ယဉ်ကျေးမှုပျက်နေတာ
မြန်မာပြည်မှာ သင်္ကြန်တခုတည်းမှ မဟုတ်ပါ
(ကြေးမုံစာတည်းရှုဒေါင့်အပေါ်
တုန့်ပြန်ချက်)(တူမောင်ညို)
(၂ဝ၁၅
ခုနှစ်၊ ဧပြီလ ၁၆ ရက်)
“အနောက်တိုင်းယဉ်ကျေးမှုသည
်ကူးစက်ပျံ့နှံ့မှုလွယ်ကူပြီးသင်္ကြန်ပွဲတော်ကဲ့သို့ ဖျော်ဖြေတင်ဆက်မှုများမှတဆင့် မြို့ပြမှသည်
ကျေးလက်အထိ လက်ခံနှစ်သက် ပျံ့နှံ့လာနေပြီဖြစ်ပါသည်။ ယဉ်ကျေးမှုပျက်အရောအနှောပုံစံများ
ကူးစက်ခံနေရပြီဖြစ်ပါသည်”
“ယဉ်ကျေးမှုပျက်ယွင်းခြင်းလက်သည်ကို
အပူတပြင်းရှာဖွေကြရပါမည်” တဲ့
ဤသည်မှာ
စစ်တပိုင်းအစိုးရပိုင် သတင်းစာအာဘော်မှ အာခေါင်ခြစ်၍အသံကောင်းဟစ်လိုက်သောအသံ ဖြစ်ပါသည်။
ထိုအော်သံထဲမှ အောက်ပါအချက် ၃ ရပ်ကို ထင်ရှားစွာသိမြင်နိုင်ပါသည်။
၁။ ထိုးဖောက်လာသည့် “အနောက်တိုင်းယဉ်ကျေးမှု”ကို ခုခံနိုင်စွမ်း
သူတို့တွင်မရှိကြောင်း၊
၂။ “အနောက်တိုင်းယဉ်ကျေးမှု”သည် ကူးစက်ပျံ့နှံ့လွယ်ကြောင်း၊
၃။ ယဉ်ကျေးမှုပျက်ယွင်းခြင်းလက်သည်တရားခံသည်
သူတို့စစ်တပိုင်းအစိုးရမဟုတ်လေဟန်၊ သူတို့ကိုယ်သူတို့ အမျိုးသားယဉ်ကျေးမှုဘက်မှ ခုခံနေသူများအဖြစ်
ထင်ယောင်ထင်မှားဖြစ်စေရန် လှည့်စားပြောနေခြင်းသာဖြစ်ပါသည်။
အညှီရှိလျှင်
ယင်အုံမည်။ ကိုယ်ခံအားမကောင်းသောခန္ဓာကိုယ်တွင်းသို့ ရောဂါဘယပေါင်းစုံ ဝင်ရောက်လာမည်သာဖြစ်သည်။
ယခုလည်း ထိုသဘောပင်ဖြစ်သည်။ စစ်တပိုင်းအစိုးရ၏အုပ်စိုးမှုမှာ ပြည်တွင်းပြည်ပမှ နှာခေါင်းရှုံ့ကြရသည့်
အပုပ်နံ့တထောင်းထောင်း ထနေသော၊ ကိုယ်ခံအားမကောင်းသည့် ချိနဲ့နုံချာသောအုပ်စိုးမှုဖြစ်ပါသည်။
“ယဉ်ကျေးမှု”ဆိုသည်မှာ
သီးခြားတည်ရှိနေနိုင်သော အရာကိစ္စမဟုတ်ပါ။
စီးပွားရေးနှင့်နိုင်ငံရေးစနစ်ကို
စုစည်းထင်ဟပ်ပြရသည့်အသွင်သဏ္ဌာန်တစ်ခုသာ ဖြစ်သည်။ စီးပွားရေးနှင့်နိုင်ငံရေးစနစ် ပြောင်းလဲ
သွားသည့်အခါ ပြောင်းလဲသွားသည့် စီးပွားရေးနှင့်နိုင်ငံရေးစနစ်ကိုလိုက်၍ ယဉ်ကျေးမှု၏အသွင်သဏ္ဌာန်တို့သည်လည်း
အစဉ်သဖြင့် လိုက်ပါပြောင်းလဲသွားကြရစမြဲဖြစ်သည်။ ယဉ်ကျေးမှုသည် တန့်ရပ်နေသည်မရှိ အစဉ်သဖြင့်လှုပ်ရှားပြောင်းလဲနေသော
စီးပွားရေးနှင့် နိုင်ငံရေးစနစ်များအပေါ်တည်မှီ၍ ပြောင်းလဲနေသည်သာဖြစ်သည်။
သက်ဦးဆံပိုင်
ပဒေသရာဇ်အုပ်စိုးမှုအား ကိုလိုနီနယ်ချဲ့သမားက ပလ္လင်ပေါ်မှာဆွဲချသွားသောအခါ တနွယ်ငင်တစင်ပါ
ပဒေသရာဇ်ယဉ်ကျေးမှု သည်လည်း ကျိုးပဲ့ကျေမွသွားကာ ပြတိုက်ထဲသို့ရောက်ရှိသွားတော့သည်။
ပြိုကျသွားသောပဒေသရာဇ်အုပ်စိုးမှုနှင့်စီးပွားရေးနေရာတွင် ကိုလိုနီအုပ်စိုးမှုနှင့် ကိုလိုနီစီးပွားရေးဘဝရောက်ရှိလာတော့သည်။
တဆက်တည်းတပြိုင်တည်းပင် ကိုလိုနီယဉ်ကျေးမှုများလည်း တစတစ ပေါ်ထွက်လာတော့သည်။
စစ်တပိုင်းအစိုးရအုပ်စီးထားသည့်
ယနေ့မြန်မာ့စီးပွားရေးဘဝကိုကြည့်လျှင် နိုင်ငံတကာမျက်နှာစာ၌ နိုင်ငံပေါင်းစုံထံ လက်ဖြန့်ခံနေပြီး
ဘက်ပေါင်းစုံ မှီခိုနေရသည့်လက်ဝေခံဘဝနှင့် ပြည်တွင်းမျက်နှာစာ၌မူ အဓိကစီးပွားရေးအသက်သွေးကြောမှန်သမျှကို
စစ်ဗျူရိုကရက်များနှင့် အပေါင်းပါခရိုနီတစ်စုက လက်ဝါးကြီးလွှမ်းမိုးအုပ်ချုပ်ကိုင်ထားသည့်
စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ဖြစ်သည်ကို အထင်အရှား မြင်တွေ့ရပါလိမ့်မည်။
ယင်းသို့
ချိနဲ့နုံချာလှသောစီးပွားရေးအခြေခံအဆောက်အအုံပေါ်၌ တည်ဆောက်ထားသည့် စစ်တပိုင်းအစိုးရ၏နိုင်ငံရေး၊
စစ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးအစရှိသော အပေါ်ထပ်အဆောက်အုံများ၏အသွင်သဏ္ဌာန်များသည်လည်း
ဂျိုကျိုးနားရွက်ပဲ့ ပုံပျက် ပန်းပျက်ဖြစ်နေတော့သည်မှာ ဘာမျှမဆန်းပါချေ။
သို့ပါ၍
ရာစုနှစ်ဝက်ကျော်ကြာ အမျိုးသားသွေးစည်းညီညွတ်မှု တစစီပြိုကွဲကာ ပြည်တွင်းစစ်ဖြစ်ပွားနေသော၊
နုံချာလှသည့် လယ်ယာ စိုက်ပျိုးရေး စီးပွားရေးကိုသာ အဓိကအားထားနေရသော၊ ပြည်ပနိုင်ငံပေါင်းစုံအပေါ်အလုံးစုံမှီခိုနေသော၊
တိုင်းပြည်၏ဓနဥစ္စာမှန်သမျှကို စစ်အုပ်စုလက်တစ်ဆုပ်စာနှင့် ခရိုနီအပေါင်းပါတို့က လုယက်အပိုင်စီးခြင်းခံထားရသည့်တိုင်းပြည်တစ်ခု၏
စီးပွားရေးဘဝသည် အဘယ်သို့ လွတ်လပ် အမှီခိုကင်းသောစီးပွားရေး ဖြစ်နိုင်ပါတော့မည်နည်း။
နိုင်ငံပေါင်းစုံကိုမှီခိုနေရသည့်
စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် စီးပွားရေးစနစ်အခြေခံအဆောက်အအုံပေါ်တွင် “အမျိုးသားနိုင်ငံရေး
ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်ကပါဝင်ရေး”ဟူသည့် စစ်အုပ်စုထာဝစဉ်ဗိုလ်ကျလွှမ်းမိုးထားသည့်
နိုင်ငံရေးအပေါ်ထပ်အဆောက် အအုံကို တည်ဆောက်ထားခြင်းဖြစ်ပါသည်။
သဘာဝကျစွာပင်
ထိုသို့သောစီးပွားရေးဘဝကို ရောင်ပြန်ဟပ်နေသည့်ယဉ်ကျေးမှုကလည်း လက်ဝေခံယဉ်ကျေးမှု၊ အမှီခိုမကင်းသည့်
ယဉ်ကျေးမှု၊ စစ်အုပ်စုဗိုလ်ကျလွှမ်းမိုးမှုကို အမွှမ်းတင်နေသည့်ယဉ်ကျေးမှုတို့သာ ပေါင်းစပ်ထားသည့်
ချိနဲ့နုံချာလှသည့် ဖက်စပ်ယဉ်ကျေးမှု၊ သရုပ်ပျက်ယဉ်ကျေးမှုသာ ဖြစ်တော့သည်။ စစ်ဗျူရိုကရက်ယဉ်ကျေးမှု
ခေါင်းမော့ဝင့်ကြွားနေသည် မဟုတ်ပါလား။ စစ်ဗျူရိုရက်များကို ပြည်သူလူထုက လက်အုပ်ချီနေကြရသည်မဟုတ်လား။
“ယဉ်ကျေးမှုပျက်
အရောအနှောပုံစံများ ကူးစက်ခံရပြီဖြစ်ပါသည်”ဟူသော ပြောဆိုချက်မှာ ခုခံအားနည်းလှသည့်
ချိနဲ့နုံချာသော၊ ပြည်ပနိုင်ငံ ပေါင်းစုံလက်ဝေခံ၊ အမှီခိုခံစီးပွားရေးဘဝဖြစ်ကြောင်း
အော်ဟစ်ဝန်ခံနေခြင်းသာဖြစ်ပါသည်။ ကိုယ်ခံအားချိနဲ့နုံချာလွန်းလှသော ပြည်ပ လက်ဝေခံ၊
အမှီခိုခံ စီးပွားရေးဘဝသည် ရောဂါပေါင်းစုံကို ဖိတ်ခေါ်လက်ခံနေခြင်းဖြစ်သည်။ သို့ပါ၍
စစ်တပိုင်း အစိုးရ၏စီးပွားရေးနှင့် နိုင်ငံရေးအုပ်စိုးမှုသည် “ယဉ်ကျေးမှုပျက်ယွင်းခြင်း၏အဓိကလက်သည်တရားခံ”ဖြစ်သည်ဟူသောအချက်မှာ
ထင်ရှားပေါ်လွင်နေတော့သည်။
သို့ပါ၍
“အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းရေး”ဆိုသည်မှာ အရှက်မဲ့လေလုံးထွားသော
ဗလာစကား သက်သက်မျှသာဖြစ်တော့သည်။ ဒင်းတို့အုပ်စိုးမှုကို တာရှည်ဖုံးကွယ်ရန်အတွက် ဟန်ပြလှည့်စားမှုနှင့်
အသံကောင်းဟစ်ပြောဆိုနေ မှုများသာဖြစ်သည်။
ဖက်စပ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့်အတူ
ဖက်စပ်ယဉ်ကျေးမှုများကို စစ်အုပ်စုနှင့်စစ်တပိုင်းအစိုးရက ဖိတ်ခေါ်တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
သာဓကအားဖြင့် ကိုရီးယားဆပ်ပြာဇာတ်လမ်းမျိုးစုံနှင့်အတူ ကိုရီးယားအမူအကျင့်၊ နေထိုင်စားသောက်ပုံများကို
အစိုးရပိုင်ရုပ်သံမှတဆင့် နေ့စဉ်ဖြန့်ဖြူးခဲ့ကြသည်။ ထိုသို့ တိုင်းတပါးယဉ်ကျေးမှု ကူးစက်ပျံ့ပွားအောင်လုပ်ခဲ့သူများကို
ယဉ်ကျေးမှုဖျက်ရာဇဝတ်ကောင်များ၊ အမျိုးသားယဉ်ကျေးမှုအပေါ်သစ္စာဖောက်ကြသူများ၊ အမျိုးသားယဉ်ကျေးမှု
ဖျက်ဆီးသူများဟုခေါ်ရပါမည်။
မည်သည့်
ယဉ်ကျေးမှုပုံစံ၊ အမူအကျင့်ကိုမဆို သူချည်းသက်သက် တင်ပို့နိုင်ကြသည်မဟုတ်ပါ။ အထည်ကိုယ်ဒြပ်ရှိသော
အဿပြာ အရင်းအနှီးမြှုပ်နှံမှုနှင့်အတူတကွ တင်ပို့ကြရခြင်းဖြစ်ပါသည်။ နိုင်ငံပေါင်းစုံမှ
လာရောက်ရင်းနှီးမြှုပ်နှံကြပါရန် အသံစာစာဖြင့် လက်ဖြန့်ခံ၊ လက်ယပ်ခေါ်နေရသည့်အုပ်စိုးသူများသည်
ထိုသို့လာရောက်ကြသည့်အရင်းအနှီးများနှင့်အတူ ယဉ်ကျေးမှုမျိုးစုံ၊ ဓလေ့မျိုးစုံကို ဖိတ်ခေါ်
ခွင့်ပြုရတော့သည်။ ဤသို့ဖြင့် ယဉ်ကျေးမှုမျိုးစုံကို ဖိတ်ခေါ်တင်သွင်းနေသည့်အဓိကလက်သည်တရားခံမှာ
လက်ရှိအုပ်စိုးသူများသာ ဖြစ်ကြောင်း ထင်ရှားလာပါသည်။
သို့ဖြင့်
လက်ဝေခံလက္ခဏာဆောင်သော စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်ယဉ်ကျေးမှုသည် အင်ဖော်မေးရှင်းတက္ကနိုလိုဂျီနည်းပညာကို
စီးနင်းပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးဖောက်ဝင်ရောက်လာနေသော ဂလိုဘယ်အရင်းရှင်စနစ်ယဉ်ကျေးမှုကို
ဘယ်လိုမှ တောင့်မခံနိုင် သည်မှာ ဘာမျှမဆန်းချေ။
ဂုဏ်လုပ်ကြွားဝါးနေသည့်
ယဉ်ကျေးမှုကိုကြည့်ပြန်တော့ ပဒေသရာဇ်ခေတ်နှင့်ကိုလိုနီခေတ်က ကျန်ကောင်းကျန်ရာကျန်ခဲ့သည့်
အခိုင်အမာ အထည်ကိုယ်ဒြပ်ရှိသော ဗိသုကာလက်ရာများ (သာသနာဆိုင်ရာ အဆောက်အအုံများ)သာဖြစ်နေသည်ကို
တွေ့ရလိမ့်မည်။ စောင်းကောက်၊ ဆွမ်းအုပ်၊ ထိုင်မသိမ်းအင်္ကျီ၊ ချိတ်လုံချီ၊ ခေါင်းပေါင်းတို့ကို
အမွေအနှစ်လုပ်နေရတော့သည်။ ဒါတွေကိုင်ပြီး ၊ ဒါတွေဝတ်ပြီးဓာတ်ပုံရိုက်ခြင်း၊ ဝတ်ဆင်ခြင်းသည်
ယဉ်ကျေးမှုမြတ်နိုးသကဲ့သို့ ဖြစ်နေတော့သည်။ ထိုအရာများသည်လည်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြသော
ဗျူရိုရက်အထက် လွှာများ၏ အလှူ၊မင်္ဂလာဆောင်များတွင်နာရီပိုင်းခံပကာသနအဖြစ်သာသက်တမ်းရှိပြီး
ကျန်အချိန်များတွင် အဝတ်အစားဘီရိုထဲတွင် ပရုပ်လုံးဖြင့် ပေါင်းဖက်အိပ်စက်နေရမည်။
ဖမ်းဆုပ်၍မရသော
“ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်”ဆိုသည်ကတော့ ရေနှင့်တူပြီး ထည့်သည့်ခွက်၏ပုံသဏ္ဌာန်ကိုလိုက်၍
ပြောင်းလဲနေသည်၊ ဟိုလူလာလည်း မျက်နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချိုသွေးရနှင့် မူလပုံစံပျက်ပြားကာ
သရုပ်ပျက်ပုံစံမျိုးစုံဖြစ်နေခဲ့ရတော့သည်။ ဟိုတယ်ကြီးတစ်ခုက လာရောက်တည်းခိုသူများအား
“ဒူးထောက်အရိုသေပေးရမည်/ကြိုဆိုရမည်”ဟုဆိုသည့် အမူအကျင့်ကိုပင် အများပြည်သူ သိရှိကန့်ကွက်လာတော့မှ
စစ်တပိုင်းအစိုးရက အရှက်ပြေတားဆီးခဲ့ခြင်းဖြစ်သည်မဟုတ်ပါလား။
သို့ဖြင့်
စစ်ဗျူရိုကရက်အုပ်စိုးသူများသည် ပဒေသရာဇ်နှင့်ကိုလိုနီယဉ်ကျေးမှုများကို အမွေဆက်ခံထိန်းသိမ်းနေသူများ၊
ကာကွယ်နေသူများ ဖြစ်ကြောင်း ပေါ်လွင်နေတော့သည်။
စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်စီးပွားရေး၊
စစ်ဗျူရိုကရက်အုပ်စိုးမှုနှင့် စစ်ဗျူရိုကရက်ယဉ်ကျေးမှုအား တိုက်ခိုက်၊ ဆန့်ကျင်၊ ဝေဖန်ရှုံချသည့်
လက္ခဏာပါရှိသော အညွန့်တလူလူဖြင့်လူးလွန့်နိုးကြားပေါ်ထွက်လာနေသည့် ဒီမိုကရေစီယဉ်ကျေးမှုသစ်ကိုလည်း
စစ်တပိုင်းအုပ်စိုးသူများက “စိစစ်၊အကဲဖြတ်၊တင်းကျပ်သည်”ဟူသော စကားလုံးသုံးကာ အညှိုးအတေးဖြင့်
ပိတ်ပင်၊ ကန့်သတ်၊ အညွန့်ချိုး၊ ချေမှုန်းနေပါသည်။
အမျိုးသားယဉ်ကျေးမှု
စွမ်းသန်တည်တံ့လိုလျှင် အမျိုးသားစီးပွားရေးခိုင်မာတောင့်တင်းမှဖြစ်မည်။ အမျိုးသားသွေးစည်းညီညွတ်မှုရှိမှ
ဖြစ်နိုင်မည်။ စီးပွားရေးတွင်အမှီခိုခံနေရသမျှ ယဉ်ကျေးမှုကလည်း အမှီခိုခံယဉ်ကျေးမှုသာ
ဖြစ်မြဲဖြစ်နေမည်။ အမျိုးသားသွေးစည်းညီညွတ်မှု ပြိုကွဲနေသမျှ အမျိုးသားယဉ်ကျေးမှုကလည်း
တစစီကျိုးပဲ့နေမည်သာဖြစ်သည်။
ညွန်း
-
ကြေးမုံစာတည်းရှုဒေါင့် (၁၅-၄-၂ဝ၁၅) ကြေးမုံသတင်းစာ
0 comments:
Post a Comment