောက်တယ်။ စိုး(-ိုး)ထွန်း”ဟုရေးထား၏။ အသေအချာဖတ်သော်လည်း လ ဆိုသည့်ရှေ့က ဘာရေးထားမှန်းမသိ။ ရက်စွဲတွင်လည်း ၂ တလုံးသာသဲကွဲပြီး နောက်တလုံးက ဘာမှန်းမသိ။ တခါ အမည်နေရာတွင်လည်း စိုးစိုးထွန်းလား စိုးမိုးထွန်းလားမကွဲမပြား။ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ကျနော့်လိုပဲရောက်ခဲ့သူတယောက်က ကမန်းကတမ်းရေးခြစ်သွားတာပဲဟုတွေးပြီး ပြန်လှဲချတော့မှ အတွေးတွေတသီကြီးထွက်လာ၏။

            အဲဒီလူက ဘယ်သူလဲ။ ဘာလို့ ဒီနေရာကိုရောက်ခဲ့တာလဲ။ ဒီမှာ သူ ဘာတွေများဖြစ်ခဲ့သလဲ။ ခုရော ဒီလူ ရှိသေးလား။ ရှိရင်ရော ဘာဖြစ်နေလဲ။ ၇၄ ခုနှစ်ကဆိုတော့ ဦးသန့်အရေးအခင်း ဒါမှမဟုတ် အလုပ်သမားအရေးအခင်းကများလား။ နံမည်က စိုးစိုးထွန်းလား စိုးမိုးထွန်းလား။ ရ၄ ဆိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က။ ဒီကို ရောက်တဲ့အချိန်မှာ ဘာပဲပြောပြော အသက် ၁၈ နှစ်ပဲထား။ ခု အနည်းဆုံး အသက် ၃၃ နှစ်ရှိပြီ။ တွေးရင်း စိတ်ကထွေထွေပြားပြား။ ရေကလည်းငတ်နေ၏။ ဆေးလိပ်သောက်ချင်စိတ်တော့ တစက်မှမရှိတော့။ ဒါနဲ့ လှဲနေရာကပြန်ထပြီး အခန်းတံခါးကို ၃ ချက်ထုလိုက်၏။ ပြီးတော့ တံခါးကိုကျောပေးပြီး နောက်လှည့်ကာ တင်ပလ္လင်ခွေထိုင်စောင့်နေလိုက်၏။

            တံခါးနားလူရောက်လာသံကြားသော်လည်း တံခါးကမဖွင့်။ “ဘာလဲ၊ ဘာဖြစ်လို့လဲ”ဟုမေးသဖြင့် ချောင်းကြည့်ပေါက် ကနေမေးမှန်း သတိထားမိ၏။ “ရေသောက်ချင်လို့ပါ”ဟု ပြန်အဖြေ အေး.အေး.ခဏလေးကွာ၊ ယူလာပေးမယ်၊ အလုပ်များနေလို့ ဆိုပြီး ပြန်ထွက်သွား၏။ ကျနော် စိတ်အတော်တိုမိ၏။ တခုခုပြောထွက်တော့မလိုဖြစ်သွားပြီးမှ အချိန်မီဘရိတ်ပြန်အုပ်မိ၏။ ကျနော့် စိတ်အလိုအတိုင်းလိုက်ရန် ကျနော့်ဆင်ခြင်တုံတရားကခွင့်မပြု။ ဘာမှမပြောတော့ပဲ ကြမ်းပေါ်သို့ နာကျင်ပင်ပမ်းစွာ လှဲချလိုက်မိတော့၏။
မျိုးမြင့်ချို
ဇန်နဝါရီ၊ ၂၉ ရက်၊ ၂ဝ၁၂
(ဤဆောင်းပါးအား ဤနေရာတွင်လည်း ဖတ်ရှူနိုင်ပါသည်)  http://www.myo-myo-myintcho.blogspot.com/

0 comments:

Post a Comment